ဖန့်ကျင်းကို ပို၍ပင်ဇဝေဇဝါဖြစ်စေသည်မှာ ထိုလျှို့ဝှက်ဆန်းကြယ်သောလူငယ်လေး၏ စွမ်းအား မှာ အချိန်စွမ်းအားဖြစ်နေပုံရခြင်းပင်ဖြစ်လေသည်။ ဤလူငယ်လေးမှာအမှန်တကယ်ပဲ အချိန်စွမ်းအားကို ပိုင်ဆိုင်ထားသည်တဲ့လား။ ဒါဟာ တကယ့်ကို မယုံနိုင်စရာပင် ဖြစ်လေသည်။
ဖန့်ကျင်းမှာ သံသယများဖြစ်နေစဉ်မှာပင် ရန်ရှောက်ထျန်းမှာနှစ်ပေါင်းများစွာမြစ်အတွင်းမှ ပျံသန်း ထွက်ခွာလာခဲ့လေသည်။ ကံကြမ္မာနတ်ဘုရားနန်းတော်မှာသုံးရက်သာပွင့်ခြင်းဖြစ်ပြီး ယခုမူအချိန်တစ်ဝက် မှာကုန်ဆုံးသွားခဲ့ပြီဖြစ်လေသည်။ သူသည်ကံကြမ္မာနတ်ဘုရားသစ်ပင်ကိုရှာဖွေရန် အလျင်အမြန်သွားရမည် ဖြစ်လေသည်။
“ဆေးနံ့သာဘိုးဘေး... ကံကြမ္မာနတ်ဘုရားသစ်ပင်ကဘယ်နေရာမှာရှိနိုင်ခြေအများဆုံးလဲ” ဟု ရန်ရှောက်ထျန်းကမေးလိုက်သည်။ သူသည်ဦးတည်ချက်မဲ့စွာဆက်လက်ရှာဖွေ၍မရတော့ပေ။ ထိုသို့မဟုတ် ပါက နောက်ထပ်တစ်ရက်ကျော်မဆိုထားနှင့်၊ နှစ်ပေါင်းတစ်ရာကြာလျှင်ပင် ကံကြမ္မာနတ်ဘုရားသစ်ပင်ကို ရှာတွေ့ရန်မှာမလွယ်ကူလှပေ။
“မင်း ကံကြမ္မာတောအုပ်ထဲကို သွားကြည့်သင့်တယ်” ဟု ဆေးနံ့သာအိုးက အကြံပြုလိုက်သည်။
“ကံကြမ္မာတောအုပ် ဟုတ်လား” ဟု ရန်ရှောက်ထျန်းမှာ အံ့အားသင့်သွားပြီး။
“ကံကြမ္မာနတ်ဘုရားသစ်ပင်က ကံကြမ္မာတောအုပ်ထဲမှာ ရှိနေတာလား”
“ကံကြမ္မာနတ်ဘုရားမကလွဲရင် ကံကြမ္မာနတ်ဘုရားသစ်ပင်ဘယ်မှာရှိလဲဆိုတာ ဘယ်သူမှမသိကြ ဘူး” ဟု ဆေးနံ့သာအိုးကပြောလိုက်သည်။
“ဒါပေမဲ့ ကံကြမ္မာနတ်ဘုရားသစ်ပင်ရှိနိုင်ခြေအများဆုံးနေရာသုံးခုရှိတယ်၊ တစ်ခုက နှစ်ပေါင်းများစွာ မြစ်၊ တစ်ခုကကံကြမ္မာတောအုပ်၊ နောက်တစ်ခုကတော့ နတ်ဘုရားမနန်းတော်ပဲ”
ရန်ရှောက်ထျန်းမှာ နှစ်ပေါင်းများစွာမြစ်အတွင်းသို့ဝင်ရောက်ပြီးခဲ့ပြီဖြစ်လေသည်။ သို့ဆိုလျှင် နေရာနှစ်ခုသာကျန်တော့သည်၊ ၎င်းတို့မှာကံကြမ္မာတောအုပ်နှင့် နတ်ဘုရားမနန်းတော်တို့ ဖြစ်ကြလေသည်။
“ကံကြမ္မာတောအုပ်၊ နတ်ဘုရားမနန်းတော်” ဟု ရန်ရှောက်ထျန်းကတိုးတိုးလေးရေရွတ်လိုက် သည်။
“နတ်ဘုရားမနန်းတော်ဆိုတာ ဟိုတုန်းကကံကြမ္မာနတ်ဘုရားမနေထိုင်ခဲ့တဲ့နန်းတော်ပဲ။ အထဲမှာ ဘာရှိလဲဆိုတာ ဘယ်သူမှမသိကြဘူး၊ ဘာလို့လဲဆိုတော့ ဘယ်သူမှမဝင်ဖူးကြလို့ပဲ” ဟု ဆေးနံ့သာအိုးက ပြောလိုက်သည်။
“ပြီးတော့ မင်းလည်းအခုချိန်မှာ အဲဒီထဲကိုမဝင်နိုင်သေးဘူး”
“မင်း နတ်ဘုရားမနန်းတော်ထဲကိုဝင်ချင်ရင် မင်းရဲ့ထာဝရနတ်ဘုရားခန္ဓာကိုယ်က အောင်မြင်မှု အသေးစား အဆင့်ကိုရောက်မှသာဝင်နိုင်မှာ”
ထာဝရနတ်ဘုရားခန္ဓာကိုယ် အောင်မြင်မှုအသေးစားအဆင့်ဆိုတာထပ်လာပြန်ပြီ။ ရန်ရှောက်ထျန်း မှာ သက်ပြင်းချလိုက်မိလေသည်။ ထို့ကြောင့် သူသည်ကံကြမ္မာတောအုပ်အပေါ်တွင်သာ သူ၏မျှော်လင့်ချက် ကို ထားနိုင်တော့မည် ဖြစ်လေသည်။
ဤအချိန်တွင် ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှပညာရှင်များမှာ နှစ်ပေါင်းများစွာမြစ်၏ ပတ်ဝန်းကျင်မှ ထွက်ခွာသွားကြပြီဖြစ်လေသည်။ ရန်ရှောက်ထျန်းသည်နှစ်ပေါင်းများစွာမြစ်မှ ထွက်ခွာပြီးနောက် သူ၏ အမြန်ဆုံးအရှိန်ဖြင့် ကံကြမ္မာတောအုပ်ဆီသို့ သွားခဲ့လေသည်။ နှစ်ပေါင်းများစွာမြစ်နှင့် ကံကြမ္မာတောအုပ်မှာ မနီးလှပေ။ ရန်ရှောက်ထျန်းကံကြမ္မာတောအုပ်သို့ ရောက်ရှိသောအခါ နှစ်နာရီခန့် ကြာမြင့်ခဲ့လေသည်။
ကံကြမ္မာတောအုပ်မှာ သက်တမ်းစွမ်းအားများရှိသော နှစ်ပေါင်းများစွာမြစ်နှင့်မတူသဖြင့် ကံကြမ္မာ တောအုပ်သို့လာရောက်သူ အလွန်တရာများပြားလှပေသည်၊ အနည်းဆုံးနှစ်ပေါင်းများစွာမြစ်သို့ သွားသူများ ထက် ဆယ်ဆခန့်ပိုမိုများပြားလေသည်။ ရန်ရှောက်ထျန်းပတ်ဝန်းကျင်ကိုကြည့်လိုက်သောအခါ လူအုပ် ကြီးကို မြင်တွေ့လိုက်ရလေသည်။
ကံကြမ္မာတောအုပ်အတွင်း၌ မြင့်မားလှသောရှေးဟောင်းသစ်ပင်ကြီးများမှာ အဆုံးမရှိအောင် ပေါက်ရောက်နေကြလေသည်။ တောအုပ်အတွင်း၌မီးခိုးရောင်မြူနှင်းများစီးဆင်းနေကြလေသည်။ ဤမီးခိုး ရောင်မြူနှင်းများမှာ နှစ်ပေါင်းများစွာမြူနှင်းများနှင့် အနည်းငယ်တူသော်လည်း ၎င်းတို့မှာသာမန်အဆိပ်သင့် သော မြူနှင်းများသာဖြစ်ကြလေသည်။
ရန်ရှောက်ထျန်း ကံကြမ္မာတောအုပ်အတွင်းသို့ လှမ်းဝင်တော့မည့်ဆဲဆဲတွင် ရင်းနှီးသောစွမ်းအား တစ်ခု၏ လှုပ်ခတ်မှုကိုသူ ခံစားလိုက်ရလေသည်။
“ဒါ မသေနိုင်သော သေမင်းနတ်ဘုရားပဲ” ဟု ရန်ရှောက်ထျန်းက ကံကြမ္မာတောအုပ်၏နက်ရှိုင်း သောနေရာဆီသို့လှမ်းကြည့်လိုက်သည်။ ယခင်ကရင်းနှီးသောစွမ်းအားလှုပ်ခတ်မှုမှာ မသေနိုင်သောသေမင်း ချီစွမ်းအားပင်ဖြစ်လေသည်။ မသေနိုင်သောသေမင်းနတ်ဘုရားမှာ ကံကြမ္မာတောအုပ်၏နက်ရှိုင်းသော နေရာ တွင် ရှိနေသည်ပေါ့။
ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာသည်လည်း ထိုနေရာမှာပင်ရှိနေပေလိမ့်မည်။ ရန်ရှောက်ထျန်းမှာ ကံကြမ္မာနတ်ဘုရားနန်းတော်ပွင့်သည့်အချိန်တွင် သူတို့နှစ်ဦးစလုံးလည်းဝင်ရောက်လာလိမ့်မည်ဟု ယခင်က တည်းက ခန့်မှန်းထားခဲ့ခြင်းဖြစ်ပြီး ထင်ထားသည့်အတိုင်းပင်ဖြစ်လေသည်။
မသေနိုင်သော သေမင်းနတ်ဘုရားသည်လည်း ကံကြမ္မာနတ်ဘုရားနန်းတော်အတွင်းသို့ ဝင်ရောက် လာခဲ့လေပြီ။ ရန်ရှောက်ထျန်းမှာမတွန့်ဆုတ်တော့ဘဲ ကံကြမ္မာတောအုပ်အတွင်းသို့ပြေးဝင်သွားခဲ့လေသည်၊ သူသည် မသေနိုင်သောသေမင်းချီလှုပ်ခတ်မှုရှိရာအရပ်ဆီသို့ သူ၏အမြန်ဆုံးအရှိန်ဖြင့် ပျံသန်းသွားခဲ့ လေသည်။
သို့သော်လည်း သူထိုနေရာသို့ရောက်သောအခါ မသေနိုင်သောသေမင်းနတ်ဘုရားမှာ အရိပ် အယောင်မျှပင်မကျန်တော့ဘဲပျောက်ကွယ်သွားခဲ့ပြီဖြစ်လေသည်။ မြေပြင်ပေါ်တွင်ကြောက်မက်ဖွယ် ကောင်းသောနက်ရှိုင်းသည့်ကျင်းကြီးများနေရာအနှံ့ရှိနေလေသည်။
ပတ်ဝန်းကျင်ရှိဟင်းလင်းပြင်တွင် မသေနိုင်သောသေမင်းချီများမှာကျန်ရှိနေဆဲ ဖြစ်လေသည်။
“ဆေးနံ့သာဘိုးဘေး... မသေနိုင်သောသေမင်းနတ်ဘုရားကိုအာရုံခံလို့ရမလား” ဟု ရန်ရှောက် ထျန်းကမေးလိုက်သည်။
ဆေးနံ့သာအိုးကက ခေါင်းခါပြလိုက်ပြီး။
“သူတို့အပေါ်မှာ အရင်ကငါထားခဲ့တဲ့အမှတ်အသားတွေကပျောက်ကွယ်သွားပြီ။ အခု သူတို့ရဲ့ ချီစွမ်း အားကို ငါ အာရုံခံလို့မရတော့ဘူး၊ ငါ သူတို့အပေါ်မှာနောက်တစ်ကြိမ် အမှတ်အသားပြန်ထားနိုင်မှပဲ ရမယ်” ဟု ပြောလိုက်သည်။
ဆေးနံ့သာဘိုးဘေးက သူတို့နှစ်ဦးအပေါ်တွင်ထားခဲ့သောအမှတ်အသားမှာ အမြဲတမ်းမဟုတ်ဘဲ အချိန်အတိုင်းအတာတစ်ခုကြာပြီးနောက်ပျောက်ကွယ်သွားမည်ဖြစ်လေသည်။ ရန်ရှောက်ထျန်းမှာဤစကား ကိုကြားလိုက်ရသဖြင့် စိတ်ပျက်သွားခဲ့လေသည်၊ သူသည်ကံကြမ္မာတောအုပ်အတွင်း၌ သူတို့ကိုအချိန် အတော်ကြာရှာဖွေခဲ့သော်လည်း အရိပ်အယောင်မျှမတွေ့ရသဖြင့် သူတို့အားရှာဖွေခြင်းကို လက်လျှော့ လိုက်ပြီး ကံကြမ္မာနတ်ဘုရားသစ်ပင်ကို အရင်ရှာဖွေရန်သာဆုံးဖြတ်လိုက်လေသည်။
သို့သော်လည်း သူ ဝေးဝေးသို့မပျံသန်းရသေးခင်မှာပင် မြေပြင်ပေါ်တွင်လဲလျောင်းနေသော အလောင်းအချို့ကိုတွေ့လိုက်ရလေသည်၊ သူအံ့အားသင့်သွားသည်မှာ ထိုအလောင်းများတွင် သေလောက် သောဒဏ်ရာများ သို့မဟုတ်သွေးကွက်များမရှိခြင်းပင်ဖြစ်လေသည်။ ဤလူတွေကဘယ်လိုလုပ်ပြီး သေသွား တာလဲ။ ရန်ရှောက်ထျန်းမှာ အံ့အားသင့်သွားခဲ့လေသည်။
“သူတို့က မြွေခိုးရောင်တွေရဲ့ကိုက်ခံရလို့သေသွားတာဖြစ်ရမယ်” ဟု ဆေးနံ့သာဘိုးဘေးက ပြောလိုက်သည်။
“မြွေခိုးရောင် ဟုတ်လား” ဟု ရန်ရှောက်ထျန်းက မေးလိုက်သည်။
“မြွေခိုးရောင်ဆိုတာ ကံကြမ္မာတောအုပ်ထဲမှာ နေထိုင်တဲ့ အလွန်အဆိပ်ပြင်းတဲ့ သတ္တဝါတစ်မျိုးပဲ” ဟု ဆေးနံသာဘိုးဘေးက ပြောလိုက်သည်။
“သူတို့က အလွန်ရှားပါးပေမဲ့ အလွန်အန္တရာယ်များတယ်၊ သူတို့ရဲ့ တိုက်ခိုက်မှုတွေက တိတ်ဆိတ်ပြီး ကာကွယ်ဖို့ မဖြစ်နိုင်ဘူး”
“တစ်ခါ အကိုက်ခံရတာနဲ့စိန့်အဆင့် အထွတ်အထိပ်ပညာရှင်တစ်ယောက်တောင်မှ သေသွား လိမ့်မယ်”
“မြွေခိုးရောင် အဆိပ်ကြောင့်သေတဲ့လူတွေက အပြင်ပန်းမှာတော့ ပုံမှန်အတိုင်းပဲ”
“ပြီးတော့ မြွေခိုးရောင်တွေက လူတွေရဲ့ ဦးနှောက်ကိုစားရတာ ကြိုက်ကြတယ်”
မြွေခိုးရောင်တွေက လူတွေရဲ့ဦးနှောက်ကိုစားရတာကြိုက်တယ်လို့ ဆေးနံ့သာဘိုးဘေး ပြောလိုက် သည်ကိုကြားလိုက်ရသောအခါ ရန်ရှောက်ထျန်းမှာကြက်သီးများထသွားတော့သည်။ သို့ဆိုလျှင် ထိုနေရာတွင် လဲလျောင်းနေသော လူများ၏ဦးနှောက်များကို မြွေခိုးရောင်များက စုပ်ယူစားသောက်ခဲ့ကြသည်ပေါ့။ ထို့ပြင် မြွေခိုးရောင်များမှာလည်း အနီးနားမှာပင်ရှိနေပေလိမ့်မည်။ တစ်ကောင်ထက်မကလည်း ရှိနေနိုင်လေသည်။ ရန်ရှောက်ထျန်းမှာ များများစားစား မစဉ်းစားတော့ဘဲ ချက်ချင်းပင်လှည့်ထွက်သွားရန် ပြင်လိုက်လေသည်။
သို့သော်လည်း ထိုအချိန်မှာပင်လူအုပ်စုတစ်စုက သူ့ထံသို့ရုတ်တရက်ပျံသန်းလာခဲ့ကြလေသည်။ ထိုလူအုပ်စုမှာ မြေပြင်ပေါ်တွင်လဲလျောင်းနေသောအလောင်းအချို့ကိုမြင်လိုက်ရသောအခါ သူတို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြတော့သည်။
“စီနီယာအစ်ကိုချန်၊ စီနီယာအစ်မလင်း” ဟု အမျိုးသမီးတစ်ဦးက ဝမ်းနည်းပူဆွေးစွာ အော်ဟစ် လိုက်ပြီး အလောင်းများရှိရာသို့ ပြေးသွားခဲ့လေသည်။
ရန်ရှောက်ထျန်းမှာ ထွက်ခွာတော့မည့်ဆဲဆဲတွင်အမျိုးသားတပည့်တစ်ဦးက သူ၏ ဓားကို ထုတ်လိုက် ပြီး ရန်ရှောက်ထျန်း၏ လမ်းကိုပိတ်လိုက်လေသည်။
“နေဦး” ဟု ပြောလိုက်ပြီးနောက် သူကခေါင်းမော့လိုက်ပြီး။
“ရှင်းပြစမ်း” ဟု ပြောလိုက်သည်။ သူ၏ လေသံမှာ အမိန့်ပေးသံပါနေလေသည်။
“ရှင်းပြရမယ် ဟုတ်လား” ဟု ရန်ရှောက်ထျန်းကတစ်ဖက်လူကိုတည်ငြိမ်သော အမူအရာဖြင့် ကြည့်လိုက်သည်။
“သူတို့ ဘယ်လိုသေသွားတာလဲဆိုတာရှင်းပြစမ်း” ဟု ထိုအမျိုးသားတပည့်၏ လေသံမှာ အနည်းငယ်အေးစက်သွားခဲ့လေပြီ။
ရန်ရှောက်ထျန်းက သူတို့ကိုသတ်ခဲ့သည်ဟု သူကရှင်းရှင်းလင်းလင်းပင် သံသယဖြစ်နေခြင်း ဖြစ်လေ သည်။ ရန်ရှောက်ထျန်းမှာ ထိုအမျိုးသားတပည့်၏အမိန့်ပေးသံနှင့် ထောင်လွှားသောလေသံကို ကြားလိုက်ရ သဖြင့် တစ်ဖက်လူနှင့်ငြင်းခုံနေရန်ပျင်းရိသွားကာ အေးစက်စွာပြောလိုက်သည်။
“ဖယ်စမ်း၊ မဟုတ်ရင် သေရမယ်”
ထိုအမျိုးသားတပည့်နှင့် အခြားသောဆယ်ဦးကျော်သောလူများမှာ အကြီးအကျယ်ဒေါသထွက် သွားကြတော့သည်။
“ကောင်လေး... မင်း ဘာပြောလိုက်တာလဲ”
“စီနီယာအစ်ကို ချန်နဲ့ စီနီယာအစ်မ လင်းတို့ကို သူ သတ်ခဲ့တာ သေချာတယ်”
“ငါတို့ အရိုးဖြူမိစ္ဆာနန်းတော်က လူတွေကိုသတ်ရဲတယ်ပေါ့၊ မင်း သေချင်နေတာပဲ”
အရိုးဖြူမိစ္ဆာနန်းတော်မှာ ဝမ်ကျန့်တိုက်ကြီးပေါ်ရှိ ထိပ်တန်းဂိုဏ်းကြီးတစ်ခု ဖြစ်လေသည်။ ၎င်း၏ အင်အားမှာ ကျန့်လင်းကရန်ရှောက်ထျန်းကိုခေါ်သွားခဲ့ဖူးသောလုမိသားစုထက်မနိမ့်ကျပေ။ အရိုးဖြူမိစ္ဆာ နန်းတော်၏ နန်းတော်သခင်မှာဓားနတ်ဘုရားအဆင့်သတ်မှတ်ချက်တွင်အဆင့် ၄၉ ရှိသော အရိုးဖြူဓား နတ်ဘုရားပင်ဖြစ်လေသည်။ အရိုးဖြူမိစ္ဆာနန်းတော်ကိုလည်းအရိုးဖြူဓားနတ်ဘုရားက တည်ထောင်ခဲ့ခြင်း ဖြစ်လေသည်။ ရန်ရှောက်ထျန်းကိုတားဆီးထားသောအမျိုးသားတပည့်မှာ အရိုးဖြူမိစ္ဆာနန်းတော်၏ အမာခံတပည့်ဖြစ်ပြီး လူငယ်ဧကရာဇ်ကိုးပါးထဲမှတစ်ဦးဖြစ်သော အရိုးဖြူလူငယ်ဧကရာဇ်ပင်ဖြစ်လေ သည်။
သူက ရန်ရှောက်ထျန်းကို သတ်ဖြတ်လိုစိတ်များပြည့်နှက်နေသောမျက်လုံးများဖြင့် စိုက်ကြည့် လိုက်ပြီး။
“ကောင်လေး... မင်း တကယ်ပဲသေချင်နေတာပဲ။ ငါ အခု မင်းကို အရေခွံဆုတ်ပစ်ပြီး သေတာထက် ပိုဆိုးတဲ့ ဝေဒနာကို ခံစားရအောင်လုပ်ပေးမယ်” ဟု ပြောလိုက်သည်။ ထိုသို့ပြောပြီးနောက် သူသည် သူ၏ ဓားဖြင့် ရန်ရှောက်ထျန်း၏လည်ပင်းကို ထိုးလိုက်လေသည်။
သို့သော်လည်း သူ့ထံသို့ ဦးတည်လာသော ဓားကိုကြည့်ရင်း ရန်ရှောက်ထျန်းက ဂရုပင်မစိုက်ဘဲ သူ၏ လက်ညှိုးဖြင့် တစ်ချက်မျှသာတောက်လိုက်လေသည်။ တစ်ဖက်လူ၏ရှည်လျားသောဓားမှာ အစိပ်စိပ် အမြွှာမြွှာ ကွဲအက်သွားခဲ့ပြီးနောက် အေးစက်သောအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ အလွန်တရာ မြန်ဆန်လှသောအရှိန်ဖြင့် တစ်ဖက်လူ၏နဖူး၊ လည်ပင်းနှင့်မျက်လုံးများဆီသို့ ပြန်လည်လွင့်စင်သွားခဲ့လေ တော့သည်။
အရိုးဖြူလူငယ်ဧကရာဇ်မှာ သူ၏မျက်လုံးများကို ပြူးကြည့်လိုက်ပြီး ထိုနေရာမှာပင် တောင့်တောင့် ကြီးရပ်နေခဲ့လေသည်၊ သူသည်ရန်ရှောက်ထျန်းကိုမယုံကြည်နိုင်ဘဲကြည့်နေရင်း နောက်သို့ လဲကျသွားခဲ့ လေသည်။ မြေပြင်ပေါ်တွင် သွေးများအဆက်မပြတ်စီးကျလာခဲ့လေသည်။ သူ သေဆုံးသွားသည့်တိုင်အောင် ဂုဏ်သိက္ခာရှိလှသော အရိုးဖြူမိစ္ဆာနန်းတော်၏ အမာခံတပည့်၊ လူငယ်ဧကရာဇ်ကိုးပါးထဲမှ တစ်ဦးဖြစ်သော သူသည် ဘာမှမဟုတ်သော လူငယ်လေးတစ်ဦး၏ တစ်ကွက်တည်းဖြင့် အသတ်ခံလိုက်ရလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
***