အခြေအနေများက အလွန်တရာလျင်မြန်စွာပြောင်းလဲသွားခဲ့လေသည်။ အရိုးဖြူမိစ္ဆာနန်းတော်မှ တပည့်များမှာ မြေပြင်ပေါ်တွင်လဲလျောင်းနေသော လူငယ်ဧကရာဇ်၏အလောင်းကိုကြည့်ကာ မှင်တက်သွား ကြပြီးနောက် ရန်ရှောက်ထျန်းကိုကြည့်လိုက်သောအခါ သူတို့၏မျက်နှာများမှာအကြီးအကျယ် ပြောင်းလဲ သွားတော့သည်။ သူတို့၏စီနီယာအစ်ကိုဖြစ်သောလူငယ်ဧကရာဇ်မှာရှေ့မှ လူငယ်လေး၏တစ်ကွက်တည်း ဖြင့် အသတ်ခံလိုက်ရသည်ကို သူတို့ မယုံကြည်နိုင်ဘဲ ရှိနေကြလေသည်။
တစ်ဖက်လူက သူ၏လက်ညှိုးကို တစ်ချက်မျှသာတောက်လိုက်ခြင်းဖြစ်သော်လည်း ကွဲအက်သွား သောဓားစများက ပြန်လည်လွင့်စင်သွားကာ သူတို့၏စီနီယာအစ်ကိုသေဆုံးသွားခဲ့ခြင်းဖြစ်လေသည်။ သူ အလွန်မြန်မြန် သေဆုံးသွားခဲ့ရလေသည်။ ရုတ်တရက်ဆန်လွန်းလှပေသည်။
“စီနီယာ... စီနီယာအစ်ကို” ဟု ထိုအမျိုးသမီးတပည့်မှာတုန်ယင်နေသောအသံဖြင့် အော်ဟစ် လိုက်မိသည်။ လူငယ်မျိုးဆက်များကြားတွင်ပြိုင်ဘက်ကင်းသောတည်ရှိမှုဟု သူမထင်မှတ်ထားခဲ့သော သူမှာ ဤကဲ့သို့သေဆုံးသွားလိမ့်မည်ဟု သူမမယုံကြည်နိုင်သေးပေ။ သို့သော်လည်းလူငယ်ဧကရာဇ်မှာ ထိုနေရာ တွင် ငြိမ်သက်စွာလဲလျောင်းနေခဲ့လေပြီ။ သူ၏လည်ပင်းမှသွေးများမှာလည်း အဆက်မပြတ်ထွက်ပေါ်နေခဲ့ လေသည်။
ရန်ရှောက်ထျန်းမှာ လူငယ်ဧကရာဇ်၏အလောင်းကို ဂရုမစိုက်ဘဲထွက်ခွာရန် ပြင်လိုက်လေသည်။ ထိုအချိန်မှာပင်လေထဲမှတစ်ဆင့် အခြားသူတစ်ဦးရောက်ရှိလာခဲ့ပြန်လေသည်။ ရောက်ရှိလာသူမှာ အံ့ဩစရာကောင်းသည်မှာ အရိုးဖြူမိစ္ဆာနန်းတော်မှစိန့်အဆင့်ရှိသောအကြီးအကဲတစ်ဦးဖြစ်လေသည်။
ယခုတစ်ကြိမ်တွင် အရိုးဖြူမိစ္ဆာနန်းတော်မှ ပညာရှင်အမြောက်အမြားရောက်ရှိလာကြခြင်း ဖြစ်လေ သည်၊ ဧကရာဇ်အဆင့်ရှိသောအမာခံတပည့်များသာမက စိန့်အဆင့်နှင့်နတ်ဘုရားအဆင့်ရှိသော ပညာရှင်များ လည်း ပါဝင်ကြလေသည်။
ကံကြမ္မာတောအုပ်အတွင်းသို့ ဝင်ရောက်ပြီးနောက် သူတို့အားလုံးမှာအနီးနားတွင် ကံကြမ္မာနတ် ဘုရားသစ်ပင်ကို ရှာဖွေနေကြခြင်းဖြစ်လေသည်။ ဤစိန့်အဆင့်အကြီးအကဲမှာ ဤနေရာရှိလှုပ်ရှားမှုကို ကြားလိုက်ရသဖြင့် အပြေးအလွှားရောက်လာခြင်းဖြစ်လေသည်။ သူ ရောက်လာသောအခါ လူငယ်ဧကရာဇ် ၏အလောင်းနှင့် ယခင်ကမြွေခိုးရောင်ကြောင့်သေဆုံးသွားခဲ့သော အလောင်းအချို့ကို မြင်လိုက်ရသဖြင့် သူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားတော့သည်။
“အကြီးအကဲ လီ... သူပါ၊ သူကစီနီယာအစ်ကိုကိုသတ်ခဲ့တာ။ စီနီယာအစ်ကိုချန်နဲ့ စီနီယာအစ်မ လင်းတို့ကိုလည်း သူပဲသတ်ခဲ့တာ” ဟု တပည့်တစ်ဦးက ရောက်ရှိလာသူကို မြင်လိုက်ရသဖြင့် ဝမ်းသာအားရ ရှေ့သို့ တိုးသွားကာ ရန်ရှောက်ထျန်းကို လက်ညှိုးထိုးပြရင်း ဒေါသတကြီးအော်ဟစ်ပြောလိုက်လေသည်။
အကြီးအကဲ လီ၏အကြည့်က ရန်ရှောက်ထျန်းထံသို့ ရောက်ရှိသွားခဲ့လေသည်၊ သူ၏ မျက်လုံး များမှာ အေးစက်နေသလိုတစ်ဖက်တွင်လည်း အံ့အားသင့်မှုနှင့် သံသယများ ပြည့်နှက်နေလေသည်။ သူသည် လူငယ်ဧကရာဇ်၏ အစွမ်းကို ကောင်းကောင်းသိလေသည်၊ လူငယ်မျိုးဆက်များကြားတွင် သူသည် ပြိုင်ဘက် ရှားပါးသူဖြစ်လေသည်။ ဤလူငယ်လေးကဘယ်သူလဲ။ သူကသူတို့အရိုးဖြူမိစ္ဆာနန်းတော်၏ အမာခံ တပည့်ကို အမှန်တကယ်သတ်နိုင်သည်တဲ့လား။ ရန်ရှောက်ထျန်းဝတ်ဆင်ထားသောဝတ်စုံပြာကို မြင်လိုက်ရ သောအခါ သူ၏ ဦးနှောက်အတွင်း အတွေးတစ်ခု ချက်ချင်း ဝင်လာခဲ့လေသည်။
“မင်းက ဟွန်ချွမ်ဘိုးဘေးရဲ့ ဆက်ခံသူလား”
ဟွန်ချွမ်ဘိုးဘေး၏ ဆက်ခံသူမှာ ကောင်းကင်ကံကြမ္မာနတ်ဘုရားတောင်၏ထိပ်သို့ တက်နိုင်ခဲ့ပြီး လူငယ်ဧကရာဇ်ချန်ကို ဓားတစ်ချက်တည်းနှင့်သတ်ပစ်ခဲ့သောသတင်းမှာ လွန်ခဲ့သောနှစ်ရက်အတွင်း အကြီး အကျယ်ပျံ့နှံ့နေခဲ့ခြင်းဖြစ်လေသည်။ ရှေ့တွင်ရှိသောလူငယ်လေးမှာ လူတိုင်းပြောနေကြသော ဟွန်ချွမ်ဘိုး ဘေး၏ ဆက်ခံသူနှင့် အလွန်တရာဆင်တူနေလေသည်။
“ဟွန်ချွမ်ဘိုးဘေးရဲ့ ဆက်ခံသူတဲ့လား” ဟု အရိုးဖြူမိစ္ဆာနန်းတော်မှ တပည့်များ၏ မျက်နှာများမှာ အကြီးအကျယ် ပြောင်းလဲသွားကြတော့သည်။ ခုနက ရန်ရှောက်ထျန်းကို ဒေါသတကြီး လက်ညှိုးထိုးခဲ့သော တပည့်မှာလည်း ကြောက်လန့်တကြား နောက်သို့ ဆုတ်လိုက်လေသည်။
နာမည်ကျော်ကြားမှုဆိုသည်မှာ အလွန်တရာ အစွမ်းထက်လှပေသည်။ လွန်ခဲ့သော နှစ်ရက်အတွင်း ဟွန်ချွမ်ဘိုးဘေး၏ ဆက်ခံသူနှင့်ပတ်သက်သော ကောလာဟလအမျိုးမျိုးမှာ ပို၍ပင်လျှို့ဝှက်ဆန်းကြယ် လာခဲ့လေသည်။ အချို့ကလည်းဤဟွန်ချွမ်ဘိုးဘေး၏ဆက်ခံသူမှာ ကိုးထက်မြက်သော ကောင်းကင် ကံကြမ္မာတစ်ဆယ့်နှစ်ခု သို့မဟုတ်တစ်ဆယ့်သုံးခုအထိပင် ကျင့်ကြံထားနိုင်သည်ဟု ပြောဆိုနေကြလေသည်။ ထိုသို့မဟုတ်ပါက သူသည်လူငယ်ဧကရာဇ်ချန်ကိုဓားတစ်ချက်တည်းနှင့် သတ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲစွမ်းရည်မျိုး ရှိလိမ့်မည် မဟုတ်ဟု ထင်မြင်နေကြခြင်း ဖြစ်လေသည်။
“မင်း ငါကဟွန်ချွမ်ဘိုးဘေးရဲ့ဆက်ခံသူဆိုတာသိနေမှတော့ ဘာလို့ ဒူးမထောက်ဘဲ ဦးမချသေးတာလဲ” ဟု ရန်ရှောက်ထျန်းကအေးစက်စွာပြောလိုက်သည်။ အရိုးဖြူဓားနတ်ဘုရား၏ဆရာမှာ ဟွန်ချွမ်မိစ္ဆာ ဂိုဏ်း၏ဘိုးဘေးကြီးတစ်ဦးဖြစ်လေသည်။ စည်းကမ်းအရဆိုပါကအရိုးဖြူဓားနတ်ဘုရားကိုယ်တိုင် ဤနေ ရာမှာရှိနေခဲ့လျှင်ပင် ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သောသူ့ကိုမြင်သည်နှင့် ဒူးထောက်ရမည်ဖြစ်လေ သည်။
အကြီးအကဲမှာ ဤစကားကိုကြားလိုက်ရသောအခါရယ်မောလိုက်ပြီး။
“ဒူးထောက်ရမယ် ဟုတ်လား။ ကောင်လေး... မင်းကိုယ်မင်း ဟွန်ချွမ်ဘိုးဘေးလို့ ထင်နေတုန်းပဲလား။ မင်းက ဟွန်ချွမ်မိစ္ဆာဂိုဏ်းကိုအမိန့်ပေးနိုင်တယ်လို့ထင်နေတာလား။ မင်းငါတို့အရိုးဖြူမိစ္ဆာနန်းတော်က တပည့်တွေကိုသတ်ခဲ့တယ်။ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းပြန်ပေးရမယ်။ ဒီနေ့တော့ ငါက ကမ္ဘာကြီးအတွက် မင်းလိုမိစ္ဆာအကြွင်းအကျန်ကို ရှင်းလင်းပေးမယ်” ဟု ပြောလိုက်သည်။ ထိုသို့ပြောရင်း သူ၏ တစ်ကိုယ်လုံးမှစိန့်စွမ်းအားများထွက်ပေါ်လာပြီး ရန်ရှောက်ထျန်းအားဓားဖြင့် ရုတ်တရက်တိုက်ခိုက် လိုက်လေသည်။
သူ၏ ဓားတစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် အရိုးဖြူမိစ္ဆာချီများမှာ ပေါက်ကွဲထွက်လာပြီး မရေမတွက် နိုင်သော အရိုးဖြူမိစ္ဆာပုံရိပ်များမှာ သူ၏ဓားချီနှင့်အတူ ရန်ရှောက်ထျန်းဆီသို့ ဟိန်းဟောက်ကာ ပြေးဝင်လာ ခဲ့လေသည်။
“မိမိဆရာကို ပြန်လည်စော်ကားပြီးဘိုးဘေးတွေကိုဖျက်ဆီးတဲ့ သစ္စာဖောက်တစ်ယောက်က သေသင့်တာပဲ” ဟု ရန်ရှောက်ထျန်းကအေးစက်စွာပြောလိုက်ပြီး ဓားကိုပင်အသုံးမပြုဘဲ လက်သီးဖြင့် တိုက်ရိုက်ထိုးနှက်လိုက်လေသည်။
“ဘုန်း။”
ရန်ရှောက်ထျန်း၏နောက်ကွယ်တွင် ဧရာမရွှေရောင်စစ်နတ်ဘုရားပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာခဲ့ လေသည်။ အလွန်တရာကြီးမားလှသောရွှေရောင်လက်သီးပုံရိပ်မှာ ဟင်းလင်းပြင်ကိုဖြတ်သန်းသွားခဲ့ လေ သည်။ ၎င်းကတစ်ဖက်လူ၏အရိုးဖြူဓားချီနှင့်အရိုးဖြူမိစ္ဆာပုံရိပ်များကို ချက်ချင်းပင် ချေမှုန်းသွားခဲ့လေသည်။ တားဆီး၍မရသော အရှိန်အဟုန်ဖြင့်၎င်းက အရိုးဖြူမိစ္ဆာနန်းတော် အကြီးအကဲ၏ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့လေသည်။
အရိုးအက်သံများ ဆက်တိုက်ထွက်ပေါ်လာခဲ့လေသည်။ အရိုးဖြူမိစ္ဆာနန်းတော် အကြီးအကဲ၏ စိန့်ချပ်ဝတ်တန်ဆာမှာပေါက်ကွဲသွားခဲ့ပြီး သူကိုယ်တိုင်လည်းလွင့်ထွက်သွားခဲ့လေသည်။ သူ၏ ခန္ဓာကိုယ် အတွင်းမှ အံ့ဩဖွယ်ကောင်းသောပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်နေခဲ့လေသည်။ သူသည်အဝေးရှိ မြင့်မားလှသော ရှေးဟောင်းသစ်ပင်ကြီးကိုပြင်းထန်စွာတိုက်မိသွားခဲ့လေသည်။ ဧရာမသစ်ပင်ကြီးမှာ တုန်ခါနေခဲ့လေသည်။ အရိုးဖြူမိစ္ဆာနန်းတော် အကြီးအကဲ၏ ရင်ဘတ်တွင် လက်သီးဆုပ်အရွယ်အစားရှိသော ကျင်းကြီးတစ်ခုဖြစ်ပေါ်နေခဲ့လေသည်။ ထိုလက်သီးကျင်းမှာ သူ၏နှလုံးသားကို ဖောက်ထွက်ပေါက်ကွဲ သွား စေခဲ့ခြင်း ဖြစ်လေသည်။
သူက ရန်ရှောက်ထျန်းကိုစိုက်ကြည့်ရင်း။
“ရွှေရောင်နတ်ဘုရားလက်သီးပါလား” ဟု ပြောလိုက်သည်။ ရွှေရောင်နတ်ဘုရားလက်သီးမှာ ထုန်းထျန်းနတ်ဘုရားဂိုဏ်း၏လျှို့ဝှက်ချက်ပညာရပ်တစ်ခုဖြစ်လေသည်။ ဤဟွန်ချွမ်ဘိုးဘေး၏ ဆက်ခံသူ က ဘာကြောင့်ထုန်းထျန်းနတ်ဘုရားဂိုဏ်း၏လျှို့ဝှက်ချက်ပညာရပ်ကိုသိနေရတာလဲ။ သူ ထိုသို့ပြောပြီး သည်နှင့် သူ၏ခေါင်းမှာငိုက်စိုက်ကျသွားခဲ့လေသည်။
သူ သေဆုံးသွားခဲ့လေပြီ။ နှလုံးသားပေါက်ကွဲသွားခဲ့ပြီဖြစ်ရာအစွမ်းထက်သော စိန့်အဆင့်ပညာရှင် တစ်ဦးပင်လျှင်သေဆုံးရမည် ဖြစ်လေသည်။ ထို့အပြင် ဤအရိုးဖြူမိစ္ဆာနန်းတော်အကြီးအကဲမှာ စိန့်အဆင့် တတိယအလွှာ အထွတ်အထိပ်တွင်သာ ရှိသေးခြင်း ဖြစ်လေသည်။
“ဘာ...”
အရိုးဖြူမိစ္ဆာနန်းတော်မှ တပည့်များမှာအသက်ရှူမှားသွားကြပြီး အကြီးအကဲလီမှာ လက်သီး တစ်ချက်တည်းနှင့် အသတ်ခံလိုက်ရသည်ကိုကြည့်ကာ ထိတ်လန့်သွားကြတော့သည်။ သူတို့သည် ရန်ရှောက် ထျန်းကို ကြောက်လန့်တကြား ကြည့်နေကြလေသည်။
လွန်ခဲ့သော နှစ်ရက်အတွင်းကောလာဟလများ ထွက်ပေါ်နေသော ဟွန်ချွမ်ဘိုးဘေး၏ ဆက်ခံသူမှာ အလွန်ဆုံးရှိလျှင် စိန့်အဆင့်ဒုတိယအလွှာအထွတ်အထိပ်လောက်သာ အစွမ်းရှိသည်ဟု ပြောဆိုနေကြသည် မဟုတ်ပါလော။ သူတို့၏အကြီးအကဲလီမှာ စိန့်အဆင့် တတိယအလွှာ အထွတ်အထိပ်တွင် ရှိနေပါလျက်နှင့် လက်သီးတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်တဲ့လား။
ဒါဟာ... ဒါဟာ...။
ရန်ရှောက်ထျန်းက ကျန်ရှိနေသောအရိုးဖြူမိစ္ဆာနန်းတော်မှတပည့်များကို ကြည့်လိုက်လေသည်။ အရိုးဖြူမိစ္ဆာနန်းတော်မှ တပည့်အားလုံးမှာထိတ်လန့်တုန်ယင်နေကြလေသည်။ ခုနကရန်ရှောက်ထျန်းကို ဒေါသတကြီး အော်ဟစ်ခဲ့သောတပည့်မှာလည်း ခြေထောက်များပင်တုန်ယင်နေခဲ့လေပြီ။
“ဒူးထောက်စမ်း” ဟု ရန်ရှောက်ထျန်းက အမိန့်ပေးလိုက်လေသည်။ ချက်ချင်းဆိုသလိုပင် အရိုးဖြူမိစ္ဆာနန်းတော်မှ တပည့်အားလုံး တုန်တုန်ယင်ယင်ဖြင့် ဒူးထောက်လိုက်ကြလေသည်။
အရိုးဖြူမိစ္ဆာနန်းတော်မှ တပည့်အားလုံးဒူးထောက်လိုက်သည်နှင့်တစ်ပြိုင်နက် အဝေးမှနောက်ထပ် ပုံရိပ်တစ်ခု လျင်မြန်စွာပျံသန်းလာခဲ့ပြန်လေသည်။ ထိုပုံရိပ်ကို မြင်လိုက်ရသောအခါ အရိုးဖြူမိစ္ဆာနန်းတော်မှ တပည့်များမှာ အံ့အားသင့်သွားကြလေသည်။ ရောက်ရှိလာသူမှာ သူတို့ အရိုးဖြူမိစ္ဆာနန်းတော်မှ မဟာအကြီး အကဲဖြစ်ပြီး စိန့်အဆင့်သတ္တမအလွှာတွင်ရှိနေသူ ဖြစ်လေသည်။ အရိုးဖြူမိစ္ဆာနန်းတော် မဟာအကြီးအကဲ ရောက်ရှိလာသောအခါ အကြီးအကဲလီ၊ လူငယ်ဧကရာဇ်တို့၏အလောင်းများနှင့် ဒူးထောက်နေသော တပည့်များကိုမြင်လိုက်ရသဖြင့် အံ့အားသင့်သွားခဲ့လေသည်။ သူသည်ထိုနေရာတွင်ရပ်နေသော ရန်ရှောက် ထျန်းကို ကြည့်လိုက်လေသည်။
“ဆရာ... ဆရာကြီး” ဟု ခုနက ဒေါသတကြီးအော်ဟစ်ခဲ့သောတပည့်မှာ ဝမ်းသာအားရဖြင့် ရောက်ရှိလာသောမဟာအကြီးအကဲကိုလှမ်းခေါ်လိုက်ပြီး။
“သူက အကြီးအကဲ လီနဲ့ စီနီယာအစ်ကိုတို့ကို သတ်ခဲ့တာပါ။ သူက ဟွန်ချွမ်ဘိုးဘေးရဲ့ ဆက်ခံသူပဲ” ဟု ပြောလိုက်သည်။ သူသည် ရန်ရှောက်ထျန်းကို ဒေါသတကြီးလက်ညှိုးထိုးပြနေခဲ့လေသည်။
အရိုးဖြူမိစ္ဆာနန်းတော် မဟာအကြီးအကဲမှာရှေ့တွင်ရှိသောလူငယ်လေးမှာ ဟွန်ချွမ်ဘိုးဘေး၏ ဆက်ခံသူဖြစ်ကြောင်းကြားလိုက်ရသဖြင့် အကြီးအကျယ်အံ့အားသင့်သွားသလို တစ်ဖက်တွင်လည်း ဤဟွန် ချွမ်ဘိုးဘေး၏ဆက်ခံသူက အကြီးအကဲလီကိုသတ်နိုင်သည်ဆိုသည်ကို မယုံကြည်နိုင်ဘဲ ရှိနေလေသည်။ သူသည် ရန်ရှောက်ထျန်းကိုကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“မင်း ငါတို့ အရိုးဖြူမိစ္ဆာနန်းတော်ရဲ့ အကြီးအကဲနဲ့ အမာခံတပည့်ကို သတ်ခဲ့တယ်။ မင်းကိုယ်မင်း သတ်သေမလား၊ ဒါမှမဟုတ် ငါကိုယ်တိုင်လုပ်ပေးရမလား”
“ဒူးထောက်စမ်း၊ ဒါဆို မင်းရဲ့ အသက်ကို ငါ ချမ်းသာပေးမယ်” ဟု ရန်ရှောက်ထျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
အရိုးဖြူမိစ္ဆာနန်းတော် မဟာအကြီးအကဲမှာဤစကားကိုကြားလိုက်ရသောအခါ အလွန်တရာ ကြီးမားသောပြက်လုံးတစ်ခုကို ကြားလိုက်ရသလိုမျိုး ရယ်မောလိုက်ပြီး။
“ငါ့အသက်ကိုချမ်းသာပေးမယ်ဟုတ်လား။ ကောင်လေး... မင်း သေခါနီးဖြစ်နေတာတောင် ဒီလောက် အထိထောင်လွှားနေတုန်းပဲလား” ဟု ပြောလိုက်သည်။ ထိုသို့ပြောရင်း သူသည်သူ၏ဓားဖြင့် ရန်ရှောက် ထျန်းအား ရုတ်တရက်တိုက်ခိုက်လိုက်လေသည်။
“ဒါဆိုရင်တော့ မင်း သေရမှာပဲ”
သူသည် သူ၏စိန့်စွမ်းအားအားလုံးကိုအသက်သွင်းလိုက်ရာ သူ၏ရှည်လျားသောဓားမှ စိန့်အလင်း တန်းများထွက်ပေါ်လာပြီး အဆုံးမရှိသောဓားချီများထွက်ပေါ်လာခဲ့လေသည်။ ၎င်းမှာအရိုးဖြူဓားသိုင်းပင် ဖြစ်လေသည်။ သို့သော်လည်း သူ၏အရိုးဖြူဓားသိုင်းစွမ်းအားမှာ ယခင်ကအကြီးအကဲလီထက် ဆယ်ဆမက ပိုမိုပြင်းထန်လှပေသည်။
အရိုးဖြူမိစ္ဆာနန်းတော် မဟာအကြီးအကဲ၏ရှည်လျားသောဓားမှာ ရန်ရှောက်ထျန်း၏မျက်နှာကို ထိုးဖောက်တော့မည့်ဆဲဆဲတွင် ရုတ်တရက်ရန်ရှောက်ထျန်း၏တစ်ကိုယ်လုံးမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်အတွင်းမှအလွန်တရာကြီးမားလှသော ရွှေအမြုတွေရွှေရောင်ဝိညာဉ် ဆေး လုံးကြီးတစ်ခုပျံထွက်လာခဲ့လေသည်။ ရွှေအမြုတေရွှေရောင်ဝိညာဉ်ဆေးလုံး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် နတ်ဘုရားအလင်းတန်းများမှာကောင်းကင်ယံသို့ပျံတက်သွားပြီး ကောင်းကင်နှင့်မြေကြီးမှာ တုန်ခါသွားကာ မရေမတွက်နိုင်သောမြင့်မားလှသော ရှေးဟောင်းသစ်ပင်ကြီးများမှာလည်း ဦးညွှတ်သွားကြ ပြီး ကြောက်မက်ဖွယ်ကောင်းသောနတ်ဘုရားအရှိန်အဝါများမှာ ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းမိုးသွားတော့ သည်။
ရွှေအမြုတေရွှေရောင်ဝိညာဉ်ဆေးလုံးမှာ ကောင်းကင်ယံတွင်မြင့်မားစွာ ရပ်တည်နေခဲ့လေသည်။ ဤအခိုက်အတန့်တွင် ကံကြမ္မာတောအုပ်၏မှောင်မိုက်နေသောထောင့်ပေါင်းစုံမှာ ထိုရွှေရောင်အလင်းတန်း များကြောင့် တောက်ပသွားခဲ့လေသည်။ ကံကြမ္မာတောအုပ်အတွင်းရှိပညာရှင်အားလုံးမှာ ဤအခိုက်အတန့် တွင် အံ့အားသင့်စွာဖြင့်ခေါင်းမော့ကြည့်လိုက်ကြလေသည်။
လူတိုင်းမှာ ကောင်းကင်ယံတွင် ရွှေရောင်နေမင်းကြီးအလားတောက်ပနေသော ရွှေအမြုတေး ရွှေရောင်ဝိညာဉ်ဆေးလုံးကို မြင်တွေ့လိုက်ကြရလေတော့သည်။
***