ဤမျှကြီးမားသော ရွှေအမြုတေးရွှေရောင်ဝိညာဉ်ဆေးလုံးမျိုးကို သူတို့တစ်ခါမျှမမြင်ဖူးခဲ့ကြပေ၊ နတ်ဘုရားအလင်းတန်းများ အထပ်ထပ်ဖြာထွက်နေသောဝိညာဉ်ဆေးလုံးမျိုးကိုလည်း သူတို့တစ်ခါမျှ မတွေ့ ဖူးခဲ့ကြပေ။
“ဒါ ဘယ်လို ဝိညာဉ်ဆေးလုံးမျိုးလဲ။ စိန့်အဆင့် ဝိညာဉ်ဆေးလုံးများလား”
“မဟုတ်ဘူး၊ စိန့်အဆင့် ဝိညာဉ်ဆေးလုံးတောင်မှ ဒီလို နတ်ဘုရားအလင်းတန်းမျိုး မရှိနိုင်ဘူး”
ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှ ဘိုးဘေးတစ်ဦးကထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။
“ဒါက ထိပ်တန်းအဆင့်ထက်တောင်ကျော်လွန်နေပြီ။ နတ်ဘုရားအဆင့်ပဲ။ ဒါနတ်ဘုရားအဆင့် ဝိညာဉ်ဆေးလုံးပဲ။ ဘုရားရေ... ငါ ဒီနေ့နတ်ဘုရားအဆင့်ဝိညာဉ်ဆေးလုံးကို တကယ်ပဲမြင်လိုက်ရတာလား”
“နှစ်ပေါင်း သန်းနဲ့ချီ ကြာပြီးတဲ့နောက်မှာ နတ်ဘုရားအဆင့် ဝိညာဉ်ဆေးလုံး ပေါ်လာခဲ့ပြီပေါ့”
နတ်ဘုရားအဆင့်။
ဘိုးဘေးအားလုံး ထိတ်လန့်သွားကြတော့သည်။
“အဲဒါ ဘယ်သူလဲ။ ဘယ်လိုကြောက်စရာကောင်းတဲ့ပါရမီရှင်က နတ်ဘုရားအဆင့် ဝိညာဉ် ဆေးလုံးကိုကျင့်ကြံနိုင်ခဲ့တာလဲ။ ချက်ချင်းသွားစုံစမ်းကြစမ်း။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပါရမီရှင်ကို ငါတို့ဆီရောက် အောင်စည်းရုံးရမယ်” ဟု နတ်ဘုရားဧကရာဇ်ဂိုဏ်း၏မဟာဘိုးဘေးက တုန်တုန်ယင်ယင်ဖြင့် ဟိန်းဟောက် လိုက်လေသည်။
နတ်ဘုရားဧကရာဇ်ဂိုဏ်း၏အမွေအနှစ်မှာ ရှေးဟောင်းအမြင့်မြတ်ဆုံး နတ်ဘုရားဧကရာဇ်ထံမှ ဆင်းသက်လာခြင်းဖြစ်ပြီး ယခုအခါဝမ်ကျန့်တိုက်ကြီးပေါ်ရှိ အစွမ်းထက်ဆုံးသောထိပ်တန်းဂိုဏ်းကြီးများ ထဲမှ တစ်ခုဖြစ်ကာ အင်အားမှာထုန်းထျန်းနတ်ဘုရားဂိုဏ်းထက်များစွာမနိမ့်ကျပေ။
“မြန်မြန်... ကံကြမ္မာတောအုပ်ထဲကိုချက်ချင်းဝင်ပြီးစုံစမ်းကြစမ်း။ ဘယ်သူကနတ်ဘုရားအဆင့် ဝိညာဉ်ဆေးလုံးကိုကျင့်ကြံခဲ့တာလဲဆိုတာသိအောင်လုပ်ကြ” ဟု အခြားသော အနက်ရှိုင်းဆုံးမိစ္ဆာဂိုဏ်းမှ မဟာဘိုးဘေးတစ်ဦးကလည်း စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်အော်ဟစ်နေခဲ့လေသည်။
အနက်ရှိုင်းဆုံးမိစ္ဆာဂိုဏ်းမှာလည်း နတ်ဘုရားဧကရာဇ်ဂိုဏ်းကဲ့သို့ပင် ဝမ်ကျန့်တိုက်ကြီးပေါ်ရှိ အစွမ်းထက်ဆုံးသော ဂိုဏ်းကြီးတစ်ခုဖြစ်လေသည်။ အခြားသောထိပ်တန်းဂိုဏ်းကြီးများမှ ဘိုးဘေးများ သည်လည်း စိတ်လှုပ်ရှားစွာဖြင့် အသီးသီးအမိန့်ပေးနေကြတော့သည်။
နေလစိန့်ဘုရင်သည် ကိုးထပ်မြောက်ကောင်းကင်၏အထက်တွင် ရှိနေသယောင် ထင်ရသော နတ်ဘုရားအဆင့် ရွှေအမြုတေဝိညာဉ်ဆေးလုံးကိုကြည့်ကာ အကြီးအကျယ်တုန်လှုပ်နေခဲ့လေသည်။ တစ်နေ့ တွင် တစ်စုံတစ်ယောက်ကနတ်ဘုရားအဆင့်ဝိညာဉ်ဆေးလုံးကိုကျင့်ကြံနိုင်လိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ ဖူးပေ။
“သွားစုံစမ်းကြစမ်း။ ဘယ်သူကနတ်ဘုရားအဆင့်ဝိညာဉ်ဆေးလုံးကို ကျင့်ကြံခဲ့တာလဲဆိုတာ ငါ သိချင်တယ်” ဟု နေလစိန့်ဘုရင်၏အသံတွင်လည်း စိတ်လှုပ်ရှားမှုများကို မဖုံးကွယ်နိုင်တော့ပေ။
သို့သော်လည်း ကံကြမ္မာတောအုပ်မှာအလွန်တရာကျယ်ပြောလှပေသည်။ သူတို့သည် နတ်ဘုရား အဆင့်ရွှေအမြုတေးဝိညာဉ်ဆေးလုံးကိုမြင်တွေ့နေရသော်လည်း ၎င်း၏တိကျသောတည်နေရာကိုမူ အတည့် အကျ မသိနိုင်ကြပေ။
ဤအချိန်တွင် ရန်ရှောက်ထျန်းက လက်သီးတစ်ချက်ထိုးနှက်လိုက်ရာ နတ်ဘုရားအဆင့် ရွှေအမြုတေဝိညာဉ်ဆေးလုံး၏ အတိုင်းအဆမဲ့သောစွမ်းအားမှာ သူ၏လက်သီးနှင့်အတူ ပေါက်ကွဲထွက်လာ ပြီး အရိုးဖြူမိစ္ဆာနန်းတော်မဟာအကြီးအကဲ၏အရိုးဖြူဓားချီကိုဖျက်ဆီးပစ်လိုက်ကာ သူ့ကို လွင့်ထွက်သွား စေခဲ့လေခဲ့တော့သည်။ အရိုးဖြူမိစ္ဆာနန်းတော်မဟာအကြီးအကဲမှာမြေပြင်ပေါ်သို့ ပြင်းထန်စွာကျဆင်းသွား ခဲ့ပြီး သွေးများအဆက်မပြတ်အန်ထုတ်နေတော့သည်။
ယခင်က အကြီးအကဲ လီကဲ့သို့ပင် သူ၏ ရင်ဘတ်မှာလည်း ရန်ရှောက်ထျန်း၏ လက်သီးချက်ကြောင့် ပေါက်ထွက်သွားခဲ့လေပြီ။
သူက ကောင်းကင်ယံသို့ ထိတ်လန့်တကြား မော့ကြည့်လိုက်ပြီး။
“နတ်ဘုရားအဆင့် ရွှေအမြုတေဝိညာဉ်ဆေးလုံး” ဟု ရေရွတ်လိုက်သည်။
အရိုးဖြူမိစ္ဆာနန်းတော်မှ တပည့်များလည်း ထိတ်လန့်သွားကြတော့သည်။ နတ်ဘုရားအဆင့် ရွှေအမြုတေဝိညာဉ်ဆေးလုံးမှာ ဤအခိုက်အတန့်တွင် သူတို့၏ခေါင်းပေါ်မှာတင်ရှိနေခြင်းဖြစ်လေသည်။ ဤဟွန်ချွမ်ဘိုးဘေး၏ဆက်ခံသူက နတ်ဘုရားအဆင့်ရွှေအမြုတေဝိညာဉ်ဆေးလုံးကို အမှန်တကယ် ကျင့်ကြံနိုင်ခဲ့သည်ပေါ့။
ရန်ရှောက်ထျန်းမှာ အရိုးဖြူမိစ္ဆာနန်းတော်မဟာအကြီးအကဲဆီသို့ လမ်းလျှောက်သွားခဲ့လေသည်။ တစ်ဖက်လူ၏ ရင်ဘတ်မှာပေါက်ထွက်သွားသော်လည်း သူ မသေသေးပေ။ ရန်ရှောက်ထျန်းက သူ၏ရှေ့တွင် ရပ်လိုက်ပြီး သူ့ကိုအေးစက်စွာကြည့်လိုက်သည်။ မဟာအကြီးအကဲမှာအနီးနားတွင် ရှိနေသော ရန်ရှောက်ထျန်းကိုကြည့်ကာ သူ၏မျက်လုံးများတွင်ကြောက်ရွံ့မှုများပြည့်နှက်နေလေသည်။ သူသည် ကြောက်လန့်နေခြင်းကြောင့်လား သို့မဟုတ်ဒဏ်ရာပြင်းထန်လွန်းခြင်းကြောင့်လားမသိဘဲ စကားပင်မပြော နိုင်တော့ပေ။
ရန်ရှောက်ထျန်းက သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ ဓားချီတစ်ခုကတစ်ဖက်လူ၏ လည်ပင်းကို ထိုးဖောက်သွားခဲ့လေသည်။ အရိုးဖြူမိစ္ဆာနန်းတော်မဟာအကြီးအကဲမှာထိုနေရာမှာပင် နောက်ဆုံးတွင် အသက်ပျောက်သွားခဲ့လေပြီ။
ရန်ရှောက်ထျန်းက သေလုမတတ်ကြောက်လန့်နေသောအရိုးဖြူမိစ္ဆာနန်းတော်တပည့်ကို ကြည့် လိုက်လေသည်။ ထိုတပည့်မှာထိတ်လန့်တကြား နောက်သို့ဆုတ်လိုက်သော်လည်း သူဆုတ်လိုက်သည်နှင့် ဓားချီတစ်ခုဝင်းခနဲဖြစ်သွားပြီး သူ၏ခေါင်းမှာလွင့်ထွက်သွားကာမြေပြင်ပေါ်သို့ လိမ့်ကျသွားခဲ့လေသည်။ သူ၏ခန္ဓာကိုယ်မှာ ထိုနေရာတွင်မတ်တပ်ရပ်လျက်ကျန်ရှိနေခဲ့ပြီး သူ၏လည်ပင်းမှသွေးများမှာ ပန်းထွက် လာခဲ့လေသည်။
ထိုသွေးများမှာအခြားသောအရိုးဖြူမိစ္ဆာနန်းတော်တပည့်များ၏ကိုယ်ပေါ်သို့ စင်ဟပ်သွားခဲ့လေ သည်။
ရန်ရှောက်ထျန်းမှာ လေထဲသို့ ပျံတက်သွားခဲ့လေသည်။
ရန်ရှောက်ထျန်း ပျံသန်းထွက်ခွာသွားသောအခါညှီစို့စို့အနံ့တစ်ခုထွက်ပေါ်လာပြီး အရိုးဖြူမိစ္ဆာနန်း တော်တပည့်တစ်ဦး၏ဘောင်းဘီမှာစိုရွှဲနေခဲ့လေပြီ။ ထွက်ခွာလာပြီးနောက်ရန်ရှောက်ထျန်းမှာ ကံကြမ္မာနတ် ဘုရားသစ်ပင်ကိုဆက်လက်ရှာဖွေနေခဲ့လေသည်။ သူ ထွက်ခွာလာပြီးသိပ်မကြာမီမှာပင် ပညာရှင်အများ အပြား အရှိန်အဟုန်ဖြင့်ပျံသန်းနေကြသည်ကို မြင်တွေ့လိုက်ရလေသည်။
“ကံကြမ္မာနတ်ဘုရားသစ်ပင်ပေါ်လာပြီ။ ဘိုးဘေးတစ်ယောက်ကကံကြမ္မာနတ်ဘုရားသစ်ပင်ကို ရှာတွေ့သွားပြီ”
“မြန်မြန် သွားကြစမ်း”
ကံကြမ္မာနတ်ဘုရားသစ်ပင်။
ဤသတင်းကို ကြားလိုက်ရသဖြင့် ရန်ရှောက်ထျန်းသည်လည်းအရှိန်အဟုန်ဖြင့် လိုက်ပါသွားခဲ့ လေသည်။ သူရောက်ရှိသွားသောအခါ ရှေ့ရှိမြေပြင်ပေါ်တွင်ဂိုဏ်းအသီးသီးမှပညာရှင်များ ရပ်နေကြ သည်ကိုမြင်တွေ့လိုက်ရလေသည်။ ရှေ့တွင်မူအတိုင်းအဆမဲ့သော အချိန်မြစ်ကြီးတစ်ခု ကာဆီးနေလေသည်။ ဤအချိန်မြစ်မှာ အဆုံးမရှိအောင်စီးဆင်းနေပြီး အချိန်မြူနှင်းများအထပ်ထပ်ထွက်ပေါ်နေကာ လူတိုင်း၏ လမ်းကို ပိတ်ဆို့ထားခြင်း ဖြစ်လေသည်။
မြစ်၏ အခြားတစ်ဖက်တွင်မူ မြူနှင်းများမှာထူထပ်လှပြီး ဧရာမသစ်ပင်ကြီးတစ်ပင်ကို မထင်မရှား မြင်တွေ့နေရလေသည်။ ဤသစ်ပင်မှပြင်းထန်သောကံကြမ္မာစွမ်းအားများထွက်ပေါ်နေခဲ့လေသည်၊ ၎င်းမှာ ကံကြမ္မာနတ်ဘုရားသစ်ပင်ပင်ဖြစ်လေသည်။ နတ်ဘုရားအဆင့်ဘိုးဘေးတစ်ဦးမှာ အခြားတစ်ဖက်သို့ ကူးရန် မြစ်အထက်မှပျံသန်းရန်ကြိုးစားလိုက်သော်လည်း သူမြစ်အထက်သို့ ရောက်သည်နှင့် တစ်ကိုယ်လုံး ချက်ချင်း ညှိုးနွမ်းသွားကာ အလောင်းခြောက်တစ်ခုအဖြစ် မြစ်အတွင်းသို့ ပြုတ်ကျသွားခဲ့လေသည်။
ဤမြင်ကွင်းကိုမြင်လိုက်ရသဖြင့် အတင်းအကျပ်ဖြတ်ကျော်ရန်ကြိုးစားနေကြသော ပညာရှင် အများအပြားမှာထိတ်လန့်သွားကြပြီး ရှေ့သို့ဆက်မတိုးရဲကြတော့ပေ။ ရောက်ရှိနေသူအများအပြားမှာ ခုနက နတ်ဘုရားအဆင့်ဘိုးဘေးကို မှတ်မိကြလေသည်၊ သူသည် အလွန်တရာ အစွမ်းထက်သော နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ သူပင်လျှင်အချိန်မြစ်၏အချိန်စွမ်းအားကိုမတောင့်ခံနိုင်ဘဲ သူ၏ချီနှင့်အသက်စွမ်းအား များမှာ ချက်ချင်း ကုန်ဆုံးသွားခဲ့ရသည်ဆိုလျှင် အခြားသူမည်သူကဖြတ်ကျော်ရဲမည်နည်း။
“ဒဏ္ဍာရီတွေက အမှန်ပဲ ထင်တယ်။ အချိန်မြစ်ကိုဖြတ်ကျော်ပြီး အခြားတစ်ဖက်ကိုရောက်ဖို့ဆိုရင် အချိန်ကျောက်တိုင်ကိုအသက်သွင်းရမယ်” ဟု အလွန်တရာအိုမင်းလှသောဘိုးဘေးတစ်ဦးက ပြောလိုက် သည်။
“အချိန်ကျောက်တိုင်ကို အသက်သွင်းနိုင်မှသာ ကံကြမ္မာတံတားပေါ်လာမှာ”
“ကံကြမ္မာတံတားကို ဖြတ်ကျော်နိုင်မှသာ အခြားတစ်ဖက်ကို ရောက်နိုင်မယ်”
ထိုဘိုးဘေး၏ စကားကိုကြားလိုက်ရသဖြင့် လူတိုင်း၏အကြည့်မှာအချိန်မြစ်၏ ရှေ့တွင်ရှိသော အချိန်ကျောက်တိုင်ဆီသို့ရောက်ရှိသွားခဲ့လေသည်။ အချိန်ကျောက်တိုင်မှာ လူတစ်ရပ်ခန့်သာမြင့်ပြီး အလင်း တန်းများ မှိန်ဖျော့ဖျော့ထွက်ပေါ်နေကာ စာလုံးအမျိုးမျိုး ထွင်းထုထားလေသည်။
“ကံကြမ္မာတံတားက အချိန်မြစ်ရဲ့ အချိန်စွမ်းအားကို တောင့်ခံနိုင်တာလား” ဟု ပညာရှင်တစ်ဦးက အံ့အားသင့်စွာ မေးလိုက်သည်။
“ကောလာဟလတွေအရတော့ဟုတ်တယ်၊ ဒါပေမဲ့အလွန်တရာထူးချွန်တဲ့ပါရမီရှင်တွေပဲ အချိန် ကျောက်တိုင်ကို အသက်သွင်းနိုင်မှာ၊ အခုထိတော့ ဘယ်သူမှအသက်မသွင်းနိုင်သေးဘူး” ဟု ထိုဘိုးဘေးက ခေါင်းခါပြလိုက်သည်။
တစ်နည်းအားဖြင့်ဆိုပါက အချိန်ကျောက်တိုင်ကို အသက်သွင်းခြင်းမှာ အစွမ်းအပေါ်တွင် မမူတည်ဘဲ ပါရမီအပေါ်တွင်သာ မူတည်ခြင်း ဖြစ်လေသည်။
“ငါ စမ်းကြည့်မယ်” ဟု ဤအချိန်တွင် လူငယ်တစ်ဦး ရှေ့သို့ ထွက်လာခဲ့လေသည်။
“ကမ္ဘာမြေဘဏ္ဍာတိုက်စိန့်ပါလား” ဟု ရောက်ရှိနေသူ အများအပြားက ထိုလူငယ်ကို မှတ်မိသွား ကြလေသည်။ ကမ္ဘာမြေဘဏ္ဍာတိုက်စိန့်မှာ ကမ္ဘာမြေဘဏ္ဍာတိုက်မဟာယနဘာသာဂိုဏ်း၏ အမြင့်မြတ်ဆုံး ပါရမီရှင်တပည့်တစ်ဦးဖြစ်လေသည်။ ဝမ်ကျန့်တိုက်ကြီးပေါ်ရှိထိပ်တန်းအင်အားစုများတွင် ပါရမီရှင်များစွာ ရှိသော်လည်း ‘စိန့်’ ဟု ခေါ်နိုင်သူမှာ တစ်ဦးသာ ရှိလေသည်။
စိန့်အဆင့်အတွင်း၌ အထူးချွန်ဆုံးဖြစ်ပြီး အမျိုးမျိုးသောစစ်ဆေးမှုများကို အောင်မြင်ပြီးသူမှသာ ‘စိန့်’ဖြစ်လာနိုင်ခြင်းဖြစ်လေသည်။ အရိုးဖြူလူငယ်ဧကရာဇ်နှင့် နဂါးဆင်လူငယ်ဧကရာဇ်တို့မှာ လူငယ် ဧကရာဇ်ကိုးပါးဟု ကျော်ကြားသော်လည်း သူတို့၏ ပါရမီမှာ ကမ္ဘာမြေဘဏ္ဍာတိုက် စိန့်ကဲ့သို့သော သူများနှင့် ယှဉ်လျှင် မှေးမှိန်သွားရလေသည်။
ကမ္ဘာမြေဘဏ္ဍာတိုက်စိန့်မှာအချိန်ကျောက်တိုင်၏ရှေ့သို့ရောက်လာပြီး သူ၏လက်ကို တင်လိုက် လေသည်။ ချက်ချင်းဆိုသလိုပင် သူ၏တစ်ကိုယ်လုံးမှအလင်းတန်းများထွက်ပေါ်လာပြီး ရွှေရောင်ဝိညာဉ် ဆေးလုံးတစ်ခု ပျံထွက်လာခဲ့လေသည်။
“ထိပ်တန်းအဆင့် ဝိညာဉ်ဆေးလုံးပါလား”
လူတိုင်း အံ့အားသင့်သွားကြတော့သည်။ ထို့ပြင် ၎င်းမှာထိပ်တန်းအဆင့် ၁၀၀ အတွင်း ဝင်သော ဝိညာဉ်ဆေးလုံးဖြစ်လေသည်။ ထို့နောက်တွင်ကမ္ဘာမြေဘဏ္ဍာတိုက်စိန့်၏ဝိညာဉ်နှင့် ဝိညာဉ်ကွင်းများ တစ်ခု ပြီးတစ်ခု ပျံထွက်လာခဲ့ပြီး သူ၏ကောင်းကင်ကံကြမ္မာများကိုပါခေါ်ယူလိုက်လေသည်။ သူ၏ ဝိညာဉ်မှာ ၁၄ ဆင့်ဖြစ်ပြီး၊ ဝိညာဉ်ကွင်းမှာ နှစ်ပေါင်းကိုးသောင်းတန်ဝိညာဉ်ကွင်းဖြစ်ကာ၊ သူ၏ကောင်းကင်ကံကြမ္မာမှာ အဋ္ဌမမြောက်ကောင်းကင်ကံကြမ္မာကိုးခုဖြစ်လေသည်။
သူ၏ တစ်ကိုယ်လုံးမှ စိန့်စွမ်းအားများမှာ အချိန်ကျောက်တိုင်အတွင်းသို့ စီးဝင်သွားခဲ့လေသည်။
ချက်ချင်းဆိုသလိုပင် အချိန်ကျောက်တိုင်ပေါ်ရှိစာလုံးများမှာတစ်ခုပြီးတစ်ခုတောက်ပလာခဲ့ လေ သည်။ မကြာမီမှာပင်စာလုံးတစ်ထောင်တောက်ပလာခဲ့လေသည်။ သို့သော်လည်းအချိန်ကျောက်တိုင်တွင် စာလုံးတစ်သောင်းရှိနေပြီး အသက်သွင်းရန်အတွက်စာလုံးတစ်သောင်းစလုံးတောက်ပလာရန် လိုအပ် လေသည်။
သို့သော်လည်း ကမ္ဘာမြေဘဏ္ဍာတိုက်စိန့်မှာ စာလုံးနှစ်ထောင်ကျော်အထိသာ တောက်ပအောင် လုပ်နိုင်ခဲ့လေသည်။ သူသည်အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်းမအောင်မြင်သဖြင့် နောက်ဆုံးတွင်ခေါင်းခါ ပြရင်း လက်လျှော့လိုက်ရလေသည်။
“ငါ စမ်းကြည့်မယ်” ဟု ဤအချိန်တွင်ပြင်းထန်သောဓားချီများ ထွက်ပေါ်နေသည့် ပညာရှင် တစ်ဦး ရှေ့သို့ ထွက်လာခဲ့လေသည်။
“ဒါ နက်နဲသောဓားနတ်ဘုရားပဲ” ဟု ထိုသူကိုမြင်လိုက်ရသဖြင့် လူတိုင်း၏မျက်နှာများမှာ အံ့အားသင့်မှုနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားတော့သည်။ နက်နဲသောဓားနတ်ဘုရားမှာဓားနတ်ဘုရား အဆင့်သတ်မှတ်ချက်တွင်ထိပ်တန်း၃၀အတွင်း ဝင်သူဖြစ်ပြီး သူ၏ကျော်ကြားမှုမှာ တောင်ဘက်ကောင်းကင် ဓားနတ်ဘုရား ကျန့်လင်းထက် မနိမ့်ကျပေ။
***