လူအုပ်ကြီး၏စိတ်လှုပ်ရှားပြီး အထင်ကြီးလေးစားသောအကြည့်များကြားတွင် နက်နဲသောဓားနတ် ဘုရားမှာ အချိန်ကျောက်တိုင်၏ရှေ့သို့ရောက်ရှိလာခဲ့လေသည်။ သူသည်အရပ်ရှည်ပြီး အချိန်ကျောက် တိုင်ပေါ်သို့ သူ၏လက်ကိုတင်လိုက်ကာ သူ၏ ဝိညာဉ်ဆေးလုံး၊ ဝိညာဉ်၊ ဝိညာဉ်ကွင်း၊ ကောင်းကင်ကံကြမ္မာ၊ နတ်ဘုရားခန္ဓာကိုယ်၊ စိန့်အသီးနှင့် ဓားအသိများကို တစ်ခုပြီးတစ်ခုအသက်သွင်းလိုက်လေသည်။
နက်နဲသောဓားနတ်ဘုရား၏ ဝိညာဉ်ဆေးလုံးမှာ အံ့ဩစရာကောင်းသည်မှာ ထိပ်တန်း ၁၀ အတွင်း ဝင်သောနတ်ဘုရားအဆင့်ဝိညာဉ်ဆေးလုံးဖြစ်နေခြင်းပင်ဖြစ်လေသည်။ သူ၏ ဝိညာဉ်မှာ ၁၄ ဆင့် အထွတ် အထိပ်ဝိညာဉ်ဖြစ်လေသည်။ သူ၏ ဝိညာဉ်ကွင်းမှာ နှစ်ပေါင်းကိုးသောင်းကိုးထောင်ဖြစ်ပြီး တစ်သိန်းနီးပါး ရှိလေသည်။ သူ၏ ကောင်းကင်ကံကြမ္မာမှာ ကိုးထပ်မြောက်ကောင်းကင် ကံကြမ္မာ ၁၂ ခု ဖြစ်လေသည်။ သူ၏ နတ်ဘုရားခန္ဓာကိုယ်မှာ ရှေးဟောင်းအထွတ်အထိပ် သားရဲမျိုးနွယ် နတ်ဘုရားခန္ဓာကိုယ် ဖြစ်လေသည်။ သူ၏ စိန့်အသီးမှာလည်း ကိုးထပ်မြောက်ကောင်းကင် စိန့်အသီး ၁၂ ခု ဖြစ်လေသည်။ သူ၏ ဓားအသိမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှပြီး ဓားအသိ ၁၃ မျိုး ရှိနေခြင်း ဖြစ်လေသည်။
နက်နဲသောဓားနတ်ဘုရား၏ ကြောက်မက်ဖွယ်ကောင်းသော ပါရမီကို မြင်လိုက်ရသဖြင့် လူတိုင်းမှာ ထိတ်လန့်သွားကြတော့သည်။ နက်နဲသောဓားနတ်ဘုရား၏ အံ့ဩဖွယ်ကောင်းသောပါရမီများ တစ်ခုပြီး တစ်ခု အသက်ဝင်လာသည်နှင့်အမျှ အချိန်ကျောက်တိုင်ပေါ်ရှိ စာလုံးများမှာ ဆက်တိုက်တောက်ပလာခဲ့ပြီး သုံးထောင်သို့လျင်မြန်စွာ ရောက်ရှိသွားခဲ့လေသည်။
ထို့နောက်တွင် လေးထောင်သို့ရောက်ရှိသွားခဲ့ပြန်လေသည်။ သို့သော်လည်းလေးထောင်ကျော် ပြီးနောက်တွင် အရှိန်မှာနှေးကွေးသွားခဲ့လေသည်။ စာလုံးငါးထောင်ကိုဖြတ်ကျော်သောအခါ ပို၍ပင် နှေးကွေး သွားခဲ့လေသည်။ နောက်ဆုံးတွင်စာလုံးငါးထောင်တစ်ရာကျော်တွင်ရပ်တန့်သွားခဲ့လေသည်။
လူတိုင်းမှာ ထိတ်လန့်သွားကြပြီး ပို၍ပင်မယုံကြည်နိုင်ဘဲ ရှိနေကြလေသည်။
နက်နဲသောဓားနတ်ဘုရား၏ ကြောက်မက်ဖွယ်ကောင်းသောပါရမီဖြင့်ပင် စာလုံးငါးထောင်ကျော် အထိသာအသက်သွင်းနိုင်သည်တဲ့လား။ စာလုံးတစ်သောင်းရောက်ရန်အတွက် လေးထောင်ကျော် လိုအပ်နေ သေးလေသည်။ ဤသည်ကို မြင်သောအခါ လူတိုင်းမှာစိတ်ပျက်အားလျော့သွားကြတော့သည်။
“နက်နဲသောဓားနတ်ဘုရားတောင်မှ စာလုံးငါးထောင်ကျော်ပဲအသက်သွင်းနိုင်တယ်ဆိုရင် ဒီကမ္ဘာ ပေါ်မှာ ဘယ်သူကများဒီကျောက်တိုင်ကို အသက်သွင်းနိုင်မှာလဲ။ ဘယ်သူမှမရှိနိုင်တော့ဘူး ထင်တယ်” ဟု ဘိုးဘေးတစ်ဦးက အချိန်ကျောက်တိုင်ကိုကြည့်ကာ သက်ပြင်းချရင်း ပြောလိုက်သည်။
မူလက စမ်းကြည့်ချင်နေကြသော ပညာရှင်အများအပြားမှာလည်း ရေအေးဖြင့်အလောင်းခံလိုက်ရ သလိုခံစားလိုက်ရလေသည်။ လူတိုင်းမှာ နက်နဲသောဓားနတ်ဘုရား၏ထူးကဲလှသောပါရမီကို မြင်တွေ့ခဲ့ကြ ပြီးပြီဖြစ်လေသည်။ ပါရမီရှင်များရှိနေကြသော်လည်း မည်သူကမျှသူတို့၏ပါရမီက နက်နဲသောဓားနတ် ဘုရားထက် သာလွန်သည်ဟုမပြောရဲကြပေ။ နက်နဲသောဓားနတ်ဘုရားပင်လျှင် ငါးထောင်ကျော်အထိသာ ရောက်နိုင်သည်ဆိုလျှင် သူတို့အတွက်မျှော်လင့်ချက်မရှိတော့ပေ။
နက်နဲသောဓားနတ်ဘုရားမှာ နောက်တစ်ကြိမ်ထပ်မံကြိုးစားခဲ့သော်လည်း ငါးထောင်တစ်ရာ ကျော်မှာပင်ရှိနေဆဲဖြစ်သဖြင့် နောက်ဆုံးတွင်သူလက်လျှော့လိုက်ရလေသည်။ သို့သော်လည်း အချို့သော သူများမှာမကျေနပ်နိုင်ကြသေးဘဲရှေ့သို့ထွက်ကာအချိန်ကျောက်တိုင်ကို အသက်သွင်းရန်ကြိုးစားခဲ့ကြလေ သည်။
သို့သော်လည်း ချွင်းချက်မရှိအားလုံးကျရှုံးခဲ့ကြလေသည်။
သူတို့မှာ ယေဘုယျအားဖြင့်စာလုံးနှစ်ထောင် သို့မဟုတ်သုံးထောင်ခန့်သာအသက်သွင်း နိုင်ကြ လေသည်။ နက်နဲသောဓားနတ်ဘုရားပြီးနောက် မည်သူကမျှစာလုံးငါးထောင်အထိ မရောက်နိုင်ကြတော့ပေ။ အကြိမ်ပေါင်း ၂၀ ကျော် ဆက်တိုက်ကျရှုံးပြီးနောက်တွင်မူ မည်သူကမျှရှေ့သို့ ထွက်မလာကြတော့ပေ။ လူတိုင်းမှာ လုံးဝ စိတ်ပျက်သွားကြပြီ ဖြစ်လေသည်။
ဤသည်ကိုမြင်သောအခါ ရန်ရှောက်ထျန်းမှာလူအုပ်ထဲမှထွက်လာခဲ့လေသည်။ အသက် ၁၆၊ ၁၇ နှစ်အရွယ်လူငယ်လေးတစ်ဦးအချိန်ကျောက်တိုင်ဆီသို့ လမ်းလျှောက်သွားသည်ကိုမြင်လိုက်ရသဖြင့် လူတိုင်းမှာ အံ့အားသင့်သွားကြတော့သည်။
ဘိုးဘေးတစ်ဦးကလည်း။
“သူငယ်ချင်းလေး... မင်းကဘယ်မိသားစုကလဲ။ မင်းလည်းစမ်းမကြည့်တာ ပိုကောင်းပါလိမ့်မယ်။ စာလုံးတစ်ရာတောင် မတောက်ပနိုင်ရင်ရယ်စရာဖြစ်နေပါဦးမယ်” ဟု ဟာသလုပ်ကာ ပြောလိုက်သည်။ ကမ္ဘာမြေဘဏ္ဍာတိုက်စိန့်ကလည်းပြုံးလျက်။
“ဒီညီလေးက အချိန်ကျောက်တိုင်ကို ထိရုံလေးပဲထိချင်တာ ဖြစ်မှာပါ” ဟု ပြောလိုက်သည်။
လူတိုင်း ရယ်မောလိုက်ကြလေသည်။ နက်နဲသောဓားနတ်ဘုရားပင်လျှင် ပြုံးလိုက်မိလေသည်။
လူတိုင်း၏ အမြင်တွင်ရန်ရှောက်ထျန်းမှာအချိန်ကျောက်တိုင်ကို အနီးကပ်ကြည့်ပြီးထိတွေ့ကြည့် ရုံမျှဖြင့် ကျေနပ်ချင်နေသည်ဟုထင်မြင်နေကြခြင်းဖြစ်လေသည်။ တကယ်တမ်းတွင်လည်း ရောက်ရှိနေသူ အများအပြားမှာ ထိုကဲ့သို့အတွေးမျိုးရှိနေကြလေသည်။ အသက်မသွင်းနိုင်လျှင်ပင်အချိန်ကျောက်တိုင်ကို ထိတွေ့နိုင်ခြင်းကကောင်းသည်ဟု သူတို့ယူဆထားကြလေသည်။ သို့သော်လည်း ပညာရှင်အများအပြား၏ ရှေ့တွင် ရှက်ရွံ့နေကြသောကြောင့်သာဖြစ်လေသည်။
လူတိုင်း၏ ရယ်မောသံများကြားတွင် ရန်ရှောက်ထျန်းမှာအချိန်ကျောက်တိုင်၏ရှေ့သို့ ရောက်ရှိလာ ခဲ့လေသည်။ ရန်ရှောက်ထျန်းကအချိန်ကျောက်တိုင်ကိုစိုက်ကြည့်လိုက်ပြီး သူ၏လက်ဖဝါးကိုတင်လိုက်ရာ ရုတ်တရက် သူ၏တစ်ကိုယ်လုံးမှရွှေရောင်အလင်းတန်းများပေါက်ကွဲထွက်လာတော့သည်။ အလွန်တရာ တောက်ပပြီးကြီးမားလှသော ရွှေရောင်ရွှေအမြုတေဝိညာဉ်ဆေးလုံးတစ်ခု သူ၏ကိုယ်တွင်းမှ ပျံထွက် လာခဲ့လေသည်။ ဝိညာဉ်ဆေးလုံး ထွက်ပေါ်လာသည်နှင့် မြေကြီးမှာ တုန်ခါသွားပြီး ရောက်ရှိနေသူ အားလုံးမှာ ဟန်ချက်ပျက်သွားကြကာ ကြောက်မက်ဖွယ်ကောင်းသောနတ်ဘုရားအရှိန်အဝါများမှာ ကောင်းကင်နှင့် မြေကြီးကြားတွင် လွှမ်းမိုးသွားတော့သည်။
ကမ္ဘာကြီးကိုတောက်ပစေသောရွှေရောင်အလင်းတန်းများကြောင့် လူတိုင်း၏မျက်လုံးများမှာ ကွယ်လုနီးပါးဖြစ်သွားခဲ့လေသည်။ ရယ်မောသံများအားလုံးချက်ချင်းရပ်တန့်သွားပြီး လူတိုင်းမှာ ကောင်းကင် ယံသို့ပျံတက်သွားသော အလွန်တရာကြီးမားလှသည့်ဝိညာဉ်ဆေးလုံးကို ထိတ်လန့်တကြားစိုက်ကြည့်နေ မိကြတော့သည်။ သူတို့ထဲမှအများစုမှာဤရွှေရောင်ဝိညာဉ်ဆေးလုံးကို လွန်ခဲ့သောမကြာမီကမှ မြင်တွေ့ခဲ့ ကြခြင်း ဖြစ်လေသည်။
“နတ်ဘုရားအဆင့် ဝိညာဉ်ဆေးလုံး”
“ဒါ တကယ်ပဲ နတ်ဘုရားအဆင့် ဝိညာဉ်ဆေးလုံးပါလား”
“နတ်ဘုရားအဆင့် ဝိညာဉ်ဆေးလုံးပေါ်လာပြီ။ ဘုရားရေ... နတ်ဘုရားအဆင့် ဝိညာဉ်ဆေးလုံး ပေါ်လာပြီ”
လူတိုင်းမှာ ထိတ်လန့်တကြားနှင့် စိတ်လှုပ်ရှားစွာအော်ဟစ်နေကြတော့သည်။ ဂိုဏ်းကြီးများမှ ဘိုးဘေးများ၊ ရှေးဟောင်းဘိုးဘေးများနှင့်စိန့်များမှာလည်း အကြီးအကျယ်မှင်တက်သွားကြတော့သည်။ နက်နဲသောဓားနတ်ဘုရားမှာလည်းအံ့အားသင့်သွားခဲ့လေသည်။ ဒါဟာတကယ်ပဲ နတ်ဘုရားအဆင့် ရွှေအမြုတေဝိညာဉ်ဆေးလုံးပါလား။
ယခင်က ကံကြမ္မာတောအုပ်အတွင်း၌ နတ်ဘုရားအဆင့်ဝိညာဉ်ဆေးလုံးတစ်ခု ပေါ်လာသဖြင့် လူတိုင်းမှာ စိတ်လှုပ်ရှားစွာဖြင့် ၎င်းကိုမည်သူကျင့်ကြံခဲ့သလဲဆိုသည်ကို ရှာဖွေနေခဲ့ကြလေသည်။ ယခုမူ ထိုသူမှာ လူငယ်လေးတစ်ဦးဖြစ်နေသည်ကို သူတို့သိလိုက်ရလေပြီ။ သူတို့၏ ရှေ့တွင်ရှိသော ဤလူငယ် လေးမှာ ထာဝရအံ့ဖွယ်ကိုကျင့်ကြံနိုင်ခဲ့သူ ဖြစ်လေသည်။
“နတ်ဘုရားအဆင့် ရွှေအမြုတေဝိညာဉ်ဆေးလုံး၊ ထာဝရအံ့ဖွယ်ပါလား” ဟု ဘိုးဘေးတစ်ဦး၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေခဲ့လေသည်။
နတ်ဘုရားအဆင့် ဝိညာဉ်ဆေးလုံး၏စွမ်းအားအောက်တွင်အချိန်ကျောက်တိုင်မှာ လျင်မြန်စွာ စတင် တောက်ပလာခဲ့ပြီး စာလုံးများမှာတစ်ခုပြီးတစ်ခု လင်းလက်လာခဲ့လေသည်။ မကြာမီမှာပင် စာလုံးနှစ်ထောင် တောက်ပလာခဲ့လေသည်။ သို့သော်လည်း စာလုံးနှစ်ထောင်တောက်ပလာသောအခါ ရပ်တန့်သွားခဲ့ လေသည်။
နတ်ဘုရားအဆင့် ဝိညာဉ်ဆေးလုံး တစ်ခုတည်း၏ပါရမီဖြင့် အချိန်ကျောက်တိုင်ရှိ စာလုံးနှစ်ထောင် ကိုသာ အသက်သွင်းနိုင်ခြင်းဖြစ်လေသည်။ မူလကစိတ်လှုပ်ရှားနေသော လူအုပ်ကြီးမှာ အံ့အားသင့်သွား ကြတော့သည်။
“နတ်ဘုရားအဆင့် ဝိညာဉ်ဆေးလုံးတောင်မှ အချိန်ကျောက်တိုင်ရဲ့ စာလုံးနှစ်ထောင်ပဲ အသက်သွင်း နိုင်တယ်လား။နှမြောစရာပဲ” ဟု ဘိုးဘေးတစ်ဦးက စိတ်လှုပ်ရှားမှုများကြားမှ နောင်တရစွာသက်ပြင်းချ လိုက်လေသည်။
နတ်ဘုရားအဆင့် ရွှေအမြုတေဝိညာဉ်ဆေးလုံးကိုကျင့်ကြံနိုင်ခြင်းမှာ မည်မျှအထိထူးကဲလှသော ပါရမီဖြစ် ကြောင်းသိထားသော်လည်း ၎င်းကအချိန်ကျောက်တိုင်ရှိစာလုံးနှစ်ထောင်ကိုသာ အသက်သွင်းနိုင် ခြင်းဖြစ်လေသည်။ လူတိုင်းကနှမြောတသဖြစ်နေစဉ်မှာပင် ရုတ်တရက်ရန်ရှောက်ထျန်း၏တစ်ကိုယ်လုံးမှ ရွှေရောင်အလင်းတန်းများထပ်မံပေါက်ကွဲထွက်လာပြီး ဒုတိယမြောက်တောက်ပပြီး ကြီးမားလှသော ရွှေအမြုတေဝိညာဉ်ဆေးလုံးတစ်ခုထပ်မံပျံထွက်လာခဲ့လေသည်။
ရွှေအမြုတေဝိညာဉ်ဆေးလုံးနှစ်ခုမှာ ကိုးထပ်မြောက်ကောင်းကင်တွင်တည်ရှိနေကြပြီး သူတို့၏ နတ်ဘုရားအရှိန်အဝါများမှာ ကောင်းကင်နှင့်မြေကြီးကြားတွင်သောင်းကျန်းနေခဲ့လေသည်။ သူတို့၏ ရွှေရောင်အလင်းတန်းများမှာ ကံကြမ္မာနတ်ဘုရားနန်းတော်အတွင်းရှိဟင်းလင်းပြင်အလွှာများကိုသာမက ကံကြမ္မာတောအုပ်၏ အပြင်ဘက်ရှိ ဟင်းလင်းပြင်များကိုပါ တောက်ပစေခဲ့လေသည်။
ကံကြမ္မာတောအုပ်အတွင်းနှင့် အပြင်ဘက်ရှိပညာရှင်အားလုံးမှာ နတ်ဘုရားအလင်းတန်းများ ဖြာထွက်နေသော ဤရွှေအမြုတေဝိညာဉ်ဆေးလုံး နှစ်ခုကိုထိတ်လန့်တကြား စိုက်ကြည့်နေမိကြတော့သည်။
“နတ်ဘုရားအဆင့် ရွှေအမြုတေဝိညာဉ်ဆေးလုံး နှစ်ခုပါလား” ဟု ရောက်ရှိနေသော ဘိုးဘေး တစ်ဦးကတုန်ယင်နေသောအသံဖြင့်အော်ဟစ်လိုက်လေသည်၊ ပညာရှင်အမြောက်အမြားမှာလည်း ထိတ်လန့် လွန်းသဖြင့် မြေပြင်ပေါ်သို့လဲကျလုနီးပါးဖြစ်ခဲ့ရလေသည်။ ဤလူငယ်လေးက နတ်ဘုရားအဆင့် ဝိညာဉ် ဆေးလုံး နှစ်ခုကို အမှန်တကယ် ကျင့်ကြံနိုင်ခဲ့သည်ပေါ့။
နက်နဲသောဓားနတ်ဘုရားမှာလည်း အကြီးအကျယ် အံ့အားသင့်သွားခဲ့လေသည်။
ထိုကမ္ဘာမြေဘဏ္ဍာတိုက်စိန့်မှာမူ စကားပင်ကောင်းကောင်းမပြောနိုင်တော့ပေ။ ဒုတိယမြောက် နတ်ဘုရားအဆင့် ရွှေအမြုတေဝိညာဉ်ဆေးလုံး၏စွမ်းအားအောက်တွင် အချိန်ကျောက်တိုင်မှာ နောက်ဆုံး တွင်ပြန်လည်တောက်ပလာခဲ့ပြီး စာလုံးလေးထောင်အထိတောက်ပလာခဲ့လေသည်။ သို့သော်လည်း ဤတစ် ကြိမ်တွင် မည်သူကမျှနောင်တရစွာသက်ပြင်းမချရဲကြတော့ပေ။ လူတိုင်းကရန်ရှောက်ထျန်းကိုသာ စိုက် ကြည့်နေကြပြီး သူ တတိယမြောက်နတ်ဘုရားအဆင့်ဝိညာဉ်ဆေးလုံးကို ထုတ်ပြဦးမလားဆိုသည်ကို စိုးရိမ် နေ ကြလေသည်။
သူ တတိယမြောက်နတ်ဘုရားအဆင့်ဝိညာဉ်ဆေးလုံးကိုတကယ်ပဲ ထုတ်ပြဦးမှာလားဟု ဘိုးဘေး တစ်ဦးကထိတ်လန့်တကြားစဉ်းစားလိုက်မိလေသည်။ လူတိုင်း၏စောင့်ကြည့်နေသော မျက်လုံးများအောက် တွင် ရုတ်တရက်ရန်ရှောက်ထျန်း၏တစ်ကိုယ်လုံးမှာပိုမိုတောက်ပလာခဲ့ပြီး အလွန်တရာကြီးမားလှသော ကောင်းကင်ကံကြမ္မာတစ်ခုပျံထွက်လာခဲ့လေသည်။ ဤမျှကြီးမားသော ကောင်းကင်ကံကြမ္မာမျိုးကို မည်သူမျှ တစ်ခါမျှမမြင်ဖူးခဲ့ကြပေ။
ယခင်က နက်နဲသောဓားနတ်ဘုရား၏ကိုးထပ်မြောက်ကောင်းကင်ကံကြမ္မာမှာ လူတိုင်း၏ အမြင်တွင်ထင်ရှားနေသေးသော်လည်း ယခုမူနက်နဲသောဓားနတ်ဘုရား၏ကိုးထပ်မြောက်ကောင်းကင် ကံကြမ္မာမှာ ဤကြီးမားလှသောကောင်းကင်ကံကြမ္မာ၏ရှေ့တွင် ငါးအသေးလေးတစ်ကောင်အလား ဖြစ်နေ တော့သည်။
“တစ်သိန်းနှစ်သောင်းကိုးထောင်ခြောက်ရာလီ... ဒါဘယ်လိုကောင်းကင်ကံကြမ္မာမျိုးလဲ” ဟု အလွန်တရာ အိုမင်းလှသောဘိုးဘေးတစ်ဦးက တုန်တုန်ယင်ယင်ဖြင့် ထစ်ထစ်အအပြောလိုက်လေသည်။
နက်နဲသောဓားနတ်ဘုရားမှာမူ ရန်ရှောက်ထျန်း၏ကောင်းကင်ကံကြမ္မာကို အလွန်တရာစိတ်လှုပ် ရှားစွာဖြင့် စိုက်ကြည့်နေမိလေသည်။
“ကောင်းကင်ယံရဲ့အထက်မှာရှိနေတာက ကမ္ဘာဦးမူလပဲ။ ဒါက ကမ္ဘာဦးမူလ ကောင်းကင်ကံကြမ္မာပဲ။ ဒါ ကမ္ဘာဦးမူလ ကောင်းကင်ကံကြမ္မာပဲ။ ငါ... ငါ... ငါ...”
“ဘာ... ကောင်းကင်ယံရဲ့ အထက်က ကမ္ဘာဦးမူလ ကောင်းကင်ကံကြမ္မာ ဟုတ်လား”
တတိယမြောက် နတ်ဘုရားအဆင့်ရွှေအမြုတေဝိညာဉ်ဆေးလုံးကိုစောင့်ဆိုင်းနေကြသော လူတိုင်း မှာ မှင်တက်သွားကြတော့သည်။ အချို့သောအလွန်တရာအိုမင်းလှသောဘိုးဘေးများသည်လည်း ကမ္ဘာဦး မူလနှင့်ပတ်သက်သောမှတ်တမ်းများကိုသိကြလေသည်။ အိုမင်းလှသော ဘိုးဘေးတစ်ဦးမှာ ရှိုက်ကြီးတငင် ဖြင့်။
“ငါ ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာပေါ်လာတာကိုတကယ်ပဲမြင်တွေ့ခဲ့ရပြီ။ အခု ငါ သေရရင် တောင်မှနောင်တမရှိတော့ဘူး” ဟု ပြောလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် သူသည်ကမ္ဘာဦးမူလ ကောင်းကင်ကံကြမ္မာ၏ အရေးပါမှုကို နားလည်သောကြောင့် ဖြစ်လေသည်။
***