“ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာပါလား” ဟု ရန်ရှောက်ထျန်းဖြစ်သော ဤညီလေးမှာ အချိန်ကျောက်တိုင်ကိုထိရုံလေးပဲထိချင်တာပါဟုဟာသလုပ်ခဲ့သော ကမ္ဘာမြေဘဏ္ဍာတိုက်စိန့်မှာ မြေပြင် ပေါ်သို့ လုံးဝလဲကျသွားခဲ့လေပြီ။ နတ်ဘုရားအဆင့်ရွှေအမြုတေဝိညာဉ်ဆေးလုံးနှစ်ခု။ ကမ္ဘာဦးမူလ ကောင်းကင်ကံကြမ္မာ။
သူခေါ်နေကျ ဤညီလေးကတကယ်ပဲကျောက်တိုင်ကိုထိရုံပဲထိချင်တာလား။ ဂိုဏ်းကြီးများမှ ပါရမီရှင် အမြောက်အမြားမှာလည်း မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကြလေသည်။
ရန်ရှောက်ထျန်း၏ ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာစွမ်းအား၏ အသက်သွင်းမှုအောက်တွင် အချိန်ကျောက်တိုင်၏ အလင်းတန်းများမှာပေါက်ကွဲထွက်လာပြီး စာလုံးလေးထောင်ပြီးနောက်ရှိ စာလုံးများ မှာ နောက်ဆုံးတွင်ပြန်လည်တောက်ပလာခဲ့ကာစာလုံးခြောက်ထောင်တွင် ရပ်တန့်သွားခဲ့လေသည်။
ခြောက်ထောင်။
၎င်းမှာ နက်နဲသောဓားနတ်ဘုရားကို ကျော်လွန်သွားခဲ့ပြီ ဖြစ်လေသည်။ နက်နဲသောဓားနတ်ဘုရားမှာ ဓားအသိ၁၃မျိုးနှင့် ကိုးထပ်မြောက်ကောင်းကင်စိန့်အသီး၁၂ခုကို ကျင့်ကြံထားနိုင်ခဲ့သော်လည်း ရန်ရှောက်ထျန်း ပြသလိုက်သော ပါရမီမှာ နက်နဲသောဓားနတ်ဘုရားကို လုံးဝ ချေမှုန်းသွားခဲ့ပြီ ဖြစ်လေသည်။ နတ်ဘုရားအဆင့် ဝိညာဉ်ဆေးလုံးပဲဖြစ်ဖြစ်၊ ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာပဲဖြစ်ဖြစ် ၎င်းတို့မှာ ရှေးဟောင်းအံ့ဖွယ်များ ဖြစ်ကြလေသည်။ ရှေ့တွင်ရှိသော ဤလူငယ်လေးမှာ ရှေးဟောင်းအံ့ဖွယ် သုံးမျိုးကို ပိုင်ဆိုင်ထားခြင်း ဖြစ်လေသည်။
လူတိုင်း ငြိမ်သက်သွားကြတော့သည်။ ထို့နောက်တွင်ရန်ရှောက်ထျန်း၏ တစ်ကိုယ်လုံးမှာ ပိုမိုတောက်ပလာခဲ့ပြန်လေသည်။ လူတိုင်းကမည်သည့်အခိုက်အတန့်ကိုမျှ လက်လွတ်မခံစေရန် ရန်ရှောက် ထျန်းကိုစိုက်ကြည့်နေကြလေသည်။ လူတိုင်း၏စောင့်ကြည့်နေသောမျက်လုံးများအောက်တွင် နောက်ထပ် အလွန်တရာ ကြီးမားလှသော ကောင်းကင်ကံကြမ္မာတစ်ခု ပျံထွက်လာခဲ့ပြန်လေသည်။
“ကမ္ဘာဦးမူလ ကောင်းကင်ကံကြမ္မာနှစ်ခုပါလား”
ရန်ရှောက်ထျန်း၏ ဒုတိယမြောက်ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာကို မြင်လိုက်ရသောအခါ လူတိုင်းမှာ ထပ်မံတုန်လှုပ်သွားကြပြန်လေသည်။ နတ်ဘုရားအဆင့် ရွှေအမြုတေဝိညာဉ်ဆေးလုံး နှစ်ခုနှင့် ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာနှစ်ခု၏ အသက်သွင်းမှုအောက်တွင် အချိန်ကျောက်တိုင်ရှိစာလုံးရှစ် ထောင် မှာ တောက်ပလာခဲ့ပြီး ကျောက်တိုင်တစ်ခုလုံး တောက်ပလှပသော အလင်းတန်းများ ဖြာထွက်နေခဲ့လေသည်။
တောက်ပနေသော အချိန်ကျောက်တိုင်ကိုကြည့်ရင်း လူတိုင်းမှာအသက်ရှူပင် မဝကြတော့ပေ။ ယခု စာလုံးနှစ်ထောင်သာကျန်တော့သဖြင့် အချိန်ကျောက်တိုင်ကိုအပြည့်အဝအသက်သွင်းနိုင်တော့မည် ဖြစ်လေ သည်။ ထိုအချိန်ကျမှသာကံကြမ္မာတံတားပေါ်လာပေလိမ့်မည်။ မူလက ရန်ရှောက်ထျန်းသည် သူ၏ အမြင့် မြတ်ဆုံးဘုရင်ဝိညာဉ်၊ သို့မဟုတ်ထာဝရနတ်ဘုရားခန္ဓာကိုယ်၊ သို့မဟုတ်နှစ်သန်းတန်ဝိညာဉ်ကွင်းကို ခေါ်ယူ ရန်ရည်ရွယ်ထားသော်လည်း နောက်ဆုံးတွင်တတိယမြောက်ကမ္ဘာဦးမူလ ကောင်းကင်ကံကြမ္မာကိုသာ ခေါ်ယူလိုက်လေသည်။
ရန်ရှောက်ထျန်းက တတိယမြောက်ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာကို ခေါ်ယူလိုက်သောအခါ အချိန်ကျောက်တိုင်ပေါ်ရှိစာလုံးအားလုံးမှာ အပြည့်အဝတောက်ပလာခဲ့လေသည်။ ကျောက်တိုင်ကြီး တစ်ခုလုံးမှ အတိုင်းအဆမဲ့သောအလင်းတန်းများပန်းထွက်လာခဲ့လေသည်။ ဤအလင်းတန်းမှာ နတ်ဘုရား အဆင့် ဝိညာဉ်ဆေးလုံးနှစ်ခုကဲ့သို့ပင် ကံကြမ္မာတောအုပ်တစ်ခုလုံးကို တောက်ပစေခဲ့လေသည်။
အချိန်ကျောက်တိုင်တစ်ခုလုံး အသက်ဝင်လာသည်နှင့်တစ်ပြိုင်နက် နေလစိန့်ဘုရင်နှင့် ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှပညာရှင်များ ထိုနေရာသို့ရောက်ရှိလာခဲ့ကြလေသည်။ နေလစိန့်ဘုရင်၊ ဟင်းလင်းပြင်ဓားနတ်ဘုရား၊ ကြယ်တာရာဓားနတ်ဘုရားနှင့် အခြားသူများမှာအသက်ဝင်နေသော အချိန်ကျောက်တိုင်နှင့် ရန်ရှောက်ထျန်း၏နတ်ဘုရားအဆင့် ရွှေအမြုတေဝိညာဉ်ဆေးလုံး နှစ်ခု၊ ကမ္ဘာဦးမူလ ကောင်းကင်ကံကြမ္မာ သုံးခုတို့ကိုကြည့်ကာ မှင်တက်သွားကြတော့သည်။
ယခင်က သူတို့သည်နတ်ဘုရားအဆင့်ဝိညာဉ်ဆေးလုံးကို မည်သူကျင့်ကြံခဲ့သလဲဆိုသည်ကို ရှာဖွေနေခဲ့ကြပြီး ယခုမူနတ်ဘုရားအဆင့်ဝိညာဉ်ဆေးလုံးမှာ သူတို့၏မျက်စိရှေ့တွင် ရှိနေခြင်း ဖြစ်လေသည်။ နတ်ဘုရားအဆင့် ဝိညာဉ်ဆေးလုံးသာမက ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာပါ ရှိနေသေးလေသည်။
“ဒီလူငယ်က ဘယ်သူလဲ” ဟု နေလစိန့်ဘုရင်က ထိတ်လန့်တကြား မေးလိုက်သည်။
လူတိုင်းမှာ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြလေသည်။ ဤအချိန်တွင် တစ်စုံတစ်ယောက်က ထစ်ထစ်အအဖြင့် ပြောလိုက်သည်။
“သူက ဟွန်ချွမ်ဘိုးဘေးရဲ့ ဆက်ခံသူပဲ၊ သူက ဟွန်ချွမ်ဘိုးဘေးရဲ့ ဆက်ခံသူပါ”
စကားပြောလိုက်သူမှာ မကြာမီကမှရောက်ရှိလာသောနဂါးဆင်လူငယ်ဧကရာဇ်လုံရှန့်တုန်းပင် ဖြစ်လေသည်။
“ဘာ...”
လုံရှန့်တုန်းက စကားပြောလိုက်သည်နှင့် တစ်နေရာလုံးဆူညံသွားတော့သည်။ နတ်ဘုရားအဆင့် ဝိညာဉ်ဆေးလုံးနှင့် ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာကိုကျင့်ကြံထားသော ဤလူငယ်လေးမှာ လွန်ခဲ့သော နှစ်ရက်အတွင်း နာမည်ကျော်ကြားနေသောဟွန်ချွမ်ဘိုးဘေး၏ဆက်ခံသူဖြစ်လိမ့်မည်ဟု မည်သူမျှ မထင် ထားခဲ့ကြပေ။
အံ့အားသင့်နေသော နေလစိန့်ဘုရင်မှာမိုးကြိုးပစ်ခံလိုက်ရသလိုဖြစ်သွားပြီး သူ၏ တစ်ကိုယ်လုံး တုန်ယင်နေခဲ့လေသည်။ ချက်ချင်းဆိုသလိုပင် သူ၏မျက်နှာမှာရက်စက်သွားပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားတော့သည်။ ဤအချိန်တွင် အချိန်မြစ်၏အထက်တွင်အလင်းတန်းများ ရုတ်တရက် တုန်ခါသွားပြီး ကျယ်ဝန်းလှသောကံကြမ္မာတံတားတစ်ခုပေါ်ထွက်လာခဲ့လေသည်။ ကံကြမ္မာတံတားမှာ ကံကြမ္မာနတ်ဘုရားသစ်ပင်ရှိရာ အခြားတစ်ဖက်သို့ တိုက်ရိုက်ဦးတည်နေလေသည်။
ရန်ရှောက်ထျန်း ကံကြမ္မာတံတားအတွင်းသို့ဝင်တော့မည်ကိုမြင်သောအခါ နေလစိန့်ဘုရင်က ရန်ရှောက်ထျန်းဆီသို့လက်သီးဖြင့် ရုတ်တရက်ထိုးနှက်လိုက်လေသည်။
“မြန်မြန်... သူ့ကို တားကြ။ ကံကြမ္မာတံတားထဲကို ဝင်ခွင့်မပေးနဲ့”
ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှ ပညာရှင်အားလုံးသတိဝင်လာကြပြီး တစ်ဦးပြီးတစ်ဦး တိုက်ခိုက်လိုက် ကြလေသည်။ ကမ္ဘာပျက်စေနိုင်သောစွမ်းအားများက ရန်ရှောက်ထျန်းကို လွှမ်းမိုးသွားခဲ့လေသည်။ သို့သော်လည်း ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှ လူများလှုပ်ရှားလိုက်စဉ်မှာပင် ရန်ရှောက်ထျန်း၏ ပုံရိပ်မှာ ဝင်းခနဲ ဖြစ်သွားပြီး သူသည်ကံကြမ္မာတံတားပေါ်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
သူ ကံကြမ္မာတံတားပေါ်သို့ ဆင်းသက်လိုက်သည်နှင့် ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှ ပညာရှင်များ၏ ဖျက်ဆီးအားပြင်းသော တိုက်ခိုက်မှုများရောက်ရှိလာခဲ့လေသည်။ ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှ ပညာရှင် များ၏တိုက်ခိုက်မှုများက ရန်ရှောက်ထျန်းကိုလွင့်ထွက်သွားစေလိမ့်မည်ဟုထင်ရသော်လည်း ကံကြမ္မာ တံတားမှ အလင်းတန်းများရုတ်တရက်ပေါက်ကွဲထွက်လာပြီး ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှ ပညာရှင်အားလုံး ကို ပိတ်ဆို့လိုက်လေသည်။ ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှ ပညာရှင်ရာပေါင်းများစွာ၏ တိုက်ခိုက်မှုများမှာ မည်မျှပင် အစွမ်းထက်ပါစေ ကံကြမ္မာတံတား၏ စွမ်းအားကို မလှုပ်ခတ်နိုင်ကြပေ။
ထိုသို့မဟုတ်ဘဲ နေလစိန့်ဘုရင်၊ ဟင်းလင်းပြင်ဓားနတ်ဘုရားနှင့်အခြားသူများမှာ ကံကြမ္မာ တံတား၏စွမ်းအားကြောင့် နောက်သို့လွင့်ထွက်သွားခဲ့ကြလေသည်။ လူတိုင်းမှာအကြီးအကျယ် အံ့အားသင့် သွားကြတော့သည်။ ရန်ရှောက်ထျန်းကနေလစိန့်ဘုရင်နှင့်အခြားသူများကို အေးစက်စွာကြည့်လိုက် ပြီးနောက် ကံကြမ္မာတံတားတစ်လျှောက် အခြားတစ်ဖက်သို့ လမ်းလျှောက်သွားခဲ့လေသည်။ ကံကြမ္မာတံတား ၏အောက်တွင် အချိန်မြစ်မှာအဆက်မပြတ်စီးဆင်းနေပြီး ၎င်း၏အချိန်စွမ်းအားမှာ အလွန်တရာကြမ်းတမ်း လှသော်လည်း ကံကြမ္မာတံတားကိုမူ မလှုပ်ခတ်နိုင်ပေ။
ရန်ရှောက်ထျန်းမှာ အခြားတစ်ဖက်သို့ ခြေတစ်လှမ်းချင်း လှမ်းသွားနေခဲ့လေသည်။
ဘိုးဘေးတစ်ဦးမှာ ဤသည်ကိုမြင်သောအခါ ကံကြမ္မာတံတားပေါ်သို့ပြေးဝင်ရန် ကြိုးစားလိုက် လေသည်။ သို့သော်လည်း သူကံကြမ္မာတံတားပေါ်သို့ပြေးဝင်တော့မည့်ဆဲဆဲတွင် ကံကြမ္မာတံတား၏ ကံကြမ္မာစွမ်းအားက အသက်ဝင်လာပြီး သူ့ကို ခါထုတ်ပစ်လိုက်လေသည်။ ကံကြမ္မာတံတားပေါ်သို့ တက်ရန် ကြိုးစားနေကြသော အခြားသောပညာရှင်များလည်း ထိုကဲ့သို့ပင်ဖြစ်ခဲ့ကြလေသည်၊ မည်သည့်နည်းလမ်း သို့မဟုတ် စွမ်းအားကို အသုံးပြုပါစေ သူတို့သည်ကံကြမ္မာတံတားပေါ်သို့ မတက်နိုင်ကြပေ။ နောက်ဆုံးတွင် အရပ်မျက်နှာအသီးသီးမှ ပညာရှင်များမှာ ရန်ရှောက်ထျန်း အခြားတစ်ဖက်သို့ လမ်းလျှောက်သွားသည်ကိုသာ ကြည့်နေနိုင်ကြတော့သည်။
ရန်ရှောက်ထျန်း အခြားတစ်ဖက်သို့ရောက်ရှိသွားသောအခါ ကံကြမ္မာတံတားမှာ ပျောက်ကွယ် သွားခဲ့လေပြီ။ နေလစိန့်ဘုရင်မှာ ဤသည်ကိုမြင်သောအခါ သူ၏မျက်နှာမှာ ပျက်သွားခဲ့လေသည်။
“စိန့်ဘုရင် မင်းကြီး... မစိုးရိမ်ပါနဲ့။ သူကံကြမ္မာနတ်ဘုရားသစ်ပင်နဲ့ ကံကြမ္မာနတ်ဘုရားသီးတွေကို ရပြီးရင် သေချာပေါက်ပြန်လာမှာပါ။ သူပြန်လာတဲ့အချိန်ကျမှ ကျွန်တော်တို့လှုပ်ရှားကြတာပေါ့” ဟု ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှ ဘိုးဘေးတစ်ဦးက ပြောလိုက်သည်။
နေလစိန့်ဘုရင်၏မျက်နှာမှာ အနည်းငယ်ပြန်လည်ကောင်းမွန်လာခဲ့လေသည်။
မှန်ပေသည်၊ ရန်ရှောက်ထျန်းမှာကံကြမ္မာနတ်ဘုရားသစ်ပင်ကိုရရှိပြီးနောက် အခြားတစ်ဖက်မှ သေချာပေါက်ပြန်လာရမည်ဖြစ်လေသည်။ ထိုအချိန်ကျမှ သူတို့လှုပ်ရှားကြမည်။ ဟွန်ချွမ်ဘိုးဘေး၏ ဆက်ခံသူမှာ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပေ။
အခြားသော ဂိုဏ်းများမှ ပညာရှင်များသည်လည်း ထိုကဲ့သို့ပင်စဉ်းစားလိုက်ကြပြီး ထိုနေရာမှာတင် စောင့်ဆိုင်းနေကြလေသည်။ ဘာပဲဖြစ်ဖြစ်ကံကြမ္မာနတ်ဘုရားသစ်ပင်နှင့် ကံကြမ္မာနတ်ဘုရားသီး၏ ဆွဲဆောင်မှုမှာ အလွန်တရာကြီးမားလှသဖြင့် မည်သူမျှမလှုပ်မယှက်မနေနိုင်ကြပေ။
သို့သော်လည်း လူတိုင်းကရန်ရှောက်ထျန်းပြန်လာမည့်အချိန်ကို စောင့်ဆိုင်းရန်ပြင်ဆင်နေကြစဉ်မှာ ပင် အခြားတစ်ဖက်သို့ လမ်းလျှောက်သွားသော ရန်ရှောက်ထျန်းမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရလေသည်။ ရန်ရှောက်ထျန်းပျောက်ကွယ်သွားရုံသာမက အခြားတစ်ဖက်ရှိကံကြမ္မာနတ် ဘုရားသစ်ပင်၊ အချိန်မြစ်နှင့် အချိန်ကျောက်တိုင်တို့မှာပါ ပျောက်ကွယ်သွားခဲ့လေပြီ။
“ဘာတွေဖြစ်နေတာလဲ” ဟု လူတိုင်းမှာဤမြင်ကွင်းကြောင့် ဆွံ့အသွားကြတော့သည်။
နေလစိန့်ဘုရင်မှာ ရှေ့သို့အမြန်လမ်းလျှောက်သွားခဲ့သော်လည်း မူလကရှိနေသော အချိန်မြစ်၊ အချိန်ကျောက်တိုင်နှင့် ကံကြမ္မာနတ်ဘုရားသစ်ပင်တို့မှာ ရန်ရှောက်ထျန်းနှင့်အတူဟင်းလင်းပြင်ထဲသို့ အမှန် တကယ်ပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။
လူတိုင်းက ရန်ရှောက်ထျန်းနှင့် ကံကြမ္မာနတ်ဘုရားသစ်ပင်ကို အပူတပြင်းရှာဖွေနေကြစဉ်မှာပင် ရန်ရှောက်ထျန်းမှာ ကမ္ဘာငယ်လေးတစ်ခုအတွင်းသို့ရောက်ရှိသွားခဲ့လေသည်။ ဤကမ္ဘာငယ်လေးအတွင်း၌ ကံကြမ္မာချီစွမ်းအားများမှာအလွန်တရာပေါများလှပြီး ရှေ့တွင်ရှိသောမြေပြင်ပေါ်၌ ဧရာမကံကြမ္မာ နတ်ဘုရားသစ်ပင်ကြီးတစ်ပင် တည်ရှိနေလေသည်။
ရန်ရှောက်ထျန်းမှာ ကံကြမ္မာချီစွမ်းအားများကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ၎င်း၏နက်နဲလှသော အရှိန်အဝါကိုခံစားလိုက်လေသည်။ စိတ်လှုပ်ရှားမှုများနှင့်အတူ သူသည်ကံကြမ္မာနတ်ဘုရားသစ်ပင်၏ ရှေ့သို့ ရောက်ရှိလာခဲ့လေသည်။
ကံကြမ္မာနတ်ဘုရားသစ်ပင်မှာ ကြယ်စုတန်းနတ်ဘုရားသစ်ပင်ကဲ့သို့ပင်ကြီးမားလှပြီး အလင်း စက်လေးများဖြာထွက်နေကာ ၎င်း၏သစ်ကိုင်းများပေါ်တွင်ကံကြမ္မာနတ်ဘုရားသီး ရှစ်လုံး ပေါက်ရောက်နေ လေသည်။
ရန်ရှောက်ထျန်းမှာ အလွန်တရာ ဝမ်းသာသွားတော့သည်၊ မူလက သူသည်ကံကြမ္မာနတ်ဘုရားသီး ငါးလုံး သို့မဟုတ်ခြောက်လုံးခန့်ရှိလျှင်ပင်အဆင်ပြေပြီဟု ထင်မှတ်ထားခဲ့ခြင်းဖြစ်ပြီး ယခုမူ ရှစ်လုံးပင် ရှိနေလေပြီ။ သူ မျှော်လင့်ထားသည်ထက် ပို၍ များပြားနေလေသည်။
ဤကံကြမ္မာနတ်ဘုရားသီးရှစ်လုံးဖြင့် သူ၏အစွမ်းမှာအကြီးအကျယ် မြင့်တက်လာပေလိမ့်မည်။ ဝမ်းသာအားရဖြင့် သူသည်ကံကြမ္မာနတ်ဘုရားသီး ရှစ်လုံးကို တစ်လုံးပြီးတစ်လုံး ဂရုတစိုက် ဆွတ်ခူးလိုက်ပြီး တန်ဖိုးကြီးရတနာများအလား သိမ်းဆည်းလိုက်လေသည်။
သို့သော်လည်း ကံကြမ္မာနတ်ဘုရားသီးများကိုသိမ်းဆည်းပြီးပြီဖြစ်သော်လည်း ကံကြမ္မာနတ် ဘုရားသစ်ပင်ကို မည်သို့ ရွှေ့ပြောင်းရမည်နည်း။ နောင်တစ်ချိန်တွင် သူသည် ကံကြမ္မာနတ်ဘုရားခန္ဓာကိုယ်ကို ကျင့်ကြံပါက ကံကြမ္မာနတ်ဘုရားသစ်ပင်မှ ကံကြမ္မာချီစွမ်းအားဖြင့်ကျင့်ကြံရမည်ဖြစ်ရာ ဤကံကြမ္မာ နတ်ဘုရားသစ်ပင်မှာ သူ၏အတွက်အလွန်တရာအရေးကြီးလှပေသည်။
ရန်ရှောက်ထျန်း ခဏမျှ စဉ်းစားလိုက်ပြီးနောက် ကံကြမ္မာနတ်ဘုရားသစ်ပင်၏ ပင်စည်ပေါ်သို့ သူ၏ လက်ဖဝါးကို တင်လိုက်ကာ ကမ္ဘာဦးမူလ ကောင်းကင်ကံကြမ္မာ စွမ်းအားကို အသက်သွင်းလိုက်လေသည်။
***