ရန်ရှောက်ထျန်းက ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာစွမ်းအားကို အသက်သွင်းလိုက်သောအခါ ကံကြမ္မာနတ်ဘုရားသစ်ပင်မှာ အလင်းတန်းများဖြင့်တုန်ခါသွားခဲ့လေသည်။ ကံကြမ္မာနတ်ဘုရားသစ်ပင်၏ လှုပ်ရှားမှုကိုမြင်လိုက်ရသဖြင့် ရန်ရှောက်ထျန်းမှာအလွန်တရာဝမ်းသာသွားပြီး ကမ္ဘာဦးမူလကောင်းကင် ကံကြမ္မာနှစ်ခု၏စွမ်းအားကို အသက်သွင်းလိုက်ပြန်လေသည်။ ချက်ချင်းဆိုသလိုပင်ကံကြမ္မာနတ်ဘုရား သစ်ပင်၏ အလင်းတန်းမှာ ပိုမိုပြင်းထန်စွာ တုန်ခါလာခဲ့လေသည်။
ရန်ရှောက်ထျန်းမှာ ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာသုံးခု၏စွမ်းအားကို ချက်ချင်းအသက်သွင်း လိုက်လေသည်။ ကံကြမ္မာနတ်ဘုရားသစ်ပင်၏ အလင်းတန်းမှာဆောင့်တက်လာခဲ့လေသည်။ ရန်ရှောက် ထျန်းမှာ စတုတ္ထမြောက်၊ ထို့နောက် ပဉ္စမမြောက်၊ နောက်ဆုံးတွင် သူ၏ကမ္ဘာဦးမူလ ကောင်းကင်ကံကြမ္မာ အားလုံးကို အသက်သွင်းလိုက်လေသည်။ ကံကြမ္မာနတ်ဘုရားသစ်ပင်၏ အလင်းတန်းမှာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး နက်နဲလှသော ကံကြမ္မာအလင်းလှိုင်းများမှာ ရေဂယက်များအလား ပြန့်နှံ့သွားခဲ့လေသည်။
ထို့နောက်တွင် ကံကြမ္မာနတ်ဘုရားသစ်ပင်၏ ပတ်ဝန်းကျင်ရှိမြေပြင်မှာ အဆက်မပြတ်တုန်ခါလာ ခဲ့ပြီး အက်ကြောင်းများပေါ်ထွက်လာကာ ကံကြမ္မာနတ်ဘုရားသစ်ပင်မှာတဖြည်းဖြည်း မြင့်တက်လာခဲ့ လေသည်။ ရန်ရှောက်ထျန်း၏ ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာကိုးခု၏စွမ်းအားများ ဆက်တိုက်စီးဝင်မှု အောက်တွင် ကံကြမ္မာနတ်ဘုရားသစ်ပင်မှာနောက်ဆုံးတွင် လုံးဝပျံထွက်လာခဲ့ပြီး ကောင်းကင်ယံတွင် မြင့်မားစွာရပ်တည်နေခဲ့ကာ ၎င်း၏ပြင်းထန်သောကံကြမ္မာစွမ်းအားများမှာဟိန်းဟောက်နေပြီး ဟင်းလင်း ပြင်တစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်။
ရန်ရှောက်ထျန်း၏ ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာစွမ်းအား၏ လမ်းညွှန်မှုအောက်တွင် ကံကြမ္မာ နတ်ဘုရားသစ်ပင်မှာ ကောင်းကင်ယံတွင်ရပ်နေခဲ့ပြီး ကံကြမ္မာစွမ်းအားများမှာရေတံခွန်တစ်ခုအလား ရန်ရှောက်ထျန်းဆီသို့စီးဆင်းလာခဲ့လေသည်။ ရန်ရှောက်ထျန်းမှာကံကြမ္မာစွမ်းအားများကိုဝါးမြိုရန် ကမ္ဘာဦး မူလနဂါးကျင့်စဉ်ကိုလည်ပတ်လိုက်ရာ ကံကြမ္မာစွမ်းအားများမှာသူ၏ခန္ဓာကိုယ်အတွင်းသို့ ဆက်တိုက် စီးဝင်လာခဲ့လေသည်။
“နောင်တစ်ချိန်မှာ မင်းကံကြမ္မာနတ်ဘုရားခန္ဓာကိုယ်ကိုရလာတဲ့အခါ ကံကြမ္မာနတ်ဘုရားမရဲ့ ကံကြမ္မာနတ်ဘုရားကျင့်စဉ်ကို ကျင့်ကြံလို့ ရတယ်” ဟု ဆေးနံ့သာအိုးဘိုးဘေးက ပြောလိုက်သည်။
“ကံကြမ္မာနတ်ဘုရားကျင့်စဉ်ဟုတ်လား” ဟု ရန်ရှောက်ထျန်း၏နှလုံးသားမှာ လှုပ်ရှားသွားခဲ့ လေသည်။
“ဟုတ်တယ်” ဟု ဆေးနံ့သာဘိုးဘေးက ပြောလိုက်သည်။
“အကယ်၍ မင်းမှာကံကြမ္မာနတ်ဘုရားကျင့်စဉ်ရှိပြီး ကံကြမ္မာနတ်ဘုရားသစ်ပင်နဲ့ ကျင့်ကြံမယ် ဆိုရင် မင်းရဲ့ ကံကြမ္မာနတ်ဘုရားခန္ဓာကိုယ်က အကြီးအကျယ်မြင့်တက်လာလိမ့်မယ်”
“ကံကြမ္မာနတ်ဘုရားကျင့်စဉ်က နတ်ဘုရားမနန်းတော်ထဲမှာ ရှိရမယ်”
ရန်ရှောက်ထျန်းမှာ ချက်ချင်းပင်အားလျော့သွားခဲ့လေသည်။ နတ်ဘုရားမနန်းတော်အတွင်းသို့ ဝင်ရန်အတွက် ထာဝရနတ်ဘုရားခန္ဓာကိုယ်အောင်မြင်မှုအသေးစားအဆင့်သို့ရောက်ရန်လိုအပ်ပြီး ယခုမူ သူသည် နတ်ဘုရားမနန်းတော်အတွင်းသို့ လုံးဝ မဝင်နိုင်သေးပေ။
“ဒါပေမဲ့ ကံကြမ္မာနတ်ဘုရားမမှာအချိန်အဘိုးအိုလို့ခေါ်တဲ့တပည့်တစ်ယောက် ရှိတယ်၊ သူကလည်း ကံကြမ္မာနတ်ဘုရားကျင့်စဉ်ကို သိတယ်” ဟု ဆေးနံ့သာဘိုးဘေးက ပြောလိုက်သည်။
“အချိန်အဘိုးအို ဟုတ်လား” ဟု ရန်ရှောက်ထျန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။ ထို့ကြောင့် သူ အပြင်သို့ ရောက်သောအခါ အချိန်အဘိုးအို၏ တည်နေရာကို စုံစမ်းရမည် ဖြစ်လေသည်။
ရန်ရှောက်ထျန်းမှာ ကံကြမ္မာနတ်ဘုရားသစ်ပင်ကို သူ၏ဆေးနံ့သာအိုးလက်စွပ်အတွင်းသို့ ထည့်လိုက်ပြီး ဤဟင်းလင်းပြင်အတွင်း၌လှည့်ပတ်ရှာဖွေခဲ့သော်လည်း ထွက်ပေါက်ကိုရှာမတွေ့ခဲ့ပေ။ နောက်ဆုံးတွင် သူသည်အားကိုးရာမဲ့စွာဖြင့် ထိုင်ချလိုက်ပြီး ကျင့်ကြံနေခဲ့လေသည်။
ကံကြမ္မာနတ်ဘုရားနန်းတော်ပွင့်သည့် သုံးရက်တာကာလကုန်ဆုံးသွားသည်နှင့် နန်းတော်အတွင်းရှိ လူတိုင်းမှာ အပြင်သို့အလိုအလျောက်ပို့ဆောင်ခြင်းခံရမည်ဖြစ်လေသည်။ ယခုမူ သူသည်စိတ်ရှည်စွာ စောင့်ဆိုင်းနေရုံသာ ရှိတော့သည်။
အချိန်များ ကုန်ဆုံးသွားခဲ့လေသည်။ သုံးရက်တာကာလမှာ နောက်ဆုံးတွင် ရောက်ရှိလာခဲ့လေပြီ။
ရန်ရှောက်ထျန်းမှာ အံ့ဩဖွယ်ကောင်းသောဟင်းလင်းပြင်ဝါးမြိုမှုစွမ်းအားတစ်ခုက သူ့ကို လွှမ်းမိုး သွားသည်ကိုခံစားလိုက်ရပြီး မူးဝေသွားသောခံစားချက်တစ်ခုပြီးနောက် ပတ်ဝန်းကျင်အနေအထားမှာ ပြောင်းလဲသွားခဲ့ကာ သူသည်ကံကြမ္မာနတ်ဘုရားနန်းတော်၏အပြင်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
အပြင်ဘက်ရှိ အတိုင်းအဆမဲ့သောပင်လယ်ပြင်ကြီး၏ပြာလွင်သော ကောင်းကင်နှင့် ကြည်လင်သော ပင်လယ်ရေများကိုကြည့်ရင်း ရန်ရှောက်ထျန်းမှာအခြားကမ္ဘာတစ်ခုမှပြန်ရောက်လာသလိုမျိုး ခံစားလိုက်ရ လေသည်။ သူသည်ထိုနေရာတွင်ကြာရှည်မနေဘဲ လျင်မြန်စွာပျံသန်းထွက်ခွာသွားခဲ့လေသည်။ ယခုမူ သူသည်ကံကြမ္မာနတ်ဘုရားသီးများနှင့် ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာကျောက်တုံးများအားလုံးကို သန့်စင်ရန်အတွက် နေရာတစ်ခု ရှာဖွေရမည် ဖြစ်လေသည်။
ရန်ရှောက်ထျန်း ထွက်ခွာသွားပြီး သိပ်မကြာမီမှာပင် နေလစိန့်ဘုရင်၊ ဟင်းလင်းပြင်ဓားနတ်ဘုရားနှင့် အခြားသူများသည်လည်း ကံကြမ္မာနတ်ဘုရားနန်းတော်မှတစ်ဦးပြီးတစ်ဦး ထွက်လာခဲ့ကြလေသည်။ နေလစိန့်ဘုရင်က လူအုပ်ကြီးကိုကြည့်လိုက်ပြီး သူ၏မျက်နှာမှာ မှောင်မိုက်နေလေသည်။
“အမိန့်ထုတ်လိုက်စမ်း၊ ဟွန်ချွမ်ဘိုးဘေးရဲ့ ဆက်ခံသူကို ဆုကြေးထုတ်လိုက်မယ်။ ဟွန်ချွမ်ဘိုးဘေးရဲ့ ဆက်ခံသူကို ရှာတွေ့တဲ့သူကို ဘီလီယံတစ်ရာ ဆုချမယ်”
“ဟွန်ချွမ်ဘိုးဘေးရဲ့ ဆက်ခံသူကို ဖမ်းမိတဲ့သူ ဒါမှမဟုတ် သတ်နိုင်တဲ့သူကို ဘီလီယံနှစ်ရာ ဆုချမယ်”
“ဒါ့အပြင် ကမ္ဘာကြီးကိုကြေညာလိုက်စမ်း၊ ကံကြမ္မာနတ်ဘုရားသစ်ပင်က ဟွန်ချွမ်ဘိုးဘေးရဲ့ ဆက်ခံသူဆီမှာ ရှိနေတယ်လို့”
ကံကြမ္မာနတ်ဘုရားသစ်ပင်မှာ ဟွန်ချွမ်ဘိုးဘေး၏ဆက်ခံသူဆီမှာရှိနေသည်ဟူသော သတင်း ပျံ့နှံ့သွားသည်နှင့် ဝမ်ကျန့်တိုက်ကြီးပေါ်ရှိလူတိုင်းမှာ သူ့ကိုသတ်ရန်ထကြွလာကြပေလိမ့်မည်။ ထိုအချိန် ကျလျှင် ကမ္ဘာကြီးကမည်မျှပင်ကျယ်ပြောပါစေ ဤဟွန်ချွမ်ဘိုးဘေး၏ဆက်ခံသူပုန်းအောင်းစရာ နေရာ ရှိလိမ့်မည်မဟုတ်ပေ။ ဤဟွန်ချွမ်ဘိုးဘေး၏ဆက်ခံသူသေဆုံးရန်မှာမခက်ခဲတော့ပေ။ ထို့ပြင် ဟွန်ချွမ်ဘိုး ဘေး၏ ဆက်ခံသူကို သတ်ခြင်းကဘီလီယံနှစ်ရာ ဆုကြေးငွေပါ ရရှိဦးမည် မဟုတ်ပါလော။
“စိန့်ဘုရင် အစ်ကို... ငါတို့သူ့ကိုစည်းရုံးလို့ရနိုင်မလား” ဟု ဟင်းလင်းပြင်ဓားနတ်ဘုရားက စဉ်းစားရင်း မေးလိုက်သည်။
နေလစိန့်ဘုရင်က ခေါင်းခါပြလိုက်ပြီး။
“ဒီလို ရှေးဟောင်းပါရမီရှင်မျိုးက တခြားသူတွေရဲ့ လက်အောက်မှာ နေပါ့မလား။ သူက ငါတို့ဂိုဏ်းရဲ့ အမာခံတပည့်ကိုသတ်ခဲ့တာဖြစ်လို့ ငါတို့ထုန်းထျန်းနတ်ဘုရားဂိုဏ်းထဲကိုဝင်ဖို့ဆိုတာ ပိုတောင်မဖြစ်နိုင် သေးတယ်” ဟု ပြောလိုက်သည်။
မကြာမီမှာပင် ထုန်းထျန်းနတ်ဘုရားဂိုဏ်း၏ ဆုကြေးငွေသတင်းမှာ ပျံ့နှံ့သွားခဲ့လေသည်။
ဝမ်ကျန့်တိုက်ကြီးပေါ်ရှိအင်အားစုအသီးသီးမှပညာရှင်များမှာ တုန်လှုပ်သွားကြတော့သည်။
သတင်းပျံ့နှံ့သည့်နေ့မှာပင် ဝမ်ကျန့်တိုက်ကြီးတစ်ခုလုံး ရန်ရှောက်ထျန်း၏တည်နေရာကို စတင်ရှာ ဖွေကြတော့သည်။ နေလစိန့်ဘုရင်ထင်ထားသည့်အတိုင်းပင် ကံကြမ္မာနတ်ဘုရားသစ်ပင်၏ဆွဲဆောင်မှုကို မည်သူမျှမလှုပ်မယှက်မနေနိုင်ကြဘဲ ရန်ရှောက်ထျန်းကိုသတ်ရန်အတွက် ဘီလီယံနှစ်ရာဆုကြေးငွေ က လည်း လူအများအပြားကို ရူးသွပ်စေရန်လုံလောက်လေသည်။
ညဦးပိုင်းတွင်ငြိမ်သက်နေခဲ့လေသည်။ ဆောင်းတွင်းရောက်နေပြီဖြစ်ရာ ညချမ်းမှာအလွန်တရာ အေးစက်လှပေသည်။ အေးစက်လှသော လေပြင်းများတိုက်ခတ်နေစဉ်မှာပင် လူတစ်ဦးမှာဆိတ်ငြိမ်လှသော တောကန္တာရအထက်မှ ဆက်တိုက်ပျံသန်းနေခဲ့လေသည်၊ သူသည်ရန်ရှောက်ထျန်းပင်ဖြစ်လေသည်။ ရုတ်တ ရက်ရန်ရှောက်ထျန်းကရပ်လိုက်ပြီး။
“မင်းကြီး... ခင်ဗျားနောက်ကနေအကြာကြီးလိုက်လာခဲ့ပြီးမှ အခုထိအပြင်ကိုမထွက်လာသေးဘူး လား” ဟု ပြောလိုက်သည်။
ရန်ရှောက်ထျန်း၏စကားဆုံးသည်နှင့် ရှေ့တွင်မှောင်မိုက်သောအလင်းတန်းများမှာ ပင်လယ်တစ် ခုအလားဆောင့်တက်လာပြီး မှောင်မိုက်လှသောပင်လယ်ကြီးအတွင်းမှ ဧရာမပုံရိပ်ကြီးတစ်ခု လမ်းလျှောက် ထွက်လာခဲ့လေသည်။ တစ်ဖက်လူမှာမှောင်မိုက်လှသောကမ္ဘာကြီးမှအမြင့်မြတ်ဆုံးမိစ္ဆာတစ်ပါးအလား ရှိနေပြီး အတိုင်းအဆမဲ့သောမိစ္ဆာချီများမှာလှည့်ပတ်နေကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ က ကောင်းကင်နှင့်မြေကြီးကိုဖုံးလွှမ်းသွားပြီး ရန်ရှောက်ထျန်း၏ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်အားလုံးကို ပိတ်ဆို့လိုက်လေသည်။
ရန်ရှောက်ထျန်း၏ မျက်လုံးများမှာကျဉ်းမြောင်းသွားခဲ့လေသည်။
ထုန်းရှင်းမိစ္ဆာမျောက်မှာကြီးမားလှသော်လည်း ရှေ့တွင်ရှိသောမှောင်မိုက်လှသောမိစ္ဆာကြီးမှာ ထုန်းရှင်းမိစ္ဆာမျောက်ထက်ပင်များစွာပိုမိုကြီးမားလှပေသည်။ ထို့ပြင်တစ်ဖက်လူ၏မှောင်မိုက်လှသော မိစ္ဆာ ချီမှာ ရန်ရှောက်ထျန်းမြင်ဖူးသမျှထဲတွင် အပြင်းထန်ဆုံးဖြစ်လေသည်။ ချဉ်းကပ်လာသောပုံရိပ်ကိုကြည့်ရင်း ရန်ရှောက်ထျန်းက တစ်ဖက်လူ၏မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းလိုက်ပြီး။
“တိုက်တန်ဧရာမမိစ္ဆာ” ဟု ပြောလိုက်သည်။
ရောက်ရှိလာသူမှာ အခြားသူမဟုတ်ဘဲမိစ္ဆာများ၏မိစ္ဆာ၊ ဝမ်ကျန့်တိုက်ကြီးပေါ်ရှိမိစ္ဆာအားလုံး၏ နတ်ဘုရားဖြစ်သောတိုက်တန်ဧရာမမိစ္ဆာပင်ဖြစ်လေသည်။ တိုက်တန်ဧရာမမိစ္ဆာ၏အမည်မှာ ဝမ်ကျန့်တိုက် ကြီးပေါ်ရှိပညာရှင်အားလုံး၏မျက်နှာများကို ပျက်သွားစေနိုင်လေသည်။ တိုက်တန်ဧရာမမိစ္ဆာ၏အဘိုးမှာ ဟွန်ချွမ်ဘိုးဘေး၏လက်အောက်ရှိ အစွမ်းထက်ဆုံးသော မိစ္ဆာကြီးလေးဦးထဲမှတစ်ဦး ဖြစ်လေသည်။
“ကောင်လေး... မင်းက ဟွန်ချွမ်ဘိုးဘေးရဲ့ ဆက်ခံသူပေါ့” ဟု တိုက်တန်ဧရာမမိစ္ဆာက ထိုနေရာ တွင်ရပ်နေရင်း သူ၏သွေးရောင်မျက်လုံးများဖြင့် ရန်ရှောက်ထျန်းအားငုံ့ကြည့်လိုက်ကာပြောလိုက်ရာ သူ၏ အသံမှာ ပတ်ဝန်းကျင်လီတစ်ရာအတွင်းရှိ ဟင်းလင်းပြင်ကိုတုန်ခါသွားစေခဲ့လေသည်။
“မှန်ပါတယ်” ဟု ရန်ရှောက်ထျန်းက တည်ငြိမ်စွာပြောလိုက်သည်။
“မင်းက ဟွန်ချွမ်ဘိုးဘေးရဲ့ ဆက်ခံသူဖြစ်နေတာကို ထောက်ထားပြီး ဟွန်ချွမ်လက်စွပ်၊ ဟွန်ချွမ်နတ် ဘုရားကျင့်စဉ်နဲ့ ကံကြမ္မာနတ်ဘုရားသစ်ပင်ကိုအပ်လိုက်မယ်ဆိုရင် မင်းရဲ့ အသက်ကို ငါ ချမ်းသာပေးမယ်” ဟု တိုက်တန်ဧရာမမိစ္ဆာက ပြောလိုက်သည်။
ဤသည်ကို ကြားလိုက်ရသောအခါ ရန်ရှောက်ထျန်းက သူ၏လက်ချောင်းမှ ဟွန်ချွမ်လက်စွပ်ကို ထုတ်ပြလိုက်ပြီးတစ်ချိန်တည်းမှာပင် ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်၏ဒသမမြောက်အဆင့်ကို အသက်သွင်း လိုက်လေသည်။ ချက်ချင်းဆိုသလိုပင်ဟွန်ချွမ်နတ်ဘုရားချပ်ဝတ်တန်ဆာမှာ သူ၏တစ်ကိုယ်လုံးကို ဖုံးလွှမ်း သွားခဲ့ပြီး ပြင်းထန်လှသောဟွန်ချွမ်ချီစွမ်းအားများမှာ သူ၏ပတ်ဝန်းကျင်တွင်ရစ်ပတ်ကာ ဟွန်ချွမ်အတား အဆီးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
“ဟွန်ချွမ်နတ်ဘုရားကျင့်စဉ် ဒသမမြောက်အဆင့်ပါလား” ဟု တိုက်တန်ဧရာမမိစ္ဆာမှာ အံ့အားသင့် သွားခဲ့လေသည်၊ ရန်ရှောက်ထျန်းကဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကို ဒသမမြောက်အဆင့်အထိကျင့်ကြံထား နိုင်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကဲ့သို့သော အမြင့်မြတ်ဆုံးမိစ္ဆာပညာရပ်ကိုကျင့်ကြံရန် မည်မျှအထိ ခက်ခဲကြောင်း သူသိလေသည်၊ သူကိုယ်တိုင်ပင်လျှင်ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကို ဒသမမြောက်အဆင့် အထိကျင့်ကြံရန် နှစ်ပေါင်းရာနှင့်ချီ၍ကြာမြင့်ခဲ့ခြင်းဖြစ်လေသည်။ သို့သော်ရန်ရှောက်ထျန်းက အသက်မည် မျှ ရှိသေးသနည်း။
“မင်းက ဟွန်ချွမ်မိစ္ဆာဂိုဏ်းရဲ့မျိုးဆက်တစ်ယောက်အနေနဲ့ ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ဒသမ မြောက်အဆင့်က ဘာကိုဆိုလိုသလဲဆိုတာသိသင့်ပါတယ်” ဟု ရန်ရှောက်ထျန်းက အေးစက်စွာ ပြောလိုက် သည်။
“မင်း ငါ့ကို တွေ့တဲ့အခါဟွန်ချွမ်ဘိုးဘေးကိုတွေ့သလိုမျိုးသဘောထားပြီးသုံးကြိမ်ဦးချ၊ ကိုးကြိမ် ဂါရဝပြုရမှာဖြစ်တယ်”
တိုက်တန်ဧရာမမိစ္ဆာမှာ ဤသည်ကိုကြားလိုက်ရသောအခါ လှောင်ပြုံးပြုံးလိုက်ပြီး။
“မင်းက ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကိုဒသမမြောက်အဆင့်အထိ ကျင့်ကြံထားနိုင်ခဲ့ပေမဲ့ ဟွန်ချွမ် မိစ္ဆာဂိုဏ်းကိုဦးဆောင်နိုင်လောက်တဲ့အစွမ်းရှိတယ်လို့ထင်နေတာလား” ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူကဆက်လက်ပြောလိုက်ပြန်သည်။
“အကယ်၍ မင်းကငါ့ရဲ့ လက်ဝါးချက်သုံးချက်ကိုမသေဘဲတောင့်ခံနိုင်မယ်ဆိုရင်တော့ မင်းကို ဟွန်ချွမ်မိစ္ဆာဂိုဏ်းရဲ့ဂိုဏ်းချုပ်အဖြစ် ငါအသိအမှတ်ပြုပေးမယ်၊ မင်းနောက်ကိုလိုက်မယ်၊ မင်းကိုအလုပ် အကျွေးပြုမယ်၊ ဟွန်ချွမ်မိစ္ဆာဂိုဏ်းကိုအလုပ်အကျွေးပြုမယ်”
သူ၏ အမြင်တွင်လက်ဝါးချက်သုံးချက်မဆိုထားနှင့်၊ သူ၏လက်ညှိုးတစ်ချက်တည်းဖြင့်ပင် ရန်ရှောက်ထျန်းကို အကြိမ်ပေါင်းတစ်ရာမကအလွယ်တကူချေမှုန်းပစ်နိုင်သည်ဟု ယူဆထားခြင်းဖြစ်လေ သည်။
“လှုပ်ရှားလိုက်တော့” ဟု ရန်ရှောက်ထျန်းက ပြန်ပြောလိုက်လေသည်။
တိုက်တန်ဧရာမမိစ္ဆာမှာ မှင်တက်သွားခဲ့လေသည်၊ ရန်ရှောက်ထျန်းက သူ၏လက်ဝါးချက်သုံးချက် ကို အမှန်တကယ်ပဲတောင့်ခံချင်နေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သူက ရန်ရှောက်ထျန်းကို သံသယများဖြင့် ကြည့်လိုက်ပြီး လေးနက်သောအသံဖြင့်ပြောလိုက်သည်။
“မင်းက သေချင်နေမှတော့ ငါ့ကို အပြစ်မတင်နဲ့တော့”
ထိုသို့ပြောပြီးနောက် သူသည်သူ၏ဧရာမလက်ဝါးကြီးကိုမြှောက်လိုက်ပြီး ရန်ရှောက်ထျန်းဆီသို့ ဖိချလိုက်လေတော့သည်။
***