တိုက်တန်ဧရာမမိစ္ဆာ၏ ဧရာမမိစ္ဆာလက်ဝါးကြီးကျဆင်းလာသည်နှင့်အမျှ ကမ္ဘာပျက်မတတ် ပြင်းထန်လှသောမိစ္ဆာစွမ်းအားကြီးမှာ ကမ္ဘာကြီး၏အဆုံးသတ်မှမှောင်မိုက်လှသောပင်လယ်ကြီးအလား ရန်ရှောက်ထျန်းဆီသို့ကျဆင်းလာခဲ့လေသည်။
လက်ဝါး၏စွမ်းအားမကျရောက်သေးခင်မှာပင် ၎င်း၏ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား ကြောင့် ရန်ရှောက်ထျန်း၏ပတ်ဝန်းကျင်ရှိ တောင်တန်းများမှာဆက်တိုက်ပြိုကျနေခဲ့လေပြီ။ ရန်ရှောက် ထျန်းရပ်နေသော မြေပြင်မှာလည်းအက်ကွဲမှုများ အဆက်မပြတ်ပေါ်ထွက်လာခဲ့လေသည်။
တိုက်တန်ဧရာမမိစ္ဆာ၏ အတိုင်းအဆမဲ့သောမိစ္ဆာစွမ်းအား၏ရှေ့တွင် ရန်ရှောက်ထျန်းမှာပုရွက်ဆိတ် တစ်ကောင် သို့မဟုတ်ဖုန်မှုန့်လေးတစ်ခုအလားအားနည်းနေခဲ့လေသည်။
“ဘုန်း…..”
တိုက်တန်ဧရာမမိစ္ဆာ၏ ဖျက်ဆီးအားပြင်းသောစွမ်းအားမှာ ရန်ရှောက်ထျန်း၏ဦးခေါင်းအထက်မှ တိုက်ရိုက်ကျရောက်သွားခဲ့လေသည်။ မြေပြင်မှာမိုင်ပေါင်းများစွာအထိ ပြင်းထန်စွာတုန်ခါသွားခဲ့လေသည်။ သဲများနှင့်ကျောက်တုံးများလွင့်ပျံသွားခဲ့ပြီး မရေမတွက်နိုင်သောဖုန်မှုန့်များမှာ ကမ္ဘာကြီးတစ်ခုလုံးကိုလွှမ်းမိုး သွားခဲ့ရာ မိုင်ပေါင်းများစွာသောဟင်းလင်းပြင်မှာမှောင်မိုက်သွားခဲ့လေသည်၊ မှောင်မိုက်လှသော စွမ်းအားများ လှည့်ပတ်နေသဖြင့် ထိုဖုန်မှုန့်များမှာအချိန်အတော်ကြာသည့်တိုင်အောင် ပြန်လည်အနည်မထိုင်နိုင်ဘဲ ရှိနေ တော့သည်။
သို့သော်လည်း တိုက်တန်ဧရာမမိစ္ဆာမှာ လွင့်ပျံနေသောဖုန်မှုန့်များကြားတွင် ရပ်နေဆဲဖြစ်သော ပုံရိပ်ကိုကြည့်ကာ မယုံကြည်နိုင်ဘဲရှိနေတော့သည်။ ရန်ရှောက်ထျန်းမှာအမှန်တကယ်ပင် ထိခိုက်ဒဏ်ရာ ရခြင်းမရှိပေ။ ဒါ မဖြစ်နိုင်တာ။
သူ၏ ခုနကလက်ဝါးချက်မှာနတ်ဘုရားအဆင့်ဒသမအလွှာရှိသောပညာရှင်တစ်ဦးပင်လျှင် မသေ လျှင်တောင်အပြင်းအထန်ဒဏ်ရာရမည်ဖြစ်လေသည်၊ ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သော ရန်ရှောက်ထျန်းက မည်သို့ တောင့်ခံနိုင်သနည်း။
“ဒုတိယမြောက် လက်ဝါးချက်ကို ထုတ်လိုက်ဦးလေ” ဟု လွင့်ပျံနေသော ဖုန်မှုန့်များကြားတွင် ရပ်နေသော ရန်ရှောက်ထျန်းကပြောလိုက်သည်။
တိုက်တန်ဧရာမမိစ္ဆာ၏မျက်နှာမှာမှောင်မိုက်သွားပြီး သူ၏တစ်ကိုယ်လုံးမှမိစ္ဆာချီများပေါက်ကွဲ ထွက်လာကာ အံ့ဩဖွယ်ကောင်းသောမိစ္ဆာမီးတောက်များထွက်ပေါ်လာခဲ့လေသည်။ မိစ္ဆာမီးတောက်များမှာ ကောင်းကင်ယံသို့ပျံတက်သွားခဲ့ပြီး ညကောင်းကင်ယံတစ်ခုလုံးကို လောင်ကျွမ်းတော့မည့်အလား ရှိနေ တော့ သည်။ သူ၏မိစ္ဆာမီးတောက်များအောက်တွင် ကိုးထပ်မြောက်ကောင်းကင်၏အထက်ရှိလမင်းကြီးပင်လျှင် ၎င်း၏ တောက်ပမှုကို ဆုံးရှုံးသွားခဲ့ရလေသည်။ သူ၏ စွမ်းအားမှာ ဆက်တိုက် ဆောင့်တက်လာခဲ့လေသည်။
“ခုနစ်ပါးသောမိစ္ဆာ လက်ဝါးချက်”
“သေစမ်း”
တိုက်တန်ဧရာမမိစ္ဆာ၏မျက်လုံးများမှ ကြောက်မက်ဖွယ်ကောင်းသော သွေးရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သူသည်နောက်ထပ်လက်ဝါးတစ်ချက်ကို ထပ်မံထိုးနှက်လိုက်ပြန်လေသည်။ ဧရာမမိစ္ဆာ လက်ဝါးကြီးမှာဖျက်ဆီးအားပြင်းသောစွမ်းအားများနှင့်အတူ ရန်ရှောက်ထျန်း၏ဦးခေါင်းဆီသို့ နောက်တစ် ကြိမ် ကျဆင်းလာခဲ့ပြန်လေသည်။ ဧရာမမိစ္ဆာလက်ဝါးကြီးကျဆင်းလာသည်နှင့်အမျှ သူ၏လက်ဝါးပေါ်တွင် မိစ္ဆာအလင်းတန်း ခုနစ်မျိုး ပေါ်ထွက်လာခဲ့လေသည်။
၎င်းမှာ ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏အမြင့်မြတ်ဆုံးသောမိစ္ဆာလက်ဝါးချက်များထဲမှ တစ်ခုဖြစ်သည့် ခုနစ်ပါးသောမိစ္ဆာလက်ဝါးချက်ပင်ဖြစ်လေသည်။ ယခင်ကတိုက်တန်ဧရာမမိစ္ဆာမှာ သူ၏အစွမ်းကုန် မထုတ်သုံးခဲ့ဘဲ သာမန်လက်ဝါးတစ်ချက်သာထိုးနှက်ခဲ့ခြင်းဖြစ်သော်လည်း ယခုမူ သူ၏အစွမ်းကုန် ထုတ်သုံးခဲ့ရုံသာမက ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏အမြင့်မြတ်ဆုံးသော မိစ္ဆာလက်ဝါးချက်ကိုပါ အသုံးပြုလိုက်ခြင်း ဖြစ်လေသည်၊ ၎င်း၏ စွမ်းအားမှာ ယခင်လက်ဝါးချက်နှင့် နှိုင်းယှဉ်၍မရအောင် ပြင်းထန်လှပေသည်။
“ဘုန်း….”
ဧရာမလက်ဝါးကြီးမှာ မြေပြင်ပေါ်သို့ရိုက်ခတ်သွားခဲ့လေသည်။ မြေပြင်တစ်ခုလုံး အပေါ်သို့ ပေါက်ကွဲထွက်လာခဲ့လေသည်။ ကြောက်မက်ဖွယ်ကောင်းသောသဲမုန်တိုင်းကြီးတစ်ခုဖြစ်ပေါ်လာခဲ့ လေ သည်။ ပတ်ဝန်းကျင်ရှိတောင်တန်းများမှာလည်း တစ်ခုပြီးတစ်ခုဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့ရ လေသည်။ တိုက်တန်ဧရာမမိစ္ဆာ၏ ဤလက်ဝါးချက်အောက်တွင် ပတ်ဝန်းကျင်ရှိအရာအားလုံး ဖျက်ဆီးခြင်း ခံလိုက်ရလေသည်။
သို့သော်လည်း တိုက်တန်ဧရာမမိစ္ဆာမှာ သူ၏ယုံကြည်မှုအပြည့်ရှိသော ဤလက်ဝါးချက်ကို ထိုးနှက်ပြီးနောက် မှင်တက်သွားခဲ့လေသည်၊ ရန်ရှောက်ထျန်းမှာ ထိုနေရာတွင်ပင် လှုပ်ရှားမှုမရှိဘဲ ရပ်နေဆဲ ဖြစ်လေသည်၊ ရန်ရှောက်ထျန်း၏ပတ်ဝန်းကျင်ရှိမြေပြင်မှာ ကြောက်မက်ဖွယ်ကောင်းသော နက်ရှိုင်းသည့် ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားသော်လည်း ရန်ရှောက်ထျန်းနှင့် သူ၏ ခြေဖဝါးအောက်ရှိ မီတာတစ်ရာပတ်လည် မြေပြင်မှာမူ လုံးဝထိခိုက်ပျက်စီးခြင်းမရှိဘဲ ကျန်ရှိနေခဲ့လေသည်။
သူ၏ ခုနကလက်ဝါးချက်မှာရန်ရှောက်ထျန်းကို လုံးဝမထိမှန်ခဲ့သလိုမျိုးပင် ဖြစ်လေသည်။ သို့မဟုတ်လျှင် ရန်ရှောက်ထျန်းအတွက် သူ၏လက်ဝါးချက်မှာ လေညင်းလေးတစ်ချက်မျှသာ ဖြစ်နေသလား။ ရန်ရှောက်ထျန်းကို အေးမြစေရန်အတွက်သာ ဖြစ်နေသလား။
တိုက်တန်ဧရာမမိစ္ဆာ၏မျက်နှာမှာ အလွန်တရာအရုပ်ဆိုးသွားခဲ့လေသည်။ လက်ဝါးချက်နှစ်ချက်။ သူသည် ဂုဏ်သိက္ခာရှိလှသောမိစ္ဆာပေါင်းသောင်းခြောက်ထောင်၏နတ်ဘုရား၊ အမြင့်မြတ်ဆုံးသော မိစ္ဆာကြီးတစ်ပါးဖြစ်ပါလျက်နှင့် ဆက်တိုက်လက်ဝါးနှစ်ချက်ထိုးနှက်ခဲ့သော်လည်း ဧကရာဇ်အဆင့်ကျင့်ကြံ သူတစ်ဦးကို အမှန်တကယ်မသတ်နိုင်ခဲ့သည်တဲ့လား။
“တတိယမြောက် လက်ဝါးချက်ကျန်သေးတယ်လေ” ဟု ရန်ရှောက်ထျန်း၏အသံထွက်ပေါ်လာ ခဲ့လေသည်။
ရန်ရှောက်ထျန်း၏ အသံကိုကြားလိုက်ရသဖြင့် တိုက်တန်ဧရာမမိစ္ဆာ၏သတ်ဖြတ်လိုစိတ်များမှာ သောင်းကျန်းလာခဲ့ပြီး သူ၏တစ်ကိုယ်လုံးမှ မိစ္ဆာမီးတောက်များမှာကောင်းကင်ယံသို့ထပ်မံပျံတက်သွားခဲ့ လေသည်၊ မူလကပင်ကြီးမားလှသော သူ၏ခန္ဓာကိုယ်မှာလည်းအကြိမ်ပေါင်းများစွာ ထပ်မံကြီးမားလာခဲ့ ပြီးနောက် သူ၏လက်ပေါ်တွင် လက်အိတ်တစ်လုံးပေါ်လာခဲ့လေသည်။
၎င်းမှာ တိုက်တန်ဧရာမမိစ္ဆာမျိုးနွယ်စု၏ အစွမ်းထက်ဆုံးသောနတ်ဘုရားလက်နက်ဖြစ်သည့် လေးလံသောနတ်ဘုရားလက်အိတ်ပင်ဖြစ်လေသည်။
တိုက်တန်ဧရာမမိစ္ဆာ၏ နတ်ဘုရားစွမ်းအားအောက်တွင် လေးလံသောနတ်ဘုရားလက်အိတ်မှ နတ်ဘုရားအလင်းတန်းများ အထပ်ထပ်ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိဟင်းလင်းပြင်အလွှာများကို တောက်ပစေခဲ့လေသည်။ သူသည်လေထဲသို့ခုန်တက်လိုက်ပြီး ရန်ရှောက်ထျန်း၏ရှေ့သို့ ရောက်လာကာ ဟိန်းဟောက်လိုက်ရာ သူ၏ဟိန်းဟောက်သံ၏ ချီလှိုင်းကြောင့်မရေမတွက်နိုင်သောသစ်ပင်များမှာ ကျိုးပဲ့ သွားခဲ့လေသည်၊ သူသည် သူ၏အစွမ်းအားလုံးကို ထုတ်သုံးကာ ရန်ရှောက်ထျန်း၏ ဦးခေါင်းဆီသို့ နောက်ထပ် လက်ဝါးတစ်ချက်ကို ထပ်မံဖိချလိုက်ပြန်လေသည်။
“ငါက တိုက်တန်ဧရာမမိစ္ဆာ၊ မိစ္ဆာပေါင်းသောင်းခြောက်ထောင်ရဲ့ နတ်ဘုရား၊ အမြင့်မြတ်ဆုံးသော မိစ္ဆာကြီးပဲ၊ ဧကရာဇ်အဆင့်ကျင့်ကြံသူဖြစ်တဲ့မင်းက ငါ့ရဲ့လက်ဝါးချက်သုံးချက်ကို တကယ်ပဲတောင့်ခံနိုင် မယ်ဆိုတာ ငါ မယုံဘူး”
တိုက်တန်ဧရာမမိစ္ဆာ၏မျက်နှာမှာ ရူးသွပ်မှုများပြည့်နှက်နေလေသည်။ သူသည် နှစ်ပေါင်းများစွာ အသုံးမပြုခဲ့သော တိုက်တန်ဧရာမမိစ္ဆာသွေးမျိုးဆက်ကိုပင်အသက်သွင်းလိုက်လေသည်။ တိုက်တန် ဧရာမမိစ္ဆာသွေးမျိုးဆက်မှာရှေးဟောင်းမိစ္ဆာနတ်ဘုရား သွေးမျိုးဆက်များထဲမှအစွမ်းထက်ဆုံးသော သွေးမျိုးဆက်တစ်ခုဖြစ်လေသည်။
သူ၏တစ်ကိုယ်လုံးမှ သွေးရောင်အလင်းတန်းများ အထပ်ထပ်ထွက်ပေါ်လာခဲ့လေသည်။
တိုက်တန်ဧရာမမိစ္ဆာ၏ သူ၏အစွမ်းကုန်ထုတ်သုံးထားသောတတိယမြောက် လက်ဝါးချက်မှာ ကျဆင်းလာခဲ့လေသည်။ ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားမှာ မြေပြင်အောက်သို့နက်ရှိုင်းစွာ စီးဝင် သွားခဲ့လေသည်။ မြေပြင်အောက်ရှိမရေမတွက်နိုင်သောပုရွက်ဆိတ်များမှာ ထိုစွမ်းအားကြောင့် သေဆုံးသွား ခဲ့ကြလေသည်။ တိုက်တန်ဧရာမမိစ္ဆာက သူ၏လက်ဝါးကို ပြန်လည်ရုပ်သိမ်းလိုက်သောအခါ မိုးကြိုးပစ်ခံ လိုက်ရသလိုမျိုးဖြစ်သွားပြီး ထိုနေရာတွင်လှုပ်ရှားမှုမရှိဘဲရပ်နေဆဲဖြစ်သောရန်ရှောက်ထျန်းကို မျက်လုံး အပြူးသားဖြင့် စိုက်ကြည့်နေမိတော့သည်။
ရန်ရှောက်ထျန်းမှာ ထိခိုက်ဒဏ်ရာရခြင်း မရှိသေးပေ။ သူ မယုံကြည်နိုင်ဘဲ ရှိနေတော့သည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ဟု ရှေ့တွင်ရှိသော လက်တွေ့ဘဝကို သူ လက်ခံရန် ခက်ခဲနေခဲ့လေ သည်။ သူသည် သူ၏တိုက်တန်ဧရာမမိစ္ဆာသွေးမျိုးဆက်နှင့် လေးလံသောနတ်ဘုရားလက်အိတ်ကိုပင် အသုံးပြုခဲ့သော်လည်း ရန်ရှောက်ထျန်းကို မသတ်နိုင်ခဲ့ရုံသာမက ရန်ရှောက်ထျန်း၏ ဆံပင်တစ်ပင်ကိုတောင် မထိခိုက်စေနိုင်ခဲ့သည်တဲ့လား။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးမှာ မည်မျှပင် အစွမ်းထက်လှသော ကာကွယ်ရေးနတ်ဘုရားလက်နက်ရှိနေပါစေ၊ သူ၏လက်ဝါးချက် သုံးချက်ကို တောင့် ခံနိုင်ပြီး ထိခိုက်ဒဏ်ရာမရဘဲ ရှိနေရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
“လက်ဝါးချက် သုံးချက်ပြီးသွားပြီလေ” ဟု ရန်ရှောက်ထျန်းကပြောလိုက်သည်။
“ဒူးထောက်စမ်း”
တိုက်တန်ဧရာမမိစ္ဆာ၏မျက်နှာမှာ အမူအရာအမျိုးမျိုးပြောင်းလဲနေခဲ့လေသည်၊ သူသည် ရန်ရှောက် ထျန်းကိုစိုက်ကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ၊ တုံ့ဆိုင်းမှုများ၊ မကျေနပ်မှုများနှင့် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေသော်လည်း သူသည်ဒူးထောက်ရန်နှင့်သစ္စာခံရန်အတွက်မူ ခေါင်းမာမာဖြင့် ငြင်းဆန်နေဆဲဖြစ်လေသည်။ ဂုဏ်သိက္ခာရှိလှသောရှေးဟောင်းမိစ္ဆာကြီးတစ်ပါးဖြစ်သူ သူသည် လူငယ်လေး တစ်ဦး၏ လက်အောက်တွင် သစ္စာခံရန် အမှန်တကယ် မလိုလားခြင်း ဖြစ်လေသည်။
ဤသည်ကို မြင်သောအခါ ရန်ရှောက်ထျန်းကအေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။
တိုက်တန်ဧရာမမိစ္ဆာ၏ စောင့်ကြည့်နေသောမျက်လုံးများအောက်တွင် ရုတ်တရက်ရွှေရောင်မီး တောက်များလောင်ကျွမ်းနေသော ဧရာမရွှေရောင်ဆေးပေါင်းအိုးကြီးတစ်ခုပျံထွက်လာခဲ့ပြီး ထိုရွှေရောင် ဆေးပေါင်းအိုး၏ အတိုင်းအဆမဲ့သောစွမ်းအားများက တိုက်တန်ဧရာမမိစ္ဆာကို လွှမ်းမိုးသွား ခဲ့လေသည်။
ဆေးပေါင်းအိုးခေါ်ဆေးနံ့သာအိုး၏ အတိုင်းအဆမဲ့သောစွမ်းအားကို ခံစားလိုက်ရသောအခါ တိုက်တန်ဧရာမမိစ္ဆာ၏မျက်နှာမှာ အကြီးအကျယ်ပြောင်းလဲသွားတော့သည်။ ဤသည်မှာဘယ်လို နတ် ဘုရားလက်နက်မျိုးလဲ။ ရှေးဟောင်းနတ်ဘုရားလက်နက်များလား။ မဟုတ်ဘူး၊ ရှေးဟောင်းနတ်ဘုရား လက်နက်ပင်လျှင် ဤမျှအထိကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုး မရှိနိုင်ပေ။
“ဒူးထောက်စမ်း” ဟု ရန်ရှောက်ထျန်းကမိုးကြိုးသံအလားဟိန်းဟောက်အမိန့်ပေးလိုက်လေ သည်။
ဆေးနံ့သာအိုး၏စွမ်းအားများ ထပ်မံပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအရှိန်အဝါများကြောင့် တိုက်တန်ဧရာမမိစ္ဆာမှာ အသက်ရှူရန်ပင် ခက်ခဲလာခဲ့လေသည်။
“ဟွန်ချွမ်မိစ္ဆာဂိုဏ်းရဲ့ တပည့်ထိုက်ဟွေးက ဂိုဏ်းချုပ်ကိုဂါရဝပြုပါတယ်” ဟု တိုက်တန်ဧရာ မမိစ္ဆာမှာ နောက်ဆုံးတွင်ဒူးထောက်လိုက်ရလေတော့သည်။
သူ၏ ရှေ့တွင်ဒူးထောက်နေသောတိုက်တန်ဧရာမမိစ္ဆာကိုကြည့်ရင်း ရန်ရှောက်ထျန်းက ဆေးလုံး တစ်လုံးကို ပေးလိုက်ပြီး။
“ဒီဆေးလုံးကို မြိုချလိုက်စမ်း” ဟု ပြောလိုက်သည်။
တိုက်တန်ဧရာမမိစ္ဆာက သူ၏လက်ထဲမှဆေးလုံးကိုကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်ကာ နောက်ဆုံးတွင် မြိုချလိုက်လေသည်၊ ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်မှာ အဆက်မပြတ်သေးငယ်သွားခဲ့ပြီး အရပ်နှစ်မီတာကျော်ရှိသောကြံ့ခိုင်သည့်လူသန်ကြီးတစ်ဦးအဖြစ်ပြောင်းလဲသွားကာ ရန်ရှောက်ထျန်း၏ နောက်ကွယ်တွင် ရပ်နေခဲ့လေသည်။
“ငါ အေးအေးဆေးဆေး ကျင့်ကြံလို့ရမယ့် ဘေးကင်းတဲ့ နေရာရှိလား” ဟု ရန်ရှောက်ထျန်းက မေးလိုက်သည်။ ယခုမူ သူသည်ကံကြမ္မာနတ်ဘုရားသီးများကိုမြိုချကျင့်ကြံရန်အတွက် ဘေးကင်းသော နေရာတစ်ခုကို အရေးတကြီးရှာဖွေရန်လိုအပ်နေပြီး ထိုအခါမှသာဒသမမြောက် သို့မဟုတ် ထိုထက်မကသော ကမ္ဘာဦးမူလ ကောင်းကင်ကံကြမ္မာများကို တောင့်ခံနိုင်မည် ဖြစ်လေသည်။
“ဂိုဏ်းချုပ်... ကျွန်တော်မျိုးရဲ့ မိစ္ဆာလိုဏ်ဂူကိုသွားမလား” ဟု တိုက်တန်ဧရာမမိစ္ဆာက ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော်မျိုးရဲ့ မိစ္ဆာလိုဏ်ဂူကတော့ ဘေးကင်းပါတယ်”
တိုက်တန်ဧရာမမိစ္ဆာ၏ မိစ္ဆာလိုဏ်ဂူပတ်ဝန်းကျင်မိုင်ပေါင်းထောင်ချီမှာ ဝမ်ကျန့်တိုက်ကြီး၏ တားမြစ်နယ်မြေ ဖြစ်လေသည်၊ ယေဘုယျအားဖြင့် မည်သူမျှသူ၏ မိစ္ဆာလိုဏ်ဂူဆီသို့ မချဉ်းကပ်ရဲကြပေ။
“အဆင်ပြေပါတယ်” ဟု ရန်ရှောက်ထျန်းက ခေါင်းငြိမ့်ပြလိုက်လေသည်။
ထို့ကြောင့် သူတို့နှစ်ဦးမှာဟင်းလင်းပြင်နယ်မြေကိုဖြတ်ကျော်ပြီး တိုက်တန်ဧရာမမိစ္ဆာ၏ မိစ္ဆာလိုဏ် ဂူဆီသို့ပျံသန်းသွားခဲ့ကြလေသည်။ သို့သော်လည်းသူတို့ထွက်ခွာလာပြီး သိပ်မကြာမီမှာပင်အရိုးဖြူမိစ္ဆာနန်း တော်မှ ပညာရှင်အုပ်စုတစ်စုနှင့် တွေ့ဆုံခဲ့ကြလေသည်။
“ဘိုးဘေးကြီး... သူပါ၊ သူကဟွန်ချွမ်ဘိုးဘေးရဲ့ဆက်ခံသူပဲ” ဟု အရိုးဖြူမိစ္ဆာနန်းတော်မှ ပညာရှင်တစ်ဦးက ရန်ရှောက်ထျန်းကိုအဝေးမှနေ၍စိတ်လှုပ်ရှားစွာဖြင့် လက်ညှိုးထိုးပြလိုက်လေသည်။ ယခုအခါ လူတိုင်းမှာဟွန်ချွမ်ဘိုးဘေး၏ဆက်ခံသူ၏တည်နေရာကိုရှာဖွေနေကြခြင်းဖြစ်ရာ ဟွန်ချွမ်ဘိုး ဘေး၏ ဆက်ခံသူကိုအရင်ဆုံးရှာတွေ့သူမှာ ကံကြမ္မာနတ်ဘုရားသစ်ပင်ကိုအရင်ဆုံး ရှာတွေ့သူဖြစ်ပြီး ဘီလီယံနှစ်ရာရရှိမည့်သူလည်းဖြစ်လေသည်။
သူ ဘယ်လိုလုပ်ပြီးစိတ်မလှုပ်ရှားဘဲနေနိုင်မည်နည်း။ အရိုးဖြူမိစ္ဆာနန်းတော်မှ ပညာရှင်ရာပေါင်း များစွာမှာ တောက်လောင်နေသောမျက်လုံးများနှင့်အတူ စိတ်လှုပ်ရှားစွာဖြင့်ရန်ရှောက်ထျန်းဆီသို့ ပြေးဝင် လာခဲ့ကြလေသည်။
“အားလုံးကို သတ်ပစ်လိုက်စမ်း” ဟု ရန်ရှောက်ထျန်း၏ အသံမှာ အေးစက်နေတော့သည်။
ချက်ချင်းဆိုသလိုပင် တိုက်တန်ဧရာမမိစ္ဆာ၏သွေးရောင်မျက်လုံးများမှ သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာပြီး သူသည်ဟင်းလင်းပြင်နယ်မြေအတွင်းမှနေ၍ အရိုးဖြူမိစ္ဆာနန်းတော်၏ နတ်ဘုရား အဆင့် ဘိုးဘေးတစ်ဦးကိုဆွဲယူလိုက်ကာ သူ၏ရှေ့သို့ခေါ်ဆောင်လာပြီးနောက် ၎င်းကို တိုက်ရိုက်ပင် နှစ်ခြမ်းခွဲပစ်လိုက်လေသည်။
နတ်ဘုရားအဆင့် ကျင့်ကြံသူ၏သွေးများမှာ မြေပြင်ပေါ်သို့ စင်ဟပ်သွားခဲ့လေတော့သည်။
***