တိုက်တန်ဧရာမမိစ္ဆာ၏လက်ချက်ဖြင့် နှစ်ခြမ်းကွဲသွားသူမှာအခြားသူမဟုတ်ဘဲ အရိုးဖြူမိစ္ဆာ နန်းတော်၏ နာမည်ကျော်ကျောက်မိစ္ဆာပင် ဖြစ်လေသည်၊ သူသည် မိစ္ဆာခေါင်းဆောင်ကြီးတစ်ဦးဖြစ်ပြီး သူ၏ အမည်ကိုကြားရုံနှင့်ပင် လူတိုင်းထိတ်လန့်သွားကြရလေသည်။ သို့သော်လည်း တိုက်တန်ဧရာမမိစ္ဆာ၏ ရှေ့တွင်မူ သူသည်ခုခံရန်အခွင့်အရေးပင်မရှိဘဲ တိုက်ရိုက်ပင်နှစ်ခြမ်းခွဲသတ်ခြင်းကို ခံလိုက်ရလေသည်။ သူ၏ ကိုယ်တွင်းအင်္ဂါများမှာ မြေပြင်ပေါ်တွင် ပြန့်ကျဲသွားခဲ့လေသည်။
ကျောက်မိစ္ဆာမှာ စိတ်လှုပ်ရှားစွာဖြင့်ရန်ရှောက်ထျန်းဆီသို့၊ သူ၏ကံကြမ္မာနတ်ဘုရားသစ်ပင်ဆီသို့၊ ထိုဘီလီယံနှစ်ရာဆီသို့ ပြေးဝင်လာခဲ့ခြင်းဖြစ်သော်လည်း ရန်ရှောက်ထျန်း၏ဘေးတွင်ရပ်နေသော လူသန် ကြီးမှာ တိုက်တန်ဧရာမမိစ္ဆာဖြစ်နေလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။ သူ သေဆုံးသွားသည့်တိုင်အောင် သူသည် နှစ်ခြမ်းခွဲသတ်ခြင်းကိုခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ နတ်ဘုရားအဆင့်ပညာရှင်တစ်ဦး၏ ခန္ဓာကိုယ်မှာ အလွန်တရာကြံ့ခိုင်လှကြောင်းသိထားရမည်ဖြစ်လေသည်၊ သာမန်နတ်ဘုရားလက်နက်များ ကပင် သူတို့ကိုမထိခိုက်စေနိုင်ပါဘဲနှင့် တစ်စုံတစ်ယောက်၏လက်ဖြင့် နှစ်ခြမ်းခွဲသတ်ခြင်းကိုခံလိုက်ရသည် တဲ့လား။ သို့သော်လည်း တိုက်တန်ဧရာမမိစ္ဆာကမူ သူ့ကိုတိုက်ရိုက်ပင်နှစ်ခြမ်းခွဲသတ်ပစ်လိုက်ခြင်း ဖြစ်လေ သည်။
ကျောက်မိစ္ဆာနှင့်အတူ ရှေ့သို့ ပြေးဝင်လာကြသော အရိုးဖြူမိစ္ဆာနန်းတော်မှ ပညာရှင်အုပ်စုမှာလည်း ဤကဲ့သို့သော ရုတ်တရက်အပြောင်းအလဲကိုမမျှော်လင့်ထားခဲ့ကြပေ၊ ကျောက်မိစ္ဆာမှာတိုက်ရိုက်ပင် နှစ်ခြမ်း ခွဲသတ်ခြင်းခံလိုက်ရသည်ကိုမြင်သောအခါ သူတို့အားလုံးထိတ်လန့်သွားကြပြီး သူတို့၏မျက်နှာများမှာ ဖြူဖျော့သွားကာ တိုက်တန်ဧရာမမိစ္ဆာကိုအလွန်တရာကြောက်ရွံ့စွာဖြင့် ကြည့်နေမိကြတော့သည်။ လူတိုင်း ထိုနေရာမှာပင် တောင့်တောင့်ကြီး ရပ်သွားခဲ့ကြလေသည်။
“ခင်ဗျားက ဘယ်သူလဲ” ဟု ဘိုးဘေးတစ်ဦးက တုန်ယင်နေသောအသံဖြင့် မေးလိုက်လေသည်။
သို့သော်လည်း သူ့ကိုပြန်လည်တုံ့ပြန်လိုက်သည်မှာ တိုက်တန်ဧရာမမိစ္ဆာ၏လက်ဝါးချက်တစ် ချက် ပင်ဖြစ်လေသည်။ ကိုးထပ်မြောက်ကောင်းကင်၏အထက်မှ မှောင်မိုက်လှသောဧရာမမိစ္ဆာလက်ဝါးကြီး တစ်ချက် ကျဆင်းလာခဲ့လေသည်။
“ဘုန်း….”
၎င်းက ခုနကစကားပြောခဲ့သော ဘိုးဘေးကိုမြေပြင်အောက်သို့တိုက်ရိုက်ဖိချပစ်လိုက်ပြီး သူ့ကို အသားဖတ်တစ်ခုအဖြစ်ပြောင်းလဲပစ်လိုက်လေသည်။ တိုက်တန်ဧရာမမိစ္ဆာ၏မှောင်မိုက်လှသော ဧရာမ လက်ဝါးကြီးမှာ ရန်ရှောက်ထျန်းကိုမထိခိုက်စေနိုင်သော်လည်း ဤအရိုးဖြူမိစ္ဆာနန်းတော်မှ ပညာရှင်များကို တိုက်ခိုက်ခြင်းမှာ ယင်ကောင်ရိုက်သလိုမျိုးပင်ဖြစ်လေသည်။ လက်ဝါးချက်တစ်ချက်တည်းအောက်တွင် အရိုးဖြူမိစ္ဆာနန်းတော်မှပညာရှင်ရာပေါင်းများစွာမှာအသတ်ခံလိုက်ရလေသည်။
တစ်ဦးတစ်ယောက်မျှ လွတ်မြောက်နိုင်ခြင်းမရှိပေ။ နတ်ဘုရားအဆင့်တွင် ရှိနေသူများပင်လျှင် ကြိတ်ခြေဖျက်ဆီးခြင်း ခံလိုက်ရလေသည်။
တိုက်တန်ဧရာမမိစ္ဆာက အရိုးဖြူမိစ္ဆာနန်းတော်မှ အုပ်စုကိုရှင်းလင်းပြီးနောက် သူနှင့်ရန်ရှောက် ထျန်းတို့မှာ ရှေ့သို့ဆက်လက်ပျံသန်းသွားခဲ့ကြလေသည်။ တစ်ရက်အကြာတွင် သူတို့သည်တိုက်တန်ဧရာ မမိစ္ဆာ၏နယ်မြေအတွင်းသို့ နောက်ဆုံးတွင်ရောက်ရှိလာခဲ့ကြလေသည်။
တိုက်တန်ဧရာမမိစ္ဆာ၏ မိစ္ဆာလိုဏ်ဂူကိုအတိုင်းအဆမဲ့သော တောင်တန်းကြီးများကြားတွင် တည် ဆောက်ထားခြင်းဖြစ်ပြီး ထိုတောင်တန်းများအတွင်း၌ မရေမတွက်နိုင်သော မိစ္ဆာသားရဲများနှင့် အဆိပ်ရှိသော သတ္တဝါများ ရှိနေကြလေသည်။ တောင်တန်းကြီးမှာ အဆိပ်မြူနှင်းများဖြင့် ဖုံးလွှမ်းနေလေသည်။
သို့သော်လည်း တိုက်တန်ဧရာမမိစ္ဆာ၏ မိစ္ဆာလိုဏ်ဂူသို့ ရောက်သောအခါ အံ့အားသင့်ဖွယ်ရာတစ်ခုကို တွေ့လိုက်ရလေသည်၊ သူ၏မိစ္ဆာလိုဏ်ဂူအတွင်း၌ဝိညာဉ်စမ်းချောင်းရေတံခွန်များ၊ ဝိညာဉ်သားရဲများ နေရာအနှံ့ရှိနေပြီး အမျိုးမျိုးသော ဝိညာဉ်သစ်ပင်များမှာလည်း ပွင့်လန်းနေကြရာ ကမ္ဘာကြီးမှ ခွဲထွက်နေသော နိဗ္ဗာန်ဘုံလေးတစ်ခုအလား ရှိနေတော့သည်။ ရန်ရှောက်ထျန်းကို လိုဏ်ဂူအတွင်းသို့ ခေါ်ဆောင်လာပြီးနောက် တိုက်တန်ဧရာမမိစ္ဆာမှာ အနည်းငယ်ရှက်ရွံ့နေပုံရပြီး။
“ကျွန်တော်မျိုးက တစ်ယောက်တည်းနေတာပါ၊ ကျင့်ကြံရတာပျင်းစရာကောင်းတာနဲ့ ဝိညာဉ်သားရဲ လေးတွေ အများကြီး မွေးထားတာပါ” ဟု ပြောလိုက်သည်။
ရန်ရှောက်ထျန်းက ခေါင်းငြိမ့်ပြလိုက်လေသည်။ မိစ္ဆာပေါင်းသောင်းခြောက်ထောင်၏ နတ်ဘုရားဟု ကျော်ကြားသော တိုက်တန်ဧရာမမိစ္ဆာမှာဝိညာဉ်သားရဲလေးများမွေးရသည်ကို နှစ်သက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ တိုက်တန်ဧရာမမိစ္ဆာမှာတစ်ယောက်တည်းနေသော်လည်း သူ တည်ဆောက်ထားသော မိစ္ဆာလိုဏ်ဂူမှာ အလွန်တရာကြီးမားလှပြီး နန်းတော်ပေါင်းရာနှင့်ချီ၍ရှိနေကာ အသုံးပြုထားသောပစ္စည်းများ မှာလည်း အလွန်တရာထူးကဲလှပြီး ရှားပါးလှသောမှောင်မိုက်သော သတ္တုရိုင်းများ ဖြစ်ကြလေသည်။
ထို့နောက်တွင် ရန်ရှောက်ထျန်းမှာ နန်းတော်များထဲမှတစ်ခုကိုရွေးချယ်လိုက်ပြီး ဆိတ်သုန်းစွာ ကျင့်ကြံခြင်းကိုစတင်လိုက်လေသည်။ ရန်ရှောက်ထျန်းမှာ ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာ ကျောက်တုံး များနှင့် အချိန်သဲပွင့်များကိုသန့်စင်ရန်မလောသေးဘဲ ကံကြမ္မာနတ်ဘုရားသီးကို အရင်ဆုံးမြိုချလိုက် လေသည်။
ကံကြမ္မာနတ်ဘုရားသီးကို မြိုချပြီး ဧကရာဇ်အဆင့် ဒသမအလွှာသို့ တက်လှမ်းပြီးမှသာ ကမ္ဘာဦးမူလ ကောင်းကင်ကံကြမ္မာကျောက်တုံးနှင့် အချိန်သဲပွင့်များကိုတဖြည်းဖြည်း သန့်စင်ရန်မှာ နောက်မကျသေးပေ။
ကံကြမ္မာနတ်ဘုရားသီး နတ်ဘုရားဆေးစွမ်းအားအောက်တွင် ရန်ရှောက်ထျန်း၏ ကျင့်ကြံမှုမှာ တစ်နေ့ထက်တစ်နေ့ တိုးတက်လာခဲ့လေသည်။ မူလကဧကရာဇ်အဆင့်နဝမအလွှာ အလယ်အဆင့်တွင် ရှိနေသော်လည်း သူသည်ဧကရာဇ်အဆင့် နဝမအလွှာအဆင့်မြင့်သို့၊ ထို့နောက် အဆင့်မြင့်အထွတ်အထိပ်သို့ လျင်မြန်စွာ တက်လှမ်းသွားခဲ့လေသည်။
ဒသမအလွှာ။
ဒသမအလွှာ အလယ်အဆင့်။
ဒသမအလွှာ အဆင့်မြင့်။
ကံကြမ္မာနတ်ဘုရားသီး ရှစ်လုံးကိုသန့်စင်ပြီးနောက်တွင်မူ သူသည်ဧကရာဇ်အဆင့် ဒသမအလွှာ အဆင့်မြင့်သို့ မနည်းတက်လှမ်းနိုင်ခဲ့လေသည်။ ဧကရာဇ်အဆင့်ဒသမအလွှာအဆင့်မြင့်အထွတ်အထိပ်သို့ ရောက်ရန် လက်တစ်ကမ်းအကွာသာလိုတော့လေသည်။
ကံကြမ္မာနတ်ဘုရားသီးရှစ်လုံးကိုသန့်စင်ပြီးနောက်တွင် သူ၏ကမ္ဘာဦးမူလ ကောင်းကင်ကံကြမ္မာ ကိုးခုမှာလည်း အကြီးအကျယ်သန့်စင်ခြင်းခံလိုက်ရသဖြင့် သူတို့၏တောက်ပမှုမှာ ပိုမိုပြင်းထန်လာခဲ့လေ သည်၊ ၎င်းတို့မှာတစ်သိန်းနှစ်သောင်းကိုးထောင်ခြောက်ရာလီရှိနေဆဲဖြစ်သော်လည်း ကမ္ဘာဦးမူလ ကောင်းကင်ကံကြမ္မာတစ်ခုချင်းစီ၏ ကမ္ဘာဦးမူလစွမ်းအားမှာ အကြီးအကျယ်မြင့်တက်လာခဲ့လေသည်။
ရန်ရှောက်ထျန်း နန်းတော်အတွင်းမှထွက်လာသောအခါ ဆောင်းတွင်းမှာ နက်ရှိုင်းနေခဲ့လေပြီ။
အေးစက်လှသော နှင်းများကျဆင်းနေခဲ့လေသည်။ နောက်ထပ်ရက်အနည်းငယ်ကြာလျှင် နှစ်သစ်ကူး သို့ ရောက်ရှိတော့မည် ဖြစ်လေသည်။ ရန်ရှောက်ထျန်းက သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး ကျဆင်းနေသော အေးစက်လှသော နှင်းပွင့်လေးများကိုဖမ်းဆွဲလိုက်လေသည်။ လွန်ခဲ့သောနှစ်များတွင် သူသည် သူ၏ မိသားစုနှင့်အတူ နှစ်သစ်ကူးကို ဖြတ်သန်းခဲ့သော်လည်း ယခုနှစ်တွင်မူ သူ ဖြတ်သန်းနိုင်တော့မည် မဟုတ်ပေ။
ဤအချိန်တွင် ကင်ထားသောအသားနံ့နှင့် ဝိုင်နံ့များထွက်ပေါ်လာခဲ့လေသည်။ ရန်ရှောက်ထျန်းက ထိုအနံ့နောက်သို့ လိုက်သွားလိုက်ရာတိုက်တန်ဧရာမမိစ္ဆာကနန်းတော်၏အပြင်ဘက်ရှိ တောင်ပေါ်တွင် မီးဖိုတစ်ခု တည်ဆောက်ကာ သားရဲအသားများကိုကင်ရင်း ဝိုင်သောက်နေသည်ကိုမြင်တွေ့လိုက်ရ လေသည်။
“ဂိုဏ်းချုပ်” ဟု ရန်ရှောက်ထျန်းထွက်လာသည်ကိုမြင်သောအခါ တိုက်တန်ဧရာမမိစ္ဆာက မတ်တပ်ရပ်လိုက်လေသည်။ ရန်ရှောက်ထျန်းက လမ်းလျှောက်သွားပြီး ထိုင်ချလိုက်ကာ တစ်ဖက်လူကိုလည်း ထိုင်ရန် အချက်ပြလိုက်ပြီး ပြုံးလျက်မေးလိုက်သည်။
“မင်းလည်း ဝိုင်သောက်ပြီး အသားကင်စားရတာကို ကြိုက်တာလား”
ဤဝါသနာမှာ သူနှင့်တူညီနေခြင်းဖြစ်လေသည်။ တိုက်တန်ဧရာမမိစ္ဆာက ခေါင်းငြိမ့်ပြပြီး။
“ကျင့်ကြံရတာ ပျင်းလာတဲ့အခါအသားကင်စားပြီးဝိုင်သောက်တတ်ပါတယ်၊ လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးမှာ ကျင့်ကြံတာကလွဲလို့တခြားဝါသနာမရှိဘူးဆိုရင်တော့ အဲဒါကအရမ်းကို ငြီးငွေ့စရာကောင်း ပြီး အရသာမရှိလှပါဘူး” ဟု ပြောလိုက်သည်။
ရန်ရှောက်ထျန်းက အသားတစ်ဖတ်ကိုလှီးယူပြီးမြည်းကြည့်လိုက်ရာ လတ်ဆတ်သောအရသာ များမှာပြည့်လျှံသွားခဲ့လေသည်။ သူကပြုံးလျက်။
“မင်းရဲ့ အသားကင်က ကောင်းပါတယ်၊ ဒါပေမဲ့ အရသာကတော့ အနည်းငယ် လိုနေသေးတယ်” ဟု ပြောလိုက်သည်။ ထိုသို့ပြောပြီးနောက် သူကိုယ်တိုင်ပြင်ဆင်ထားသော ဆေးဘက်ဝင်ပစ္စည်းများကို ထုတ်ယူ လိုက်ပြီး အသားကိုပြန်လည်ကင်လိုက်လေသည်။ ပြန်လည်ကင်လိုက်သောအခါ အသား၏အနံ့မှာ ပိုမိုဆွဲဆောင်မှုရှိလာခဲ့လေသည်။ သူတို့နှစ်ဦးမှာမြိန်ယှက်စွာ စားသောက်လိုက်ကြလေသည်။ သူတို့နှစ်ဦးမှာ ဝိုင်သောက်ရင်း စကားပြောလိုက်ကြရာ သူတို့၏ဆက်ဆံရေးမှာ ပိုမိုရင်းနှီးလာခဲ့လေသည်။
ရန်ရှောက်ထျန်းက တိုက်တန်ဧရာမမိစ္ဆာအားနတ်ဘုရားဆေးအနည်အနှစ်များကို စုံစမ်းပေးရန် အကူအညီတောင်းလိုက်လေသည်။
“ဂိုဏ်းချုပ်က နတ်ဘုရားဆေးအနည်အနှစ်တွေကို လိုချင်တာလား” ဟု တိုက်တန်ဧရာမမိစ္ဆာက အံ့အားသင့်သွားခဲ့လေသည်။ ရန်ရှောက်ထျန်းက ခေါင်းငြိမ့်ပြလိုက်လေသည်။ ယခုအခါ သူ၏ လက်ထဲတွင် သက်တမ်းနတ်ဘုရားသစ်ပင်၊ သေမင်းနတ်ဘုရားသစ်ပင်နှင့် ကံကြမ္မာနတ်ဘုရားသစ်ပင်တို့ ရှိနေကြလေ သည်၊ ထိုနတ်ဘုရားသစ်ပင် သုံးပင်စလုံးမှာ အာဟာရဓာတ်များလိုအပ်နေကြခြင်း ဖြစ်လေသည်။ အကယ်၍ သူ၏ လက်ထဲတွင် နတ်ဘုရားဆေးအနည်အနှစ်အမြောက်အမြားရှိနေမည်ဆိုပါက ထိုနတ်ဘုရားသစ်ပင် သုံးပင်မှာ သက်တမ်းနတ်ဘုရားသီး၊ သေမင်းနတ်ဘုရားသီးနှင့် ကံကြမ္မာနတ်ဘုရားသီးများကို ပိုမိုသီးပွင့် လာစေနိုင်မည် ဖြစ်လေသည်။
နောက်ထပ် သေမင်းနတ်ဘုရားသီးနှစ်လုံးသာရှိမည်ဆိုပါက သူ၏ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်မှာ တစ်ဆယ့်တစ်ဆင့်မြောက်သို့တက်လှမ်းနိုင်မည်ဖြစ်ပြီး သူသည်ထာဝရကောင်းကင်ခေါင်းတလားကို သန့်စင် နိုင်မည်ဖြစ်ကာ ဟွန်ချွမ်တစ္ဆေဘုရင်ကိုလည်း နှိမ်နင်းနိုင်ပေလိမ့်မည်။
“နတ်ဘုရားဆေးအနည်အနှစ်တွေကို ရှာတွေ့ဖို့က မလွယ်လှဘူး” ဟု တိုက်တန်ဧရာမမိစ္ဆာက စဉ်းစားရင်း ပြောလိုက်သည်။
“ဒါပေမဲ့ အဘိုးကြီးရှဲ့ဆီမှာတော့ နတ်ဘုရားဆေးအနည်အနှစ်အချို့ ရှိနိုင်တယ်”
“အဘိုးကြီးရှဲ့ ဟုတ်လား” ဟု ရန်ရှောက်ထျန်းက ဇဝေဇဝါဖြစ်သွားခဲ့လေသည်။
“သူက ဝူရှင်းဆေးနတ်ဘုရားပဲ” ဟု တိုက်တန်ဧရာမမိစ္ဆာက ပြောလိုက်သည်။
“သူ့ရဲ့ နာမည်ရင်းက ရှဲ့ဝူရှင်းပါ”
ဝူရှင်းဆေးနတ်ဘုရား။ ရန်ရှောက်ထျန်းက တိုက်တန်ဧရာမမိစ္ဆာပြောနေသူမှာ မည်သူဖြစ်ကြောင်း သိလိုက်လေသည်။ ဝမ်ကျန့်တိုက်ကြီးပေါ်တွင် ဓားနတ်ဘုရားပညာရှင်များစွာရှိသလို၊ ချန်းရှင်း တိုက် ကြီးထက်ပိုမိုများပြားသောဆေးနတ်ဘုရားပညာရှင်များလည်း ရှိနေကြလေသည်။
အကျော်ကြားဆုံးမှာ ‘ဆေးနတ်ဘုရားလေးဦး’ ဖြစ်ကြလေသည်။ ဝူရှင်းဆေးနတ်ဘုရားမှာ ဆေးနတ်ဘုရားလေးဦးထဲမှတစ်ဦး ဖြစ်လေသည်။ သူသည်ဝမ်ကျန့်တိုက်ကြီးပေါ်ရှိ အသက်အကြီးဆုံး ဆေးနတ်ဘုရားလည်း ဖြစ်လေသည်။
“ရှဲ့ဝူရှင်းရဲ့ စိတ်နေစိတ်ထားကထူးဆန်းတယ်” ဟု တိုက်တန်ဧရာမမိစ္ဆာက ခေါင်းခါပြရင်း ပြောလိုက်သည်။
“ကျွန်တော်မျိုးက သူ့ကိုသိလာခဲ့တာနှစ်ပေါင်းများစွာကြာပြီဆိုပေမဲ့ ကျွန်တော်မျိုးရဲ့ မျက်နှာ တောင်မှ သူ့ဆီမှာ အလုပ်မဖြစ်ဘူး”
“ပြင်ပလူတွေ သူ့ကိုတွေ့ချင်တယ်ဆိုရင် ထူးဆန်းတဲ့မီးတောက်အမျိုးအစားတစ်ခုခုကိုကမ်းလှမ်း ရမယ်”
ရန်ရှောက်ထျန်းမှာ မှင်တက်သွားခဲ့လေသည်။
“ထူးဆန်းတဲ့ မီးတောက် ဟုတ်လား”
တိုက်တန်ဧရာမမိစ္ဆာက ခေါင်းငြိမ့်ပြပြီး။
“ဟုတ်တယ်” ဟု ပြောလိုက်ပြီးမှ ဆက်ပြောလိုက်သည်။
“ဒီကမ္ဘာပေါ်မှာ ထူးဆန်းတဲ့မီးတောက်တွေက အကန့်အသတ်နဲ့ပဲ ရှိတာလေ။ ကမ်းလှမ်းဖို့အတွက် ထူးဆန်းတဲ့ မီးတောက်တွေဒီလောက်အများကြီးဘယ်မှာရှိမှာလဲ။ အဘိုးကြီးရှဲ့ကပြဿနာရှာနေတာပဲ မဟုတ် လား”
“ဘယ်လို ထူးဆန်းတဲ့မီးတောက်မျိုးဖြစ်ဖြစ်အဆင်ပြေတာလား” ဟု ရန်ရှောက်ထျန်းက မေးလိုက်သည်။
“ဟုတ်တယ်၊ ဘယ်လိုထူးဆန်းတဲ့ မီးတောက်မျိုးဖြစ်ဖြစ် အဆင်ပြေတယ်”
တိုက်တန်ဧရာမမိစ္ဆာက ရန်ရှောက်ထျန်းကို ကြည့်ကာ။
“ဂိုဏ်းချုပ်ဆီမှာ ထူးဆန်းတဲ့မီးတောက်ရှိနေတာလား။ ဒါပေမဲ့ဂိုဏ်းချုပ်ကအဘိုးကြီးရှဲ့ကို တွေ့ရင် တောင်မှ အဘိုးကြီးရှဲ့ကနတ်ဘုရားဆေးအနည်အနှစ်တွေကိုပေးဖို့မဖြစ်နိုင်လှဘူး။ သူကသေချာပေါက် ပိုမို လွန်ကဲတဲ့တောင်းဆိုမှုတွေကိုထပ်လုပ်ဦးမှာပဲ။ ဂိုဏ်းချုပ်အနေနဲ့ ထူးဆန်းတဲ့မီးတောက်ကို အလဟသ မဖြုန်းတီးသင့်ပါဘူး” ဟု ပြောလိုက်သည်။
သို့သော်လည်း ရန်ရှောက်ထျန်းကမူ။
“ကိစ္စမရှိပါဘူး။ နှစ်သစ်ကူးပြီးရင် မင်းငါ့ကို ရှဲ့ဝူရှင်းဆီ ခေါ်သွားပေးပါ” ဟု ပြောလိုက်သည်။
ယခုအခါ ထူးဆန်းသောမီးတောက်များမှာ သူ့အတွက်အသုံးမဝင်တော့ပေ၊ သူသည် ဆေးဖော်စပ် ရန်အတွက် နတ်ဘုရားမီးလျှံမီးတောက်များကိုအသုံးပြုနေခြင်းဖြစ်ပြီး သူ၏လက်ထဲတွင် ထူးဆန်းသော မီးတောက်များ အမြောက်အမြားရှိနေလေသည်။ သူသည်နတ်ဘုရားနဂါးအင်ပါယာ၏ ထိပ်တန်းဂိုဏ်းကြီး လေးခုဖြစ်သော ကောင်းကင်နင်းဂိုဏ်း၊ ရှေးဟောင်းနတ်ဘုရားနန်းတော်၊ ဖူလုံဓားဂိုဏ်းနှင့် မဟာနတ်ဘုရား ဂိုဏ်းတို့ကို ဖျက်ဆီးခဲ့စဉ်က ထူးဆန်းသောမီးတောက်အမြောက်အမြား ရရှိခဲ့ခြင်း ဖြစ်လေသည်။
“မင်း အချိန်အဘိုးအိုနဲ့ပတ်သက်ပြီးသတင်းရထားတာရှိလား” ဟု ရန်ရှောက်ထျန်းက ထပ်မံမေး မြန်းလိုက်လေသည်။
“ကံကြမ္မာနတ်ဘုရားမရဲ့ တပည့်အချိန်အဘိုးအိုဟုတ်လား” ဟု တိုက်တန်ဧရာမမိစ္ဆာက အံ့အား သင့်သွားပြီးနောက် ခေါင်းခါပြလိုက်သည်။
“အချိန်အဘိုးအို ပေါ်မလာတာနှစ်ပေါင်းများစွာကြာလှပြီ၊ အနည်းဆုံးနှစ်ပေါင်း တစ်သိန်းလောက် တော့ ရှိပြီပေါ့။ အခုဆိုရင်ဘယ်သူမှ သူ့ရဲ့ တည်နေရာကိုမသိကြတော့ဘူး”
***