"အရိပ်အသွင်း ပြောင်းလဲခြင်းကို သုံးပြီး ငါ့ရဲ့ အငွေ့အသက်ကို ဖုံးကွယ်ထားလို့ ရတာပဲ" လုံချန်းက ရေရွတ်ရင်း ပြန်ထွက်မည့် လမ်းဘက်သို့ ကြည့်လိုက်သည်။
သူသည် လာလမ်းအတိုင်း ပြန်လျှောက်လာရာ မကြာမီမှာပင် တံခါးနှစ်ချပ်ရှိသော ခန်းမကြီးထဲသို့ ရောက်ရှိသွားသည်။
"ဟင်... ရုပ်တုက ကွဲနေတာလား" ကြေမွနေသော ဖီးနစ်ရုပ်တုကို ကြည့်ပြီး လုံချန်းက မျက်မှောင်ကြုတ်လိုက်မိသည်။
"တစ်ယောက်ယောက်တော့ တော်တော် ဒေါသထွက်ပြီး ဒီရုပ်တုကို ဖျက်ဆီးသွားတာပဲ ဖြစ်ရမယ်။ ဟုတ်မှာပေါ့... ငါလုပ်ခဲ့တာတွေကြောင့် ကျောင်းတော်သခင်နဲ့ ယဇ်ပုရောဟိတ်တွေ သွေးရူးသွေးတန်း ဖြစ်နေကြမှာပဲ။ သူတို့ ဒေါသထွက်ပြီး ရုပ်တုကို ရိုက်ခွဲသွားတာ ဖြစ်နိုင်ပါတယ်။ ဒုတိယရုပ်တုကိုတော့ မခွဲသွားတာ အံ့သြစရာပဲ" လုံချန်းက မပျက်မစီးဘဲ ကျန်နေသေးသည့် ဒုတိယရုပ်တုကို ကြည့်ကာ ခပ်ပြုံးပြုံး ပြောလိုက်သည်။
"နင် သူတို့ကို ဒီလောက် ဒုက္ခပေးထားတာပဲ... ဒါထက်မကလည်း ဖြစ်နိုင်တာပေါ့" ရွှင်းက ရယ်မောရင်း ဆိုသည်။
"ဒါက အစပဲ ရှိသေးတာ။ ဒီနေ့တော့ မဟုတ်ပေမဲ့ တစ်နေ့ကျရင် ငါ ပြန်လာပြီး ဒီအောက်တန်းကျတဲ့ တစ္ဆေကျောင်းတော်ရဲ့ အစိတ်အပိုင်းတိုင်းကို ဖျက်ဆီးပစ်မယ်။ ဒီဂြိုဟ်ပေါ်ကနေ သူတို့မျိုးပြုတ်သွားအောင် ငါ လုပ်ပြမယ်" လုံချန်းက ထိုရုပ်တုကို နောက်ဆုံးတစ်ခေါက် ကြည့်ကာ ရေရွတ်ပြီးနောက် ထွက်ခွာလာခဲ့သည်။
သူ သတ်ချင်နေသော လူများမှာ ယခုအချိန်တွင် သတိလစ်မေ့မြောကာ အပြစ်ပေးခံနေရပြီ ဖြစ်ကြောင်း လုံချန်း မသိရှာပေ။ အကယ်၍သာ သူသည် အဖြူရောင်စင်္ကြံလမ်းထဲသို့ ဝင်သွားပြီး ထိုသူများကို ရှာကြည့်လျှင် အလွန်လွယ်ကူစွာ သတ်ဖြတ်နိုင်မည် ဖြစ်သည်။ သူတို့ရှိရာနှင့် မိနစ်အနည်းငယ်သာ ဝေးသော်လည်း လုံချန်းက ထိုသို့ မတွေးမိခဲ့ပေ။
သူတို့ကို မလှုပ်မယှက်ဖြစ်အောင် တစ်စုံတစ်ခုက လုပ်ထားလိမ့်မည်ဟု သူ မမျှော်လင့်ထားသလို ကွဲအက်နေသော ရုပ်တုကို မြင်လိုက်ရသဖြင့် ကျန်သည့်သူများ အကုန်လုံး ထွက်သွားကြပြီဟုသာ သူ ထင်လိုက်ခြင်း ဖြစ်သည်။
အချိန်အနည်းငယ် ကြာပြီးနောက် လုံချန်းသည် ဂူသင်္ချိုင်းအပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။
"ငါ့အထင် မမှားဘူးဆိုရင် ဒီနေရာကို စောင့်နေတဲ့သူတွေက အဆင့်နိမ့် ကျင့်ကြံသူတွေပဲ ဖြစ်ရမယ်။ အနည်းဆုံးတော့ ငါ့ရဲ့ အမှောင်နိယာမနဲ့ ဟင်းလင်းပြင်နိယာမကို သုံးပြီး ကိုင်တွယ်လို့ရတဲ့ အဆင့်တွေပေါ့။ ငါ ဒီနေရာကနေ ထွက်သွားနိုင်တာနဲ့ မလွတ်မြောက်ခင်မှာ သူတို့ကို ဒုက္ခပေးဖို့ဆိုတာ ကလေးကစားစရာလို လွယ်ကူမှာပါ" လုံချန်းက သွေးဆာနေသော မိစ္ဆာတစ်ဦးကဲ့သို့ ပြုံးလိုက်သည်။
"အပြင်ရောက်ပြီဆိုရင် ငါ့ရဲ့ ဟင်းလင်းပြင် ဖြတ်သန်းခြင်းကို ကောင်းကောင်း သုံးလို့ရပြီဆိုတော့ ဒီတစ္ဆေကျောင်းတော်ကို နည်းနည်းလောက် မွှေနှောက်သွားရမှာပေါ့။ အဲဒီ လူကြီးအတွက် လက်ဆောင်လေး တစ်ခုခု ထားခဲ့ချင်သေးတယ်" လုံချန်းက သူ၏ ဝိညာဉ်ဓားကို ထုတ်ယူလိုက်သည်။
သူသည် ဓားပေါ်သို့ နင်းကာ သူလာခဲ့သော လမ်းကြောင်းအတိုင်း ပြန်လည် ပျံသန်းလာခဲ့သည်။ သူ သွားနေသော လမ်းမှာ အမြဲတမ်း ပွင့်နေသည့် လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်ဆီသို့ ဖြစ်သည်။ ထိုဝင်ပေါက်တွင် အစောင့်များ အမြဲတမ်း ရှိနေတတ်သည်။
ခဏမျှ ပျံသန်းပြီးနောက် ဝင်ပေါက်နားသို့ ရောက်သောအခါ လုံချန်းက ဓားပေါ်မှ ဆင်းလိုက်သည်။ သူသည် အခုအခါ ကောင်းကင်အဆင့် ကျင့်ကြံသူ ဖြစ်နေပြီဖြစ်သဖြင့် လေပေါ်တွင် လမ်းလျှောက်နိုင်သော်လည်း ပြင်ပအကူအညီမပါဘဲ ပျံသန်းရန်တော့ မဖြစ်နိုင်သေးပေ။
လုံချန်းသည် အရိပ်အသွင် ပြောင်းလဲခြင်းကို အသက်သွင်းကာ အစောင့်များရှိရာသို့ ပြေးသွားသည်။ သူသည် လုံးဝ မမြင်နိုင်သော အခြေအနေ ဖြစ်သွားခဲ့သည်။ သူ၏ အငွေ့အသက်မှာလည်း လုံးဝ ပျောက်ကွယ်သွားသဖြင့် သူ၏ အသက်ရှူသံနှင့် လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသော လေစီးကြောင်းကို မသိနိုင်ပါက သူ မည်သည့်နေရာတွင် ရှိနေကြောင်း သိရန် မဖြစ်နိုင်ပေ။
လုံချန်းသည် အစောင့်နှစ်ယောက်၏ မီတာ တစ်ရာအတွင်းသို့ ရောက်ရှိသွားသည်။ ထိုအစောင့်များမှာ ကောင်းကင်အဆင့် အမြင့်ဆုံး ကျင့်ကြံသူများ ဖြစ်ကြသည်။
သူသည် ထိုအကွာအဝေးသို့ ရောက်သည်နှင့် ရုတ်တရက် ပျောက်ကွယ်သွားပြီး အစောင့်များ၏ နောက်ကျောဘက်တွင် ပေါ်လာကာ ဓားဖြင့် ထိုးနှက်လိုက်သည်။ ထိုအခါမှ ကိုယ်ယောင်ဖျောက်ထားမှုကို ရပ်တန့်လိုက်သည်။
ဓားသည် အစောင့်တစ်ဦး၏ နှလုံးသားကို ဖောက်ထွက်သွားသည်။
"အား..."
ထိုအစောင့်၏ ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ လုံချန်းက ဓားကို ပြန်ဆွဲထုတ်ကာ ဒုတိယအစောင့်၏ နောက်သို့ ချက်ချင်း ကူးပြောင်းသွားသည်။
လုံချန်း၏ တိုက်ခိုက်မှု စတင်ခဲ့သည်မှာ စက္ကန့်အနည်းငယ်သာ ရှိသေးသည်။ ဒုတိယအစောင့်မှာ သူ၏ သူငယ်ချင်း ညည်းညူသံကို ကြားလိုက်ရသော်လည်း သူ လှည့်ကြည့်ရန် မပြင်ရသေးခင်မှာပင် ဓားတစ်ချက်က ဝှေ့ယမ်းလာပြီး သူ၏ ခေါင်းကို ဖြတ်ချလိုက်လေပြီ။
လုံချန်းသည် ပထမအစောင့်ဆီသို့ ပြန်လျှောက်သွားပြီး ခေါင်းကို ထပ်မံဖြတ်တောက်လိုက်ကာ ဝင်ပေါက်ဆီသို့ လှည့်ကြည့်လိုက်သည်။
"ဒီနေရာကနေ ထွက်သွားဖို့ အချိန်တန်ပြီ..." လုံချန်းက ရေရွတ်ရင်း ဝင်ပေါက်ထဲသို့ ဝင်သွားတော့သည်။
လုံချန်းသည် တစ္ဆေကျောင်းတော်၏ ၂၆ ထပ်သို့ ပြန်လည်ရောက်ရှိလာသည်။
သူ ပေါ်လာသည်နှင့် အစောင့် ၆ ယောက်ခန့်ကို တွေ့လိုက်ရသော်လည်း လုံချန်းက ကိုယ်ယောင်ဖျောက်ထားသဖြင့် သူတို့က မမြင်ကြပေ။ လုံချန်းက သူ၏ ရှေးဟောင်းလက်စွပ်ကို ကြည့်ကာ ပြုံးလိုက်သည်။
သူသည် အစောင့်များ၏ နောက်ကွယ်သို့ ကူးပြောင်းသွားသည်။ ထို့နောက်တွင်တော့ မည်သူက တိုက်ခိုက်နေမှန်း မသိဘဲ လူများ တစ်ယောက်ပြီး တစ်ယောက် သေဆုံးကုန်သည့် တစ္ဆေ သတ်ဖြတ်ပွဲကြီး စတင် တော့သည်။
အကယ်၍ ထိုသူများမှာ ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူများ ဖြစ်နေပါက အခြေအနေ ပြောင်းလဲနိုင်သော်လည်း သူတို့မှာ ကောင်းကင်အဆင့်များသာ ဖြစ်သဖြင့် ကိုယ်ယောင်ဖျောက်ထားသော လုံချန်းကို မြင်နိုင်စွမ်း မရှိကြပေ။
မိနစ်အနည်းငယ်အတွင်းမှာပင် အစောင့်အားလုံး သေဆုံးသွားခဲ့သည်။ လုံချန်းက မြေပြင်ပေါ်က အလောင်းများကို ကြည့်ကာ ကိုယ်ယောင်ဖျောက်ခြင်းကို ဖျက်သိမ်းလိုက်သည်။
"ကိုယ်ယောင်ဖျောက်တာကို ငါ အလိုရှိသလောက် အကြာကြီး သုံးလို့မရသေးဘူး။ အကြာကြီး သုံးလို့ရရင် ကောင်းမှာပဲ... အခုတော့ နာရီဝက်တောင် မခံဘူး" လုံချန်းက သက်ပြင်းချရင်း ဆိုသည်။
သူသည် ထိုအထပ်ရှိ နန်းတော်ဘက်သို့ ကြည့်လိုက်သော်လည်း သွားရောက်မတိုက်ခိုက်ခဲ့ပေ။ ကျောင်းတော်သခင်နှင့် အကြီးအကဲများ ထိုနေရာမှာ ရှိနေနိုင်သဖြင့် သူ သွားလိုက်ပါက သူ၏ ဖျက်ဆီးရေး အစီအစဉ် ပျက်သွားနိုင်ပြီး ထွက်ပြေးရပေလိမ့်မည်။
"မကြာခင်ပေါ့..." လုံချန်းက ရေရွတ်ရင်း ခြံဝင်းကြီးဘက်သို့ ကြည့်ခြင်းကို ရပ်လိုက်သည်။
ထို့နောက် သူ အသက်ချန်ထားခဲ့သည့် တစ်ဦးတည်းသော အစောင့်ဆီသို့ ငုံ့ကြည့်လိုက်သည်။ သူသည် ထိုအစောင့်၏ ခြေလက်များကို ဖြတ်ထားသော်လည်း အချို့အဖြေများကို လိုချင်သဖြင့် မသတ်သေးဘဲ ချန်ထားခြင်း ဖြစ်သည်။
"ပြောစမ်း... ၂၁ ထပ်ကို သွားတဲ့ ဝင်္ကပါက ဘယ်မှာလဲ" လုံချန်းက နာကျင်မှုကြောင့် အော်ဟစ်နေသော အစောင့်၏ လည်ပင်းကို ခြေထောက်ဖြင့် နင်းကာ မေးလိုက်သည်။ ထိုလူမှာ နာကျင်လွန်းသဖြင့် အော်နေရုံမှအပါး ဘာမှ ပြန်မပြောနိုင်ပေ။
"အခုချက်ချင်း မဖြေရင် မင်းရဲ့ အဖိုးတန်တဲ့ အစိတ်အပိုင်းတွေကို ငါ ထပ်ဖြတ်ပစ်မယ်" လုံချန်းက ခြိမ်းခြောက်လိုက်သည်။
"တောင်ဘက်မှာ... အဲဒီမှာ ဝင်္ကပါ တစ်ခုပဲ ရှိတယ်။ ရှာတွေ့လိမ့်မယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ။ မသတ်ပါနဲ့" ထိုအစောင့်က အဖြေပေးပြီးနောက် အသက်ဘေးမှ လွတ်ရန် တောင်းပန်တိုးလျှိုးနေတော့သည်။
"ဟက်... စိတ်မပူပါနဲ့။ ငါ မင်းကို မသတ်ပါဘူး" လုံချန်းက အပြစ်ကင်းစင်ပုံရသော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
အစောင့်မှာ သက်ပြင်းချကာ စိတ်အေးသွားစဉ်မှာပင် လုံချန်းက ဓားကို ဝှေ့ယမ်းကာ ထိုသူ၏ ခေါင်းကို ဖြတ်ချလိုက်လေသည်။
"ငါ မင်းကို မသတ်ဘူး... ငါ့ဓားက သတ်တာ" လုံချန်းက ရေရွတ်ရင်း လှည့်ထွက်လာခဲ့သည်။ သူသည် ဝိညာဉ်ဓားပေါ်သို့ နင်းကာ တောင်ဘက်သို့ ပျံသန်းသွားတော့သည်။
ခေတ္တမျှ ပျံသန်းပြီးနောက် လုံချန်းသည် တစ္ဆေကျောင်းတော်၏ တောင်ဘက်ရှိ ဟင်းလင်းပြင် ကူးပြောင်းရေး ဝင်္ကပါဆီသို့ ရောက်သွားသည်။ အစောင့်များကို သတ်ဖြတ်ပြီးနောက် သူသည် ဝင်္ကပါထဲသို့ ဝင်လိုက်သည်။
ဝင်္ကပါမှာ စတင်တောက်ပလာသည်။
လုံချန်း ပျောက်ကွယ်သွားပြီး အခြားအထပ်တစ်ခုတွင် ပေါ်လာခဲ့သည်။ ကိုယ်ယောင်ဖျောက်ခြင်းတစ်ခုတည်းနှင့် ကျောင်းတော်သခင်နှင့် အကြီးအကဲများကို သတ်ရန် သူ မသန်မာသေးမှန်း သိသည်။
ထို့ကြောင့် ဂိုဏ်းကို ဒုက္ခပေးနိုင်မည့် အကောင်းဆုံးနည်းလမ်းမှာ ဂိုဏ်း၏ အထောက်အပံ့ တိုင်လုံးကြီးများကို ဖြိုချရန် ဖြစ်သည်။ သူသည် ဂိုဏ်း၏ အကြီးအကဲများကို သတ်ချင်သော်လည်း ထိုသို့ မလုပ်နိုင်ကြောင်း သူ သိသည်။
အကယ်၍ သူသာ အကြီးအကဲများကို သတ်လျှင် မူယွမ်ကိုပါ သတ်ရပေလိမ့်မည်။ မူယွမ်အား မသတ်ဘဲ ကျန်သည့် သူများကိုသာ သတ်လိုက်လျှင် သူမအပေါ် သင်္ကာမကင်း ဖြစ်စေပြီး သူမအတွက် နေရခက်သွားစေနိုင်သည်။
ထို့ကြောင့် သူသည် အကြီးအကဲများကို သတ်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။ သူ့အစီအစဉ်က ဤဂိုဏ်း၏ တပည့်အားလုံးကို သတ်ပစ်ဖို့ ဖြစ်သည်။ တစ္ဆေကျောင်းတော်၏ အနာဂတ်ကို သူ ဖျက်ဆီးပစ်မည် ဖြစ်သည်။ တပည့်များ မရှိလျှင် ဂိုဏ်းဆိုသည်မှာ ဘာမှ မဟုတ်တော့ပေ။ ထို့ပြင် ထိုတပည့်များကလည်း လူကောင်းများ မဟုတ်ကြပေ။
***