"တစ္ဆေကျောင်းတော်က သူတို့ကို သေချာပေါက် တိုက်ခိုက်လိမ့်မယ်။ ငါတို့ သူတို့ကို သတိပေးပြီး ဒီကနေ ထွက်သွားခိုင်းသင့်တယ်" လုံကျွင်းက တစ်စုံတစ်ခုကို တွေးမိကာ ရုတ်တရက် ပြောလိုက်သည်။
"ဟင်... အဖိုး၊ အဖေ့ကို မပြောပြရသေးဘူးလား" လုံချန်းက လုံရန်ကို လှည့်မေးလိုက်၏။
"ငါတို့မှာ ဒီထက် ပိုအရေးကြီးတဲ့ ကိစ္စတွေ ရှိနေတာနဲ့ အဲဒီအကြောင်းက သိပ်မရေးကြီးတော့ဘူးလေ။ အားလုံးက မင်းအတွက်ပဲ စိုးရိမ်နေကြတာ" လုံရန်က ခေါင်းခါရင်း ပြန်ဖြေသည်။
"ဘာဖြစ်လို့လဲ။ ကျွန်တော် မသိသေးတဲ့ ကိစ္စတွေ ဘာတွေရှိနေတာလဲ။ မျိုးနွယ်စုမှာ တစ်ခုခု ဖြစ်ခဲ့လို့လား" လုံကျွင်းက အံ့အားသင့်စွာ မေးလိုက်၏။
"အင်း... အပြောင်းအလဲတချို့ ရှိခဲ့တယ်။ လုံမျိုးနွယ်စုဆိုတာ မရှိတော့ဘူး။ ဖျက်ဆီးခံလိုက်ရပြီ။ ငါတို့ အခုနေနေတဲ့ ကမ္ဘာငယ်လေးက အပန်းဖြေစခန်း မဟုတ်ဘူး၊ ငါတို့ရဲ့ အိမ်သစ်ပဲ" လုံရန်က သက်ပြင်းချရင်း ဆိုသည်။
"ဘာတွေ ဖြစ်ခဲ့တာလဲ။ တစ္ဆေကျောင်းတော်က လုံမျိုးနွယ်စုကို ဖျက်ဆီးပစ်လိုက်တာလား။ အဲဒီလူယုတ်မာတွေ။ ငါသာ သူတို့နဲ့ ပူးပေါင်းရင် ငါ့ရဲ့ လုံမျိုးနွယ်စုနဲ့ ပတ်သက်သူမှန်သမျှကို လက်ဖျားနဲ့တောင် မတို့ပါဘူးလို့ သူတို့ ကတိပေးခဲ့တာပဲ။ အဲဒီကောင်တွေ ငါ့ကို လိမ်ခဲ့တာပေါ့... မျိုးနွယ်စုကို ဖျက်ဆီးပစ်လိုက်ကြပြီ" လုံချန်းကျွင်းမှာ ထိုသတင်းကြောင့် တုန်လှုပ်သွားရသလို ဝမ်းလည်းနည်းသွား၏။ တစ္ဆေကျောင်းတော်က သူ့မျိုးနွယ်စုကို ဖျက်ဆီးပစ်လိုက်ပြီး အပြစ်အားလုံးကို သူ့ပခုံးပေါ် ပုံချလိုက်ပြီဟု သူ ထင်မြင်သွားခြင်း ဖြစ်သည်။
လုံကျွင်းမှာ ဒူးထောက်လျက် ကျဆင်းသွားတော့သည်။
"တောင်းပန်ပါတယ် အဖေ။ ကျွန်တော့်ကြောင့်နဲ့ အခုတော့..." လုံကျွင်းက သူ့ကြောင့် ဂိုဏ်းဖျက်ဆီးခံရသည်ဟု ထင်ကာ အားလုံးကို တောင်းပန်ရန် ပြင်လိုက်၏။
"တစ္ဆေကျောင်းတော် လုပ်တာ မဟုတ်ပါဘူး။ မင်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေဖို့ မလိုဘူး" လုံရန်က လုံချန်းကျွင်း၏ ပခုံးကို ကိုင်ကာ ညင်သာစွာ ပြောလိုက်သည်။
"တစ္ဆေကျောင်းတော် လုပ်တာ မဟုတ်ရင်... ဘယ်သူလဲ" လုံချန်းကျွင်းက မျက်မှောင်ကြုတ်၍ မေးလိုက်၏။
"ဒီတိုက်ကြီးရဲ့ ထိပ်တန်း အဖြူရောင်ဂိုဏ်း ၁၀ ဂိုဏ်းနဲ့ မိစ္ဆာဂိုဏ်းကြီး ၉ ဂိုဏ်းထဲက ၈ ဂိုဏ်းပဲ။ သူတို့ တစ်ဂိုဏ်းချင်းစီက အကြီးအကဲတစ်ယောက်စီ လွှတ်ပြီး ကျွန်တော်တို့ မျိုးနွယ်စုကို ဖျက်ဆီးခိုင်းခဲ့တာ" လုံချန်းက ပြန်ဖြေလိုက်သည်။
"သူတို့က ကျွန်တော့်ကို သတ်ချင်တာ၊ ကျွန်တော့်ကို ရှာမတွေ့တဲ့အခါ မိသားစုကို ပစ်မှတ်ထားခဲ့ကြတာပဲ။ သူတို့က ထိပ်တန်း ပညာရှင်တွေဆိုတော့ ကျွန်တော်တို့ မိသားစုက သူတို့ကို ဘယ်ယဉ်နိုင်ပါ့မလဲ။ မျိုးနွယ်စုဝင် တော်တော်များများ အသက်ရှင်ကျန်ရစ်ပြီး တခြားမျိုးနွယ်စု တစ်စုကို ပြောင်းသွားကြပေမဲ့ ကျွန်တော်တို့ရဲ့ လုံမျိုးနွယ်စုကတော့ ပျက်စီးသွားပြီ။ တစ်ယောက်ယောက်ကို အပြစ်တင်ရမယ်ဆိုရင် အဲဒါ ကျွန်တော်ပဲ ဖြစ်ရမယ်" လုံချန်းက သူတို့တိုက်ကြီးရှိရာ အရပ်မျက်နှာကို ငေးကြည့်ရင်း လုံကျွင်းကို ပြောလိုက်သည်။
"ထိပ်တန်း အဖြူရောင်ဂိုဏ်းတွေနဲ့ မိစ္ဆာဂိုဏ်းတွေ ဟုတ်လား။ သူတို့က ဘာလို့ မင်းကို သတ်ချင်နေရတာလဲ" လုံကျွင်းက မေးလိုက်၏။
"သိပ်တော့ မကြီးကျယ်ပါဘူး။ သူတို့ရဲ့ အကြီးအကဲတချို့က ကျွန်တော့်ကို သတ်ချင်နေလို့ ကျွန်တော်က သူတို့ကို အကုန် သတ်ပစ်လိုက်တာ။ ကံဆိုးတာက သူတို့ဂိုဏ်းတွေက ဘယ်လိုနည်းနဲ့ သိသွားလဲတော့ မသိဘူး၊ ကျွန်တော်တို့ မိသားစု ရှိတဲ့နေရာကိုပါ စုံစမ်းမိသွားကြတယ်။ အဲဒါနဲ့ လက်စားချေဖို့ တစ်ဂိုဏ်းကို အကြီးအကဲ တစ်ယောက်စီ လွှတ်လိုက်တာပဲ။ ကျွန်တော် သူတို့ကို အကုန် သတ်ပစ်လိုက်နိုင်ပေမဲ့ မျိုးနွယ်စုဝင် အားလုံးကိုတော့ မကယ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ လူအများစုကတော့ ဘေးကင်းပါတယ်။ တခြားမျိုးနွယ်စု တစ်စုမှာ အဆင်ပြေပြေ နေနေကြလိမ့်မယ်" လုံချန်းက အကျိုးအကြောင်း ရှင်းပြလေသည်။
"ပြီးတော့ အဲဒီ ထိပ်တန်းဂိုဏ်းတွေက ကျွန်တော့်ကို ဒေါသထွက်ပြီး ကျွန်တော့်မိသားစုကို လိုက်ရှာမှာ သေချာနေလို့ အဖိုး၊ မေမေနဲ့ တခြားသူတွေကို ခေါ်ပြီး တိုက်ကြီးကနေ ထွက်လာခဲ့ရတာပါ။ သူတို့ကို ဘေးကင်းတဲ့ ရတနာဟင်းလင်းပြင်ထဲမှာ ထားထားတာ။ အဖေလည်း အဲဒီမှာပဲ နေပြီး ကျင့်ကြံရမှာပါ"
လုံကျွင်းသည် လုံချန်းကို ဂုဏ်ထူးဆောင် တစ်ယောက် မဟုတ်ဘဲ မိစ္ဆာတစ်ကောင်ကို ကြည့်သကဲ့သို့ ကြောင်တောင်တောင် ကြည့်နေမိသည်။
"မင်း... ငါ့သားဆိုတာ တကယ်ပဲလား" လုံချန်းကျွင်းက မေးလိုက်၏။
"ဟုတ်ပါတယ် အဖေ" လုံချန်းက ခါးသက်သက် ပြုံးရင်း ပြန်ဖြေသည်။
"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ မင်း အသက်က ၂၀ တောင် မပြည့်သေးဘူးလေ။ ထိပ်တန်းဂိုဏ်းတွေရဲ့ အကြီးအကဲတွေကို ဘယ်လိုသတ်တာလဲ။ တစ္ဆေကျောင်းတော်ရဲ့ ကျောင်းတော်သခင်နဲ့ အကြီးအကဲတွေ မျက်စိအောက်ကနေရော ဘယ်လို လွတ်အောင် ထွက်လာတာလဲ" လုံကျွင်းက လုံချန်းကို မေးပြီးနောက် လုံရန်ကို မယုံနိုင်စရာ ကောင်းသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။ "အဖေ... ဒါ ဘာတွေ ဖြစ်နေတာလဲ။ ဒီကျင့်ကြံမှုနှုန်းက မယုံနိုင်စရာကြီး မဟုတ်ဘူးလား"
"ဒါပေါ့၊ ဘယ်လောကမှာ ဒါမျိုးက ပုံမှန်ရှိလို့လဲ။ ငါ့မြေးက ကောင်းကင်ဘုံက ပေးလိုက်တဲ့ ပါရမီရှင်ပဲ၊ ကမ္ဘာပေါ်မှာ ဒီလိုလူမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။ နောက် အနှစ် ၂၀ ကြာရင် သူ ဘယ်အဆင့်ထိ ရောက်သွားမလဲဆိုတာ ငါတောင် စဉ်းစားလို့ မရဘူး။ ကံကောင်းတာက ငါကတော့ ရတနာကမ္ဘာထဲမှာ နေနေရတော့ သူနဲ့အတူ ရှိနေမှာဆိုတော့ နောက်ကျန်ခဲ့မှာ မဟုတ်ဘူး" လုံရန်က ရယ်မောရင်း ပြောလိုက်၏။
"မင်းအတွက် တကယ် ဂုဏ်ယူပါတယ် သားလေး။ ငါ ငယ်ငယ်တုန်းက ငါ့ကိုယ်ငါ ပါရမီရှိတယ် ထင်ခဲ့တာ၊ အခုတော့ ငါ့အထင်တွေက ကလေးကလား ဖြစ်သွားပြီ။ မင်းက ဒီအဖိုးကြီးထက် အဆပေါင်း ထောင်ချီ ပိုပြီး အစွမ်းထက်နေပြီပဲ။ တကယ်ကို မယုံနိုင်စရာပဲ" လုံကျွင်းက လုံချန်းကို ကြည့်ပြီး ပြုံးလိုက်သည်။
လုံကျွင်းမှာ အလွန်အမင်း ဝမ်းသာသွားသော်လည်း ရုတ်တရက် တစ်ခုခုကို တွေးမိကာ မျက်နှာက တည်သွား၏။ သူက မျက်မှောင်ကြုတ်လိုက်သည်။
"နေဦး... မင်းက ဘာဖြစ်လို့ မူယွမ်ရဲ့ သားအဖြစ် ဟန်ဆောင်နေတာလဲ" သူက လုံချန်းကို မေးလိုက်၏။
"ကျွန်တော် ရုပ်ဖျက်ဖို့ လိုအပ်နေလို့ သေသွားတဲ့သူ့သားအဖြစ် ဟန်ဆောင်ခဲ့တာပါ" လုံချန်းက သက်ပြင်းချရင်း ဆိုသည်။ "ဒါက မကောင်းမှန်း ကျွန်တော် သိပေမဲ့ တခြားရွေးချယ်စရာ မရှိလို့ပါ"
"သူ့သားကို မင်း သတ်လိုက်တာတော့ မဟုတ်ပါဘူးနော်" လုံချန်းကျွင်းက တည်ငြိမ်သော လေသံဖြင့် လုံချန်း၏ မျက်လုံးကို စိုက်ကြည့်ကာ မေးလိုက်သည်။
"မဟုတ်ပါဘူး။ ကျွန်တော် အဲဒီကို ရောက်သွားတဲ့အချိန်မှာ မိန်းကလေးတစ်ယောက်က သူ့ကို သတ်ပြီး ရေထဲ ပစ်ချလိုက်တာပါ။ ကျွန်တော်က ရတနာတစ်ခုကို သုံးပြီး သူ့အသွင်နဲ့ ကျောင်းတော်ထဲ ဝင်ခဲ့တာပါ" ဟု လုံချန်းက ဖြေလိုက်၏။
"ဘာဖြစ်လို့လဲ။ အဖေက သူ့ကို သိလို့လား" လုံကျွင်း၏ ဝမ်းနည်းနေသော မျက်နှာထားကို မြင်သဖြင့် လုံချန်းက မေးလိုက်သည်။
"ငါ တစ်ခါမှ မဆုံဖူးပေမဲ့ ငါနဲ့ တကယ်ကို နီးစပ်တဲ့သူ တစ်ယောက်ပါ။ ငါ ဂိုဏ်းထဲမှာ စုံစမ်းသိရှိရသလောက်တော့ မူယွမ်က ငါ့ရဲ့ ဝမ်းကွဲညီမပဲ။ ဒါကြောင့် သူ့သားက မင်းရဲ့ ဝမ်းကွဲညီပေါ့။ တစ်နည်းအားဖြင့် ပြောရရင် ဒီကမ္ဘာမှာ မင်းကလွဲလို့ ငါ့မှာ ကျန်ရှိတဲ့ တစ်ဦးတည်းသော သွေးသားရင်းချာပါပဲ" လုံကျွင်းက ထိုင်ချလိုက်ရင်း ရေရွတ်လိုက်၏။
လုံရန်မှာ လုံကျွင်းသည် သူ၏ သားအရင်း မဟုတ်ကြောင်း သတိရသွားသဖြင့် ခေါင်းငုံ့သွား၏။ သူ အနည်းငယ် စိတ်ထိခိုက်သွားသော်လည်း ဘာမှတော့ မပြောပေ။
"သူ... သူက ကျွန်တော့်ရဲ့ အဒေါ်လား" လုံချန်းက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
'ဒါဆိုရင်တော့ ဟုတ်ပြီ။ ပုံမှန်ဆိုရင် ငါက သွေးသားတော်စပ်သူတွေကလွဲရင် တခြားသူတွေအပေါ် ဒီလောက်အထိ သံယောဇဉ် မရှိတတ်ဘူး။ ဒါကြောင့် သူက ငါနဲ့ တကယ် တော်စပ်နေတာပဲ။ မူလင်းကလည်း ငါ့ညီဖြစ်နေတာပေါ့၊ ဒါကို ငါ့မျက်စိရှေ့မှာတင် သူ သေသွားတာကို ကြည့်နေခဲ့မိတာပဲ' လုံချန်းက သက်ပြင်းချရင်း တွေးလိုက်မိသည်။
"အဖေ... ကျွန်တော်တို့ ဘာမှ ပြောင်းလဲလို့ မရတော့ဘူး။ မူလင်းက သေသွားပြီ။ အဒေါ်ယွမ်က ကျောင်းတော်မှာ ကျန်ခဲ့ပေမဲ့ ကျွန်တော် မထွက်လာခင်မှာ ကျွန်တော်နဲ့ သူနဲ့ ပတ်သက်မှု မရှိအောင် သေချာ စီစဉ်ခဲ့ပါတယ်။ သူကတော့ အဲဒီမှာ ဆက်ပြီး ဘေးကင်းကင်း နေနိုင်မှာပါ။ နောက်တစ်ခါ အဲဒီကို သွားရင် သူ့ကို ခေါ်လာလို့ ရတာပဲ" လုံချန်းက လုံကျွင်းကို နှစ်သိမ့်လိုက်သည်။
"အဲဒါ... မင်း အန္တရာယ် အဖြစ်မခံပါနဲ့။ သူ အဲဒီမှာ ဘေးကင်းမှာပါ။ ကျောင်းတော်သခင်တောင် ကြောက်ရတဲ့ နောက်ခံ သူ့မှာ ရှိတယ်လို့ ကြားဖူးတယ်။ သူ့ကို သူတို့ ဒုက္ခပေးရဲမှာ မဟုတ်ဘူး" လုံကျွင်းက ခေါင်းခါရင်း ဆိုသည်။
သူက မူယွမ်ကို ကျောင်းတော်ကနေ လွတ်မြောက်စေချင်သော်လည်း ထိုကိစ္စအတွက် လုံချန်းကို အန္တရာယ် အဖြစ်မခံစေလိုပေ။
"သူ့မှာ နောက်ခံ ရှိတာလား။ ဘယ်သူ့နောက်ခံလဲ" လုံချန်းက မေးလိုက်၏။
"ငါလည်း အသေအချာတော့ မသိဘူး။ ကြားဖူးတာကတော့ သူ့ရဲ့ ခင်ပွန်းက ကျောင်းတော်သခင်တောင် ကြောက်ရလောက်အောင် အစွမ်းထက်တဲ့သူ တစ်ယောက်ဆိုပဲ" လုံချန်းကျွင်းက ဖြေလိုက်သည်။
'သူ့ရဲ့ ခင်ပွန်းလား' လုံချန်းက မျက်မှောင်ကြုတ်လျက် တွေးတောနေမိသည်။ 'သူက အသက်ရှင်နေသေးတာလား'
"နဂါးမျိုးနွယ်စုရဲ့ ပညာရပ်တွေကို ရခဲ့တဲ့ အဲဒီလူက တစ္ဆေကျောင်းတော် သခင်ထက် ပိုပြီး အစွမ်းထက်မှာ သေချာပါတယ်။ ဒါပေမဲ့ သူ အခုထိ အသက်ရှင်နေသေးတယ်ဆိုတာကတော့ အံ့သြစရာပဲ" ရွှင်းက လုံချန်းအနားတွင် ပေါ်လာပြီး ပြောလိုက်သည်။
'သူ သေသွားပြီး သူတို့ မသိတာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီအတွက်ကြောင့် အဒေါ်ယွမ် ဘေးကင်းနေတာကတော့ ကောင်းတာပေါ့။ သူက ငါတို့ကို မရည်ရွယ်ဘဲနဲ့ ကူညီပေးခဲ့တာပဲ' လုံချန်းက ရွှင်းကို ပြန်ပြောလိုက်သည်။
***