မုန့်ဝမ်၏ ပွင့်လင်းလွန်းသော စကားများကို ကြားပြီးနောက် လီယွမ်ယွမ်မှာ အတန်ကြာအောင် တိတ်ဆိတ်သွားသည်။
အမှန်တရားကို မသိဘဲ ချန်းလန်လောကတွင် ကျန်ရစ်ခဲ့သူများသည် ဤရက်စက်ပြီး အေးစက်သော လက်တွေ့ဘဝကို ရင်မဆိုင်ရသဖြင့် ကံကောင်းကြသည်ဟု ဆိုရပေမည်။
သို့သော် သူတို့မှာ သနားစရာလည်း ကောင်းလှသည်..... တစ်သက်လုံး သူတစ်ပါး၏ အထင်သေးသော အကြည့်များအောက်တွင် နေထိုင်ရပြီး သေသည်အထိ အောက်ကမ္ဘာထဲတွင် ပိတ်မိကာ စစ်မှန်သော လောကကြီးကို တစ်ခါမျှ မြင်တွေ့ခွင့် ရကြမည်မဟုတ်ပေ။
အတန်ကြာမှ လီယွမ်ယွမ်က တိုးတိုးလေး ရေရွတ်လိုက်သည်။
“ငါက မိစ္ဆာကျင့်ကြံသူတစ်ယောက်အနေနဲ့ ငါ့ရဲ့ ရက်စက်မှုက အနှိုင်းမဲ့တယ်လို့ တစ်ခါက ထင်ခဲ့တာ..... ဒါပေမဲ့ ကျင့်ကြံသူတွေကို ခွေးတွေ..... ဝက်တွေလို မွေးမြူထားတဲ့ ဝူမိသားစုရဲ့ လုပ်ရပ်နဲ့ ယှဉ်ရင် ငါက ဘာမှမဟုတ်တဲ့ အကောင်ပေါက်လေးပဲဆိုတာ ဒီနေ့မှ သိလိုက်ရတော့တယ်”
မုန့်ဝမ်က ဘာမှပြန်မပြောဘဲ အဝတ်အစားပင်မလဲတော့ဘဲ ကုတင်ပေါ်တွင် လှဲချလိုက်သည်။
“အိပ်ကြစို့..... ပြီးခဲ့တဲ့ တစ်လလုံး စည်းကမ်းတွေ သင်ယူနေရတာနဲ့ အနားကောင်းကောင်းမရခဲ့ဘူး”
“ငါတို့ မနက်ဖြန် အလုပ်စရမှာဆိုတော့ အားအင်အပြည့်ရှိအောင် အနားယူဖို့ လိုတယ်”
လီယွမ်ယွမ်က ခေါင်းခါလိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် ခေါင်းမာမှုများ ပေါ်လာကာ
“မင်းပဲ အိပ်ပါ..... ငါတော့ ကျင့်ကြံဖို့ လိုသေးတယ်” ဟု ဆိုသည်။
မုန့်ဝမ်က သူမကို ထပ်ပြီး မတိုက်တွန်းတော့ဘဲ ကုတင်ပေါ်တွင် လှဲနေရင်း သူမ၏ အသက်ရှူသံမှာ တဖြည်းဖြည်း မှန်မှန်ကန်ကန် ဖြစ်လာသည်။
နောက်တစ်နေ့ မနက်စောစောတွင် လူတိုင်းမှာ တစ်ပုံစံတည်း ဝတ်ဆင်ကာ ကြီးကြပ်ရေးမှူး တျန်း ၏ အဆောင်သို့ သွားကြသည်။
ကြီးကြပ်ရေးမှူး တျန်းက တံခါးကို တွန်းဖွင့်ကာ ထွက်လာပြီး လူတိုင်းကို တစ်ချက်ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“ဝူမိသားစုမှာ ပင်မမျိုးနွယ်အပြင် အဓိက မျိုးနွယ်ခွဲ ၁၂ ခု ရှိတယ်..... ငါတို့ရှိနေတဲ့ ဝူမိသားစုက အဲဒီထဲက တစ်ခုပဲ”
ကြီးကြပ်ရေးမှူး တျန်းက လူတိုင်း၏ ရှေ့တွင် ဖြည်းညှင်းစွာ လမ်းလျှောက်ရင်း သတိပေးစကားများ ပြောလိုက်သည်။
“မင်းတို့ ခစားရမယ့်သူတွေက မျိုးနွယ်ခွဲက သခင်လေးတွေ..... သခင်မလေးတွေပဲ ဖြစ်နေပါစေဦး..... သခင်က သခင်ပဲ..... အစေခံက အစေခံပဲ..... မင်းတို့ရဲ့ အဆင့်အတန်းကို အမြဲတမ်း သတိရကြပါ”
“မင်းတို့သာ အမှားလုပ်လို့ သခင်ကို အမျက်ထွက်အောင် လုပ်မိရင် ငါ ကြိုမသတိပေးခဲ့ဘူးလို့ မပြောနဲ့တော့”
သူတို့ကို လုံလောက်အောင် ဆုံးမပြီးပြီဟု မြင်သောအခါ ကြီးကြပ်ရေးမှူး တျန်းသည် လူတိုင်းကို မတူညီသော အဆောင်များသို့ တာဝန်ခွဲပေးလိုက်သည်။
မုန့်ဝမ်နှင့် လီယွမ်ယွမ်တို့မှာ ဆဋ္ဌမသခင်မလေး လက်အောက်ရှိ ဝိညာဉ်သားရဲဥယျာဉ် သို့ တာဝန်ကျခဲ့ပြီး သူမ၏ ဝိညာဉ်သားရဲများကို အစာကျွေးရန် တာဝန်ယူရသည်။
သူတို့နှစ်ဦးသည် အမိန့်ကို လက်ခံပြီး ဝိညာဉ်သားရဲဥယျာဉ်သို့ ရောက်သည်နှင့် မနာလိုစရာ ကောင်းသော လှောင်ပြောင်သံကို ကြားလိုက်ရသည်။
“ဟေး... အသစ်လေးတွေ..... မင်းတို့က အောက်ကမ္ဘာက လာတာဆို........”
၎င်းကို ကြားသောအခါ အခြားသူများမှာလည်း ချက်ချင်း ရယ်မောလိုက်ကြသည်။
“ငါ အောက်ကမ္ဘာကို တစ်ခါမှ မရောက်ဖူးသေးဘူး..... အထဲမှာ ဘယ်လိုနေလဲ သိချင်လိုက်တာ”
“ဝိညာဉ်ကျောက်တုံး ၃၉၉ တုံး ပေးရင် အောက်ကမ္ဘာကို အလည်အပတ် သွားလို့ရတယ်လေ..... အဲဒီ အောက်ကမ္ဘာက မပြည့်စုံတော့ အထဲက ကျင့်ကြံသူတွေက အလွန်ဆုံး နက်နဲသော ဝိညာဉ်အဆင့်အထိပဲ ကျင့်ကြံနိုင်တာ”
“ငါတို့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် အဲဒီမှာ ငါတို့ စိတ်ကြိုက် လုပ်လို့ရမှာ မဟုတ်ဘူးလား........”
“ငါ တစ်ခါ ရောက်ဖူးတယ်..... အထဲမှာ ဝိညာဉ်စွမ်းအင်က ခြောက်ကပ်နေတာပဲ..... စာကလေးအသိုက်လောက်ပဲ သေးသေးလေး..... ဒါပေမဲ့ အဆင့်နိမ့်ကျင့်ကြံသူတွေက ငါ့ကို မော့ကြည့်တဲ့ အကြည့်ကတော့ တကယ်ကို မှတ်မှတ်ရရပါပဲ..... ဟားဟားဟား...”
လီယွမ်ယွမ်ကလည်း ပြုံးလျက် ဝင်ပြောလိုက်သည်။
“စီနီယာတို့ ချန်းလန်လောကကို လည်ချင်တယ်ဆိုရင် ယွမ်ယွမ်က လမ်းပြလုပ်ပေးဖို့ အသင့်ပါပဲ..... စိတ်ကျေနပ်အောင်လည်း လုပ်ပေးပါ့မယ်”
“အဲဒီလောက် ဝိညာဉ်ကျောက်တုံးတွေ အများကြီးကို အခြား အသုံးဝင်တာ လုပ်တာ ပိုမကောင်းဘူးလား........ အဲဒီလို ဆင်းရဲတဲ့နေရာကို ဘာသွားလုပ်မှာလဲ........”
ပထမဆုံး စကားပြောသူက နှာခေါင်းရှုံ့လိုက်ပြီး လက်ပိုက်ကာ လီယွမ်ယွမ်နှင့် မုန့်ဝမ်တို့ကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
“အခုကစပြီး ဝိညာဉ်သားရဲဥယျာဉ်ကို သန့်ရှင်းရေးလုပ်ရမယ့် အလုပ်က မင်းတို့အလုပ်ပဲ..... ငါတို့ ဝိညာဉ်သားရဲဥယျာဉ်ကို ရောက်လာမှတော့ အလုပ်ခိုးဖို့ မစဉ်းစားနဲ့..... ကြိုးကြိုးစားစားလုပ်........”
၎င်းကို ကြားသောအခါ လီယွမ်ယွမ်၏ မျက်နှာထားမှာ အနည်းငယ် ပျက်ယွင်းသွားသည်။
ဝိညာဉ်သားရဲဥယျာဉ် သန့်ရှင်းရေးလုပ်သည်ဆိုသည်မှာ နားထောင်လို့ ကောင်းသော်လည်း အမှန်တကယ်တော့ ဝိညာဉ်သားရဲများ၏ အညစ်အကြေးများကို သိမ်းရခြင်း ဖြစ်သည်။
ဤအလုပ်မှာ ညစ်ပတ်ပြီး နံစော်ကာ အနိမ့်ကျဆုံး အလုပ်ဟု သတ်မှတ်ထားသည်။
သို့သော် သူတို့ကသာ ငြင်းဆန်လိုက်ပါက ဤလူအနည်းငယ်သည် သူတို့ကို သေချာပေါက် ဒုက္ခပေးကြလိမ့်မည်။
လီယွမ်ယွမ်သည် နှာခေါင်းပိတ်ပြီး အလုပ်ကို လက်ခံတော့မည့် ဆဲဆဲတွင် မုန့်ဝမ်က
“မင်းတို့ ဝိညာဉ်သားရဲဥယျာဉ်ကို သန့်ရှင်းရေးလုပ်တာ ဒီလိုပဲလား........” ဟု ပြောလိုက်သည်ကို ကြားလိုက်ရသည်။
သူမ၏ စကားအဆုံးတွင် ဝိညာဉ်သားရဲဥယျာဉ်အတွင်းသို့ ပြင်းထန်သော လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်သွားသည်။
လေပြင်းမှာ ရုတ်တရက် ရောက်လာပြီး ဝိညာဉ်သားရဲဥယျာဉ်၏ မြေပြင်ပေါ်မှ ညစ်ပတ်သော အရာများကို လေထဲသို့ မြှောက်တင်ကာ တစ်ဖက်လူများဆီသို့ လွှင့်ပစ်လိုက်ရာ သူတို့မှာ ခေါင်းစခြေဆုံး ပေသွားသည်။
တစ်ဖက်လူများ သတိမထားမိခင်မှာတင် သူတို့သည် ဝိညာဉ်သားရဲများ၏ အမျိုးမျိုးသော အညစ်အကြေးများဖြင့် ရွှဲနစ်သွားကြသည်။
သူတို့ သတိဝင်လာပြီး မိမိတို့ ဘာဖြစ်သွားမှန်း သိလိုက်သောအခါ ထိုလူအနည်းငယ်မှာ တုန်တုန်ရင်ရင်ဖြင့် မုန့်ဝမ်ကို လက်ညှိုးထိုးလိုက်ကြသည်။
“မင်း... မင်း... မင်း... ဘယ်လိုတောင် ရဲရတာလဲ........”
“ဝိညာဉ်သားရဲဥယျာဉ်ထဲမှာ မင်းက ကိုယ်ထိလက်ရောက် တိုက်ခိုက်ရဲတယ်ပေါ့........”
“နံစော်နေတဲ့ မိန်းမယုတ်..... ငါ မင်းကို သတ်မယ်........”
သူတို့ထဲမှ တစ်ဦးက ဟိန်းဟောက်ပြီး မုန့်ဝမ်ဆီသို့ ပြေးဝင်လာသော်လည်း ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ချော်လဲကာ နောက်သို့ ပက်လက်လန်သွားသည်။
၎င်းကို မြင်သောအခါ အခြားသူများမှာ ဒေါသထွက်သွားပြီး သူတို့၏ ဝိညာဉ်လက်နက် များကို ထုတ်ကာ မုန့်ဝမ်နှင့် လီယွမ်ယွမ်တို့ကို တိုက်ခိုက်ကြသည်။
မုန့်ဝမ်က မျက်လွှာကို အသာချလိုက်သည်။ ထိုသူများ ဝိညာဉ်လက်နက်များကို မလှုပ်ရှားနိုင်ခင်မှာတင် သူမသည် ဝိညာဉ်စွမ်းအင်ဖြင့် လက်ဝါးပုံရိပ်တစ်ခု ဖန်တီးကာ သူတို့ကို တစ်ယောက်ပြီး တစ်ယောက် ရိုက်ထုတ်ပစ်လိုက်သည်။
“အား... အား...”
မကြာခင်မှာပင် လူတိုင်းမှာ မြေပြင်ပေါ်တွင် ဟိုတစ်စ ဒီတစ်စ လဲကျနေကြပြီး သူတို့၏ မျက်လုံးများထဲတွင် ဒေါသတရားများဖြင့် ထိုနှစ်ဦးကို ရန်ငြိုးထားကာ စိုက်ကြည့်နေကြသည်။
“စိုက်ကြည့်နေတုန်းလား........ မင်းတို့ မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်လိုက် ရမလား........”
လီယွမ်ယွမ်၏ စကားအဆုံးတွင် တစ်ယောက်က “ဝါး........” ဟု အော်ဟစ်ကာ သူ၏ မျက်လုံးများကို လက်ဖြင့် အုပ်လိုက်သည်..... သူ၏ မျက်နှာမှာ နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။
ညစ်ပတ်သော အရာများနှင့် ရောနှောနေသော သွေးများမှာ သူ၏ လက်ချောင်းများကြားမှ စီးကျလာသည်။
လီယွမ်ယွမ်သည် တကယ်ပင် လူတစ်ယောက်၏ မျက်လုံးကို ဖောက်ထုတ်လိုက်သည်ကို မြင်သောအခါ အခြားသူများမှာ ကြောက်လန့်တကြား မျက်နှာဖြူလျော်သွားပြီး မလှုပ်ရဲတော့ပေ။
ထိုအခါမှ မုန့်ဝမ်က စကားပြောလာသည်။ “စီနီယာတို့..... ကျွန်မတို့က ဒီကို အခုမှ ရောက်တာဆိုတော့ စည်းကမ်းတွေကို သေချာ မသိသေးဘူး။ အမှားပါရင် သည်းခံပေးကြပါ”
ထိုလူအနည်းငယ်မှာ တွန့်ဆုတ်သွားကြပြီးနောက် တစ်စုံတစ်ယောက်က အတုအယောင် အပြုံးဖြင့် ဖားလိုက်သည်။
“ကြည့်ပါဦး... မင်းတို့က ဘာတွေပြောနေတာလဲ........ အမှားဆိုတာ မရှိပါဘူး..... အားလုံးက နားလည်မှု လွဲသွားတာပါ”
၎င်းကို ကြားသောအခါ လီယွမ်ယွမ်က မျက်ခုံးပင့်လိုက်ပြီး ခါးထောက်ကာ မေးလိုက်သည်။ “ဒါဆို... ငါတို့က ဝိညာဉ်သားရဲဥယျာဉ် သန့်ရှင်းရေး လုပ်ဖို့ လိုသေးလား........”
“မလိုပါဘူး..... မလိုပါဘူး”
ထိုသူက လက်ကို အတင်းယမ်းပြလိုက်သည်။ “မင်းတို့နှစ်ယောက်က ဝိညာဉ်သားရဲဥယျာဉ်ရဲ့ အဝင်ဝမှာ စောင့်နေပြီး ဘယ်သားရဲမှ ခိုးထွက်မသွားအောင် ကြည့်ပေးရုံပဲ”
လီယွမ်ယွမ်က နှာခေါင်းရှုံ့လိုက်ပြီး “အဲဒါမှ ဟုတ်တာပေါ့..... မင်းတို့လည်း ဒီမှာ မျက်စိနောက်အောင် မလုပ်နဲ့တော့..... မြန်မြန် သွားဆေးကြောပြီး လုပ်စရာရှိတာ သွားလုပ်ကြတော့”
ထိုလူအနည်းငယ်မှာ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ အမြန်သဘောတူပြီး သူတို့ကိုယ်ပေါ်နှင့် မြေပြင်ပေါ်မှ အညစ်အကြေးများကို ဂါထာတစ်ခုဖြင့် သန့်စင်လိုက်ကြသည်။
ထို့နောက် ဝိညာဉ်သားရဲဥယျာဉ်ထဲသို့ ဝင်ကာ သူတို့၏ တာဝန်များကို အသီးသီး သွားလုပ်ကြတော့သည်။
မုန့်ဝမ်နှင့် လီယွမ်ယွမ်တို့မှာမူ ဝိညာဉ်သားရဲဥယျာဉ် အဝင်ဝတွင် အေးအေးဆေးဆေး ထိုင်နေကြသည်။
အပေါ်ယံတွင် စောင့်ကြပ်နေသလို ရှိသော်လည်း အမှန်တကယ်တော့ ဘာမှ မလုပ်ဘဲ ပျင်းရိ၍ထိုင်နေခြင်း ဖြစ်သည်။
အခြားသူများ အဝေးသို့ ရောက်သွားသောအခါ လီယွမ်ယွမ်က မုန့်ဝမ်ကို ကြည့်ပြီး ဝိညာဉ်ဆက်သွယ်မှုဖြင့် မေးလိုက်သည်။
“မင်း ဘယ်လိုတောင် တိုက်ခိုက်ရဲတာလဲ........ သူတို့နောက်မှာ အင်အားကြီးတဲ့ နောက်ခံရှိမှာကို မကြောက်ဘူးလား........ ဒီလူတွေထဲက တစ်ယောက်ယောက်က နက်နဲသော ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ခေါ်ပြီး ငါတို့ကို ဒုက္ခပေးနိုင်တယ်လေ”
မုန့်ဝမ်က ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောသည်။
“စီနီယာအစ်မ... အစ်မက အများကြီး တွေးလွန်းနေပြီ”
“ဝိညာဉ်သားရဲဥယျာဉ်ဆိုတာ ခက်ခဲတဲ့ အလုပ်ပဲ..... ညစ်ပတ်ပြီး ပင်ပန်းရုံတင်မကဘဲ ဘာအမြတ်မှလည်း မရှိဘူး။ ဒီနေရာကို တာဝန်ပေးခံရတဲ့ ကျင့်ကြံသူတွေက ဘယ်လောက်အထိ အောင်မြင်တဲ့သူတွေ ဖြစ်နေမှာမို့လို့လဲ........”
လီယွမ်ယွမ်က စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ “အဲဒါလည်း ဟုတ်တာပဲ..... ဒါပေမဲ့ သူတို့က အထက်လောက ကျင့်ကြံသူတွေလေ..... သူတို့ရဲ့ အခြေခံ က ငါတို့နဲ့ မတူနိုင်ဘူး”
“အဲဒါကတော့ အမြဲတမ်း မမှန်နိုင်ပါဘူး”
မုန့်ဝမ်သည် ဝိညာဉ်သားရဲဥယျာဉ်ထဲတွင် အလုပ်ရှုပ်နေသော လူအနည်းငယ်ကို အဝေးမှ လှမ်းကြည့်လိုက်ပြီး ဂုဏ်ယူဝင့်ကြွသော လေသံဖြင့် ပြောလိုက်သည်။
“ငါတို့က လောကတစ်ခုလုံးကနေ တိုက်ခိုက်ပြီး ထွက်လာနိုင်ခဲ့တဲ့ ပါရမီရှင်တွေပဲ။ အခု ကြုံတွေ့နေရတဲ့ အခက်အခဲတွေက တစ်စုံတစ်ယောက်က တမင်တကာ စီစဉ်ထားတဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ ဖြစ်နိုင်တယ်”
လီယွမ်ယွမ်၏ နှလုံးသားမှာ လှုပ်ခတ်သွားသည်။
ကြီးကြပ်ရေးမှူး ဝူ၏ သတိပေးချက်နှင့် ခြိမ်းခြောက်မှုများ..... ကြီးကြပ်ရေးမှူး တျန်း၏ နှစ်သိမ့်မှုနှင့် လမ်းညွှန်မှုများ..... အထက်လောကသို့ ရောက်လာပြီးနောက် ဝိညာဉ်သားရဲဥယျာဉ်ကဲ့သို့သော နေရာတွင် တာဝန်ပေးခံရသည့် အစီအစဉ်များကို ပြန်စဉ်းစားကြည့်မိသောအခါ သူမ တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားသည်။
“ဝူမိသားစုက ဒါကို တမင်တကာ လုပ်တာပဲ........”
***