“သူတို့က ငါတို့ရဲ့ စိတ်ဓာတ်ကို နှိမ်ချဖို့ ဒါကို လုပ်နေတာပဲ........ ငါတို့ရဲ့ စိတ်ဓာတ်တွေကို ရိုက်ချိုးပြီး သူတို့ဆီမှာ အစေခံအဖြစ် အသုံးတော်ခံချင်စိတ် ပေါက်လာအောင် လုပ်နေတာ........”
၎င်းကို လီယွမ်ယွမ် သဘောပေါက်သွားသောအခါ သူမ၏ နှလုံးသားမှသည် ခြေဖျားလက်ဖျားအထိ အေးစက်မှုများ ပြန့်နှံ့သွားပြီး အတန်ကြာအောင် မလှုပ်မယှက် ဖြစ်သွားသည်။
သို့သော် မုန့်ဝမ်က မျက်တောင်ခတ်လျက်
“ဒါက ငါ့ရဲ့ ခန့်မှန်းချက်သက်သက်ပါ..... ဝိညာဉ်သားရဲဥယျာဉ်ကို သန့်ရှင်းရေးလုပ်ရတာက အရမ်းသိက္ခာကျလွန်းလို့ ငါကတော့ သည်းမခံနိုင်ဘူး” ဟု ဆိုသည်။
လီယွမ်ယွမ်က တဟားဟား ရယ်မောလိုက်သည်။
မုန့်ဝမ်က တိုက်တိုက်ဆိုင်ဆိုင် လုပ်မိသည်ဖြစ်စေ..... တမင်စီစဉ်ထားသည်ဖြစ်စေ အနည်းဆုံးတော့ သူတို့မှာ ပိုမိုသက်သာသော အလုပ်ကို ရရှိခဲ့ပြီး ကျင့်ကြံရန် အခွင့်အရေး ရရှိခဲ့သည်။
သို့သော် သူမတွင် စိုးရိမ်ပူပန်မှုအချို့ ရှိနေသေးသည်။ “သူတို့သာ ငါတို့ကို နှိပ်ကွပ်ဖို့ နက်နဲသော ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ခေါ်လာရင် ဘယ်လိုလုပ်မလဲ........”
“ငါတို့လည်း အကူအညီ တောင်းလို့ရတာပဲ”
မုန့်ဝမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ “မမေ့ပါနဲ့..... ငါတို့က ကြီးကြပ်ရေးမှူး တျန်း လက်အောက်ကနေ လာတဲ့သူတွေလေ။
တကယ်လို့ တစ်ခုခု ဖြစ်လာရင် ကြီးကြပ်ရေးမှူး တျန်းက ငါတို့ကို ပစ်ထားမှာ မဟုတ်ဘူး”
“အဲဒါလည်း ဟုတ်တာပဲ။ ငါက သတ္တိနည်းလွန်းနေတာ..... ညီမလေးလို စိတ်မအေးနိုင်ဘူး ဖြစ်နေတာ…”
လီယွမ်ယွမ်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တရားထိုင်သည့် ပုံစံယူကာ ကျင့်ကြံရန် ပြင်လိုက်သည်။
မုန့်ဝမ် စိတ်ဓာတ်ကျနေမည်ကို စိုးရိမ်သဖြင့် သူမက အကြံဉာဏ်ပင် ပေးလိုက်သေးသည်။
“ညီမလေး... မင်းလည်း အားနေတာနဲ့ အချိန်ရရင် ကျင့်ကြံခြင်းကို ပိုလုပ်သင့်တယ်။ ကျင့်ကြံခြင်းဆိုတာ အရာအားလုံးရဲ့ အခြေခံ ပဲ။ အထက်လောကမှာ ဝိညာဉ်စွမ်းအင်တွေက ပေါများနေတာဆိုတော့ ဒီအခွင့်အရေးကို အလဟဿ မဖြစ်စေနဲ့”
မုန့်ဝမ်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ “သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်မ..... ကျွန်မ သိပါတယ်”
သူတို့နှစ်ဦးသည် မျက်နှာချင်းဆိုင်ထိုင်ကာ တိတ်ဆိတ်စွာ ကျင့်ကြံခြင်းကို စတင်လိုက်ကြသည်။
မုန့်ဝမ်နှင့် လီယွမ်ယွမ်တို့ ပစ်မှတ်ထားခံနေရချိန်တွင် ချန်းလန်လောကမှ ရွေးချယ်ခံရသည့် အခြားသော စီကွမ် ၁၁ ဦးမှာလည်း အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်နေရသည်။
အချို့မှာ ဒေါသထွက်ကာ ပြင်းထန်စွာ တိုက်ခိုက်ကြသည်။
အချို့မှာမူ ကစားကွက်ရွှေ့ကာ လက်ဆောင်ပဏ္ဍာများ ပေးပြီး ကောင်းမွန်သော နေရာတစ်ခု ရရှိရန် ကြိုးစားကြသည်။
အချို့မှာမူ အရှက်တကွဲ အကျိုးနည်း ဖိနှိပ်မှုကို ခါးစည်းခံနေကြရပြီး ပိုမိုဆိုးရွားသော နှိပ်စက်မှုများနှင့် ရင်ဆိုင်နေရသည်။
ဤအဖြစ်အပျက် အားလုံးကို ဝူမိသားစု တစ်ခုလုံးကို ဖုံးလွှမ်းထားသော ကာကွယ်ရေး အစီအရင် မှ တိတ်တဆိတ် မှတ်တမ်းတင်ထားပြီး မှတ်တမ်းကျောက်တုံးမှတစ်ဆင့် ကြီးကြပ်ရေးမှူး ဝူ ထံသို့ ပေးပို့ခဲ့သည်။
လူတိုင်း၏ လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်ပြီးနောက် ကြီးကြပ်ရေးမှူး ဝူ၏ မျက်နှာထားမှာ တည်ငြိမ်နေပြီး မည်သည့်ခံစားချက်မှ ဖော်ပြခြင်း မရှိပေ။
အောက်တွင် ရပ်နေသော ကြီးကြပ်ရေးမှူး တျန်းက ကြီးကြပ်ရေးမှူး ဝူ၏ မျက်နှာရိပ်မျက်ကဲကို ကြည့်ကာ စမ်းတဝါးဝါး မေးလိုက်သည်။
“ချန်းလန်လောကက ပို့လိုက်တဲ့ ဒီ ၁၃ ယောက်ထဲမှာ အထူးဂရုစိုက်ဖို့ လိုတဲ့သူ ရှိလား........”
ကြီးကြပ်ရေးမှူး ဝူက မှတ်ချက်ပေးသည်။ “အရမ်းမာလွန်းရင် ကျိုးလွယ်တယ်..... အရမ်းပျော့လွန်းရင် ညှိုးနွမ်းသွားတတ်တယ်။ ငါ့ရဲ့ ဝူမိသားစုက လိုချင်တာ ဉာဏ်မရှိတဲ့ လူမိုက်တွေ မဟုတ်ဘူး။
ဒီ ကျိုးထုန် လို လူမျိုးက တကယ်ကို ကောင်းတယ်”
ကြီးကြပ်ရေးမှူး တျန်း သဘောပေါက်သွားသည်။ မှတ်တမ်းကျောက်တုံးကို မပို့ခင်ကတည်းက သူမသည် အတွင်းရှိ မှတ်တမ်းများကို မြင်တွေ့ခဲ့ပြီး ဖြစ်သည်။
အခက်အခဲများနှင့် ရင်ဆိုင်ရချိန်တွင် ကျိုးထုန်သည် ဒေါသမထွက်သည့်အပြင် ပဋိပက္ခများကို ကျွမ်းကျင်စွာ ဖြေရှင်းနိုင်ခဲ့ပြီး လူအများအပြားနှင့် ရင်းနှီးအောင် လုပ်နိုင်ခဲ့သည်။
“မုန့်ဝမ်နဲ့ လီယွမ်ယွမ်တို့ကရော........”
ကြီးကြပ်ရေးမှူး ဝူ၏ မျက်နှာတွင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်လာသည်။
“ဒီမုန့်ဝမ်က အရည်အချင်းရှိတယ်..... သူမရဲ့ လုပ်ရပ်တွေကလည်း အရမ်းကို အတိုင်းအတာ သိတယ်။ ပိုအရေးကြီးတာက သူမ လှုပ်ရှားတဲ့အချိန်မှာ ဘာသဲလွန်စမှ မကျန်ခဲ့ဘူး။
မင်းကိုယ်တိုင် သွားကြည့်ရင်တောင် သူမမှာ ဘာအပြစ်မှ ရှာတွေ့မှာ မဟုတ်ဘူး”
ကြီးကြပ်ရေးမှူး တျန်းက ခေါင်းညိတ်လိုက်သည်။ “အဲဒါနဲ့ ယှဉ်ရင် လီယွမ်ယွမ်က အများကြီး ညံ့သေးတယ်။ သူမရဲ့ လုပ်ရပ်တွေက လက်လွန် လွန်းရုံတင်မကဘဲ သိသာတဲ့ သဲလွန်စတွေလည်း အထင်အရှား ကျန်ခဲ့တယ်”
ကြီးကြပ်ရေးမှူး ဝူက ဘာမှပြန်မပြောဘဲ “ဒါက ပထမဆုံးနေ့ပဲ ရှိသေးတာ။ ဆက်ပြီး စောင့်ကြည့်ရအောင်။ နောက်ရက်အနည်းငယ်ကြာလို့ သူတို့ လက်ရှိဘဝကို ကျင့်သားရသွားတဲ့အခါ သူတို့အတွက် နောက်ထပ် ‘လက်ဆောင်အကြီးစား’ တစ်ခု ပို့ပေးရမှာပေါ့”
ရက်အနည်းငယ် ကြာပြီးနောက် မုန့်ဝမ်နှင့် လီယွမ်ယွမ်တို့မှာ ထုံးစံအတိုင်း တရားထိုင် ကျင့်ကြံနေစဉ် ရုတ်တရက် ဝိညာဉ်သားရဲဥယျာဉ်၏ အတွင်းပိုင်းအနက်မှ ဆူညံသံများ ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလိုပင် အမျိုးမျိုးသော ဝိညာဉ်သားရဲများ၏ ဟိန်းဟောက်သံများနှင့်အတူ မြင်းပေါင်းသောင်းခြောက်ထောင် ပြေးလွှားနေသကဲ့သို့သော ခွာသံများမှာ ရုတ်တရက် ထွက်ပေါ်လာသည်။
သွေးဆာနေသော မျက်လုံးများဖြင့် မရေမတွက်နိုင်သော ဝိညာဉ်သားရဲများသည် သူတို့၏ လှောင်အိမ်များကို ဖောက်ထွက်ကာ လမ်းတွင်တွေ့သမျှ လူတိုင်းကို ရမ်းကားစွာ တိုက်ခိုက်ကြတော့သည်။
ဝိညာဉ်သားရဲဥယျာဉ်တွင် ဝိညာဉ်သားရဲများကို ပြုစုရသည့် အစေခံအနည်းငယ်မှာ ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးကြပေ။
သူတို့သည် ချက်ချင်းပင် ထိတ်လန့်တကြား အော်ဟစ်ကြတော့သည်။
“ဝိညာဉ်သားရဲတွေ သောင်းကျန်းနေပြီ........ ကူညီကြပါဦး—”
“တစ်ယောက်ယောက်... မြန်မြန် လာကြပါဦး........”
လီယွမ်ယွမ်နှင့် မုန့်ဝမ်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် မတ်တပ်ရပ်ကာ ဝိညာဉ်သားရဲဥယျာဉ်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။
“တောက်........ ဒီဝိညာဉ်သားရဲတွေ အားလုံးက ဆဋ္ဌမသခင်မလေး ပိုင်တာတွေပဲ။ တစ်ကောင်တည်း သေရင်တောင် ငါတို့ အသက်နဲ့ လျော်လို့ မကျေဘူး။ ဘာအကြောင်းမှ မရှိဘဲ ဘာလို့ ရုတ်တရက် ရူးသွပ်သွားရတာလဲ........”
လီယွမ်ယွမ်၏ မျက်နှာမှာ တည်တင်းသွားသည်။ သူမသည် အဝေးတွင် နင်းခြေခံရတော့မည့် အစေခံအနည်းငယ်ကို အသည်းအသန် လှမ်းအော်လိုက်သည်။
“ဘာလို့ ဝိညာဉ်သားရဲတွေရဲ့ စိတ်ကို ငြိမ်သက်စေမယ့် တည်ငြိမ်အမွှေးတိုင် ကို မြန်မြန် မသုံးကြတာလဲ........”
“တည်ငြိမ်အမွှေးတိုင်ကို သုံးပြီးပြီ..... ဒါပေမဲ့ လုံးဝ မထူးဘူး........”
“ကယ်ကြပါဦး........ ငါတော့ ဝိညာဉ်သားရဲတွေ နင်းလို့ သေတော့မယ်........”
အစေခံများမှာလည်း အလွန်ထိတ်လန့်နေကြသည်။ သူတို့သည် ဤဝိညာဉ်သားရဲများကို နှစ်ပေါင်းများစွာ ပြုစုလာခဲ့သော်လည်း ဤကဲ့သို့သော အဖြစ်မျိုး တစ်ခါမျှ မကြုံဖူးပေ။
လီယွမ်ယွမ်မှာ ဤဝိညာဉ်သားရဲများကို တိုက်ခိုက်သင့်..... မတိုက်ခိုက်သင့် ဝေခွဲမရဘဲ တွန့်ဆုတ်နေစဉ်။
မုန့်ဝမ်က ရှေ့သို့ထွက်ရပ်လိုက်ပြီး သူမဆီမှ သွေးပင်လယ် အရှိန်အဝါ တစ်ခုမှာ မိစ္ဆာနဂါးတစ်ကောင် ပေါ်ထွက်လာသကဲ့သို့ ရှေ့ဆုံးမှ ဝိညာဉ်သားရဲများဆီသို့ လှိမ့်ဝင်သွားသည်။
သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသောအခါ ရှေ့ဆုံးမှ ဝိညာဉ်သားရဲများမှာ ထိတ်လန့်သွားပြီး သတိအနည်းငယ် ပြန်ဝင်လာကာ အမြန်ပင် နောက်ဆုတ်သွားကြသည်။
အခြားသော ဝိညာဉ်သားရဲများမှာလည်း ခေါင်းဆောင်သားရဲနောက်သို့ လိုက်ကာ တညီတညွတ်တည်း နောက်ဆုတ်သွားကြသည်။
လီယွမ်ယွမ်သည် ၎င်းကို မြင်သောအခါ ခေါင်းဆောင်သားရဲကို ထိန်းချုပ်ရန် အမြန်ပင် ရှေ့သို့ တက်လှမ်းကူညီလိုက်ပြီး ကြောက်လန့်တကြား ဖြစ်နေသော အခြားအစေခံများကိုလည်း လှမ်းအော်လိုက်သည်။
“ဘာရပ်ကြည့်နေတာလဲ........ မြန်မြန်လာပြီး ကူညီကြလေ........”
၎င်းကို ကြားသောအခါ ထိုလူအနည်းငယ်မှာ မိန်းမောနေရာမှ သတိဝင်လာကြသည်။ သူတို့သည် သားရဲလှောင်အိမ်များကို ပြုပြင်ခြင်း..... ဇက်ကြိုးများ တပ်ဆင်ခြင်းတို့ကို မနားမနေ လုပ်ဆောင်ကြတော့သည်။
အတန်ကြာပြီးနောက် သူတို့သည် ထိတ်လန့်နေသော ဝိညာဉ်သားရဲများကို လှောင်အိမ်ထဲသို့ ပြန်ထည့်နိုင်ခဲ့ပြီး သောင်းကျန်းနေသော ခေါင်းဆောင်သားရဲကို ဆေးကျွေးကာ ဤမမျှော်လင့်ထားသော ဘေးအန္တရာယ်ကို နောက်ဆုံးတွင် ငြိမ်သက်သွားစေခဲ့သည်။
အလုပ်များ ပြီးစီးသွားသောအခါ ထိုလူအနည်းငယ်မှာ လီယွမ်ယွမ်နှင့် မုန့်ဝမ်တို့ဆီသို့ အနေခက်စွာ လျှောက်လာကြသည်။
သူတို့ထဲမှ တစ်ဦးက ရှက်ကိုးရှက်ကန်းဖြင့် ချောင်းတစ်ချက် ဟန့်လိုက်သည်။
“ဒီနေ့ မင်းတို့ လုပ်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ် ညီမတို့။ မဟုတ်ရင် ဒီဝိညာဉ်သားရဲတွေ တစ်ခုခု ဖြစ်သွားခဲ့ရင် ငါတို့ အသက်တွေနဲ့ လဲရင်တောင် လုံလောက်မှာ မဟုတ်ဘူး”
“ဟုတ်တယ်..... ဟုတ်တယ်။ ငါတို့ အရင်က မင်းတို့အပေါ် ရိုင်းစိုင်းခဲ့တာတွေကို စိတ်ထဲမထားပါနဲ့နော်”
“မင်းတို့က ဒါကို ပြောရဲသေးတယ်ပေါ့........”
ဤလူများသည် အားနည်းသူကို နှိပ်စက်ပြီး အားကြီးသူကို ကြောက်တတ်သည့် လူစားမျိုး ဖြစ်ကြောင်း လီယွမ်ယွမ် နောက်ဆုံးတွင် သဘောပေါက်သွားသည်။ ယခုမူ သူမတွင် ယုံကြည်မှု အပြည့်ရှိနေပြီ ဖြစ်သည်။
“ဘာအကြောင်းမှ မရှိဘဲ ဘာလို့ အဲဒီ ဝိညာဉ်သားရဲတွေက ရုတ်တရက် ရူးသွပ်သွားရတာလဲ........ မင်းတို့ တစ်ခုခု လုပ်လိုက်ပြန်ပြီလား........”
ထိုလူအနည်းငယ်မှာ မဟုတ်ကန်းကြောင်း အကြိမ်ကြိမ် ငြင်းဆိုကြသည်။
“နားလည်မှု လွဲတာပါ........ ငါတို့က ထုံးစံအတိုင်း အစာကျွေးတာပါ။ သူတို့ စားပြီးတာနဲ့ ဘာလို့ ရုတ်တရက် ရူးသွပ်ပြီး ငါ့ကို နင်းသတ်မလို့ လုပ်ကြမှန်း မသိတာ”
“ငါတို့က ဘယ်လိုလုပ် ရဲမှာလဲ........ ဒီဝိညာဉ်သားရဲတွေ အားလုံးက ဆဋ္ဌမသခင်မလေး ပိုင်တာတွေလေ။ ငါတို့ကို သတ္တိ သုံးဆ ပေးရင်တောင် ငါတို့ မလုပ်ရဲပါဘူး”
“သက်ပြင်းပဲ ချမိတော့တယ်..... ထုံးစံအတိုင်း အလုပ်လုပ်နေရင်းနဲ့ ဘာကြောင့်မှန်း မသိဘဲ ဒီလို ဖြစ်သွားတာ ငါတို့ကို သေမလောက် ကြောက်သွားစေတာပဲ”
လီယွမ်ယွမ်၏ သံသယများ ပြည့်နှက်နေသော မျက်လုံးများသည် ထိုလူများအပေါ် ကျရောက်သွားသော်လည်း သူတို့ပြောသည်မှာ မှန်ပေသည်။
သူတို့တွင် ဤကဲ့သို့ လုပ်ဆောင်ရန် အကြောင်းပြချက် သို့မဟုတ် ရည်ရွယ်ချက် မရှိပေ။
သူမသည် မုန့်ဝမ်၏ သဘောထားကို မေးရန် ပြင်လိုက်စဉ်မှာပင် မကျေနပ်သော မေးခွန်းထုတ်သံ တစ်ခုကြောင့် လူတိုင်း၏ အာရုံမှာ ပြောင်းလဲသွားသည်။
“မင်းတို့ ဘာလုပ်နေကြတာလဲ........”
အစေခံများသည် ရောက်ရှိလာသူကို ကြည့်လိုက်သောအခါ သူမမှာ ဆဋ္ဌမသခင်မလေး၏ အဆောင်ထိန်းအရာရှိဖြစ်သူ လင်းကျို ဖြစ်ကြောင်း သိလိုက်ရသဖြင့် တစ်ယောက်ပြီး တစ်ယောက် ကြောက်လန့်တကြား မျက်နှာဖြူလျော်သွားကြသည်။
ဝိညာဉ်သားရဲများ သောင်းကျန်းသည့်သတင်းကို ဆဋ္ဌမသခင်မလေး သိသွားပြီး အပြစ်ပေးရန် လူလွှတ်လိုက်သည်မှာ သေချာပေသည်။
“သခင်မလေး လင်းကျို... အဲဒါက ဒီလိုပါ..... အခုလေးတင် ဝိညာဉ်သားရဲဥယျာဉ်မှာ...”
“ဝိညာဉ်သားရဲဥယျာဉ်ထဲက အရာအားလုံးက ပုံမှန်အတိုင်းပါပဲ။ ကျွန်မတို့ ပုံမှန် စစ်ဆေးမှုကို အခုလေးတင် အပြီးသတ်လိုက်တာပါ..... ပြီးတော့မှ သခင်မလေး ရောက်လာတာပါ”
မုန့်ဝမ်က စကားကို ကြားဖြတ်ကာ ရုတ်တရက် ပြောလိုက်သည်။
“အဲဒီလိုလား........”
လင်းကျိုက မုန့်ဝမ်ကို ကြည့်လိုက်ပြီး သူစိမ်းမျက်နှာ ဖြစ်နေသည်ကို မြင်သောအခါ လင်းကျိုက မျက်မှောင်ကြုတ်ကာ စေ့စေ့စပ်စပ် ကြည့်လိုက်တော့သည်။
***