"သူ့ရဲ့ တည်နေရာကို မင်း သိလား" ဝူယက ငွေရောင်ဆံပင်နှင့် အမျိုးသားကို ကြည့်ကာ မေးလိုက်သည်။
ကူချင်က ခေါင်းညိတ်ပြရင်း
"သူ ကုန်းမြေပေါ် ခြေချလိုက်တာနဲ့ ဝင်္ကပါရဲ့ အကူအညီနဲ့ သူ့ဝတ်စုံပေါ်မှာ ဝိညာဉ်အမှတ်အသားတစ်ခု ထားခဲ့ပြီးပါပြီ။ အခု သူ့ကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ သူ့ကို ဖမ်းဖို့အတွက် အဖွဲ့တစ်ဖွဲ့ကိုလည်း လွှတ်ထားပြီးပါပြီ" သူ ပြန်ဖြေ၏။
"ကောင်းပြီ။ သူဟာ ပြီးခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်အတွင်းမှာ မှတ်ပုံတင်ခြင်းမရှိဘဲ ခိုးဝင်နိုင်ခဲ့တဲ့ ပထမဆုံးလူပဲ။ သူ့ကို အရှင်ဖမ်းခဲ့ပါ။ ငါကိုယ်တိုင် သူ့ကို စစ်မေးမယ်" အဘိုးအိုက အမိန့်ပေးလိုက်သည်။
"ကျွန်တော် နားလည်ပါပြီ သခင်ကြီး။ ကျွန်တော့်လူတွေကို သူ့ကို အရှင်ဖမ်းခဲ့ဖို့ ညွှန်ကြားထားပါတယ်။ ခဏနေရင် သူတို့ ပြန်ရောက်လာကြပါလိမ့်မယ်" ကူချင်က ဆိုကာ ထိုနေရာမှ ထွက်ခွာသွားတော့သည်။
လုံချန်းသည် လွင်တီးခေါင်မြေပြင်ပေါ်တွင် ဝိညာဉ်ဓားဖြင့် ပျံသန်းနေရင်း ဤနေရာ၏ ချီစွမ်းအင် သန့်စင်မှုကို အံ့သြနေမိသည်။ ဤကဲ့သို့သော လူသူကင်းမဲ့သည့် နေရာမျိုးမှာပင် စွမ်းအင်သိပ်သည်းဆမှာ သူ၏ကုန်းမြေရှိ အင်ပါယာတစ်ခု၏ စွမ်းအင်နှင့် ညီမျှနေသည် မဟုတ်လော။
"ဒါကြောင့်လည်း ဒါကို အိမ်မက်ကုန်းမြေလို့ ခေါ်တာကိုး။ အပြင်ဘက်ဆုံးက သဲကန္တာရတောင် ဒီလောက် စွမ်းအင်ရှိနေရင် တကယ့် အင်ပါယာတွေထဲမှာဆိုရင် ဘယ်လောက်တောင် များလိုက်မလဲ" လုံချန်းက စွမ်းအင်များကို စုပ်ယူရင်း ရေရွတ်လိုက်သည်။
"ဒီလောက်လေးနဲ့တင် ကျေနပ်မနေနဲ့ဦး။ အင်မော်တယ်ဘုံက ချီစွမ်းအင်တွေကိုဆိုရင် နင် စဉ်းစားလို့တောင် ရမှာမဟုတ်ဘူး။ ချီစွမ်းအင်က ကျင့်ကြံသူတွေအတွက် အသက်သွေးကြောပဲလေ" ရွှင်းက ဆိုသည်။
လုံချန်းက တစ်ခုခု ပြန်ပြောရန် ပြင်လိုက်သော်လည်း သူ၏ မျက်နှာမှာ ရုတ်တရက် တည်ကြည်သွားကာ အပြုံးများ ပျောက်ကွယ်သွား၏။ ရွှင်းက ထိုအပြောင်းအလဲကို သတိထားမိသဖြင့်-
"ဘာဖြစ်လို့လဲ၊ တစ်ခုခု မှားနေလို့လား"
"ဘာမှမဟုတ်ပါဘူး။ သေချင်နေတဲ့ လူအချို့ ရောက်လာလို့ပါ" လုံချန်းက အေးစက်စွာ ပြောလိုက်ပြီး ဘုရင်ဓားကို ထုတ်ကာ ပျံသန်းနေသည်ကို ရပ်တန့်လိုက်သည်။
သူ၏ ဝိညာဉ်အာရုံအရ ရောက်လာသူများ၏ ကျင့်ကြံခြင်းအဆင့်မှာ သူ့ကို ခြိမ်းခြောက်နိုင်လောက်သည့် အဆင့်မဟုတ်ပေ။ သူတို့က သူ့ဆီကို တန်းတန်းမတ်မတ် လာနေကြသဖြင့် သူ့အကြောင်းကို သိနေကြသူများ သို့မဟုတ် ဓားပြများ ဖြစ်နိုင်ပေသည်။
လုံချန်းသည် ဓားပေါ်မှ မြေပြင်သို့ ခုန်ဆင်းလိုက်ရာ သဲဖုန်များ ဝဲခနဲ ထသွား၏။ မကြာမီမှာပင် လူအယောက် ၂၀ ခန့်သည် လုံချန်းကဲ့သို့ပင် ပျံသန်းနိုင်သော ဓားများဖြင့် ရောက်ရှိလာပြီး သူ့ကို ဝိုင်းထားလိုက်ကြသည်။
"မင်းက ငါတို့ရဲ့ သန့်စင်တဲ့ ကုန်းမြေထဲကို ခွင့်ပြုချက်မရှိဘဲ ခိုးဝင်လာတဲ့သူပေါ့။ ဓားကို ချလိုက်ပြီး ငါတို့နောက်ကို လိုက်ခဲ့စမ်း။ မဟုတ်ရင်တော့..." ကင်းစောင့်တစ်ဦးက ဓားဖြင့် ချိန်ကာ ခြိမ်းခြောက်လိုက်သည်။
"မဟုတ်ရင် ဘာဖြစ်မှာလဲ" လုံချန်းက စိတ်ဝင်တစား မေးလိုက်၏။
"မဟုတ်ရင် ငါတို့က အင်အားသုံးပြီး ဖမ်းရလိမ့်မယ်" နောက်တစ်ဦးက ဆိုသည်။
လုံချန်းသည် သူတို့ကို ခေတ္တမျှ ကြည့်ပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
"ဘာလို့ ရယ်နေတာလဲ"
"ဟားဟား... သူ ကြောက်လွန်းလို့ ရူးသွားတာ ဖြစ်ရမယ်"
"ကြောက်စိတ်က သူ့ကို ရူးသွပ်သွားစေတာပဲ။ အတင်းအဓမ္မ ဖမ်းလိုက်ကြစို့"
ကင်းစောင့်များက တစ်ယောက်တစ်ပေါက် ပြောဆိုနေကြစဉ် လုံချန်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့်-
"ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူတွေနဲ့ သားရဲတွေကို တိုက်ခိုက်ခဲ့ပြီးမှ အခုလို ကောင်းကင်အဆင့် လောက်နဲ့ အခြိမ်းခြောက်ခံရတာက တကယ့်ကို ရယ်စရာကောင်းနေလို့ပါ"
"မင်းက ကောင်းကင်ဘုံအဆင့်ကို တိုက်ခဲ့တယ် ဟုတ်လား။ မင်းကလား။ ဟားဟားဟား... ဒီကောင် တကယ် ရူးသွားပြီဟေ့"
"ဒီလူမိုက်က ငါတို့ကို လိမ်လို့ရမယ် ထင်နေတာလား။ ကောင်းကင်ဘုံအဆင့်ဆိုရင် အခမဲ့ ဝင်ခွင့်ရတာပဲ၊ ဘာလို့ ခိုးဝင်မှာလဲ"
အားလုံးက ဝိုင်းဝန်းရယ်မောနေကြသော်လည်း ထိုရယ်သံများကြားတွင် အသံတစ်သံ ပျောက်ကွယ်သွားသည်ကို မည်သူမျှ သတိမထားမိလိုက်ပေ။ ခေါင်းတစ်လုံးသည် မြေပြင်ပေါ်သို့ လွင့်စင်ကျသွားပြီးနောက် ခန္ဓာကိုယ်နှင့် ဓားမှာလည်း လဲကျသွားတော့သည်။
လုံချန်းက နေရာမှပင် မရွေ့သေးသော်လည်း သူ့ကို ခြိမ်းခြောက်ခဲ့သော ထိုလူမှာ အသက်ပျောက်သွားပြီ ဖြစ်၏။ လုံချန်း၏ ဝိညာဉ်ဓားသည် ထိုလူရှိသော နေရာ၌ ပျံဝဲနေသည်။
"သူတို့ကို ကိုင်တွယ်ဖို့ တခြားဟာတွေတောင် ထုတ်ဖို့ မလိုဘူး။ အရမ်း အားနည်းလွန်းတယ်" လုံချန်းက သက်ပြင်းချလိုက်သည်။
သူသည် နေရာမှ ပျောက်ကွယ်သွားပြီး နောက်တစ်ဦး၏ နောက်ကွယ်တွင် ပေါ်လာ၏။ လုံချန်း ပျောက်ကွယ်သွားသည်ကို ကြည့်နေသော ထိုလူ၏ ပုခုံးကို လုံချန်းက ပုတ်လိုက်ပြီး
"ငါ ဒီမှာ" သူ တိုးတိုးလေး ပြောလိုက်သည်။
ထိုလူ လှည့်ကြည့်ရန်ပင် အချိန်မရလိုက်ဘဲ လုံချန်း၏ ဓားမှာ သူ၏ ရင်ဘတ်ကို ဖောက်ထွက်သွားတော့သည်။ သွေးများ အန်ထုတ်ရင်း သူ အော်ဟစ်လိုက်သော်လည်း နောက်ထပ် အော်သံတစ်သံနှင့်အတူ ခေါင်းတစ်လုံးမှာ မြေပေါ်သို့ ထပ်မံ လွင့်ကျလာပြန်သည်။
လုံချန်းက လူများကို အာရုံလွှဲထားစဉ် သူ၏ ဝိညာဉ်ဓားက ကျန်သူများကို လိုက်လံ သတ်ဖြတ်နေခြင်း ဖြစ်သည်။ သူတို့နှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် အပေးအယူမျှတစွာဖြင့် ရန်သူများကို အစတုံးချေမှုန်းနေကြ၏။ စက္ကန့်အနည်းငယ်အတွင်းမှာပင် လူ ၁၉ ယောက်လုံး သေဆုံးသွားကြသည်။
ကျန်ရှိနေသော နောက်ဆုံးတစ်ယောက်မှာ လုံချန်းကို တိုက်ခိုက်ရန် ကြိုးစားသော်လည်း လုံချန်းက အသာအယာ ရှောင်လိုက်ပြီး ထိုလူ၏ လည်ပင်းကို နောက်ကွယ်မှ ဖမ်းဆုပ်လိုက်သည်။ ထို့နောက် ဝိညာဉ်ဓားက ထိုလူ၏ လက်နှစ်ဖက်လုံးကို ဖြတ်တောက်ပစ်လိုက်ရာ နာကျင်လွန်းသဖြင့် အော်ဟစ်သံများ ဟိန်းထွက်သွားတော့သည်။
လုံချန်းသည် ထိုလူ၏ မျက်နှာကို သဲထဲသို့ ဖိနှစ်လိုက်ရာ အော်ဟစ်သံများမှာ သဲများဖြင့် ပိတ်ဆို့သွား၏။ ထို့နောက် သူက ထိုလူကို ပြန်ထူလိုက်ပြီး-
"ငါ အော်သံတွေကို မကြိုက်ဘူး။ နောက်တစ်ခါ ထပ်အော်ရင် မင်းရဲ့ အူတွေကို သဲတွေနဲ့ ဖြည့်ပစ်မယ်" သူ သတိပေးလိုက်သည်။
"မင်း... မင်းက ဘယ်သူလဲ" ထိုလူက ကြောက်လန့်တကြား မေးသည်။
လုံချန်းသည် ထိုလူ၏ ဒူးခေါင်းကို နင်းခြေလိုက်ရာ နာကျင်မှုကြောင့် ထိုလူမှာ ထပ်မံ အော်ဟစ်ပြန်သည်။
"ငါ ဘယ်သူလဲဆိုတာက အရေးမကြီးဘူး။ အရေးကြီးတာက မင်းက ဘယ်သူလဲဆိုတာပဲ။ အသက်ရှင်ချင်ရင် ငါ့မေးခွန်းကို ဖြေ။ မဟုတ်ရင်တော့ မင်းရဲ့ သေခြင်းတရားက ငရဲက မိစ္ဆာတွေတောင် ကြောက်ရလောက်အောင် နာကျင်စေရမယ်" လုံချန်းက အေးစက်စက် အသံဖြင့် ပြောလိုက်၏။
သူသည် ထိုလူ၏ နောက်ထပ် ဒူးတစ်ဖက်ကို ဓားဖြင့် ထိုးစိုက်လိုက်ရာ ထိုလူမှာ မျက်ရည်များ ဝဲလာကာ အသည်းအသန် တောင်းပန်တော့သည်။
"ငါ ပြောပါ့မယ်။ အကုန်ပြောပါ့မယ်။ ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့" ထိုလူက ငိုယိုကာ အော်ဟစ်ပြောဆိုလိုက်တော့သည်။