ထိုအဘိုးအိုမှာ ရိုးရှင်းသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ပိန်ပါးသော မျက်နှာရှိသော်လည်း ထက်ရှတောက်ပသော မျက်လုံးများ ရှိကာ တစ်ဖက်လူကို ခန့်ညားထိတ်လန့်စေသော အရှိန်အဝါ ကို ထုတ်လွှတ်နေသည်။
“ငါ့ရဲ့ တာအိုဘွဲ့ကတော့ ရွှမ်ဝေ ပဲ.....ကျင့်ကြံခြင်းအနေနဲ့ နက်နဲသောဝိညာဉ် နောက်ဆုံးအဆင့် မှာ ရှိတယ်” ဟု အဘိုးအိုက သူ၏ ဆံပင်ဖြူမုတ်ဆိတ်ဖြူများကို သပ်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါဟာ ကောင်းကင်တာအို အောက်အကယ်ဒမီမှာ နည်းပြအဖြစ် အမှုထမ်းခဲ့တာ အခုဆိုရင် တစ်ထောင်သုံးရာခြောက်ဆယ့်ရှစ် နှစ် ရှိပါပြီ........”
ဤစကားကို ပြောလိုက်သည်နှင့် တာအိုဟောပြောဆောင် တစ်ခုလုံးမှာ ချက်ချင်းပင် ဆူညံသွားတော့သည်။
တစ်ထောင်သုံးရာခြောက်ဆယ့်ရှစ် နှစ်........
ရောက်ရှိနေသော ရွှေအမြုတေကျင့်ကြံသူများမှာ နည်းပြရွှမ်ဝေကို ကြည်ညိုရုံတင်မကဘဲ အလွန်အမင်း အားကျစိတ်များဖြင့် ကြည့်နေကြသည်။
နက်နဲသောဝိညာဉ် နောက်ဆုံးအဆင့်ရှိသော ပညာရှင်ကြီးတစ်ဦးက သူတို့ကဲ့သို့ အခြေခံအဆင့်သာရှိသော ရွှေအမြုတေကျင့်ကြံသူများကို ကိုယ်တိုင်ကိုယ်ကျ တာအိုဟောပြောပေးခြင်းမှာ အလွန်ကြီးမားသော ဂုဏ်ယူစရာပင်။
“ဒီနေ့တော့ ငါက မင်းတို့ကို ကျင့်ကြံခြင်း တာအိုအကြောင်း ရှင်းပြပေးသွားမယ်........”
နည်းပြရွှမ်ဝေ၏ အသံမှာ ထူးခြားသော စည်းချက်တစ်ခု ပါဝင်နေပြီး တာအို၏ နက်နဲသော အမှန်တရားများ ပါဝင်နေသကဲ့သို့ပင်။
“ကျင့်ကြံခြင်းဆိုတာ ဘာလဲ။ ကျင့်ကြံခြင်းဆိုတာ အနှစ်သာရ၊ စွမ်းအင်နဲ့ ဝိညာဉ်တွေကို စုစည်းခြင်း ဖြစ်ပြီး ဒါဟာ ဘဝရဲ့ အခြေခံအုတ်မြစ်ပဲ........”
သူ၏အသံမှာ တစ်ခါတစ်ရံ မြင့်သွားလိုက်၊ နိမ့်သွားလိုက်နှင့် စကားလုံးတိုင်းမှာ လူတိုင်း၏ နှလုံးသားကို ထိမှန်နေသကဲ့သို့ ခံစားရပြီး စိတ်ဝိညာဉ်ကို လှုပ်ခတ်စေသည်။
“ကျင့်ကြံခြင်းလမ်းစဉ်ဟာ ရှည်လျားပြီး အကန့်အသတ်မရှိဘူး။ ရွှေအမြုတေဆိုတာ သမုဒ္ဒရာထဲက ရေတစ်စက်စာပဲ ရှိတယ်....... မင်းတို့အားလုံး ရွှေအမြုတေအဆင့်ကို ရောက်နေပြီဆိုပေမဲ့ ဒါဟာ တံခါးဝကို ခုမှ စပြီး မြင်ရုံပဲ ရှိပါသေးတယ်........”
နည်းပြရွှမ်ဝေ၏ အသံမှာ သတိပေးချက်များ ပါဝင်လာသည် “ရွှေအမြုတေဆိုတာ အုတ်မြစ်နဲ့ တူတယ်။ အုတ်မြစ်ခိုင်မာမှသာ မြင့်မားတဲ့ အဆောက်အဦကို ဆောက်လို့ရမယ်။ နက်နဲသောဝိညာဉ်ဆိုတာ ရွှေအမြုတေရဲ့ အသွင်ပြောင်းလဲမှုဖြစ်ပြီး ဝိညာဉ် ရဲ့ အဆင့်မြင့် တိုးတက်မှုပဲ........”
“ရွှေအမြုတေက အနှစ်သာရ၊ စွမ်းအင်နဲ့ ဝိညာဉ်ကို စုစည်းပေးပြီး နက်နဲသောဝိညာဉ်ကတော့ စစ်မှန်တဲ့ မိမိကိုယ်ကိုယ်ဖြစ်တည်မှု ရရှိဖို့ မြေကမ္ဘာဝိညာဉ်စွမ်းအင် နဲ့ ပေါင်းစပ်ရတာဖြစ်တယ်........”
တာအိုဟောပြောဆောင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး တပည့်အားလုံးမှာ နည်းပြရွှမ်ဝေ၏ တာအိုထဲတွင် နစ်ဝင်နေကြသည်။
မုန့်ဝမ်သည်လည်း ထိုနည်းတူပင်။ နည်းပြ၏ စကားလုံးတိုင်းတွင် အဆုံးမရှိသော လျှို့ဝှက်နက်နဲမှုများ ပါဝင်နေသည်ဟု သူမ ခံစားရသည်။
လက်ကြီးတစ်ခုက သူမ၏ မျက်စိရှေ့မှ မြူခိုးများကို ဖယ်ရှားပေးလိုက်သကဲ့သို့ ကျင့်ကြံခြင်း လမ်းစဉ်ကို ပိုမို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
တာအိုဟောပြောကြားမှု ပြီးဆုံးသောအခါ မေးခွန်းများ မေးမြန်းသည့် အချိန်ရောက်လာသည်။ တပည့်တစ်ဦးက ရဲဝံ့စွာ မေးလိုက်သည်
“နည်းပြခင်ဗျာ... မိစ္ဆာကျင့်ကြံသူနဲ့ သာမန်ကျင့်ကြံသူတို့ရဲ့ ခြားနားချက်က ဘာလဲဆိုတာ သိပါရစေ........”
နည်းပြရွှမ်ဝေသည် ထိုတပည့်ကို နက်နဲစွာ ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“တာအိုလမ်းစဉ်အားလုံးက အဆုံးသတ်မှာ တစ်နေရာတည်းကိုပဲ ဦးတည်နေတာပါ။ ဖြောင့်မတ်ခြင်းနဲ့ ယုတ်မာခြင်း၊ ကောင်းခြင်းနဲ့ ဆိုးခြင်းဆိုတာ အပြင်ပန်း အသွင်သဏ္ဌာန်တွေပါပဲ........”
“မိစ္ဆာကျင့်ကြံသူတွေဟာ မိစ္ဆာစွမ်းအင် တွေကို ခန္ဓာကိုယ်ထဲ စုပ်ယူကြလို့ သာမန်လူတွေနဲ့ ကွဲပြားနေတယ်လို့ ထင်ရပေမဲ့ တကယ်တော့ သူတို့အားလုံးက ပန်းတိုင်တစ်ခုတည်းကိုပဲ သွားနေကြတာ........ အလင်းနဲ့အမှောင် ဟာ အတူယှဉ်တွဲနေသလိုပဲ၊ ဖြောင့်မတ်ခြင်းနဲ့ ဆိုးယုတ်ခြင်းဟာလည်း ဒွန်တွဲနေတာပဲ........”
“အဓိကကတော့ ဘာကို ကျင့်ကြံသလဲ၊ ဘာကို ရှာဖွေသလဲ ဆိုတာပဲ။ မင်းရှာဖွေတဲ့အရာက မင်းရဲ့ တာအိုပဲ........”
နည်းပြရွှမ်ဝေ၏ အကြည့်မှာ လူတိုင်းကို ဝေ့ဝိုက်ကြည့်လိုက်ပြီး မေးခွန်းမေးသော တပည့်အပေါ်တွင် ရပ်တန့်ကာ အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
“မင်းတို့ မှတ်ထားရမှာက တာအိုဆိုတာ မင်းတို့ရဲ့ နှလုံးသားထဲမှာပဲ ရှိတာ၊ အပြင်မှာ ရှိတာမဟုတ်ဘူး........”
မုန့်ဝမ်၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ သူမသည် အမှောင်ထဲတွင် လမ်းပျောက်နေရာမှ အလင်းရောင်ကို မြင်လိုက်ရသကဲ့သို့ စိတ်ထဲတွင် ကြည်လင်သွားသည်။
သူမ သွားမည့် လမ်းစဉ်အပေါ် ထားရှိသော သန္နိဋ္ဌာန်မှာ ပို၍ ခိုင်မာလာခဲ့သည်။
သူမ တစ်ဦးတည်းသာမက အခြားသော တပည့်များစွာမှာလည်း ဤနက်နဲသော တာအိုတော်မှ အသိအမြင်များ ရရှိခဲ့ကြသည်။
အချို့မှာ နေရာ၌ပင် ဉာဏ်အလင်းပွင့်ခြင်း ကို ခံစားရပြီး အရှိန်အဝါများ တိုးတက်လာကာ ရွှေအမြုတေ ဒုတိယအလွှာသို့ တိုက်ရိုက် တက်လှမ်းသွားကြသဖြင့် ဘေးပတ်ဝန်းကျင်မှ အံ့သြသံများ ထွက်ပေါ်လာသည်။
“ကဲ... ဒီနေ့အတွက် တာအိုဟောပြောတာကို ဒီမှာပဲ ရပ်နားမယ်........”
နည်းပြရွှမ်ဝေ၏ အသံ ထပ်မံ ထွက်ပေါ်လာရာ ဆူညံနေသော ခန်းမမှာ ပြန်လည် တိတ်ဆိတ်သွားသည်။
“နောက်ထပ်တော့ ကျင့်စဉ်လေ့ကျင့်ရေးကွင်းမှာ မင်းတို့ရဲ့ ကျင့်စဉ်တွေကို လမ်းညွှန်ပြသပေးမယ်........”
၎င်းကို ကြားရသောအခါ တပည့်အားလုံးမှာ ထရပ်လိုက်ကြပြီး လေ့ကျင့်ရေးကွင်းသို့ သွားရန် ပြင်ဆင်ကြသည်။
သို့သော် သူတို့ ခြေတစ်လှမ်းပင် မလှမ်းရသေးမီမှာပင် နည်းပြရွှမ်ဝေက လက်ကို မြှောက်ကာ ဝေ့ယမ်းလိုက်သည်။
ချက်ချင်းပင် ဟင်းလင်းပြင်စွမ်းအားများ တိုးဝင်လာပြီး လောကကြီးတစ်ခုလုံး ပြောင်းပြန်လှန်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
လူတိုင်း၏ မျက်စိရှေ့တွင် ဝေဝါးသွားပြီးနောက် ခုခံ၍မရသော စွမ်းအားတစ်ခုက သူတို့ကို ဝန်းရံသွားကာ တာအိုဟောပြောဆောင်မှ ချက်ချင်းပင် ထွက်ခွာသွားကြတော့သည်။
မျက်စိပြန်မြင်လာသောအခါ သူတို့မှာ ကျယ်ဝန်းသော ကွင်းပြင်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ပတ်ဝန်းကျင်တွင် မြင့်မားသော ကျောက်နံရံကြီးများရှိပြီး မြေပြင်မှာ ကျောက်ပြားများ ခင်းထားသည်။
ဤနေရာမှာ ကောင်းကင်တာအိုအကယ်ဒမီ၏ ကျင့်စဉ်လေ့ကျင့်ရေးကွင်း ပင် ဖြစ်သည်။
“ဒါ... ဒါက ဟင်းလင်းပြင် ရွှေ့ပြောင်းခြင်းအတတ်ပဲ........” တစ်စုံတစ်ဦးက အံ့သြတုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
“ကျွန်တော်တို့ကို တာအိုဟောပြောဆောင်ကနေ ဒီကို မျက်စိတစ်မှိတ်အတွင်း ရွှေ့ပေးနိုင်တာ... နည်းပြရွှမ်ဝေရဲ့ စွမ်းအားက တကယ်ကို မှန်းဆလို့ မရနိုင်ဘူး........”
“ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ရှိတဲ့ ပညာရှင်ကြီးဆိုတော့လည်း... ဒီလို နည်းလမ်းမျိုးက တကယ့်ကို အံ့မခန်းပါပဲ........”
တပည့်များမှာ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြပြီး မုန့်ဝမ်မှာလည်း ဤဟင်းလင်းပြင် ရွှေ့ပြောင်းခြင်းအတတ်ကြောင့် တုန်လှုပ်နေမိသည်။ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်၏ စွမ်းအားမှာ အမှန်တကယ်ပင် မယုံနိုင်စရာ ကောင်းလှသည်။
လူတိုင်း၏ အံ့သြသံများကို နည်းပြရွှမ်ဝေက ပြုံးလျက်သာ ကြည့်နေသည်။
“ကဲ... အံ့သြမနေကြနဲ့တော့။ အခု မင်းတို့ရဲ့ အစွမ်းထက်ဆုံး ကျင့်စဉ်တွေကို ထုတ်ပြကြ၊ မင်းတို့ ဘယ်လောက်အထိ လေ့ကျင့်ထားသလဲဆိုတာ ငါ ကြည့်ချင်တယ်........” နည်းပြရွှမ်ဝေက လက်မြှောက်ကာ တပည့်များကို ရှေ့သို့လာရန် အချက်ပြလိုက်သည်။
ပထမဆုံး တပည့်တစ်ဦးက စိတ်အားထက်သန်စွာ ရှေ့သို့ လှမ်းလာသည်။ သူသည် လက်ကွက်များဖော်ကာ ဂါထာများ ရွတ်ဆိုလိုက်ရာ ပူပြင်းသော အရှိန်အဝါများ ပါဝင်သည့် မီးနဂါးတစ်ကောင်သည် ကောင်းကင်ယံသို့ ဟိန်းဟောပြောက်ကာ ပျံတက်သွားသည်။
နဂါး၏ အကြေးခွံများမှာ အသက်ဝင်နေပြီး ပြင်းထန်သော မီးတောက်များကြောင့် ပတ်ဝန်းကျင် လေထုမှာပင် လိမ်တွန့်သွားသည်။
ထိုတပည့်မှာ ဂုဏ်ယူဝင့်ကြွသော မျက်နှာရှိနေသော်လည်း နည်းပြရွှမ်ဝေကမူ အေးစက်စွာ ကြည့်ပြီးမှ ပြောလိုက်လေသည်.... “အပေါ်ယံ ကြည့်ကောင်းရုံပဲ ရှိတယ်၊ လက်တွေ့မှာတော့ ဘာမှ သုံးစားမရဘူး။ မီးတောက်ကို ထိန်းချုပ်နိုင်စွမ်း မရှိသလို ဝိညာဉ်စွမ်းအင် အသုံးပြုပုံကလည်း အလွန် ကြမ်းတမ်းလွန်းတယ်........”
၎င်းကို ကြားသောအခါ ထိုတပည့်မှာ မျက်နှာနီမြန်းသွားပြီး ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့သွားတော့သည်။
နောက်ထပ် တပည့်အနည်းငယ်ကလည်း ရှေ့သို့လာကာ ထက်ရှသော ဓားအလင်းတန်းများဖြင့် ဓားသိုင်းကို ပြသကြသည်၊ အချို့က မြေဓာတ်ကျင့်စဉ်များကို အသုံးပြုကာ ခိုင်မာသော ခုခံမှုကို ပြသကြပြီး အချို့မှာမူ ရေဓာတ်ကျင့်စဉ်များဖြင့် နဂါးများအသွင် ဖန်တီးကာ ဟိန်းဟောက်စေသည်။
နည်းပြရွှမ်ဝေမှာ တစ်ဦးချင်းစီကို ဝေဖန်ပေးခဲ့သည်။ သူ၏ ဝေဖန်မှုများမှာ ထိရောက်ပြီး ပြဿနာ၏ အရင်းအမြစ်ကို တိုက်ရိုက် ထောက်ပြနိုင်သဖြင့် တပည့်များအတွက် များစွာ အကျိုးရှိလှသည်။ အချို့မှာ လမ်းညွှန်မှုကြောင့် ဉာဏ်ပွင့်သွားကြသလို၊ အချို့မှာမူ ဝေဖန်မှုကြောင့် ရှက်စိတ်များ ဖြစ်ပေါ်နေကြသည်။
နောက်ဆုံးတွင် မုန့်ဝမ်၏ အလှည့် ရောက်လာသည်။
သူမသည် အသက်ကို ပြင်းပြင်းရှူကာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်သည်။ မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ မုန့်ဝမ်သည် သူမ၏ သွေးပင်လယ် ပုံရိပ်ယောင်အတတ် ကို အားကုန် သုံး၍ ထုတ်ပြလိုက်သည်။
ချက်ချင်းပင် သွေးနီရောင် သမုဒ္ဒရာကြီးတစ်ခုမှာ ဟင်းလင်းပြင်မှ ပေါ်ထွက်လာပြီး အရာအားလုံးကို ဝါးမြိုပစ်မည့်အလား ဟိန်းဟောပြောက်နေတော့သည်။
သွေးပင်လယ်အတွင်းတွင် အရိုးဖြူကြီးများ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပြီး သွေးပျက်ဖွယ်ရာ အော်ဟစ်သံများမှာ ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။ ပြင်းထန်သော သွေးနံ့များကြောင့် လူတိုင်းမှာ ငရဲခန်းသို့ ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။
နည်းပြရွှမ်ဝေပင် မုန့်ဝမ်ကို ထပ်မံ၍ သေချာ ကြည့်လိုက်မိသည်။
ဤပုံရိပ်ယောင်အတတ်၏ အစွမ်းမှာ အလွန်မကြီးမားသော်လည်း ပုံရိပ်ယောင်အတတ်အပေါ် နားလည်မှုနှင့် အသုံးပြုပုံမှာ အလွန် ကောင်းမွန်လှသည်။
သူ ခေတ္တ စဉ်းစားပြီးမှ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ပုံရိပ်ယောင် တာအိုမှာ မင်းရဲ့ ပါရမီက ကောင်းပါတယ်။ စိတ်ကူးစိတ်သန်းတွေကလည်း ကောင်းတယ်။ ဒီ သွေးပင်လယ် ပုံရိပ်ယောင်အတတ်က ဖျက်ဆီးအား မကြီးမားပေမဲ့ ရန်သူရဲ့ စိတ်ကို နှောင့်ယှက်ဖို့အတွက်တော့ အလွန် ထိရောက်တယ်........”
“ဒါပေမဲ့ မင်း သင်ယူထားတဲ့ ကျင့်စဉ်က သာမန်အဆင့်ပဲ ရှိပါသေးတယ်။ အကယ်၍ ပုံရိပ်ယောင် တာအိုမှာ အောင်မြင်မှု ရချင်တယ်ဆိုရင် ပိုပြီး လက်ရာမြောက်တဲ့ ပညာရပ်တွေကို သင်ယူဖို့ လိုအပ်လိမ့်မယ်........”
ထိုသို့ပြောရင်း နည်းပြရွှမ်ဝေ၏ အကြည့်မှာ မုန့်ဝမ်အပေါ် ကျရောက်လာပြီး ချီးကျူးလိုဟန်ဖြင့် “စာကြည့်ဆောင်မှာရှိတဲ့ အကောင်းဆုံး ပုံရိပ်ယောင်အတတ် ဖြစ်တဲ့ 'မြူခိုးပုံရိပ်ယောင် ကို သင်ယူဖို့ ငါ အကြံပေးချင်တယ်” ဟု ပြောလိုက်သည်။
မုန့်ဝမ်မှာ အလွန်ဝမ်းသာသွားပြီး ဦးညွှတ် နှုတ်ဆက်လိုက်သည် “လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နည်းပြရှင့်........”
သူမသည် 'မြူခိုးပုံရိပ်ယောင်' ဆိုသည့် အမည်ကို စိတ်ထဲတွင် စွဲမြဲစွာ မှတ်သားထားလိုက်ပြီး တိတ်ဆိတ်စွာပင် နောက်သို့ ဆုတ်ခဲ့သည်။
မုန့်ဝမ်ပြီးနောက် အခြားကျောင်းသားများလည်း ရှေ့သို့လာကာ သူတို့၏ အစွမ်းများကို ပြသ၍ လမ်းညွှန်မှု ခံယူကြသည်။
အားလုံး ပြီးဆုံးသွားသောအခါမှ နည်းပြရွှမ်ဝေက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဒီနေ့အတွက် ကျင့်စဉ် လေ့ကျင့်တာကို ဒီမှာပဲ ရပ်နားမယ်။ မင်းတို့ ပြန်သွားရင် ဒီနေ့ သင်ယူခဲ့တာတွေကို သေချာ လေ့ကျင့်ပြီး ကိုယ့်အတတ်ပညာအဖြစ် ပေါင်းစပ်ထားကြ........”
“နောက်တစ်လမှာ နောက်ထပ် သင်ခန်းစာတစ်ခု ငါ ပို့ချပေးမယ်။ အဲဒီအချိန်ကျရင် မင်းတို့ရဲ့ တိုးတက်မှုကို ငါ မြင်ချင်တယ်........”
***