၎င်းကို ကြားသောအခါ တပည့်များအားလုံးက ညီညာစွာ ဦးညွှတ်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည် ......
"ကျွန်တော်မျိုးတို့ နည်းပြရဲ့ သွန်သင်ဆုံးမမှုကို ရိုသေစွာ နာခံပါ့မယ်.......... တပည့်တို့အနေနဲ့ ကြိုးစားအားထုတ် ကျင့်ကြံပြီး နည်းပြရဲ့ မျှော်လင့်ချက်တွေကို အမီလိုက်ပါ့မယ်.........."
ရွှမ်ဝေက အသာအယာ ခေါင်းညိတ်ပြပြီး တပည့်များ၏ ကြည့်ရှုနေမှုအောက်တွင် ကျင့်စဉ်လေ့ကျင့်ရေးကွင်းမှ ထွက်ခွာသွားခဲ့သည်။
ရွှမ်ဝေ ထွက်သွားပြီးနောက် ကျန်ရှိနေသူများလည်း လေ့ကျင့်ရေးကွင်းမှ တဖြည်းဖြည်းချင်း ထွက်ခွာသွားကြသည်။
သူတို့သည် နှစ်ယောက်တစ်တွဲ..... သုံးယောက်တစ်တွဲ လမ်းလျှောက်ရင်း ယနေ့ရရှိခဲ့သော အသိအမြင်များနှင့် ဗဟုသုတများကို ဆွေးနွေးနေကြသည်။
မုန့်ဝမ်သည် မည်သူနှင့်မျှ အတူမသွားဘဲ တစ်ဦးတည်းသာ စာကြည့်ဆောင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားခဲ့သည်။
နေရာအနေအထားကို ရင်းနှီးနေပြီဖြစ်သော မုန့်ဝမ်သည် စာအုပ်စင်များကြားတွင် လျင်မြန်စွာ လျှောက်လှမ်းပြီး တတိယထပ်သို့ တိုက်ရိုက်တက်သွားသည်။
ပုံရိပ်ယောင်နှင့် ပတ်သက်သော ကျင့်စဉ်များအားလုံးမှာ တတိယထပ်တွင် ရှိသည်ဟု သူမ မှတ်မိနေသည်။
မုန့်ဝမ်သည် သေသေချာချာ ရှာဖွေပြီးနောက် နောက်ဆုံးတွင် တတိယထပ်၏ အနောက်တောင်ဘက်ထောင့်ရှိ မထင်မရှားသော စာအုပ်စင်တစ်ခုပေါ်တွင် ရှေးဟောင်းစာအုပ်တစ်အုပ်ကို တွေ့ရှိခဲ့သည်။
စာမျက်နှာများမှာ အနည်းငယ် ဝါနေပြီး မျက်နှာဖုံးပေါ်တွင် ရှေးဟောင်းစာလုံးကြီးများဖြင့် "မြူခိုးပုံရိပ်ယောင်" ဟု ရေးထိုးထားကာ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။
မုန့်ဝမ်သည် စာအုပ်ကို ဂရုတစိုက် ယူလိုက်ပြီး ဆိတ်ငြိမ်သော ထောင့်တစ်ခုကို ရှာကာ စူးစိုက်လေ့လာတော့သည်။
စာအုပ်ထဲရှိ စာသားများမှာ နက်နဲပြီး နားလည်ရန် ခက်ခဲလှသည်။
ဤကျင့်စဉ်ကို ဖန်တီးခဲ့သော ကျင့်ကြံသူ၏ အဆိုအရ ဤပုံရိပ်ယောင်ကို ကျင့်ကြံရန်အတွက် အလွန်အစွမ်းထက်သော ဝိညာဉ်စွမ်းအင် လိုအပ်ရုံသာမက သေသေချာချာ ထိန်းချုပ်နိုင်စွမ်းလည်း လိုအပ်သည်။
အမှားအယွင်း အနည်းငယ်ရှိရုံနှင့် ကျင့်စဉ်မှာ ကျရှုံးသွားနိုင်သလို မိမိကိုယ်ကိုယ်ပင် ပြန်လည် ထိခိုက်စေနိုင်သည်။
မုန့်ဝမ်သည် စာအုပ်ထဲမှ စကားလုံးတိုင်းကို သူမ၏ စိတ်ထဲတွင် စွဲမြဲနေအောင် အာရုံစူးစိုက်ကြည့်နေသည်။
သူမသည် မျက်လုံးများကို မှိတ်လိုက်ပြီး စာအုပ်ထဲမှ ညွှန်ကြားချက်အတိုင်း ပုံရိပ်ယောင် တည်ဆောက်ပုံ အဆင့်ဆင့်ကို သူမ၏ ဝိညာဉ်အာရုံပင်လယ် ထဲတွင် စတင်ပုံဖော်ကြည့်သည်။
သွေးကြောများအတွင်း ဝိညာဉ်စွမ်းအင် စီးဆင်းပုံနှင့် ဝိညာဉ်စွမ်းအင်၏ သိမ်မွေ့သော ပြောင်းလဲမှုများကို ခံစားကြည့်နေသည်။
နေဝင်သွားပြီး ညနေခင်း နေရောင်ခြည်က ကောင်းကင်ယံကို နီရဲစွာ ဆိုးခြယ်လိုက်သည်။
မုန့်ဝမ်သည် စာအုပ်ထဲရှိ ကမ္ဘာတွင် နစ်ဝင်နေပြီး အချိန်ကုန်သွားသည်ကိုပင် လုံးဝ မေ့လျော့နေခဲ့သည်။
"မြူခိုးပုံရိပ်ယောင်" ကျင့်စဉ်ကို အကြိမ်ကြိမ် အသေးစိတ် လေ့လာပြီးနောက် အခြေခံအကျဆုံး ပုံရိပ်ယောင် တည်ဆောက်နည်းများကို တတ်မြောက်သွားသောအခါမှ သူမသည် မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး ကျင့်စဉ်စာအုပ်ကို မူလနေရာတွင် ပြန်ထားလိုက်သည်။
စာကြည့်ဆောင်မှ ထွက်လာပြီးနောက် မုန့်ဝမ်သည် ကျင့်စဉ်လေ့ကျင့်ရေးကွင်းသို့ တိုက်ရိုက် ဦးတည်သွားသည်။
သူမသည် ဆိတ်ငြိမ်သော ထောင့်တစ်ခုကို ရှာတွေ့ပြီး အသစ်သင်ယူထားသော ပုံရိပ်ယောင်အတတ်ကို တစ်ဦးတည်း စတင်လေ့ကျင့်တော့သည်။
ပထမဦးစွာ သူမသည် စားသောက်ဆိုင်တစ်ဆိုင်ကို သူမ၏ ဝိညာဉ်အာရုံပင်လယ်ထဲတွင် တည်ဆောက်ရန် ကြိုးစားကြည့်သည်။
ဤပထမအဆင့်မှာ ရိုးရှင်းပုံရသော်လည်း အမှန်တကယ်တွင်မူ အလွန်ခက်ခဲလှသည်။
အဘယ်ကြောင့်ဆိုသော် ပုံရိပ်ယောင်ဆိုသည်မှာ ဟင်းလင်းပြင်မှ ပေါ်လာသည်မဟုတ်ဘဲ တည်ဆောက်သူ၏ စိတ်ထဲတွင် ပစ်မှတ်ကို အသေးစိတ် ပုံဖော်ထားရန် လိုအပ်သောကြောင့်ဖြစ်သည်။
ပုံရိပ်ယောင်ထဲတွင် ပြီးပြည့်စုံစွာ ပေါ်လာစေရန်အတွက် အသေးစိတ်အချက်တိုင်းမှာ ရှင်းလင်းနေရမည်ဖြစ်သည်။
မုန့်ဝမ်သည် စားသောက်ဆိုင်၏ အဝင်တံခါးမကြီးမှ စတင်တည်ဆောက်လိုက်သည်။
သူမ ယခင်က မြင်ဖူးခဲ့သော စားသောက်ဆိုင်များကို ပြန်လည်တွေးတောကာ အနီရောင် သစ်သားတံခါးများ..... ကြေးဝါတံခါးမှိုများ..... ကျောက်စိမ်းကဲ့သို့ ချောမွေ့သော တံခါးခုံများနှင့် တံခါးကြားရှိ သစ်သားအကြောလေးများအထိ ရှင်းလင်းစွာ မြင်ယောင်နေသည်။
နောက်တစ်ခုမှာ စားသောက်ဆိုင်၏ ခန်းမဆောင်ဖြစ်သည် ........... ရှစ်ယောက်ထိုင် စားပွဲများ..... ကုလားထိုင်များ..... ထွင်းထုထားသော ထုပ်တန်းများနှင့် ရက်မများ..... ကန့်လန့်ကာများမှာ စီစီရီရီ ရှိနေကြသည်။
ထို့နောက်တွင် သူမသည် ပိုမိုနက်နဲသော အသေးစိတ်အချက်အလက်များကို စတင်တည်ဆောက်သည်။
ကန့်လန့်ကာပေါ်ရှိ ရှုခင်းပန်းချီကား..... ထောင့်ရှိ အပြာရောင်နှင့် အဖြူရောင် ပန်းအိုး..... ပြတင်းပေါက်ပေါ်ရှိ ပန်းလက်ရာများ..... စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်များနှင့် တူများအထိ သူမသည် စိတ်ထဲတွင် ဂရုတစိုက် ပုံဖော်ခဲ့သည်။
ဤလုပ်ငန်းစဉ်မှာ ပြောရသည်မှာ လွယ်ကူသော်လည်း အမှန်တကယ်တွင်မူ စိတ်စွမ်းအင် အလွန်ကုန်ခမ်းလှသည်။
တစ်ကြိမ်..... နှစ်ကြိမ်..... သုံးကြိမ်... မုန့်ဝမ်သည် ထပ်ခါထပ်ခါ ကြိုးစားသော်လည်း အကြိမ်ကြိမ် ကျရှုံးခဲ့သည်။
စားသောက်ဆိုင် နံရံတွင် အက်ကွဲကြောင်းများ ပေါ်လာလိုက်..... စားပွဲနှင့် ကုလားထိုင်များမှာ တွန့်လိမ်နေလိုက်..... သို့မဟုတ် ကန့်လန့်ကာပေါ်ရှိ ပန်းလက်ရာများမှာ ဝေဝါးနေလိုက် ဖြစ်နေသည်။
ကျရှုံးမှုတိုင်းက သူမကို မူးဝေသွားစေသည်။
နောက်တစ်ကြိမ် ထပ်မံကြိုးစားနိုင်ရန်အတွက် နာရီပေါင်းများစွာ အနားယူရန် လိုအပ်သည်။
မုန့်ဝမ်၏ နဖူးမှ ချွေးများ စီးကျလာပြီး အဝတ်အစားများမှာ စိုရွှဲနေတော့သည်။
သူမ၏ မျက်နှာမှာ ဖြူဖျော့နေပြီး နှုတ်ခမ်းများမှာ ခြောက်သွေ့အက်ကွဲနေသော်လည်း သူမ လုံးဝ သတိမထားမိပေ။
သူမသည် အချိန်ကို မေ့နေပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကိုလည်း မေ့လျော့နေကာ သူမ၏ စိတ်ထဲတွင် တဖြည်းဖြည်း ပုံပေါ်လာသော စားသောက်ဆိုင်ကိုသာ အာရုံစိုက်နေသည်။
နောက်ဆုံးတွင် မရေမတွက်နိုင်သော ကျရှုံးမှုများပြီးနောက် မုန့်ဝမ် အောင်မြင်သွားခဲ့သည်..........
လက်ရာမြောက်သော စားသောက်ဆိုင်တစ်ဆိုင်မှာ သူမ၏ ဝိညာဉ်အာရုံပင်လယ်ထဲတွင် အသက်ဝင်စွာ ပေါ်ပေါက်လာသည်။
အနီရောင် တံခါးနှင့် ပြတင်းပေါက်များ..... ချောမွေ့သော သစ်သားကြမ်းပြင်များ..... ထွင်းထုထားသော အမိုးခုံးများနှင့် ရက်မများ..... အသက်ဝင်သော နံရံဆေးရေးပန်းချီများ... လေထဲတွင် ဝေ့ဝဲနေသော ဝိုင်နံ့သင်းသင်းလေးကိုပင် ရှင်းလင်းစွာ ခံစားသိရှိနိုင်သည်။
မုန့်ဝမ် မျက်လုံးဖွင့်လိုက်ရာ သူမ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေသည်။
သူမသည် ပထမအဆင့်ကို အောင်မြင်စွာ လှမ်းနိုင်ခဲ့ပြီ..... နောက်တစ်ဆင့်မှာ ဤစားသောက်ဆိုင်ကို စစ်မှန်သော ပုံရိပ်ယောင်အဖြစ် ပြောင်းလဲရန်ဖြစ်သည်။
သူမ မျက်လုံးပြန်မှိတ်လိုက်ပြီး သူမ၏ ဝိညာဉ်အာရုံပင်လယ်ထဲသို့ ဝိညာဉ်စွမ်းအင်များကို ထည့်သွင်းကာ ပုံရိပ်ယောင်၏ စွမ်းအားကို နှိုးဆော်လိုက်သည်။
စားသောက်ဆိုင်ပုံရိပ်မှာ ဝေဝါးသွားပြီးနောက် တဖြည်းဖြည်း လိမ်တွန့်သွားကာ နောက်ဆုံးတွင် ပျောက်ကွယ်သွားသည်။
မုန့်ဝမ် မျက်လုံးပြန်ဖွင့်လိုက်သောအခါ သူမ၏ရှေ့တွင် လက်ရာမြောက်သော စားသောက်ဆိုင်တစ်ဆိုင် ပေါ်လာသည်။
စားသောက်ဆိုင်မှာ အမှန်တကယ်နှင့် တူလွန်းလှသဖြင့် စစ်မှန်သောအရာနှင့် ခွဲခြားရန်ပင် ခက်ခဲလှသည်။
သို့သော် သူမရှေ့ရှိ စားသောက်ဆိုင်ကို စိုက်ကြည့်ရင်း မုန့်ဝမ်သည် တစ်စုံတစ်ခု လိုအပ်နေသည်ဟု အမြဲခံစားနေရသည်။
မုန့်ဝမ်သည် အလွန်ဆိတ်ငြိမ်သော နေရာကို ရွေးချယ်ခဲ့သော်လည်း ကျောင်းသားများမှာ ရံဖန်ရံခါ ဤနေရာကို ဖြတ်သွားတတ်ကြသည်။
ကျောင်းသားတစ်ဦး ဖြတ်သွားစဉ် ဟင်းလင်းပြင်မှ ပေါ်လာသော စားသောက်ဆိုင်ကို တွေ့လိုက်ရသောအခါ သူမ၏ မျက်လုံးထဲတွင် ဇဝေဇဝါဖြစ်သွားသော အမူအရာ ပေါ်လာသည်။
"ဒီစားသောက်ဆိုင်က ဘယ်တုန်းက ဆောက်လိုက်တာလဲ"
ထူးဆန်းလိုက်တာ..... မနေ့ညက သူမ ဒီနေရာကို ဖြတ်သွားတုန်းက မြေကွက်လပ်ကြီးပဲ ရှိပါသေးတယ်..... အခု မျက်စိတစ်မှိတ်အတွင်းမှာ စားသောက်ဆိုင်တစ်ဆိုင် ဘယ်လို ပေါ်လာတာလဲ။
"ငါလည်း မသိဘူး..... အရင်က ရှိပုံမရပါဘူး။ အကယ်ဒမီက အသစ်ဆောက်လိုက်တာ ဖြစ်မှာပါ"
ဘေးမှ သူမ၏ သူငယ်ချင်းကလည်း လှမ်းကြည့်လိုက်ပြီး မလှမ်းမကမ်းရှိ ဗလာဖြစ်နေသော စားသောက်ဆိုင်ကို တစ်ချက်ကြည့်ကာ ခေါင်းခါပြလိုက်သည်။
"ကြည့်ဦး..... အထဲမှာ ဘယ်သူမှ မရှိဘူး..... မဖွင့်သေးတာ ဖြစ်မယ်။ သွားရအောင်..... ဖွင့်တဲ့အခါမှ လက်ဖက်ရည်လာသောက်ကြတာပေါ့"
သူတို့နှစ်ဦးမှာ အကြည့်ကို လွှဲလိုက်ပြီး အလျင်အမြန် ထွက်သွားကြသည်။
သူတို့ ထွက်သွားသည်ကို ကြည့်ရင်း မုန့်ဝမ်သည် စဉ်းစားနေမိသည်။
စားသောက်ဆိုင်တွင် ဘာလိုအပ်နေသလဲဆိုသည်ကို သူမ သိသွားခဲ့ပြီဖြစ်သည်။
၎င်းမှာ "သက်ရှိအငွေ့အသက်" နှင့် သက်ဝင်လှုပ်ရှားမှုတို့ လိုအပ်နေခြင်းဖြစ်သည်။
သို့သော် ဤ "မြူခိုးပုံရိပ်ယောင်" မှာ အမှန်တကယ်ပင် အစွမ်းထက်လှသည်။
ယခင် "သွေးပင်လယ် ပုံရိပ်ယောင်အိပ်မက်" မှာ ရန်သူ၏ အာရုံကို တိုက်ရိုက် ထိခိုက်စေပြီး ပုံရိပ်ယောင်ထဲတွင် ပိတ်မိစေခြင်းဖြစ်သည်။
သို့သော် "မြူခိုးပုံရိပ်ယောင်" မှာမူ အတုကို အစစ်အဖြစ် ပြောင်းလဲနိုင်လုနီးပါးဖြစ်ပြီး အနီးနားရှိ ကျင့်ကြံသူအားလုံးကို သက်ရောက်မှု ရှိစေသည်။
ဖြတ်သွားသော ကျင့်ကြံသူသည် သူမထက် ပုံရိပ်ယောင် တာအိုတွင် ပိုမိုကျွမ်းကျင်သူ မဟုတ်ပါက ဤ "မြူခိုးပုံရိပ်ယောင်" ၏ သဲလွန်စကို လုံးဝ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။
၎င်းကို နားလည်သွားပြီးနောက် မုန့်ဝမ်သည် သူမ၏ ဝိညာဉ်အာရုံပင်လယ်ထဲတွင် ပုံရိပ်ယောင်ကို ဆက်လက်တည်ဆောက်ကာ စားသောက်ဆိုင်အတွင်းပိုင်း မြင်ကွင်းကို ပိုမိုပြည့်စုံအောင် လုပ်ဆောင်လိုက်သည်။
သူမသည် ပိုက်ဆံသိမ်းနေသော ဆိုင်ရှင်..... လက်ဖက်ရည်နှင့် ဝိုင်များ လိုက်ချပေးနေသော စားပွဲထိုးများ..... မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေသော စားဖိုမှူးနှင့် မီးမွှေးပေးနေသော အကူများ စသည်တို့ကို ထည့်သွင်းလိုက်သည်။
ပုံရိပ်ယောင်ထဲရှိ ဇာတ်ကောင်များမှာ အသက်ဝင်လှသည်..... သူတို့၏ အလုပ်ရှုပ်နေသော ပုံရိပ်များက ယခင်က ဗလာဖြစ်နေသော စားသောက်ဆိုင်ကို သက်ရှိအငွေ့အသက်များဖြင့် ပြည့်နှက်သွားစေသည်။
ဆိုင်ရှင်က ပုတီးလုံးကို ခေါက်နေသည်..... စားပွဲထိုးများက စားပွဲနှင့် ကုလားထိုင်များကြားတွင် လှုပ်ရှားနေသည်....။
မီးဖိုချောင်ရှိ စားဖိုမှူးက ဟင်းလျာများကို ကျွမ်းကျင်စွာ ကြော်လှော်နေပြီး အကူများက ဟင်းသီးဟင်းရွက်များကို ဆေးကြောလှီးဖြတ်နေကြသဖြင့် ... အရာအားလုံးမှာ စနစ်တကျ ရှိလှသည်။
ထိုအချိန်မှာပင် အဝေးမှ ခြေသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ပို၍ ကျယ်လောင်လာသည်။
မုန့်ဝမ်၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး သူမသည် စားသောက်ဆိုင်အတွင်းသို့ လှမ်းဝင်လိုက်ကာ အစားသောက်လာစားသူတစ်ဦးအသွင် ဆောင်လိုက်သည်.....
သို့သော် လက်တွေ့တွင်မူ အပြင်ဘက်မှ လှုပ်ရှားမှုများကို အာရုံစိုက်နေခဲ့သည်။
အစိမ်းရောင် တာအိုဝတ်ရုံ ဝတ်ဆင်ထားသော ကျောင်းသားတစ်ဦး အဝေးမှ လျှောက်လာသည်ကို သူမ တွေ့လိုက်ရသည်။
သူမ၏ ခြေလှမ်းများမှာ ပေါ့ပါးသော်လည်း မတည်မငြိမ် ဖြစ်နေကာ ကျင့်စဉ်ကို လေ့ကျင့်ရာမှ အလွန်အမင်း မောပန်းနေပုံရသည်။
ထိုကျောင်းသားမှာ မူလက ခေါင်းငုံ့ကာ ရည်ရွယ်ချက်မရှိ လမ်းလျှောက်လာခြင်းဖြစ်သော်လည်း ထောင့်တစ်နေရာရှိ မီးလင်းနေသော စားသောက်ဆိုင်ကို မြင်လိုက်ရပြီး ဝိုင်နှင့် အစားအစာရနံ့များကို ရရှိလိုက်သောအခါ သူမ၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။
"ဒီမှာ စားသောက်ဆိုင် ဘယ်တုန်းက ပေါ်လာတာလဲ။ ဒီနေ့ ကျင့်ကြံရတာ နည်းနည်းပင်ပန်းနေတာနဲ့ အထဲဝင်ပြီး နားနားနေနေ စားသောက်လိုက်ရင် ကောင်းမှာပဲ"
သူမသည် တိုးတိုးလေး ရေရွတ်ရင်း စားသောက်ဆိုင်သို့ ချဉ်းကပ်လာပြီး ပြောလိုက်သည် ........ "ဒီမှာ စားစရာ ဘာရှိလဲ"
***