“ ဒီ ‘မြူခိုးပုံရိပ်ယောင်’ အတတ်ဟာ တစ်ကယ်ဒမီ တစ်ခုလုံးမှာ သင်ယူဖို့ အခက်ခဲဆုံးလို့ နာမည်ကြီးတာကို မင်းသိလား။ နက်နဲသောဝိညာဉ်အဆင့်မှာ ရှိတဲ့ ပုံရိပ်ယောင် တာအိုပါရမီရှင်တွေတောင် အစပျိုးဖို့တောင် မနည်းကြိုးစားနေရတာ……..
ဂျူနီယာညီမက အကယ်ဒမီကို ရောက်တာ အခုမှ ရက်ပိုင်းပဲ ရှိသေးတာကို ဒီအတတ်ကို တတ်ရုံတင်မကဘဲ ဒီလောက်အထိ အသုံးချနိုင်တာ... မင်းရဲ့ ပါရမီက တကယ်ကို ကြီးမားပါတယ်.....”
မုန့်ဝမ်က နှိမ့်ချစွာဖြင့် လက်ခါပြလိုက်သည် “ပုံရိပ်ယောင်အတတ်ဆိုတာ အသေးအဖွဲ့ အတတ်ပညာလေးတွေပါ စီနီယာအစ်ကိုရယ်..... ကျွန်မကို အမွှမ်းတင်လွန်းနေပါပြီ။ ကျွန်မက ဒီအတတ်ပညာမှာ ပါရမီလေး နည်းနည်းပါရုံတင်ပါ”
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် အစိမ်းရောင် တာအိုဝတ်ရုံ ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ဦးသည် ဆိုင်ထဲသို့ ဝင်လာပြီး ကောင်တာသို့ တန်းတန်းမတ်မတ် လျှောက်သွားကာ အသံကျယ်ကြီးဖြင့် အော်လိုက်သည်။
“စားပွဲထိုး... ‘မူးယစ်နတ်သက် ဝိုင်’ တစ်အိုး ယူခဲ့..... ပြီးတော့ ဝိညာဉ်သစ်သီး နှစ်ပန်းကန်ပါ ယူခဲ့ဦး.....”
ချက်ချင်းပင် ဆိုင်အကူတစ်ဦးက တုံ့ပြန်လိုက်သည် “လာပါပြီခင်ဗျာ..... ခေတ္တစောင့်ဆိုင်းပေးပါ ဧည့်သည်တော်.....”
မကြာမီမှာပင် မှာယူထားသော ဝိုင်နှင့် သစ်သီးများ ရောက်ရှိလာသည်။
ထိုကျင့်ကြံသူက ကျေနပ်စွာ ခေါင်းညိတ်ပြပြီး ဝိညာဉ်ကျောက်တုံးအိတ်ကလေးကို ချပေးကာ လွတ်နေသော စားပွဲတစ်ခုတွင် ထိုင်၍ တစ်ကိုယ်တည်း သောက်စားနေတော့သည်။
ချန်ရှုသည် ဤမြင်ကွင်းကို ကိုယ်တိုင်မြင်လိုက်ရသဖြင့် သူ၏ အံ့သြမှုမှာ ပို၍ ကြီးမားလာခဲ့သည်။ ဤဝိုင်ဆိုင်၏ အလားအလာမှာ အံ့မခန်းလှကြောင်း သူ သတိပြုမိသွားသည်။
အကယ်၍ ဤဆိုင်ကို ရေရှည်ဖွင့်နိုင်လျှင် ဝိညာဉ်ကျောက်တုံးများစွာ ရရှိမည်မှာ သေချာလှသည်။
“ဂျူနီယာ... မင်းရဲ့ ဝိုင်ဆိုင်က...” ချန်ရှု၏ မျက်လုံးများမှာ တောက်ပနေပြီး သူ၏ အသံမှာလည်း စိတ်လှုပ်ရှားမှုများ ပါဝင်နေသည်......
“ဒီလုပ်ငန်းက တကယ့်ကို... အံ့သြဖို့ကောင်းတယ်..... စိတ်မပူနဲ့..... ငါ မင်းကို စီနီယာအစ်ကို ချီဆီ အခုပဲ ခေါ်သွားပေးမယ်..... သူ သဘောတူအောင် ငါ သေချာပေါက် ပြောပေးမယ်.....”
သူသည် ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည်..... နေ့တိုင်း ငွေဝင်နေမည့် မြင်ကွင်းကို ကြိုမြင်နေသည့်အလားပင်။
မုန့်ဝမ်က ပြုံး၍ ခေါင်းညိတ်လိုက်သည် “ဒါဆိုရင် မိတ်ဆက်ပေးဖို့ စီနီယာအစ်ကို့ကို ကျေးဇူးတင်ပါတယ်ရှင်”
သို့ဖြင့် သူတို့နှစ်ဦးမှာ လေ့ကျင့်ရေးကွင်းမှ ထွက်ခွာကာ စီနီယာအစ်ကို ချီ၏ ကျင့်ကြံရာ ဂူဗိမာန်ဆီသို့ လျှောက်လှမ်းခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် ချန်ရှုသည် စီနီယာအစ်ကို ချီ၏ ထူးချွန်မှုများကို မနားတမ်း ပြောဆိုနေခဲ့သည်။
စီနီယာအစ်ကို ချီသည် ဟင်းလင်းပြင် သန့်စင်ခြင်းအဆင့်ရှိ ပုဂ္ဂိုလ်ကြီးတစ်ဦး၏ တပည့်အဖြစ် လက်ခံခြင်းခံထားရသူဖြစ်ပြီး ကိုယ်ပိုင် ဂူဗိမာန်တစ်ခုကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သည်။
သူတို့သည် တောင်နောက်ဘက်သို့ ရောက်ရှိလာသောအခါ ခန့်ညားထည်ဝါသော ဂူဗိမာန်တစ်ခုကို မြင်တွေ့လိုက်ရသည်။
ဂူဗိမာန် အဝင်ဝတွင် ဝတ်စုံဖြူ ဝတ်ဆင်ထားသော တပည့်နှစ်ဦးမှာ ပြင်းထန်သော အရှိန်အဝါများကို ထုတ်လွှတ်ရင်း တည်ငြိမ်စွာ ရပ်နေကြသည်။
ချန်ရှုက သူတို့ရောက်ရှိကြောင်း အကြောင်းကြားရန် ရှေ့သို့ တိုးလိုက်စဉ်မှာပင် တစ်ဦးက အေးစက်စွာ တားဆီးလိုက်သည်။
“ရပ်လိုက်..... ဒါက စီနီယာအစ်ကို ချီရဲ့ သီးသန့်ကျင့်ကြံရာ နေရာပဲ..... ကြိုတင်ချိန်းထားခြင်းရှိတဲ့သူတွေ အနားမကပ်ရဘူး.....”
ချန်ရှု၏ မျက်နှာပေါ်မှ အပြုံးမှာ ချက်ချင်းပင် တောင့်ခဲသွားသည်။ သူက အတင်းပြုံးကာ ရှင်းပြလိုက်သည် “စီနီယာအစ်ကိုတို့... ကျွန်တော်က အကယ်ဒမီတပည့် ချန်ရှုပါ..... ဒါက ဂျူနီယာ မုန့်ဝမ်ပါ။ ကျွန်တော်တို့ စီနီယာအစ်ကို ချီနဲ့ တွေ့စရာ အရေးကြီးကိစ္စလေး ရှိလို့ပါ”
ထိုသူက သူတို့နှစ်ဦးကို အထက်အောက် ကြည့်လိုက်ရာ သူ၏ အကြည့်ထဲတွင် အထင်အမြင်သေးမှုများ ပြည့်နှက်နေသည် “စီနီယာအစ်ကို ချီက အခု ကျင့်ကြံနေတာမို့ ဘယ်သူ့ကိုမှ မတွေ့ဘူး။ မင်းတို့နှစ်ယောက် အမြန်ထွက်သွားကြ..... ဒီမှာ လာပြီး ဆူညံမနေနဲ့.....”
ချန်ရှု၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသည်။ သူက ဝိညာဉ်ကျောက်တုံးအိတ်ကို ခိုးပေးလိုက်ပြီးနောက် ဝူမိသားစု ၏ အမည်ကို ထုတ်သုံးလိုက်သည်
“စီနီယာအစ်ကိုတို့... ကျွန်တော်တို့မှာ တကယ့်ကို အရေးကြီးတဲ့ ကိစ္စရှိလို့ပါ။ ကျေးဇူးပြုပြီး ကူညီပေးကြပါ။ ကျွန်တော်နဲ့ ဂျူနီယာမုန့်က ဝူမိသားစုမှာ အလုပ်လုပ်နေကြတာပါ..... ဝူမိသားစုရဲ့ မျက်နှာကို ထောက်ပြီးတော့...”
သူ စကားမဆုံးမီမှာပင် အစောင့်က စိတ်မရှည်စွာ ကြားဖြတ်ပြောလိုက်သည်
“ဝူမိသားစု..... ဝူမိသားစု အမည်ကို သုံးလိုက်ရင် ငါက ကြောက်သွားမယ် ထင်နေတာလား..... မင်းတို့နှစ်ယောက်က ဝူမိသားစုရဲ့ အစေခံတွေပဲ ဖြစ်နေပြီးတော့ အပြင်ထွက်ရင် ဝူမိသားစု အမည်ကို သုံးပြီး ကြွားလုံးထုတ်နေတာက တကယ်ကို ရယ်စရာကောင်းလှတယ်.....”
အစောင့်တပည့်၏ အသံမှာ လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေပြီး သူ၏ မျက်လုံးထဲတွင်လည်း ပွင့်လင်းသော အထင်အမြင်သေးမှုများ ရှိနေသည်။
ချန်ရှုသည် ချက်ချင်းပင် စကားမပြောနိုင် ဖြစ်သွားတော့သည်။
ထိုသို့ အကြပ်ရိုက်နေစဉ်မှာပင် မုန့်ဝမ်သည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ကာ အစောင့်နှစ်ဦးကို စိုက်ကြည့်ရင်း တည်ငြိမ်သော်လည်း အာဏာပါသော လေသံဖြင့် ပြောလိုက်သည်။
“ကျွန်မမှာ စီနီယာအစ်ကို ချီအတွက် ဝိညာဉ်ကျောက်တုံး သောင်းနဲ့ချီပြီး ရှာပေးနိုင်မယ့် အကြံတစ်ခု ရှိပါတယ်။ ရှင်တို့နှစ်ယောက် အဲဒါကို နားထောင်ကြည့်ဖို့ စိတ်ဝင်စားသလား.....”
အစောင့်နှစ်ဦးမှာ အစပိုင်းတွင် လန့်သွားကြပြီးနောက် ဟားတိုက် ရယ်မောလိုက်ကြသည်။
တစ်ဦးကမူ လှောင်ပြောင်လိုက်သည် “ဝိညာဉ်ကျောက်တုံး သောင်းနဲ့ချီပြီး ဟုတ်လား..... မင်းတို့နှစ်ယောက်တည်းနဲ့..... အပြောကတော့ အကြီးကြီးပဲ.....”
မုန့်ဝမ်က စိတ်မဆိုးဘဲ ခပ်ပြုံးပြုံးသာ လုပ်နေသည်
“အကယ်၍ စီနီယာအစ်ကို ချီက ဒီလောက်များပြားတဲ့ ဝိညာဉ်ကျောက်တုံးတွေကို ရဖို့ အခွင့်အရေး ဆုံးရှုံးသွားတယ်ဆိုတာကို နောက်မှ သိသွားရင်... သူ ရှင်တို့နှစ်ယောက်ကို ဘယ်လို ပြစ်ဒဏ်ပေးမလဲဆိုတာ စဉ်းစားကြည့်ဖူးလား.....”
မုန့်ဝမ်၏ ယုံကြည်မှုရှိသော လေသံကို မြင်လိုက်ရသောအခါ အစောင့်နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
တစ်ဦးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “မင်းမှာ... စီနီယာအစ်ကို ချီအတွက် ဝိညာဉ်ကျောက်တုံး သောင်းနဲ့ချီ ရှာပေးနိုင်မယ့် နည်းလမ်း တကယ်ရှိတာလား.....”
မုန့်ဝမ်က အသာအယာ ခေါင်းညိတ်လိုက်သည် “ရှိတာပေါ့....... ဒါပေမဲ့ ဒီကိစ္စကို စီနီယာအစ်ကို ချီနဲ့ ကိုယ်တိုင် တွေ့ပြီး အသေးစိတ် ဆွေးနွေးရမှာပါ”
အစောင့်မှာ ခေတ္တ တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် စွန့်စားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ ဤမိန်းကလေး ပြောသည်မှာ အမှန်ဖြစ်ပြီး စီနီယာအစ်ကို ချီက ဝိညာဉ်ကျောက်တုံးများ ရရှိခဲ့လျှင် သူတို့အတွက်လည်း ဆုလာဘ်များ ရှိမည်မှာ သေချာသည်။
အကယ်၍ လိမ်ညာနေခြင်း ဖြစ်ပါကလည်း စီနီယာအစ်ကို ချီ၏ ဆူပူမှုကိုသာ ခံရမည်ဖြစ်သည်။
ဆုံးဖြတ်ချက် ချပြီးနောက် တစ်ဦးက မုန့်ဝမ်ကို ပြောလိုက်သည် “ဒီမှာ ခဏစောင့်..... ငါ သွားသတင်းပို့လိုက်မယ်” ထို့နောက် လှည့်၍ ဂူဗိမာန်ထဲသို့ ဝင်သွားတော့သည်။
ချန်ရှုက မုန့်ဝမ်ကို လေးစားစွာ ကြည့်လိုက်သည် “ဂျူနီယာ... မင်းက တကယ်ကို တော်တာပဲ”
မုန့်ဝမ်က ပြုံးလိုက်သည် “ကျွန်မက အလွယ်လေး ပြောလိုက်တာပါ..... ဒါက သူတို့ကို လှုပ်ခတ်သွားစေလိမ့်မယ်လို့ မထင်ထားဘူး။ စီနီယာအစ်ကို ချီက ကျွန်မတို့ကို တွေ့ဖို့ သဘောတူ..... မတူဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ”
မကြာမီမှာပင် အစောင့် ပြန်ရောက်လာသည် “စီနီယာအစ်ကို ချီက မင်းတို့ကို တွေ့ဖို့ သဘောတူတယ်။ အမြန်ဝင်သွားကြ”
ဂူဗိမာန်အတွင်းတွင် ဝိညာဉ်အရှိန်အဝါများမှာ ပေါများလှပြီး နတ်ဘုရားများ နေထိုင်ရာ နေရာတစ်ခုနှင့် တူလှသည်။
အစိမ်းရောင် တာအိုဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် တင်ပလ္လင်ခွေ ထိုင်နေသည်။
ထိုသူမှာ ကောင်းကင်တာအို အကယ်ဒမီ၏ နာမည်ကျော် စီနီယာအစ်ကို ချီ ဖြစ်သူ ချီယွမ်ရှောင် ပင် ဖြစ်သည်။
သူသည် ထက်မြက်သော မျက်ခုံးများနှင့် ကြယ်ပမာ တောက်ပသော မျက်လုံးများ ရှိကာ သူ၏ လှုပ်ရှားမှုတိုင်းတွင် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး၏ အရှိန်အဝါများ ထွက်ပေါ်နေသည်။
“ငါ့အတွက် ဝိညာဉ်ကျောက်တုံး သောင်းနဲ့ချီ ရှာပေးနိုင်မယ့် နည်းလမ်း ရှိတယ်ဆိုတာ မင်းလား.....”
ချီယွမ်ရှောင်၏ အကြည့်မှာ မုန့်ဝမ်အပေါ်တွင် ရပ်တန့်နေပြီး သူ၏ လေသံမှာ အနည်းငယ် မကျေမနပ်ဖြစ်ဟန် ပါဝင်နေသည်။
သူ၏ရှေ့တွင် လျှို့ဝှက်ချက်လုပ်နေသည်ကို အမုန်းဆုံး ဖြစ်ပေသည်။
အကယ်၍ ဤနှစ်ဦးက သူ့ကို လှည့်စားရန် ကြိုးစားခြင်းဖြစ်ပါက သူတို့သည် ဝူမိသားစုမှ ဖြစ်နေသည့်တိုင် အကယ်ဒမီတွင် ဆက်နေ၍ မရအောင် သူ လုပ်ပစ်မည်ဖြစ်သည်။
မုန့်ဝမ်၏ နောက်တွင် ရပ်နေသော ချန်ရှုမှာ ထိတ်လန့်စွာဖြင့် တံတွေးကို မျိုချလိုက်မိသည်။
ချီယွမ်ရှောင်၏ တိုက်ခိုက်နိုင်စွမ်းမှာ အံ့မခန်းလှပြီး သူသည် ဝိညာဉ်ပြောင်းလဲခြင်းအဆင့် အစောပိုင်းရှိ ပုဂ္ဂိုလ်တစ်ဦးကိုပင် သတ်ဖြတ်နိုင်ခဲ့သူ ဖြစ်သည်။
စီနီယာအစ်ကို ချီ၏ ဖိအားပေးမှုအောက်တွင် မုန့်ဝမ်၏ မျက်နှာမှာ မပြောင်းလဲဘဲ တည်ငြိမ်သော အပြုံးတစ်ခုပင် ရှိနေသေးသည် “စီနီယာအစ်ကို ချီ... ကျွန်မက ရွှေအမြုတေအဆင့်လေး တစ်ဦးပါ..... ကျွန်မမှာ သတ္တိ အဆတစ်ရာ ရှိနေရင်တောင် စီနီယာ့ကို လိမ်ညာဖို့ မဝံ့ရဲပါဘူး။
တကယ်တော့ ကျွန်မက လေ့ကျင့်ရေးကွင်းမှာ ဝိုင်ဆိုင်လေး တစ်ဆိုင် ဖွင့်ထားတာပါ..... အဲဒါကို စီနီယာအစ်ကို ကိုယ်တိုင် လာကြည့်ပြီး လမ်းညွှန်ပေးစေချင်လို့ပါ”
“လေ့ကျင့်ရေးကွင်း ဟုတ်လား.....” ချီယွမ်ရှောင်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားပြီး သူ၏ အသံမှာ ပို၍ပင် မကျေမနပ် ဖြစ်လာသည် “လေ့ကျင့်ရေးကွင်းက တပည့်တွေ လေ့ကျင့်တဲ့ နေရာပဲ။ မင်းက ဘာလို့ အဲဒီမှာ ဝိုင်ဆိုင် ဖွင့်ရတာလဲ.....”
“စီနီယာအစ်ကို ချီ... ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့။ အဲဒီ ဝိုင်ဆိုင်ကပဲ စီနီယာ့ဆီကို အဆုံးမရှိတဲ့ ဝိညာဉ်ကျောက်တုံးတွေ ယူဆောင်လာပေးမှာပါ”
ချီယွမ်ရှောင်က နှာခေါင်းရှုံ့လိုက်ရာ သူ၏ ကိုယ်မှ မမြင်နိုင်သော ဖိအားများ ထွက်ပေါ်လာပြီး ချန်ရှုအပေါ်သို့ ဖိနှိပ်လိုက်သဖြင့် ချန်ရှုမှာ အသက်ရှူပင် ခက်ခဲသွားတော့သည်။
မုန့်ဝမ်သည်လည်း ထိုဖိအားအောက်တွင် လှုပ်ရှား၍ မရသော်လည်း အားယူကာ ပြောလိုက်သည်
“စီနီယာအစ်ကို ချီ... အဲဒီ ဝိုင်ဆိုင်ကို တစ်ချက်လောက် လာကြည့်ပေးလို့ မရဘူးလား..... ဝိုင်ဆိုင်ကို စီနီယာ့ရဲ့ နယ်မြေထဲမှာ ဖွင့်ထားတာပါ။
အကယ်၍ ဒါကို ကောင်းကောင်း စီမံနိုင်ရင် ရရှိလာတဲ့ ဝိညာဉ်ကျောက်တုံးတွေထဲက အများစုကို စီနီယာ ရရှိမှာပါ”
“လမ်းပြ.......” ချီယွမ်ရှောင်က သူ၏ ဖိအားများကို ရုပ်သိမ်းလိုက်ပြီး တိုတိုတုတ်တုတ် ပြောလိုက်သည်။
မုန့်ဝမ်သည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး လမ်းပြရန် လှည့်ထွက်ခဲ့သည်။
ချန်ရှုကလည်း မုန့်ဝမ်၏ နောက်မှ ကပ်လိုက်လာရင်း သူမ၏ သတ္တိကို စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးနေမိသည်။
စီနီယာအစ်ကို ချီ၏ ရှေ့တွင် ဤမျှ တည်ငြိမ်နေနိုင်ခြင်းမှာ သာမန်လူတစ်ဦး လုပ်နိုင်သည့် အရာမဟုတ်ပေ။
မကြာမီမှာပင် သူတို့သုံးဦးသည် လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာပြီး ဝိုင်ဆိုင်နားသို့ ချဉ်းကပ်ခဲ့ကြသည်။
***