ကျင့်စဉ်လေ့ကျင့်ရေးကွင်း၏ ထောင့်တစ်နေရာတွင် အခြေချနေသော ဤရှေးဟောင်းစတိုင် စားသောက်ဆိုင်မှာ ပတ်ဝန်းကျင်နှင့် တစ်သားတည်းကျနေပြီး ထူးမခြားနားသလို ရှိနေသည်။
ဆိုင်အတွင်းမှ ဝိုင်နံ့နှင့် အစားအစာရနံ့များမှာ လေထဲတွင် ဝေ့ဝဲနေပြီး လူတိုင်းကို တံတွေးယိုစေသည်။ ရံဖန်ရံခါတွင် တပည့်အချို့မှာလည်း မျှော်လင့်ချက်အပြည့်ဖြင့် ဆိုင်အတွင်းသို့ ဝင်ထွက်သွားလာနေကြသည်။
ရှေ့ရှိ စားသောက်ဆိုင်ကို ကြည့်ရင်း ချီယွမ်ရှောင်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး မျက်လုံးများမှာလည်း လက်ခနဲ ဖြစ်သွားသည်။
ဤစားသောက်ဆိုင်မှာ အစစ်မဟုတ်ဘဲ ‘မြူခိုးပုံရိပ်ယောင်’ အတတ်ဖြင့် ဖန်တီးထားခြင်းဖြစ်သည်ကို သူ တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။
မုန့်ဝမ်သည် ရွှေအမြုတေ ပထမအလွှာသာရှိပြီး အကယ်ဒမီသို့ ရောက်သည်မှာ နှစ်ပတ်သာ ရှိသေးသော်လည်း မြူခိုးပုံရိပ်ယောင်ကို ဤမျှ အဆင့်အတန်းအထိ ကျင့်ကြံနိုင်ခြင်းမှာ အံ့မခန်းလှပေ။
ချီယွမ်ရှောင်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေပြီး သူ၏ အမူအရာမှာ များစွာ နူးညံ့သွားကာ အသံတိုးတိုးဖြင့် မှတ်ချက်ပေးလိုက်သည် .....
“မင်းရဲ့ မြူခိုးပုံရိပ်ယောင် အတတ်က တကယ်ကို ထူးချွန်ပါတယ်။ အစစ်နဲ့တူရုံတင်မကဘဲ စိတ်ကူးစိတ်သန်းကလည်း တကယ့်ကို ပါးနပ်တယ်။
ဒါပေမဲ့ အောက်အကယ်ဒမီက ကျောင်းသားအများစုမှာ ဝိညာဉ်ကျောက်တုံး သိပ်မရှိကြဘူး။
ဒီဆိုင်က တစ်နေ့ကို အများဆုံး အမြတ်ထွက်ရင် ဝိညာဉ်ကျောက်တုံး ရာဂဏန်းပဲ ရှိမယ်၊ တစ်နှစ်လုံးမှ သောင်းဂဏန်းလောက်ပဲ ရှိမှာပါ”
သူက ခေတ္တရပ်ကာ မုန့်ဝမ်ကို ပြုံးစစဖြင့် ကြည့်လိုက်သည် “ဂျူနီယာ မုန့်ဝမ်က ဒီဆိုင်က ရသမျှ အမြတ်အားလုံးကို ငါ့ကို ပေးဖို့ ရည်ရွယ်ထားတာလား.....”
၎င်းကို ကြားသောအခါ မုန့်ဝမ်က ညို့ယူဖမ်းစားနိုင်သော အပြုံးဖြင့် ခေါင်းကို ဖြည်းဖြည်းချင်း ခါပြလိုက်သည်
“စီနီယာအစ်ကို ချီ... ကျွန်မကို နောက်နေတာပဲ။ ကျွန်မက စရိတ်ကလေးရအောင် ရှာနေတာဆိုတော့ အမြတ်အားလုံးကိုတော့ ပေးလို့မရပါဘူး။
ဒါပေမဲ့ ဆိုင်တစ်ဆိုင်က ရာဂဏန်း ရနိုင်တယ်ဆိုရင်၊ ကျွန်မက ဒီလိုဆိုင်မျိုး အများကြီး ဆောက်လိုက်ရင်ကော.....
ပြီးတော့ ရွှေအမြုတေအဆင့် ကျောင်းသားတွေက ကျောက်တုံးရှားပါးပေမဲ့ နက်နဲသောဝိညာဉ်အဆင့်မှာ ရှိတဲ့ စီနီယာတွေကတော့ ချမ်းသာကြမှာပဲ မဟုတ်လား.....”
ချီယွမ်ရှောင်က သဘောပေါက်သွားပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်သည် “ဂျူနီယာ မုန့်ဝမ်က ဒီလောက်ကြီးတဲ့ ဆိုင်ကြီးကို ဆောက်ထားပြီး ငါ့ကိုတော့ အထဲဝင်ထိုင်ဖို့ မဖိတ်သေးဘူးလား.....”
မုန့်ဝမ်က ပြုံးလိုက်ပြီး လက်ကို ဆန့်ကာ ဖိတ်ခေါ်လိုက်သည် “ကျွန်မရဲ့ ပေါ့လျော့မှုအတွက် တောင်းပန်ပါတယ် စီနီယာအစ်ကို။ အထဲကို ကြွပါဦးရှင်”
ချီယွမ်ရှောင်က ခေါင်းညိတ်ကာ စားသောက်ဆိုင်အတွင်းသို့ ဦးစွာ လှမ်းဝင်လိုက်သည်။ ချန်ရှုနှင့် မုန့်ဝမ်တို့က နောက်မှ ကပ်လိုက်သွားကြသည်။
ဒုတိယထပ်ရှိ သီးသန့်အခန်းသို့ ရောက်သောအခါ ချီယွမ်ရှောင်က အလယ်ထိုင်ခုံတွင် ထိုင်လိုက်ပြီး မုန့်ဝမ်နှင့် ချန်ရှုတို့က ဘေးတစ်ဖက်တစ်ချက်တွင် ထိုင်လိုက်ကြသည်။
“ဒီဆိုင်ရဲ့ စိတ်ကူးက တကယ့်ကို ပါးနပ်တယ်” ချီယွမ်ရှောင်က ပတ်ပတ်လည်ကို ကြည့်ကာ ချီးကျူးလိုက်ပြီးနောက် ကုလားထိုင်ကို မှီထိုင်ကာ ပြောလိုက်သည်
“ဂျူနီယာ... မင်းမှာ ဘာအကြံရှိလဲဆိုတာ တန်းတန်းမတ်မတ်သာ ပြောပါ”
မုန့်ဝမ်ကလည်း အချိန်မဆွဲဘဲ တိုက်ရိုက်ပြောလိုက်သည်
“ကျွန်မက ဒီလေ့ကျင့်ရေးကွင်းမှာ ဝိုင်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ အများကြီး ဖွင့်ချင်တာပါ။ ဝိညာဉ်ဝိုင်နဲ့ ကောင်းမွန်တဲ့ ဟင်းလျာတွေကို ရောင်းချမယ်။ စည်းကမ်းကတော့ အစားအသောက်အားလုံးကို ဆိုင်ပြင်ပကို ယူဆောင်သွားလို့ မရဘူး။ ဒါပေမဲ့ ကျွန်မရဲ့ ကျင့်ကြံဆင့်က နိမ့်ပြီး လုပ်နိုင်စွမ်းကလည်း အကန့်အသတ်ရှိတာမို့ စီနီယာအစ်ကို ချီရဲ့ အကူအညီ လိုအပ်ပါတယ်”
ချီယွမ်ရှောင်၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ပေါ်လာသည် “ရင်းနှီးစရာမလိုဘဲ အမြတ်ထွက်မယ့် ဒီလိုလုပ်ငန်းမျိုးကို ငါလည်း ပါဝင်ချင်တာပေါ့။ ဒါပေမဲ့ အမြတ်ဝေစုအနေနဲ့ ငါက ခုနစ်ဆယ် ရာခိုင်နှုန်း လိုချင်တယ်”
ဘာမှမလုပ်ဘဲ ခုနစ်ဆယ် ရာခိုင်နှုန်း တောင်းဆိုလိုက်သော်လည်း မုန့်ဝမ်မှာ မျက်တောင်တစ်ချက်ပင် မခတ်ဘဲ သဘောတူလိုက်သည်။
“ရပါတယ်၊ ဒါပေမဲ့ ကျွန်မမှာ နောက်ထပ် အခြေအနေ နှစ်ခု ရှိပါတယ်”
မုန့်ဝမ်က သူ၏ တောင်းဆိုမှုကို လွယ်လွယ်နှင့် သဘောတူလိုက်သဖြင့် ချီယွမ်ရှောင်မှာ စိတ်ကြည်လင်သွားပြီး ပြောလိုက်သည် “မင်းမှာ ဘာအခြေအနေရှိရှိ ပြောပါ”
“ပထမအချက်က... ကျွန်မမှာ ပုံရိပ်ယောင် တာအိုမှာ ပါရမီရှိတယ်လို့ ခံစားရပေမဲ့ ကျွန်မထက် တော်တဲ့သူတွေ အများကြီး ရှိပါတယ်။ ကျွန်မရဲ့ လက်ရှိ ပုံရိပ်ယောင်အတတ်နဲ့ နက်နဲသောဝိညာဉ်အဆင့် စီနီယာတွေကို လှည့်စားဖို့က ခက်ခဲပါလိမ့်မယ်။
ဒါကြောင့် စီနီယာအစ်ကို ချီအနေနဲ့ ပုံရိပ်ယောင် တာအိုမှာ ကျွမ်းကျင်တဲ့ နက်နဲသောဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ဦးစ၊ နှစ်ဦးစလောက်ကို မိတ်ဆက်ပေးစေချင်ပါတယ်”
“ဒါကို ငါလည်း စဉ်းစားထားပြီးသားပါ” ချီယွမ်ရှောင်က ခေါင်းညိတ်လိုက်သည်
“ငါ့မှာ ပုံရိပ်ယောင်အတတ်မှာ ထူးချွန်တဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။
သူ့ကို ဒီမှာ ပါဝင်ခိုင်းပြီး ပုံရိပ်ယောင် မဟာဗျူဟာကို ထိန်းသိမ်းဖို့နဲ့ အဆင့်မြှင့်တင်ဖို့ တာဝန်ပေးလိုက်မယ်”
“စီနီယာအစ်ကို ချီ မိတ်ဆက်ပေးတဲ့သူဆိုရင် ကျွန်မ ယုံကြည်ပါတယ်” မုန့်ဝမ်က ပြုံး၍ ဆက်ပြောလိုက်သည်။
“ဒုတိယအချက်ကတော့ ရိုးရှင်းပါတယ်။ ဆိုင်ဖွင့်လို့ ဧည့်သည်တွေ များလာရင် စကားများတာ၊ အငြင်းပွားတာတွေက ရှောင်လွှဲလို့ မရပါဘူး။ ဒါကြောင့် စီနီယာအစ်ကိုကပဲ ဆိုင်ရဲ့ နေ့စဉ်လည်ပတ်မှုနဲ့ လုံခြုံရေးကို တာဝန်ယူပေးစေချင်ပါတယ်။
စီနီယာအစ်ကို ချန်ရှုနဲ့ ကျွန်မက ရင်းနှီးတဲ့ သူငယ်ချင်းတွေမို့ စီနီယာအစ်ကို ချန်ရှုကိုလည်း ဆိုင်ရဲ့ စီမံခန့်ခွဲရေးမှာ နေရာတစ်ခု ပေးစေချင်ပါတယ်”
ဤမျှ ကြီးမားသော လုပ်ငန်းအတွက် ချီယွမ်ရှောင်သည် သူ၏လူများကိုသာ သုံးမည်ဖြစ်သော်လည်း မုန့်ဝမ်သည် အမြတ်၏ သုံးဆယ် ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသဖြင့် လူတစ်ယောက် ထည့်သွင်းခြင်းမှာ မခက်ခဲပေ။
ချီယွမ်ရှောင်က ခေတ္တစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည် ။
“ကောင်းပြီ၊ ငါ အခုပဲ သတင်းပို့ပြီး ပုံရိပ်ယောင်အတတ် ကျွမ်းကျင်တဲ့ ငါ့သူငယ်ချင်းကို ခေါ်လိုက်မယ်”
သတင်းပို့ပြီး မကြာမီမှာပင် မီးခိုးရောင် တာအိုဝတ်ရုံ ဝတ်ဆင်ထားသော ပိန်ပါးသော အမျိုးသားတစ်ဦး အလျင်အမြန် ရောက်ရှိလာသည်။
သူသည် ဆိုင်ထဲသို့ ဝင်လာသည်နှင့် ရှေ့ရှိ မြင်ကွင်းကြောင့် မှင်တက်သွားပြီး ထပ်တလဲလဲ ချီးကျူးတော့သည်။
“အံ့သြစရာပဲ........ အံ့သြစရာပဲ........ ဒီလောက် လက်ရာမြောက်တဲ့ မြူခိုးပုံရိပ်ယောင်မျိုးက တကယ့်ကို ထူးခြားလှတယ်........”
ရောက်ရှိလာသူမှာ ချီယွမ်ရှောင် ပြောခဲ့သော ပုံရိပ်ယောင်အတတ် ပညာရှင် ဝမ်အန်းရိ ပင် ဖြစ်သည်။
ဤစားသောက်ဆိုင်ကို ဖန်တီးခဲ့သူမှာ ရွှေအမြုတေ ပထမအလွှာသာ ရှိသေးသော မုန့်ဝမ် ဖြစ်သည်ကို သိလိုက်ရသောအခါ သူ အံ့သြလွန်းသဖြင့် မျက်လုံးများပင် ပြူးသွားတော့သည်။
“ဂျူနီယာ မုန့်ဝမ်... မင်းရဲ့ ပုံရိပ်ယောင် တာအိုက တကယ်ကို လေးစားစရာပဲ။ ရွှေအမြုတေ ပထမအလွှာမှာတင် ဒီလောက်အဆင့်အထိ ရောက်နေတာ... မင်းရဲ့ အနာဂတ်က အလွန် တောက်ပမှာပါ” ဟု သူက ရိုးသားစွာ ချီးကျူးလိုက်သည်။
ထို့နောက် သက်ပြင်းတစ်ချက် ချလိုက်ရင်း
“ငါ မင်းရဲ့အဆင့်မှာတုန်းက ဒီလောက်အစွမ်း မရှိခဲ့ဘူး။ ဒါပေမဲ့ ဂျူနီယာရဲ့ ကျင့်ကြံဆင့်က နည်းနည်းလိုသေးတော့ အသေးစိတ်အချက်လေးတွေမှာတော့ အားနည်းချက်လေးတွေ ရှိနေသေးတယ်”
ပြောပြောဆိုဆိုနှင့် ဝမ်အန်းရိသည် ဆိုင်အတွင်းပိုင်းကို ကြည့်ကာ မလျော်ကန်သော အသေးစိတ်အချက်အချို့ကို ထောက်ပြလိုက်သည်။
မုန့်ဝမ်က သူညွှန်ပြရာကို လိုက်ကြည့်သော်လည်း ခေါင်းခါလိုက်သည် ......
“စီနီယာအစ်ကို ထောက်ပြတဲ့ အားနည်းချက်တွေကို ကျွန်မရဲ့ ကျင့်ကြံဆင့်နဲ့ အမြင်အာရုံအရ ကျွန်မ တကယ် မမြင်ရပါဘူး။ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး စီနီယာ”
“ကောင်းပြီ၊ ဂျူနီယာက တောင်းဆိုမှတော့ ငါ အလုပ်စလိုက်မယ်” ဝမ်အန်းရိက ပြောရင်း လက်ကို လှုပ်ရှားလိုက်ရာ ဝိညာဉ်စွမ်းအင်များ စီးဆင်းသွားပြီး စားသောက်ဆိုင် တစ်ခုလုံးမှာ ယခင်ကထက် ပို၍ ထူးခြားသွားသလို ခံစားလိုက်ရသည်။
“ကဲ... ဒါဆိုရင် ဒီဆိုင်ကိစ္စကို နင်တို့နှစ်ယောက်ဆီမှာပဲ အပ်ခဲ့မယ်။ ပြဿနာရှိရင် ငါ့ကို အချိန်မရွေး ဆက်သွယ်လိုက်” ချီယွမ်ရှောင်သည် သူတို့နှစ်ဦး စကားပြော၍ ကောင်းနေသည်ကို မြင်သောအခါ ချန်ရှုကို ခေါ်၍ ထွက်ခွာသွားခဲ့သည်။
သူသည် ဆိုင်ကို စီမံခန့်ခွဲပေးမည့် အရည်အချင်းရှိသော လက်အောက်ငယ်သားများကို သွားရောက်ရှာဖွေရဦးမည် ဖြစ်သည်။
သူတို့နှစ်ဦး ထွက်သွားပြီးနောက် မုန့်ဝမ်နှင့် ဝမ်အန်းရိတို့သည် ဆက်လက် ဆွေးနွေးကြသည်။ နှစ်ဦးလုံးမှာ ပုံရိပ်ယောင်အတတ် ပညာရှင်များ ဖြစ်သဖြင့် စိတ်တူကိုယ်တူ တွေ့ဆုံသောအခါ ပြောစရာ စကားများမှာ မကုန်နိုင်အောင် ရှိနေသည်။
သူတို့သည် မြူခိုးပုံရိပ်ယောင် ကျင့်စဉ်မှသည် နောက်ပိုင်း ဆောက်လုပ်မည့် လက်ဖက်ရည်ဆိုင် အသေးစိတ်များအထိ နှစ်ရက်တိုင်တိုင် မနားတမ်း ဆွေးနွေးခဲ့ကြသော်လည်း ပင်ပန်းသည်ဟု မခံစားရဘဲ အသိပညာများစွာ ရရှိခဲ့ကြသည်။
ဝမ်အန်းရိက လေးစားစွာ ပြောလိုက်သည် “ဂျူနီယာရဲ့ အကြံအစည်တွေက တကယ့်ကို ထူးခြားပြီး လေးစားစရာ ကောင်းလှတယ်”
မုန့်ဝမ်က ခေါင်းခါလိုက်သည် “စီနီယာက ကျွန်မကို မြှောက်ပြောနေတာပါ။ စီနီယာက ဝါရင့်သူဖြစ်ပြီး ပုံရိပ်ယောင်အတတ်ပေါင်း များစွာကို ကျွမ်းကျင်သူပါ၊ ကျွန်မကသာ စီနီယာ့ဆီကနေ အများကြီး သင်ယူလိုက်ရတာပါ”
အသေးစိတ်အချက်အားလုံးကို ဆုံးဖြတ်ပြီးနောက် မုန့်ဝမ်နှင့် ဝမ်အန်းရိတို့သည် လက်ဖက်ရည်ဆိုင်ကို စတင်တည်ဆောက်ကြသည်။ ပထမဦးစွာ လက်ဖက်ရည်ဆိုင်၏ အသွင်အပြင်ကို ဝိညာဉ်အာရုံပင်လယ်ထဲတွင် မုန့်ဝမ်က တည်ဆောက်သည်။
ထို့နောက် အဆင့်မြှင့်တင်ခြင်းနှင့် အသေးစိတ်အချက်များကိုတော့ ဝမ်အန်းရိက တာဝန်ယူသည်။
နှစ်ဦးသား ပူးပေါင်းဆောင်ရွက်မှုကြောင့် တစ်ရက်အကြာတွင် ရှေးဟောင်းစတိုင် လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ မြေပြင်မှ ပေါ်ထွက်လာသည်။
ဆိုင်၏ အမိုးစွန်းတွင် "လက်ဖက်ရည်" ဟု ရေးထားသော အလံတစ်ခု လွင့်ထူထားသည်။ သစ်သားရနံ့နှင့် လက်ဖက်ရည်နံ့သင်းသင်းလေးမှာ လေထဲတွင် ပျံ့နှံ့နေပြီး စားသောက်ဆိုင်၏ ခန့်ညားမှုနှင့်လည်း လိုက်ဖက်လှသည်။
လက်ဖက်ရည်ဆိုင် ပြီးစီးပြီးနောက် မုန့်ဝမ်နှင့် ဝမ်အန်းရိတို့သည် အဆာပြေမုန့်ဆိုင်များကို ဆက်လက် တည်ဆောက်ကြသည်။
မကြာမီမှာပင် သေးငယ်ပြီး လက်ရာမြောက်သော ဆိုင်လေးများ တစ်ဆိုင်ပြီး တစ်ဆိုင် ပေါ်လာတော့သည် ..... အငွေ့တထောင်းထောင်းထွက်နေသော ပေါက်စီများ၊ ကြွပ်ရွနေသော မုန့်ကြော်များ၊ ချိုမြိန်သော သစ်သီးယိုချောင်းများ...မှာ စားချင်ဖွယ် ကောင်းနေသည်။
***