ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများမှာ ဟိန်းထွက်နေပြီး ဆွဲဆောင်မှုရှိသော အမွှေးရနံ့မျိုးစုံမှာ လေထဲတွင် ပျံ့လွင့်နေကာ အလွန်စည်ကားလှသော မြင်ကွင်းတစ်ခုကို ဖန်တီးနေသည်။
အစီအစဉ်များ အဆင်ပြေချောမွေ့စေရန် ချီယွမ်ရှောင်သည် လွန်ခဲ့သော ရက်အနည်းငယ်ကပင် ဆင်ခြေတစ်ခုပေး၍ လေ့ကျင့်ရေးကွင်းရှိ ရွှေအမြုတေအဆင့် ကျောင်းသားအားလုံးကို ခေတ္တဖယ်ရှားပေးထားခဲ့သည်။
အစီအစဉ်မှာ ပိုမိုပီပြင်ပြီး အစစ်အမှန်နှင့် တူစေရန်အတွက် သူသည် သူ၏လက်အောက်ငယ်သား အချို့ကိုပင် လေ့ကျင့်ရေးကွင်းအတွင်း အလုပ်ရှုပ်နေဟန်ဖြင့် အဝင်အထွက် လုပ်ခိုင်းထားခဲ့သည်။
ထို့အပြင် သူသည် ဆိုင်အချို့ကို ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သတင်းလွှင့်ထားရာ အရေးကြီးသော ကိစ္စတစ်ခုခု ဖြစ်ပျက်တော့မည့်အလား ထင်ရစေသည်။
ကျင့်ကြံသူများ အနားယူအပန်းဖြေရန် တည်ဆောက်ထားသော "နွေဦးလေပြေဆောင် ပြီးစီးသွားသောအခါ ရက်အနည်းငယ်ကြာ ပိတ်ထားသော လေ့ကျင့်ရေးကွင်းမှာ နောက်ဆုံးတွင် ပြန်လည်ပွင့်လာခဲ့သည်။
ရွှေအမြုတေအဆင့် ကျောင်းသားများမှာ တိုးဝှေ့ဝင်ရောက်လာကြပြီးနောက် အသစ်တည်ဆောက်ထားသော စားသောက်ဆိုင်ဘေးတွင် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ကုန် အရောင်းဆိုင်လေးများစွာ ရှိနေသည်ကို တွေ့ရှိလိုက်ကြသည်။
လက်ဖက်ရည်ဆိုင်မှာ ရိုးရှင်းပြီး သန့်ပြန့်သဖြင့် စားသောက်ဆိုင်၏ ခန့်ညားမှုနှင့် သိသိသာသာ ကွဲပြားနေသည်။
အဆာပြေမုန့်ဆိုင်လေးများမှာမူ စုံလင်လှပပြီး မွှေးကြိုင်နေသည်။
ပို၍အံ့သြစရာကောင်းသည်မှာ ဆိုင်တန်းများ၏ အဆုံးတွင် "နွေဦးလေပြေဆောင်" ဟု အမည်ရသော အဆောင်တစ်ခု ပေါ်ထွက်လာခြင်းဖြစ်သည်။
အဆောင်ပေါ်တွင် ခန့်ညားသော ကျင့်ကြံသူများသည် ဝတ်စုံထူးထူးခြားခြားများကို ဝတ်ဆင်ကာ အနုပညာစွမ်းရည်မျိုးစုံကို ပြသနေကြပြီး ငြိမ့်ညောင်းသော တေးဂီတသံများက လေထဲတွင် လွင့်ပျံ့နေသည်။
"ဝိုး... အဲဒီလူတွေ တကယ့်ကို လျှို့ဝှက်ထားနိုင်တာပဲ။ ဒီလိုကောင်းတဲ့အရာ ရှိမှန်း အခုမှ သိရတော့တယ်"
အချို့ကမူ နှာခေါင်းရှုံ့လျက် ဝေဖန်ကြသည် "လေ့ကျင့်ရေးကွင်းမှာ နွေဦးလေပြေဆောင်ကို ဆောက်ရတယ်လို့..... စီနီယာအစ်ကို ချီကတော့ ဒီတစ်ခါ အရမ်းလွန်သွားပြီ မဟုတ်လား..... တို့တွေ ကောင်းကင်တာအိုအကယ်ဒမီကို လာတာက ကျင့်ကြံဖို့လေ..... အပျော်အပါး ရှာဖို့မှ မဟုတ်တာ....."
"အဲလောက်ထိလည်း ပြင်းပြင်းထန်ထန် မတွေးပါနဲ့။ ဒါက အပန်းဖြေဖို့ သက်သက်ပါပဲ။ လေ့ကျင့်လို့ ပင်ပန်းလာတဲ့အခါ အနားယူစရာ နေရာလေးရှိတာက ကောင်းတယ်လို့ ငါတော့ ထင်တယ်"
ကျောင်းသားများမှာ အငြင်းပွားနေကြသော်လည်း အနည်းငယ်သော ကျင့်ကြံသူများမှလွဲ၍ ကျန်ကျောင်းသားအများစုမှာ လေ့ကျင့်ရေးကွင်း၏ ပြောင်းလဲမှုများကို သဘောကျနေကြသည်။
သူတို့သည် လက်ဖက်ရည်ဆိုင်နှင့် မုန့်ဆိုင်လေးများဆီသို့ စုပြုံသွားကြကာ အရသာရှိသော အစားအစာများကို မြည်းစမ်းရင်း ရှားပါးသော အပန်းဖြေချိန်ကို ကုန်လွန်စေကြသည်။
အချို့မှာမူ နွေဦးလေပြေဆောင်မှ ကခုန်သီဆိုသံများကြောင့် စပ်စုလိုစိတ်ဖြင့် အတွင်းသို့ ဝင်ရောက်သွားကြသည်။
"မိတ်ဆွေ... ကျွန်တော်တို့ရဲ့ အသစ်ထွက်တဲ့ ဝိညာဉ်လက်ဖက်ရည်ကို မြည်းကြည့်ပါဦး။ အရမ်းမွှေးပြီး အရသာကလည်း ချိုမြိန်တယ်..... ရေငတ်ပြေဖို့အတွက် အကောင်းဆုံးပဲ။
ဝိညာဉ်ကျောက်တုံး နှစ်တုံးတည်းနဲ့ ဝိညာဉ်လက်ဖက်ရည် အိုးအကြီးကြီး တစ်အိုးရမှာပါ။ အထဲဝင်ပြီး ထိုင်ပါဦးမလား....."
လက်ဖက်ရည်ဆိုင်အကူက ဧည့်သည်များကို တက်ကြွစွာ နှုတ်ဆက်နေသည်။
ဈေးနှုန်းမှာ အလွန်သက်သာလှသဖြင့် လာကြည့်ရုံသာ ရည်ရွယ်ထားသော ကျောင်းသားအချို့ပင် လက်ဖက်ရည်ဆိုင်အတွင်းသို့ ဝင်သွားကြသည်။
"ငါ့ကို ဝိညာဉ်သားရဲ ပေါက်စီ တစ်ခြင်းပေး..... အသားအပြည့်နဲ့ဟာနော်....."
"ဝိညာဉ်သစ်သီးယိုချောင်း... အရသာတစ်မျိုးစီ တစ်ချောင်းစီ ပေးဦး"
ခေတ္တအတွင်းမှာပင် ထိုနေရာမှာ လူများဖြင့် အလွန်စည်ကားလှုပ်ရှားသွားတော့သည်။
စည်ကားနေသော လူအုပ်ကြီးထဲတွင် မုန့်ဝမ်နှင့် ဝမ်အန်းရိတို့မှာ ဘေးချင်းယှဉ်ရပ်နေကြပြီး သူတို့ရှေ့ရှိ မြင်ကွင်းကို ကျေနပ်သော အပြုံးများဖြင့် ကြည့်နေကြသည်။
"စီနီယာအစ်ကို ဝမ်... နက်နဲသောဝိညာဉ်နယ်မြေမှာ ဘယ်တော့ တည်ဆောက်ရေး စမလဲ....."
ဝမ်အန်းရိက သူ၏မုတ်ဆိတ်ကို သပ်ရင်း ခေတ္တစဉ်းစားလိုက်သည်။
"မလောပါနဲ့ဦး။ နက်နဲသောဝိညာဉ်အဆင့် ကျောင်းသားတွေက အရည်အချင်းရှိသူတွေ များတော့ သူတို့ကို လှည့်စားဖို့က ရွှေအမြုတေ ကျောင်းသားတွေလောက် မလွယ်ဘူး။
ငါတို့ ‘မြူခိုးပုံရိပ်ယောင်’ တည်ဆောက်ပုံကို သေသေချာချာ ထပ်ပြီး သုတေသနလုပ်ဖို့ လိုသေးတယ်။ အားလုံး အဆင်သင့်ဖြစ်မှ စတာက မနောက်ကျပါဘူး"
၎င်းကို ကြားသောအခါ မုန့်ဝမ်သည်လည်း ဝမ်အန်းရိ၏ စကားမှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားရသည်။
"မနက်ဖြန်က နည်းပြ တရားဟောမယ့်နေ့ပဲ။ ဒီရက်ပိုင်း အလုပ်တွေ ဇွတ်လုပ်ထားရလို့ ကျွန်မလည်း တော်တော်ပင်ပန်းနေပြီ။ တခြားကိစ္စမရှိရင်တော့ ကျွန်မ အရင်ပြန်နားပါရစေ........."
"ကောင်းပါပြီ" ဝမ်အန်းရိက ရယ်မောလိုက်ရင်း "ငါလည်း ပြန်ပြီး အတွေးတွေကို ပြန်စုစည်းရဦးမယ်။ နက်နဲသောဝိညာဉ် နယ်မြေအတွက် စီမံကိန်းကို အမြန်ဆုံး ပြီးပြည့်စုံအောင် ကြိုးစားရမှာပဲ"
နှုတ်ဆက်ပြီးနောက် မုန့်ဝမ်သည် သူမ၏ ကျောင်းဆောင်ရှိ အခန်းဆီသို့ ပြန်လာခဲ့သည်။ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ပြင်းထန်သော ဝိညာဉ်စွမ်းအင် များက သူမကို ဆီးကြိုလိုက်သဖြင့် စိတ်ကို လန်းဆန်းသွားစေသည်။
ဒီရက်ပိုင်းအတွင်း မုန့်ဝမ်သည် ဆိုင်များ တည်ဆောက်ရန် အလုပ်ရှုပ်နေသဖြင့် ပြန်မလာနိုင်ခဲ့ပေ။
ရက်ပေါင်းများစွာ စုပုံနေသော အခန်းထဲမှ ဝိညာဉ်စွမ်းအင်များမှာ အလွန်သိပ်သည်းနေပြီး အစိုင်အခဲ ဖြစ်လုနီးပါးပင်။
သို့သော် မုန့်ဝမ်မှာ တကယ်ပင် ပင်ပန်းနေခဲ့သဖြင့် ကုတင်ပေါ်သို့ တန်းတန်းမတ်မတ် သွားကာ နူးညံ့သော အိပ်ရာထက်၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့ နံနက်တွင် မုန့်ဝမ်သည် အိပ်ရာမှ နိုးလာသောအခါ ခန္ဓာကိုယ်မှာ ပေါ့ပါးလန်းဆန်းနေပြီး ခွန်အားများ ပြည့်ဝနေသည်ဟု ခံစားရသည်။
သူမသည် ထထိုင်ကာ အကြောဆန့်လိုက်ရာ အရိုးများဆီမှ "ဂျွတ်" ဟူသော အသံများ မြည်လာပြီး တစ်ကိုယ်လုံး လန်းဆန်းသွားသည်။
မုန့်ဝမ်သည် ဝိညာဉ်စွမ်းအင်များကို ဝဝလင်လင် ရှူသွင်းလိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ ထိုအချိန်မှာပင် ဘေးခန်းမှ တံခါးမှာလည်း "ကျွီ" ဟူသော အသံနှင့်အတူ ပွင့်လာသည်။
ရွှီကျောက်ကျောက်သည် အပြင်သို့ ထွက်လာပြီး မုန့်ဝမ်ကို မြင်လိုက်ရသောအခါ အံ့သြသွားပြီးနောက် ပြုံးပြလိုက်သည်။
"အို... ဂျူနီယာ မုန့်..... ဒီရက်ပိုင်း မင်းကို ဒီနေရာတစ်ဝိုက်မှာ မမြင်မိပါလား။ ဘယ်နေရာမှာ ပုန်းပြီး ကျင့်ကြံနေတာလဲ....."
မုန့်ဝမ်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည် "ကျင့်ကြံရေးခန်းမနဲ့ လေ့ကျင့်ရေးကွင်းကြားမှာ ပြေးလွှားနေတာပါ။ မနေ့ကမှ လေ့ကျင့်ရေးကွင်းက ပြန်ရောက်တာ"
ရွှီကျောက်ကျောက်သည် "ကျင့်ကြံရေးခန်းမ" ဟူသော စကားလုံးကို ကြားသည်နှင့် ချက်ချင်း တက်ကြွသွားသည်။
"ဂျူနီယာ မုန့်က တကယ်ပဲ ကျင့်ကြံရေးခန်းမကို သွားခဲ့တာလား..... ဘယ်လိုလဲ..... ကျင့်ကြံရတာ ထိရောက်မှု ရှိရဲ့လား....."
"အဆင်ပြေပါတယ်။ ကျွန်မက အပေါဆုံး အဆင့် (ဃ) ခန်းမကိုပဲ တစ်နေ့ ဝိညာဉ်ကျောက်တုံး တစ်ရာနဲ့ ငှားခဲ့တာပါ။ ခန်းမထဲက မဟာဗျူဟာက ဝိညာဉ်စွမ်းအင်ကို သွေးစွမ်းအင်အဖြစ် အလိုအလျောက် ပြောင်းပေးနိုင်တော့ အဆင်ပြေတယ်..... ဒါပေမဲ့ ဈေးက နည်းနည်းကြီးတယ်" ဟု မုန့်ဝမ်က ရိုးသားစွာ ဖြေလိုက်သည်။
ရွှီကျောက်ကျောက်က နှုတ်ခမ်းဆူလိုက်သည် "တစ်နေ့ တစ်ရာ..... အရမ်းဈေးကြီးတာပဲ..... ငါတို့မှာ ကျောက်တုံး အနည်းအကျဉ်းပဲ ရှိတာကို ချွေတာရမယ်...... နောက်ပိုင်း အဆင့်တက်ခါနီးမှ ငှားလည်း မနောက်ကျပါဘူး"
ပြောနေရင်းနှင့် သူမ၏ မျက်လုံးများက ဝေ့ဝဲသွားကာ မုန့်ဝမ်အနားသို့ လျှို့ဝှက်စွာ ကပ်လာပြီး အသံကို နှိမ့်လိုက်သည်။
"ငါ ပြောပြမယ်... မကြာခင်ကပဲ ငါ ဝိညာဉ်ကျောက်တုံးရှာနိုင်မယ့် အလုပ်တစ်ခု ရခဲ့တယ်....."
မုန့်ဝမ်က မျက်မှောင်ကြုတ်ကာ စိတ်ဝင်တစား မေးလိုက်သည် "အို... ဘာအလုပ်မျိုးလဲ....."
ရွှီကျောက်ကျောက်က မေးကို ပင့်လိုက်ကာ ဂုဏ်ယူစွာ ပြောလိုက်သည် "ငါက စားသောက်ဆောင်ရဲ့ မီးဖိုချောင်မှာ အကူလုပ်ရတာ။ တစ်နေ့ကို နှစ်နာရီပဲ အလုပ်လုပ်ရပြီး ဝိညာဉ်သားရဲအသား တစ်ပွဲ အလကားရတဲ့အပြင် လစဉ်ထောက်ပံ့ကြေး ဝိညာဉ်ကျောက်တုံး နှစ်ရာ ရတယ်....."
ပြောရင်းနှင့် သူမသည် လက်နှစ်ချောင်းကို ထောင်ပြကာ မုန့်ဝမ်ရှေ့တွင် ဝေ့ယမ်းပြပြီး "နှစ်ရာ" ဟူသော ကိန်းဂဏန်းကို အလေးပေးလိုက်သည်။
သူတို့ ဝူမိသားစုမှာ အစေခံလုပ်တုန်းက လစာ အများဆုံးမှ သုံးလေးဆယ်သာ ရခဲ့ခြင်းဖြစ်သည်။
ကောင်းကင်တာအိုအကယ်ဒမီမှာ အချိန်ပိုင်းအလုပ်လေးကပင် ဤမျှ ရလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
မုန့်ဝမ်က အသာအယာ ခေါင်းညိတ်လိုက်သည်။ ဝိညာဉ်ကျောက်တုံး နှစ်ရာမှာ များလှသည်မဟုတ်သော်လည်း ငွေကြေးရှားပါးနေသော သူတို့အတွက်တော့ အပိုဝင်ငွေကောင်းတစ်ခုပင် ဖြစ်သည်။
ထို့အပြင် ဝိညာဉ်သားရဲအသားကိုလည်း အလကား စားနိုင်သေးသည်။
"အဲဒီအလုပ်က ကောင်းပုံရသားပဲ။ ဘယ်လို ရှာတွေ့တာလဲ....."
"အဲဒါကတော့..." ရွှီကျောက်ကျောက်က လျှို့ဝှက်ချက်ကြီးတစ်ခုကို ဝေမျှနေသကဲ့သို့ အသံကို ပိုနှိမ့်လိုက်သည်။ "ငါ ပြောပြမယ်..... အဲဒီအလုပ်က ရှာရတာ မလွယ်ဘူးနော်..... ငါ တော်တော် ကြိုးစားခဲ့ရသလို လက်ဆောင်တွေလည်း ပေးခဲ့ရလို့ ရတာ"
သူမသည် လက်သည်းနီလှလှလေး ဆိုးထားသော လက်ချောင်းဖြင့် မုန့်ဝမ်၏ လက်မောင်းကို အသာအယာ ပုတ်လိုက်သည်။
"ငါ ပြောပြမယ်..... ဒီကျင့်ကြံခြင်းလောကမှာ ဝိညာဉ်ကျောက်တုံးက မင်းရဲ့ အသက်ပဲ..... ကျောက်တုံးမရှိရင် ဘာမှလုပ်လို့ မရဘူး....."
ရွှီကျောက်ကျောက်၏ လေသံမှာ ကြွားဝါလိုဟန်နှင့် အသာစီးရလိုဟန် အနည်းငယ် ပါဝင်နေသည်။
သူမက မုန့်ဝမ်ကို အကြံပေးလိုက်သည် "မင်းလည်း အလုပ်တစ်ခု အမြန်ရှာထားဦး..... မဟုတ်ရင် နောက်ပိုင်း ကျင့်ကြံရေးပစ္စည်းတွေ မဝယ်နိုင်ဘဲ သူများနောက်မှာ ကျန်ခဲ့လိမ့်မယ်။ အကယ်၍ မင်း စားသောက်ဆောင် မီးဖိုချောင်မှာ လုပ်ချင်ရင် ငါ မိတ်ဆက်ပေးနိုင်တယ်..... ဒါပေမဲ့..."
သူမက စကားကို ခေတ္တရပ်ကာ မုန့်ဝမ်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။
"မိတ်ဆက်ခအတွက် ပေးရမယ့် 'လက်ဆောင်' ကိုတော့ မင်းကိုယ်တိုင်ပဲ စိုက်ထုတ်ရမယ်နော်။"
***