မုန့်ဝမ်၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်းမရှိဘဲ နှုတ်ခမ်းထက်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခုသာ ရှိနေသည်။
"စီနီယာအစ်မ ရွှီရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်..... ဒါပေမဲ့ ကျွန်မ အလုပ်မရှုပ်စေချင်တော့ပါဘူး"
ရွှီကျောက်ကျောက်၏ အပြုံးမှာ တောင့်ခဲသွားသည်။ မုန့်ဝမ်သည် ဝိညာဉ်ကျောက်တုံး အကုန်မခံချင်၍ ငြင်းသည်ဟု သူမ ထင်မှတ်သွားပြီး လေသံမှာ အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။
"ဒါက စည်းကမ်းပဲလေ..... လူတိုင်းအတွက် အတူတူပဲ..... သုတေသနနဲ့ စီမံခန့်ခွဲမှုမှာ ကျွမ်းကျင်တဲ့ စီနီယာအစ်ကို ကျိုးထုံတောင်မှ သင့်တော်တဲ့ အလုပ်တစ်ခုရဖို့ စီစဉ်ခဲ့ရတာ။ အစေ့ကို မြင်ပြီး အိတ်နဲ့ မလွတ်စေနဲ့ဦး....."
မုန့်ဝမ်၏ နှုတ်ခမ်းထက်မှ အပြုံးမှာ ပျောက်ကွယ်မသွားဘဲ နူးညံ့သော လေသံဖြင့် ပြန်ပြောလိုက်သည်။
"စီနီယာအစ်မ ရွှီ နားလည်မှု လွဲနေပါပြီ။ ကျွန်မက အကုန်မခံချင်တာ မဟုတ်ပါဘူး..... ကျွန်မအတွက် နေရာတစ်ခု ရှာတွေ့ထားပြီးသားမို့လို့ပါ...."
ရွှီကျောက်ကျောက်က ဟန်လုပ်ရယ်မောလိုက်ပြီး "အော်... အဲလိုလား။ ဂျူနီယာ မုန့်မှာ အစီအစဉ် ရှိပြီးသားဆိုရင်တော့ ပိုကောင်းတာပေါ့"
သို့သော် ရွှီကျောက်ကျောက်၏ စိတ်ထဲတွင်တော့ သံသယများ ပြည့်နှက်နေသည်။
ဘယ်လို နေရာမျိုးမို့လို့လဲ..... စားသောက်ဆောင်ထက် ပိုကောင်းတဲ့ နေရာရှိနေသည်လော.....
မုန့်ဝမ်သည် ရွှီကျောက်ကျောက်၏ မျက်နှာရိပ်မျက်နှာကဲနှင့် အပြောင်းအလဲအားလုံးကို ရိပ်မိသည်။ သူမက ဖော်ထုတ်မပြောဘဲ အသာအယာသာ သတိပေးလိုက်သည် .....
"စီနီယာအစ်မ ရွှီ... အချိန်နှောင်းနေပြီ။ တာအိုဟောပြောဆောင်ကို အမြန်သွားရအောင်..... နောက်ကျနေဦးမယ်"
ထိုအခါမှ ရွှီကျောက်ကျောက် သတိဝင်လာပြီး "အမလေး..... ငါ မေ့တော့မလို့..... လာ... အမြန်သွားရအောင်"
သူမသည် မုန့်ဝမ်ကို ဆွဲခေါ်ပြီး အပြင်သို့ ပြေးထွက်ခဲ့သည်။ "ဒီနေ့ သင်မယ့် နည်းပြက အရမ်းစည်းကမ်းကြီးတယ်လို့ နာမည်ကြီးတာ........ နောက်ကျရင် တို့တွေ သေချာပေါက် အပြစ်ပေးခံရမှာ....."
သူတို့နှစ်ဦးမှာ တစ်လမ်းလုံး ပြေးလာခဲ့ကြပြီး နောက်ဆုံးခေါင်းလောင်း မထိုးမီလေးတွင် တာအိုဟောပြောဆောင်သို့ ရောက်ရှိလာခဲ့သည်။
ရွှီကျောက်ကျောက်က မုန့်ဝမ်ကို အမြန်နှုတ်ဆက်ပြီး ဒုတိယထပ်သို့ ပြေးတက်သွားသည်။
မုန့်ဝမ်မှာမူ ပထမထပ်ရှိ တာအိုဟောပြောဆောင်အတွင်းသို့ ဝင်ကာ နောက်ဆုံးတန်းရှိ ထိုင်ခုံတစ်ခုတွင် ထိုင်လိုက်သည်။
သူမ ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ရိုးရှင်းသော ဝတ်စုံဖြူကို ဝတ်ဆင်ထားသည့် ငယ်ရွယ်သော အမျိုးသမီး ကျင့်ကြံသူတစ်ဦးမှာ နတ်သက်ကြွေသည့်အလား ပေါ်လာသည်။
သူမ၏ ဆံနွယ်များမှာ တိမ်တိုက်ကဲ့သို့ နက်မှောင်နေပြီး ရုပ်ရည်မှာ ပန်းချီကားတစ်ချပ်ကဲ့သို့ လှပပေသည်။
သူမ၏ ဘေးပတ်လည်တွင် အေးစက်ပြီး မြင့်မြတ်သော အရှိန်အဝါတစ်ခု ဝန်းရံနေရာ နှင်းတောင်ပေါ်မှ နှင်းကြာပန်းတစ်ပွင့်ကဲ့သို့ ဖုန်မှုန့်အညစ်အကြေး မရှိသလိုပင်။
နည်းပြ ရွှမ်ဝေနှင့် နှိုင်းယှဉ်လျှင် ဤအမျိုးသမီးနည်းပြမှာ ပိုမိုငယ်ရွယ်ပြီး တက်ကြွပုံရသော်လည်း ငြင်းပယ်၍မရသော အာဏာစက်ရှိနေသည်။
"အားလုံးပဲ မင်္ဂလာပါ။"
အမျိုးသမီးကျင့်ကြံသူ၏ အသံမှာ ကြည်လင်ပြတ်သားပြီး တောင်ကျစမ်းရေကဲ့သို့ စိတ်ကို လန်းဆန်းစေသည်။ "ငါ့နာမည်က ချင်းယီ ပါ..... ဒီနေ့ မင်းတို့ရဲ့ ကျင့်ကြံမှုကို လမ်းညွှန်ပေးဖို့ တာဝန်ယူထားတယ်"
သူမ ခေတ္တရပ်ကာ လေသံအေးအေးဖြင့် ဆက်ပြောသည်။
"ငါက စာတွေ့ တာအိုဟောပြောတာမှာ မကျွမ်းကျင်ဘူး..... ဒါပေမဲ့ လက်တွေ့တိုက်ခိုက်ရေးမှာတော့ အတွေ့အကြုံ တော်တော်ရှိတယ်။ ဒီနေ့ ငါ မင်းတို့အားလုံးကို လေ့ကျင့်ရေးကွင်းဆီ ခေါ်သွားမယ်..... ပျင်းစရာကောင်းတဲ့ တာအိုဟောပြောပြောချက်တွေအစား လက်တွေ့တိုက်ခိုက်ရေး လေ့ကျင့်ခန်းတွေနဲ့ အစားထိုးမယ်"
ထိုစကားကြောင့် တာအိုဟောပြောဆောင်တစ်ခုလုံး ဆူညံသွားတော့သည်။ တပည့်အများစုမှာ စိတ်လှုပ်ရှားသွားကြသည်။
လက်တွေ့တိုက်ခိုက်ရေး အခွင့်အရေးမှာ ရှားပါးလှပြီး ခက်ခဲနက်နဲသော တာအိုသဘောတရားများကို နားထောင်ရခြင်းထက် ပို၍ စိတ်ဝင်စားစရာ ကောင်းသောကြောင့်ဖြစ်သည်။
ချင်းယီက စကားများများမပြောတော့ဘဲ လက်ကို အသာအယာ မြှောက်လိုက်ရာ နူးညံ့သော ဝိညာဉ်စွမ်းအင်တစ်ခုက လူတိုင်းကို လွှမ်းခြုံသွားသည်။
ထို့နောက် သူမ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားပြီး လူတိုင်း မျက်စိတစ်မှိတ်အတွင်းမှာပင် ကျယ်ပြောလှသော လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိသွားကြသည်။
"ဒီနေ့ ငါ့ရဲ့ ကျင့်ကြံဆင့်ကို ရွှေအမြုတေ ပထမအလွှာအထိ နှိမ့်ထားပေးမယ်"
ချင်းယီ၏ အသံက ဟိန်းထွက်လာပြီး အာဏာစက် ပါဝင်နေသည်။
"ဘယ်သူပဲဖြစ်ဖြစ် ငါ့ကို အနိုင်ယူနိုင်ရင် ငါ့ရဲ့ တိုက်ရိုက်တပည့်အဖြစ် လက်ခံမယ်..... ငါ့ရဲ့ ဂိုဏ်းဆက်ထဲကို ဝင်ခွင့်ပေးပြီး ငါနဲ့အတူ ကျင့်ကြံခွင့် ရစေရမယ်"
ထိုစကားကြောင့် ကွင်းပြင်တစ်ခုလုံး ပွက်ပွက်ညံသွားတော့သည်။ နက်နဲသောဝိညာဉ်အဆင့် ရှိ ပုဂ္ဂိုလ်ကြီးတစ်ဦး၏ တိုက်ရိုက်တပည့် ဖြစ်ခွင့်..... ဤအရာမှာ ရွှေအမြုတေအဆင့် တပည့်များအတွက် မငြင်းပယ်နိုင်သော ဆွဲဆောင်မှုကြီး ဖြစ်သည်။
လူတိုင်း၏ အကြည့်မှာ ချင်းယီထံသို့ ကျရောက်သွားပြီး တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာသည်။
"ဘယ်သူ အရင်လာမလဲ....."
ချင်းယီသည် သူမ၏ ကျင့်ကြံဆင့်ကို နှိမ့်လိုက်ပြီးနောက် လူအုပ်ကို ဝေ့ကြည့်လိုက်ရာ မမြင်နိုင်သော ဖိအားတစ်ခုမှာ ပျံ့လွင့်လာသည်။
သန်မာထွားကြိုင်းသော အမျိုးသားကျင့်ကြံသူတစ်ဦးမှာ စင်မြင့်ပေါ်သို့ ခုန်တက်လိုက်ပြီး လက်အုပ်ချီကာ ပြောလိုက်သည် ..... "တပည့် ကျန်းယုံဝေ ပါ..... နည်းပြ လမ်းညွှန်ပေးပါဦး....."
စကားဆုံးသည်နှင့် သူသည် သူ၏ ပုဆိန်ကြီးကို ကိုင်ကာ တောင်ဖြိုမည့် အားအင်ဖြင့် ချင်းယီထံသို့ ခုတ်ချလိုက်သည်။
ပုဆိန်သွားသည် လေကို ခွဲထွက်သွားပြီး စူးရှသော အသံကို ထွက်ပေါ်စေကာ ဖုန်မှုန့်နှင့် ကျောက်ခဲများကို လွင့်စင်သွားစေသည်။
ချင်းယီ၏ မျက်နှာအမူအရာမှာ မပြောင်းလဲဘဲ ခန္ဓာကိုယ်မှာ ဇင်ယော်တစ်ကောင်ကဲ့သို့ ပေါ့ပါးစွာဖြင့် ဘေးသို့ တိမ်းရှောင်လိုက်သည်။ ပုဆိန်ကြီးမှာ မြေပြင်ပေါ်သို့ အရှိန်ဖြင့် ကျရောက်သွားပြီး မြေပြင်မှာ တုန်ခါသွားတော့သည်။
ကျန်းယုံဝေ ပြန်လည် မပြင်ဆင်နိုင်မီမှာပင် ချင်းယီ၏ သွယ်လျသော လက်ချောင်းများမှာ ဓားတစ်စင်းကဲ့သို့ ကျန်းယုံဝေ၏ ရင်ဘတ်ဆီသို့ ညွှန်လိုက်သည်။
ဝိညာဉ်စွမ်းအင်တစ်ခု ပေါက်ကွဲထွက်သွားပြီး ကျန်းယုံဝေမှာ ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ လွင့်ထွက်သွားကာ စင်မြင့်အစွန်းသို့ ပြုတ်ကျသွားတော့သည်။ သူသည် သွေးတစ်လုတ် အန်လိုက်ရပြီး ဆက်လက်မတိုက်နိုင်တော့ပေ။
နောက်ထပ် စိန်ခေါ်သူမှာ ကြိုးရှည်တစ်ချောင်းကို ကိုင်ဆောင်ထားသော အမျိုးသမီးငယ်တစ်ဦးဖြစ်သည်။
သူမ၏ ကြိုးမှာ မြွေတစ်ကောင်ကဲ့သို့ ပျော့ပျောင်းပြီး ခန့်မှန်းရခက်လှသည်။ ချင်းယီ၏ ပုံရိပ်မှာမူ နဂါးနှင့် ဖီးနစ်များ ကစားနေသည့်အလား လျင်မြန်လှသဖြင့် ကြိုးရိပ်များကြားမှ အလွယ်တကူ လွတ်မြောက်သွားသည်။
ထို့နောက် သူမ၏ လက်ချောင်းဖြင့် တစ်ချက်တောက်လိုက်ရာ ဝိညာဉ်စွမ်းအားက အမျိုးသမီး၏ လက်ကောက်ဝတ်ကို ထိမှန်သွားပြီး ကြိုးမှာ လက်ထဲမှ လွင့်ထွက်သွားကာ ရှုံးနိမ့်သွားတော့သည်။
စိန်ခေါ်သူ ကျောင်းသား ဒါဇင်ပေါင်းများစွာမှာ တစ်ကွက်..... နှစ်ကွက်အတွင်းမှာပင် အကုန်ရှုံးနိမ့်သွားကြသည်။
ချင်းယီသည် ကျင့်ကြံဆင့်ကို နှိမ့်ထားသည့်တိုင် မည်သူမျှ သူမကို မယှဉ်နိုင်သောကြောင့် လူတိုင်းမှာ သူမ၏ အစွမ်းကို အံ့သြနေကြသည်။
နောက်ဆုံးတွင် ဝတ်စုံစိမ်းဝတ်ကာ ဓားရှည်တစ်စင်းကို ကိုင်ထားသော အမျိုးသားတစ်ဦး စင်ပေါ်သို့ တက်လာသည်။
သူသည် ချင်းယီနှင့် ခဏမျှ ယှဉ်ပြိုင်နိုင်ခဲ့ပြီး သူ၏ ဓားကွက်များမှာ ဆန်းကြယ်လှသဖြင့် ချင်းယီကို တတိယမြောက်ကွက်အထိ ထုတ်သုံးအောင် ဖိအားပေးနိုင်ခဲ့သည်။
ချင်းယီက အသာအယာ ခေါင်းညိတ်လိုက်သည် "မဆိုးဘူး..... မင်းနာမည် ဘယ်သူလဲ....."
"တပည့် ရွှီထျန်းမင် ပါ နည်းပြ"
ထို့နောက် စိန်ခေါ်သူများ တစ်ဦးပြီးတစ်ဦး တက်လာသော်လည်း ချင်းယီ၏ လက်ချက်ဖြင့် ခဏအတွင်း ပြုတ်ကျသွားကြမြဲဖြစ်သည်။
လူတိုင်းမှာ စိတ်ဓာတ်ကျလာပြီး စိန်ခေါ်လိုစိတ် ပျောက်ကွယ်စပြုလာသည်။
"နောက်ထပ် ဘယ်သူလာဦးမလဲ....."
ချင်းယီ၏ အသံ ထွက်ပေါ်လာပြီး သူမ လူအုပ်ကို ဝေ့ကြည့်လိုက်ရာ မည်သူမျှ သူမ၏ အကြည့်ကို မရင်ဆိုင်ရဲကြတော့ပေ။
သို့သော် ထိုအချိန်တွင် မုန့်ဝမ်သည် စင်ပေါ်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်တက်လာပြီး အရိုအသေပေးလိုက်သည်။
"တပည့်မလေး နည်းပြရဲ့ လမ်းညွှန်မှုကို ခံယူပါရစေ"
"စလိုက်" ချင်းယီက အေးစက်စွာ ပြောလိုက်သည်။
သို့သော် စကားဆုံးသည်နှင့် မုန့်ဝမ်၏ ပုံရိပ်မှာ ပျောက်ကွယ်သွားပြီး ချင်းယီ၏ နောက်ကျောတွင် ထူးဆန်းစွာ ပေါ်လာသည်။
မုန့်ဝမ်၏ အရှိန်မှာ အလွန်ပင် လျင်မြန်လှသဖြင့် သွေးနီရောင် အလင်းတန်းတစ်ခုကဲ့သို့ မည်သူမျှ မမြင်လိုက်ပေ။
"သွေးရိပ်လွတ်မြောက်ခြင်း အတတ် ...........”
လူအုပ်ထဲမှ တစ်ဦးက အံ့သြတုန်လှုပ်စွာ အော်လိုက်သည်။ ဤအတတ်မှာ အသက်သွေးကို လောင်မြှောက်ပြီး သုံးရခြင်းဖြစ်ရာ ခန္ဓာကိုယ်ကို များစွာ ထိခိုက်စေနိုင်သည်။
သာမန်အားဖြင့် အသက်ဘေးနှင့် ကြုံရမှသာ သုံးလေ့ရှိသော်လည်း မုန့်ဝမ်သည် ယှဉ်ပြိုင်ပွဲတစ်ခုတွင် သုံးလိုက်ခြင်းမှာ ရူးသွပ်မှုပင် ဖြစ်သည်။
ချင်းယီသည် မုန့်ဝမ် ဤမျှ ရဲတင်းလိမ့်မည်ဟု မထင်ထားသော်လည်း သူမသည် နက်နဲသော ဝိညာဉ်အဆင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ရာ တုံ့ပြန်မှုမှာ အလွန်မြန်ပေသည်။
မုန့်ဝမ်ပေါ်လာသည်နှင့် သူမသည် ချက်ချင်း လှည့်ကာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
သို့သော် မုန့်ဝမ်က ယခင်နေရာမှ ပျောက်ကွယ်သွားပြန်ရာ ချင်းယီ၏ လက်ဝါးချက်မှာ လွဲချော်သွားတော့သည်။
"စိတ်ဝင်စားစရာပဲ" ချင်းယီမှာ စိတ်မဆိုးဘဲ ပို၍ စိတ်ဝင်စားသွားသည်။
သူမသည် ညာဘက်လက်ကို မြှောက်ကာ မုန့်ဝမ်ထံသို့ ထပ်မံရိုက်ချလိုက်သည်။
သူမ၏ လှုပ်ရှားမှုမှာ နှေးသလို ထင်ရသော်လည်း တောင်ကြီးတစ်ခု ပြိုကျလာသည့်အလား ကြီးမားသော ဖိအားတစ်ခု ပါဝင်နေသည်။
***