အချိန်များ ကုန်လွန်လာသည်နှင့်အမျှ မန်စီးတီးတို့က ပွဲ၏ စည်းချက်ကို တဖြည်းဖြည်း ထိန်းချုပ်လာနိုင်ခဲ့သည်။
သို့သော် ချူဖုန်း ထင်ထားသလိုပင် နည်းဗျူဟာသစ်ကို အသုံးပြုထားသည့် အချိန်က အလွန် တိုတောင်းလွန်းနေပြီး တရားဝင် ပွဲစဉ်များတွင် စမ်းသပ်ထားခြင်းလည်း မရှိသေးပေ။ ရလဒ် အနေဖြင့် အနည်းနှင့်အများ ဆိုသလို အမှားအယွင်းများ ပေါ်ထွက်လာတော့သည်။
သို့သော် ဥရောပ၏ အမြင့်ဆုံး အဆင့်ရှိ ပြိုင်ပွဲများတွင် အသေးအဖွဲ အမှားလေး တစ်ခုကပင် ကပ်ဘေးဆိုက်လောက်အောင် ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်လေသည်။
ဒေးဗစ် ဆေးလ်ဗား ဘောလုံး ရရှိပြီးနောက် လှည့်ကာ ဂန်ဒိုဂန်ထံသို့ ကန့်လန့်ဖြတ် ပေးပို့ရန် ပြင်လိုက်သည်။ သို့သော် ဂန်ဒိုဂန်က ရှေ့သို့ ပြေးတက်သွားပြီးသား ဖြစ်နေသည်။
ထို့ကြောင့် ဘောလုံးက ဟာရဲရားထံသို့ လိမ့်သွားရာ ဂန်ဒိုဂန်က ဘောလုံး ပြန်လုရန် အမြန် လှည့်လာသည်။ ထို့နောက် ဟာရဲရားက မာတစ်ထံသို့ ကန့်လန့်ဖြတ် ပေးပို့လိုက်သည်။
မာတစ်၏ အမည်ပြောင်သည် စနိုက်ပါ မြင်းကြီး ဖြစ်သည်။ ယင်းအမည်တွင် သူ၏ မမောမပန်းနိုင် လိုက်လံ ဖြတ်ထုတ်မှုနှင့် တိကျသော ဘောလုံးပေးပို့ စွမ်းရည်တို့ကို အတိုင်းသား မြင်နိုင်ပေသည်။
မန်ယူတွင် တိုက်စစ် ကစားသမား အများအပြား ရှိနေသဖြင့် သူက တိုက်စစ်ပိုင်းတွင် များစွာ ပါဝင်ရန် မလိုအပ်တော့ရာ အနှီ နာမည်ပြောင်လေးကို ပြင်ပလောကက တဖြည်းဖြည်း မေ့ပျောက်သွားခဲ့ကြလေသည်။ သို့သော် ၎င်းက သူ၏ တိုက်စစ် စွမ်းရည်များ ပျောက်ဆုံးသွားပြီဟု ဆိုလိုခြင်း မဟုတ်ပေ။
ဝှစ်…
မာတစ်က အလျင်အမြန် မျှောထိုးပေးပို့လိုက်သော ဘောလုံးက မန်စီးတီး၏ အလျင်စလို ပြင်ဆင်ထားသော ကွင်းလယ် ကြားဖြတ်လုယူရေး လမ်းကြောင်းကို ဆုတ်ဖြဲပစ်လိုက်လေသည်။
ဘောလုံးက ပေါ့ဘာထံသို့ တိုက်ရိုက် ဦးတည်သွားသည်။
စတုန်းစ်က နောက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ သူက ပေါ့ဘာ၏ အနောက်၌ ရပ်နေသော ချူဖုန်းကို လှမ်းမြင်လိုက်ရလေသည်။
ပေါ့ဘာက ဘောလုံး လက်ခံမည့် ဟန်ရေးပြလိုက်သော်လည်း တကယ်တမ်းတွင် ဘောလုံးကို ခွကာ ဆက်လက် မျောပါခွင့် ပြုလိုက်သည်။
ယင်းက ဖာနန်ဒင်ဟိုကို လှည့်စားလိုက်ရုံသာမက မန်စီးတီး၏ ဘယ်ညာ ဗဟိုနောက်ခံလူ နှစ်ဦးကိုပါ အလိုအလျောက် တောင်ပံများဆီသို့ ရွှေ့သွားစေခဲ့သည်။ ထိုအချိန်၌ အက်ရှလေယန်းနှင့် ဝမ်-ဘစ်ဆာကာ တို့က တောင်ပံတစ်လျှောက် အရှိန်အဟုန်ဖြင့် ပြေးတက်လာနေကြပြီ မဟုတ်ပါလား။
"သူ့ကို လှည့်ခွင့် မပေးနဲ့"
စတုန်းစ် တစ်ခုခု မှားနေပြီ ဖြစ်ကြောင်း အာရုံခံမိသွားပြီး ဖာနန်ဒင်ဟိုကို အသံကုန် အော်ဟစ်လိုက်သည်။
နောက်ဆုံးတွင် မလုံလောက်သေးဟု ခံစားရသဖြင့် "ဖောင်းဘော လုပ်လိုက်… ဖောင်းဘော” ဟု ထပ်မံ အော်ပြောလိုက်သည်။
သူ စကားပင် မဆုံးသေးချေ။ ချူဖုန်းက ဂိုးပေါက်ကို ကျောပေးထားလျက် ဘောလုံးကို လက်ခံ ရယူလိုက်ပြီးနောက် နောက်ဘက်သို့ ညင်သာစွာ ဆွဲယူကာ ပင့်တင်လိုက်သည်ကို အားလုံး မြင်တွေ့လိုက်ရသည်
ဘောလုံးက ဖာနန်ဒင်ဟို၏ ခြေနှစ်ချောင်းကြားမှ လျှောတိုက် ထွက်သွားလေသည်။
ဖာနန်ဒင်ဟိုက သူ၏ များပြားလှသော အတွေ့အကြုံများကို အသုံးပြုကာ ချူဖုန်း၏ ဂျာစီကို ဆွဲရန် လက်လှမ်းလိုက်သည်။ သို့သော် ချူဖုန်းက သူ့နောက်ကျောဘက်သို့ ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်သည်။
ဒါက ပြိုင်ပွဲတွေမှာ အတွေ့အကြုံတွေ အများကြီး ရလာပြီးနောက် သူ သင်ယူခဲ့တဲ့ ကျွမ်းကျင်မှု တစ်ခုပါပဲ။
ဖြောင်း…
ချူဖုန်းက ဖာနန်ဒင်ဟို၏ လက်ကို တိုက်ရိုက် ပုတ်ချလိုက်ပြီးနောက် ရှေ့သို့ ရုတ်တရက် အရှိန်တင် ပြေးထွက်သွားလေသည်
ပေါ့ဘာ၏ ဘောလုံး လွတ်ထွက်သွားစေသော လှည့်စားမှုကြောင့် အငိုက်မိသွားသော ဖာနန်ဒင်ဟိုမှာ ချူဖုန်း၏ အနောက်တွင် ကိုယ်တစ်ခြမ်းစာကျော် ပြတ်ကျန်ရစ်ခဲ့လေပြီ။
ယခုအခါမူ အမီလိုက်နိုင်စရာ အကြောင်း မရှိတော့ချေ။ သူက အသင်းဖော်များကို မျှော်လင့်တကြီး ကြည့်နေရုံသာ တတ်နိုင်တော့သည်။
သို့သော် အော်တာမန်ဒီမှာလည်း တော်တော်လေး ထိတ်လန့်နေလေပြီ။
တကယ်တော့ သူသည် တစ်ယောက်ချင်း ခံစစ် ကစားရာတွင် တော်တော်လေး ကောင်းမွန်သူ ဖြစ်ပြီး အခြား အားသာချက် တစ်ခုလည်း ရှိသေးသည်။ သူသည် မက်ဆီကဲ့သို့ ကိုယ်လုံးကိုယ်ပေါက် သေးငယ်သော ကစားသမားများကို ကာကွယ်ရာတွင် အလွန် ထူးချွန်လေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ ခြေလှမ်း ရွှေ့ပြောင်းမှုများက ထူးထူးခြားခြား မြန်ဆန်သောကြောင့် ဖြစ်သည်။ ပြဿနာမှာ ချူဖုန်းက သူ့အပေါ် မည်သည့် လှည့်ကွက်မှ မသုံးခြင်းပင်။
ချူဖုန်းက ခန္ဓာကိုယ်ကို ဘယ်ဘက်သို့ ယိမ်းလိုက်ပြီးနောက် အတိုတောင်းဆုံး အချိန်အတွင်း ပြန်လည် ဆွဲယူကာ ညာဘက်သို့ အစွမ်းကုန် အရှိန်ဖြင့် ပြေးထွက်သွားလေသည်။
တစ်လှမ်းတည်းပင်…။
မန်ယူ၏ နံပါတ် ၇ ကစားသမားက ခြေတစ်လှမ်းတည်းဖြင့် အော်တာမန်ဒီကို လိမ်ခေါက် ကျော်ဖြတ်သွားခဲ့လေပြီ။
အော်တာမန်ဒီက ငယ်စဉ်က ပရော်ဖက်ရှင်နယ် လက်ဝှေ့ သင်တန်း တက်ခဲ့ဖူးသဖြင့် ချူဖုန်းကို ရုပ်ပိုင်းဆိုင်ရာအရ နှောင့်ယှက်ရန် ကြိုးစားလိုက်သေးသည်။ သူ၏ ရုတ်တရက် ပေါက်ကွဲအား၊ သွက်လက်မှုနှင့် ခွန်အားတို့မှာ တော်တော်လေး ကောင်းမွန်လှသည်။
ဘုန်း
ကြွက်သားများ အချင်းချင်း ပြင်းပြင်းထန်ထန် ဝင်တိုက်မိသွားကြပြီး သွားကျိန်းမတတ် အသံကြီး တစ်ခု ထွက်ပေါ်လာသည်။ အော်တာမန်ဒီမှာ နံရံကြီး တစ်ခုကို ဝင်တိုက်မိသလို ခံစားလိုက်ရသည်။
ဒီကောင်က လူရော ဟုတ်ရဲ့လား...
အော်တာမန်ဒီက ဟန်ချက် ပျက်နေသည့် အနေအထားမှ ချူဖုန်းကို ဝင်တိုက်ရန် ကြိုးစားသော်ငြား ချူဖုန်း၏ ခန္ဓာကိုယ်က နံရံ တစ်ခုအလား ခိုင်မာနေသဖြင့် မြက်ခင်းပြင်ပေါ်သို့ အချိုးမကျစွာ လဲကျသွားရုံသာ တတ်နိုင်တော့၏။ ထို့နောက် သူသည် ချူဖုန်းမှာ ယိမ်းကာ ယိုင်ကာဖြင့် ဂိုးပေါက်ဆီသို့ ဘောလုံး ဆွဲပြေးသွားသည်ကို ငေးကြည့်နေမိတော့လေသည်။
လာပေါ့တ်က လျှောထိုး ဖျက်ထုတ်ရန် ပြေးဝင်လာပြီး ဂိုးပေါက်ရှေ့တွင် ရပ်နေသော အီဒါဆန်ကလည်း အပြင်သို့ ပြေးထွက်လာကာ လျှောထိုး ကာကွယ်ရန် ကြိုးစားလိုက်သည်။
သူတို့နှစ်ဦးက ကျော်လွှား၍ မရနိုင်သော တံတိုင်းကြီး တစ်ခုကို ဖန်တီးထားသကဲ့သို့ပင်။
ချူဖုန်းက ရိုးရိုးရှင်းရှင်းပင် ရှေ့ဆက် ပြေးမည့် အကြံကို စွန့်လွှတ်ကာ ခန္ဓာကိုယ်ကို မြေပြင်ပေါ် လှဲချလိုက်ပြီးနောက် ဘောလုံးကို ခြေဖျားဖြင့် ညင်သာစွာ ချိတ်ယူ၍ ကန်သွင်းလိုက်သည်။
ကွင်းထဲရှိ ပရိသတ် သောင်းချီ၏ စောင့်ကြည့်နေသော အကြည့်များအောက်တွင်...
ဘောလုံးက အီဒါဆန်၏ လက်မောင်းအောက်မှ လျှောတိုက် ထွက်သွားပြီး မန်စီးတီး ဂိုးပေါက်ဆီသို့ ဖြည်းဖြည်းချင်း လိမ့်သွားလေသည်။
အော်တာမန်ဒီမှာ မြေပြင်ပေါ်တွင် လဲကျနေဆဲ ဖြစ်ရာ အချိန်မီ မရောက်နိုင်တော့ချေ။ ကိုင်လီ ဝေါ်ကာက အမြင့်ဆုံး အမြန်နှုန်းဖြင့် ပေါက်ကွဲ ထွက်ပေါ်လာပြီး ဘောလုံး ဂိုးစည်း မကျော်မီ ကယ်တင်ရန် ကြိုးစားလိုက်သည်။
ဘုန်း…
သူ ဘောလုံးကို ထိလိုက်ရပြီး ကယ်တင်နိုင်ခဲ့သည်။
သို့သော် ဒိုင်လူကြီး၏ နာရီမှ အသံမြည်လာပြီး အစိမ်းရောင် ဖန်သားပြင်ပေါ်တွင် ရင်းနှီးနေသော စကားလုံး တစ်လုံး တလက်လက် တောက်ပနေလေသည်။
ဂိုး
ပထမပိုင်း ပွဲချိန် ၂၃ မိနစ်တွင် မန်ယူတို့ ဦးဆောင်ဂိုး ရရှိသွားခဲ့လေပြီ။
ဝိုး...
ဝမ်ဒါ မက်ထရိုပိုလီတာနို ကွင်းကြီး
မန်ယူ ပရိသတ်များမှာ ရူးသွပ်စွာ အော်ဟစ် အောင်ပွဲခံလိုက်ကြပြီး အနီရောင် အလံများက ညနေခင်း လေပြေထဲတွင် တလူလူ လွင့်ဝဲနေကြသည်
"ဂိုး..."
"ချူ..."
အသံလွှင့်ခန်းထဲတွင် နဗီးလ်က လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ကာ ရူးသွပ်စွာ ဝှေ့ယမ်းနေလေသည်။
"မန်စီးတီးတို့ ပွဲကို အကောင်းဆုံး ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဘောလုံး ပိုင်ဆိုင်မှုက ၇၅ ရာခိုင်နှုန်း အထိတောင် ရှိခဲ့ပါတယ်..."
"ဒါပေမဲ့ ဘောလုံးက ဘောလုံးပိုင်ဆိုင်မှုတို့၊ ဂိုးပေါက် တည့်မတ်မှုတို့ ဆိုတဲ့ အချက်အလက်တွေကို ဘယ်တော့မှ ဂရုမစိုက်ပါဘူး... ဂိုးတွေက တစ်ခဏလေး အတွင်းမှာပဲ ဖြစ်ပေါ်လာတတ်ပါတယ်"
"ဒါက ဘောလုံးရဲ့ မှော်ဆန်မှုပဲ... ဒါက ကျွန်တော်တို့ရဲ့ မန်ချက်စတာ ယူနိုက်တက်ပဲ..."
"သရဲနီတွေက ပြိုင်ဘက်ကို ချေမှုန်းဖို့ အခွင့်အရေး တစ်ကြိမ်ပဲ လိုပါတယ်"
မန်ယူနှင့် ရင်းနှီးကျွမ်းဝင်သော ဋီကာဆရာများ အားလုံးက ထိုအချိန်တွင် အသံကုန် အော်ဟစ်နေကြသည်။ "ဂိုး..."
အားကစားကွင်း ဒီဂျေကလည်း တက်ကြွသော လေထုကို ဖန်တီးရာတွင် အလွန် ကျွမ်းကျင်လှပေသည်။
သူက အသံဩဩဖြင့် "မန်ချက်စတာ ယူနိုက်တက်အတွက် ဂိုးသွင်းယူပေးသွားသူကတော့ နံပါတ် ၇—ချူ..." ဟု အော်ဟစ်လိုက်သည်။
ထို့နောက် ချက်ချင်းပင်...
သောင်းနှင့်ချီသော မန်ယူ ပရိသတ်များက သုံးကြိမ်တိုင်တိုင် ဟိန်းဟောက် အော်ဟစ်လိုက်ကြသည်
"ဟေး... ဟေး... ဟေး..."
အဘယ်ကြောင့်ဆိုသော် ချူဖုန်းက မီးမောင်းထိုးထားသည့် နေရာဆီသို့ ရူးသွပ်စွာ ပြေးသွားပြီး ခုန်ထွက်ကာ လေထဲသို့ လက်သီးဖြင့် ထိုးချလိုက်သောကြောင့် ဖြစ်လေသည်။
ယခုအခါ ချူဖုန်း၏ ထူးခြားသော အောင်ပွဲခံသည့် နည်းလမ်းက သရဲနီများ၏ အမှတ်သင်္ကေတ တစ်ခု ဖြစ်လာခဲ့လေပြီ။
ထို့အပြင် ဂိုးသွင်းယူခဲ့သည့် လုပ်ငန်းစဉ်မှာလည်း အလွန် အထင်ကြီး လေးစားဖွယ် ကောင်းလှပေသည်။ ဤဂိုးတွင် ချူဖုန်းသည် အမြန်နှုန်း၊ ခွန်အား၊ ကျွမ်းကျင်မှု... စသည့် အားလုံးကို ထုတ်ဖော် ပြသသွားခဲ့သည်။
ယင်းက မန်ယူ ပရိသတ်များ၏ စိတ်ဝိညာဉ်များကို လှုပ်ခတ်သွားစေပြီး သူတို့၏ သွေးများကို ဆူပွက်လာစေပေသည်။
"မန်ယူရဲ့ လျင်မြန်တဲ့ တန်ပြန်တိုက်စစ်က ယပ်တောင်ပုံစံ တိုက်စစ် လမ်းကြောင်းကို ဖန်တီးသွားခဲ့ပြီး ကွင်းရဲ့ အကျယ်ကို အကောင်းဆုံး အသုံးချသွားခဲ့ပါတယ်..."
"အဲဒါကြောင့်ပဲ မန်စီးတီးရဲ့ ခံစစ် ကစားကွက်က ဆွဲဆန့်ခံလိုက်ရပြီး အရေးကြီးတဲ့ အလယ်ဗဟို ဧရိယာက နေရာလွတ်ကြီး တစ်ခု ဖြစ်သွားခဲ့ရတာပါ။ အို... မဟုတ်ဘူး... တကယ်တော့ အဲဒီမှာ ခံစစ် ကစားသမားတွေ ရှိနေပါသေးတယ်..."
"ဒါပေမဲ့ ဖာနန်ဒင်ဟိုရော အော်တာမန်ဒီပါ တစ်ယောက်ချင်း အနေအထားမှာ ရှောင်ချူကို မယှဉ်နိုင်ခဲ့ပါဘူး..."
"ကမ္ဘာပေါ်မှာ ရှောင်ချူကို ၁၀၀ ရာခိုင်နှုန်း အပြည့် ကာကွယ်နိုင်တဲ့ ခံစစ် ကစားသမား ဆိုတာ တစ်ယောက်မှ မရှိလောက်တော့ဘူး ထင်ပါတယ်ဗျာ"
"မန်ယူတို့ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ နောက်တစ်လှမ်း နီးကပ်လာခဲ့ပါပြီ"
ကျန်းကျွင်းက နက်ရှိုင်းသော ခံစားချက်ဖြင့် ပြောလိုက်သည်။
ရုပ်မြင်သံကြားမှတစ်ဆင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် သွင်းဂိုးကို ကြည့်ရှုနေကြသော မန်ယူ ပရိသတ်များမှာ သူတို့၏ အရက်ခွက်များကို မြှောက်ကာ ခွက်ချင်းတိုက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်ကြသည်။ ထို့နောက် အချင်းချင်း ပခုံးဖက်ကာ ခုန်ပေါက် ကခုန်ရင်း အောင်ပွဲခံကြလေသည်။
***