ချူဖုန်းက အောင်ပွဲခံနေစဉ် အတွင်းမှာပင် မာရက်ဇ် ရောက်လာပြီး သူ သေချာ သပ်တင်ထားသော ဆံပင်များကို ဖွပစ်လိုက်သည်။
"အဲဒီဂိုးက သောက်ရမ်း မိုက်တာပဲကွာ... ပြောစရာတောင် မလိုတော့ဘူး"
မာရက်ဇ်က ကွင်းဘေးတွင် တည်ရှိနေသော ချန်ပီယံလိဂ် ဆုဖလားကြီးကို တစ်ချက် လှမ်းကြည့်လိုက်ပြီး "နောက်ကျရင် ပိုပြီး ဖိအားပေးကြရအောင်... ပထမပိုင်း မပြီးခင် နောက်တစ်ဂိုးလောက် ထပ်သွင်းနိုင်အောင် ကြိုးစားကြမယ်"
"အဲဒီလောက် မလွယ်ပါဘူးကွာ။ အခုလေးတင် ငါတို့က မန်စီးတီးရဲ့ အားနည်းချက်ကို အသုံးချထားတာလေ။ နောက်ဆိုရင် သူတို့ သေချာပေါက် အပြောင်းအလဲတွေ လုပ်လာလိမ့်မယ်။ ဂွါဒီယိုလာကို အထင်မသေးနဲ့ကွ"
ချူဖုန်းက ဆံပင်ကို ပြန်သပ်ရင်း ပြောလိုက်သည်။
"မင်း ပြောတာ လုံးဝ မှန်ပါတယ်။ မင်းက သူ့အကြောင်းကို အသိဆုံးပါပဲ။ ဘာပဲဖြစ်ဖြစ် သူက မင်းရဲ့ ယောက္ခမလောင်းပဲလေ..."
မက်ဂွိုင်းယားက မနာလိုသော လေသံဖြင့် ဝင်ပြောလိုက်သည်။
ထိုအချိန်တွင် ချူဖုန်း၏ အနာဂတ် ယောက္ခမလောင်းမှာ သူ၏ ပြောင်နေသော ခေါင်းကို ပွတ်သပ်နေလေသည်။ သူက ချူဖုန်း၏ စွမ်းရည်များကို သိထားသော်လည်း အနည်းငယ်တော့ အံ့ဩသွားမိဆဲပင်။
ယင်းမှာ ချူဖုန်းက ဖာနန်ဒင်ဟိုနှင့် အော်တာမန်ဒီတို့ကို ဆက်တိုက် ကျော်ဖြတ်သွားသောကြောင့် မဟုတ်ပေ။ မန်စီးတီး၏ နည်းဗျူဟာသစ်ကို ချူဖုန်းက တိတိကျကျ ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သောကြောင့် ဖြစ်သည်။
သူ့ကို ငါ့နေရာ ဆက်ခံခိုင်းပြီး... ငါ့ရဲ့ တိုက်စစ်နဲ့ ခံစစ် ပေါင်းစပ်ခြင်း ဆိုတဲ့ နည်းဗျူဟာ ဒဿနရဲ့ ဆက်ခံသူ အဖြစ် ပြုလုပ်ခိုင်းရင် ကောင်းမလား...
ဂွါဒီယိုလာက မေးစေ့ကို ပွတ်သပ်ရင်း နောက်ဆယ်စုနှစ်များစွာ အကြာတွင် ဖြစ်လာမည့် ကိစ္စများကို တွေးတောနေမိသည်။
ထို့နောက် သူက အနှောင့်အယှက် ဖြစ်နေသော အတွေးများကို ဖယ်ရှားရန် ခေါင်းယမ်းလိုက်ပြီး မန်စီးတီး ကစားသမားများကို အော်ပြောလိုက်သည်။ "နည်းဗျူဟာကိုပဲ ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကိုယ်ပဲ ဖြစ်ဖြစ် သံသယ မဝင်ကြနဲ့။ အစီအစဉ်အတိုင်း ကွင်းလယ်ကို ဆက်ပြီး ထိန်းချုပ်ထားကြ။ ငါတို့က ဘောလုံးလောကရဲ့ ခေတ်သစ် တစ်ခုကို ရှေ့ဆောင်နေတာကွ"
စစ်မှန်တဲ့ ပါရမီရှင်တွေ ဆိုတာ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ သံသယ မဝင်ပါဘူး။
ဂွါဒီယိုလာရော၊ မော်ရင်ညိုပါ အဲဒီလို လူစားမျိုးတွေချည်းပင်။
မန်စီးတီး ကစားသမားများက သူတို့၏ စိတ်ပျက်မှုများကို ဘေးဖယ်ထားလိုက်ကြပြီး ကွင်းလယ်ကို မည်သို့ ထိန်းချုပ်ရမည်နှင့် ချူဖုန်း၏ ခြေစွမ်းကို မည်သို့ ကန့်သတ်ရမည်တို့ကို ဆွေးနွေးကြလေသည်။
နောက်ဆုံးတွင် ဖာနန်ဒင်ဟိုက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ "ငါသာ နည်းနည်း ပိုမြန်ခဲ့ရင် ချူ့ကို ပင်နယ်တီ ဧရိယာ အပြင်ဘက်မှာတင် တားနိုင်ခဲ့မှာ... ဒါဆို ဒီဂိုး ဖြစ်လာမှာ မဟုတ်ဘူး..."
နာမည်ကျော် နောက်ခံလူ နက်စတာပင် မက်ဆီ၏ အကျော်ခံရမှုကြောင့် အနားယူရန် စဉ်းစားခဲ့ဖူးလေသည်။
ယခု ဖာနန်ဒင်ဟိုလည်း ထိုအတိုင်းပင်။
အသက်အရွယ် ကြီးရင့်လာမှု၏ အကျိုးဆက်များကို သူ တကယ်ကို ခံစားလိုက်ရသည်။ သူသာ အသက်ပိုငယ်ခဲ့မည် ဆိုပါက ချူဖုန်းကို အမီလိုက်နိုင်မည် မဟုတ်လျှင်တောင် အနည်းဆုံးတော့ ချူဖုန်းကို အလွယ်တကူ အကျော်ခံရမည် မဟုတ်ချေ။
"ငါတို့က အသင်းတစ်သင်းလေကွာ။ ဖြစ်ပြီးသွားတဲ့ ကိစ္စကို ဆက်တွေးပြီး ညည်းတွားနေစရာ မလိုတော့ပါဘူး..."
ဒေးဗစ် ဆေးလ်ဗားက လက်ကာပြလိုက်သည်။ "အဓိကက နောက်လာမယ့် အချိန်တွေကို ကောင်းကောင်း ကစားဖို့ပဲ..."
ပွဲက အမြန် ပြန်စတင်လေသည်။
မန်စီးတီးတို့ လျင်လျင်မြန်မြန် တိုက်စစ်ဆင်လာကြသည်။
ဂရုမစိုက်ဘူးလို့ ပါးစပ်က ပြောနေရင်တောင်မှ စိတ်ထဲမှာတော့ စိတ်ပျက်မှုတွေကို မနေနိုင်ဘဲ ခံစားနေရဆဲပင်။
ဒါက သဘာဝပါပဲလေ။
"ခံစစ်ကို အဲဒီလောက် အပေါ် ရှေ့မတက်နဲ့... ကွင်းလယ်လူတွေ နောက်ဆုတ်ပြီး နေရာလွတ်တွေကို ဆက်ပြီး ဖိသိပ်ထားကြ"
မော်ရင်ညိုက ဆက်တိုက် ညွှန်ကြားနေလေသည်။
ပွဲကစားနေစဉ် ချက်ချင်း နည်းဗျူဟာ အပြောင်းအလဲ လုပ်နိုင်စွမ်း အလွန် မြင့်မားသော နည်းပြကြီး နှစ်ဦး ထိပ်တိုက် တွေ့ဆုံကြသောအခါ မည်မျှ တောက်ပသော မီးပွားများ လွင့်စင်လာမည်နည်း။
အသင်းနှစ်သင်းလုံးက နည်းဗျူဟာ အပြောင်းအလဲများကို အဆက်မပြတ် ပြုလုပ်နေကြပြီး ကွင်းထဲရှိ အခြေအနေများကလည်း လျင်မြန်စွာ ပြောင်းလဲနေလေသည်။
ဆယ်မိနစ်ကျော်ခန့် ချိန်ညှိမှုများ ပြုလုပ်ပြီးနောက် မန်စီးတီး၏ အစောပိုင်း ကာလက နှေးကွေးမှုများ ပျောက်ကွယ်သွားပြီး ကျွမ်းကျင်သော ဘောလုံးပေးပို့မှုနှင့် ထိန်းချုပ်မှုများက အစားထိုး ဝင်ရောက်လာခဲ့သည်။
သို့သော် မန်ယူတို့က အလွန် ပါးနပ်စွာ ကစားခဲ့ကြသည်။
ကစားသမား ဆယ်ယောက်က မိမိတို့ ကွင်းဘက်ခြမ်းတွင် စုပြုံနေကြပြီး သိပ်သည်းသော ခံစစ်ကြောင်းကြီး တစ်ခုကို ဖန်တီးထားကြသည်။
ချူဖုန်းကတော့ ကွင်း၏ ဘယ်ဘက်ခြမ်းတွင် နေရာယူထားလေသည်။
ဆိုလိုသည်မှာ စတုန်းစ်၏ ရှေ့တိုးနောက်ဆုတ် လုပ်မှုကြောင့် ဖြစ်ပေါ်လာသော ဟာကွက်နေရာတွင်ပင်။
ယင်းက အော်တာမန်ဒီနှင့် ကိုင်လီ ဝေါ်ကာတို့ကို ဒေါသထွက်စေခဲ့သည်။ သူတို့သည် ယခင်ကလို ရှေ့သို့ မတက်နိုင်တော့ဘဲ နောက်တန်းတွင်သာ နေကာ ချူဖုန်းကို အနီးကပ် လူကပ်နေရုံသာ တတ်နိုင်တော့သည်။
မန်ယူ၏ တန်ပြန်တိုက်စစ် စွမ်းရည်နှင့် ထိရောက်မှုတို့ကို ထည့်သွင်း စဉ်းစားပါက သူတို့သည် အလုပ် ဖြစ်ခဲ့သော နည်းဗျူဟာကို ထပ်မံ ပုံဖော်နိုင်ခြေ အလွန် များပြားလေသည်။ ထို့ကြောင့် သူတို့အနေဖြင့် ချူဖုန်းကို ထပ်လွှတ်ပေးထား၍ မရတော့ပေ။
အချိန်တွေက သဲတွေလို ဖြည်းဖြည်းချင်း လျှောကျ ကုန်ဆုံးသွားသည်။
မန်စီးတီးတို့ သင့်တော်သော ပေးပို့မှု လမ်းကြောင်းများ ရှာဖွေရန် ရုန်းကန်နေရပြီး တစ်ဦးချင်း စွမ်းရည်များကို အသုံးပြုကာ ထိုးဖောက်ရန်သာ ကြိုးစားနိုင်တော့သည်။
ဘာနာဒို ဆေးလ်ဗားက ဘောလုံးနှင့်အတူ ရှေ့သို့ ဆွဲပြေးလာပြီး အက်ရှလေယန်းကို လိမ်ခေါက် ကျော်ဖြတ်သွားသည်။
ဘန်း
ကစားသမား နှစ်ဦးစလုံး မြေပြင်ပေါ်သို့ လဲကျသွားကြပြီး ဒိုင်လူကြီးက ဖောင်းဘော အဖြစ် ခရာမှုတ်လိုက်ကာ အက်ရှ်လေယန်းကို အဝါကတ် ပြသလိုက်လေသည်။
မှန်ပါသည်။ မန်စီးတီး၏ တစ်ဦးချင်း ထိုးဖောက် တိုက်စစ်များကို ရပ်တန့်ရန် မန်ယူတို့က ဤကဲ့သို့ ကြမ်းတမ်းသော ချဉ်းကပ်မှုကို အသုံးပြုနေကြခြင်း ဖြစ်သည်။
ဤသည်က ချန်ပီယံအသင်း တစ်သင်းအနေဖြင့် အရုပ်ဆိုးသော ကစားပုံ ဟု ဆိုရပေမည်။ သို့သော် မည်မျှပင် အဆိုးမြင်စကားတွေ သုံးသုံး မော်ရင်ညိုကတော့ ဂရုစိုက်မည် မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် သူ လိုချင်သည်မှာ ချန်ပီယံဆု သက်သက်သာ ဖြစ်သောကြောင့်ပင်။
လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော်က ချယ်လ်ဆီးနှင့် ဘာစီလိုနာတို့၏ ချန်ပီယံလိဂ် ပွဲစဉ် တစ်ပွဲတွင်...
မက်ဆီကို တားဆီးရန် ဤကဲ့သို့ နည်းဗျူဟာကိုပင် သူ အသုံးပြုခဲ့ဖူးလေသည်။
နောက်ပိုင်းတွင် ဘာစီလိုနာနည်းပြ ရစ်ချ်ကတ်က မော်ရင်ညိုကို စူးစူးရဲရဲ ကြည့်နေသည့် အထင်ကရ ဓာတ်ပုံကြီး ပေါ်ထွက်လာခဲ့လေသည်။
မန်စီးတီးတို့က တိုက်စစ်နယ်မြေအတွင်း ရရှိသော ပြစ်ဒဏ်ဘော အခွင့်အရေးကို အလဟဿ မဖြစ်စေချင်သဖြင့် အရပ်ရှည်သော ကစားသမား အချို့ကို ပင်နယ်တီ ဧရိယာထဲသို့ ခိုးဝင်စေခဲ့သည်။
ဂန်ဒိုဂန်က စံချိန်မီ အမြင့်ဘော တစ်လုံးကို ဖြတ်တင်ပေးလိုက်သည်။
"အသင်းနှစ်သင်းကြား အရပ်အမောင်း ကွာခြားချက်က အရမ်း ကြီးမားလွန်းနေတယ်... မန်ယူရဲ့ လေကြောင်း ခံစစ်က ဘာဖိအားမှ မရှိသလောက်ပါပဲ"
မက်ဂွိုင်းယားက ဘောလုံးကို အရင် ထိလိုက်နိုင်ပြီး ပင်နယ်တီ ဧရိယာ အပြင်ဘက်သို့ ခေါင်းတိုက် ရှင်းထုတ်လိုက်သည်
"မန်ယူရဲ့ တန်ပြန်တိုက်စစ် လာပြန်ပြီဟေ့"
အားလုံး၏ စောင့်ကြည့်နေသော အကြည့်များအောက်တွင် ဘောလုံးက ပင်နယ်တီ ဧရိယာ အစွန်းဆီသို့ ပျံသန်းသွားပြီး ပေါ့ဘာက အံ့မခန်း နောက်ပြန် ပင့်ကန်ချက်ဖြင့် ပေးပို့လိုက်လေသည်။
"သူ့ကို ဘောလုံး မရစေနဲ့"
စတုန်းစ်က အသံကုန် အော်ဟစ်လိုက်သည်။
ယင်းကို ကြားသောအခါ ကိုင်လီ ဝေါ်ကာက တစ်ခဏမျှ တွေဝေသွားပြီး ဘောလုံးကို အရင် ကြားဖြတ် လုယူရန် ကြိုးစားလိုက်သည်။
ချူဖုန်းက ဘောလုံးကို ရင်ဘတ်ဖြင့် ထိန်းလိုက်ပြီးနောက် သူ၏ အနောက်ဘက်သို့ ညင်သာစွာ ခေါင်းတိုက် ပင့်တင်လိုက်သည်။
ဒါက သုံးဖက်မြင် နေရာလွတ် တွေးခေါ်မှုပင်…။
ကိုင်လီ ဝေါ်ကာက ဘောလုံးကို မော့ကြည့်လိုက်ပြီးနောက် ပြတ်သားစွာပင် လက်ကို ဆန့်ထုတ်ကာ ချူဖုန်း၏ ခါးကို ဖက်ထားလိုက်လေသည်။
တီ…
ဒိုင်လူကြီးက ထပ်မံ ခရာမှုတ်လိုက်ပြီး နောက်ထပ် အဝါကတ် တစ်ကတ် ထပ်ထွက်လာပြန်သည်။
"ဒီလို တိုက်စစ်မှူးမျိုးကို ရင်ဆိုင်ရတာ တကယ်ကို ခက်ခဲလွန်းတယ်..."
ကိုင်လီ ဝေါ်ကာက အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။ အော်တာမန်ဒီကလည်း သဘောတူသည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
မင်းက သူ့ကို အမြန်နှုန်းနဲ့ ယှဉ်ဖို့ ကြိုးစားရင်... သူက မင်းကို ကျွမ်းကျင်မှုနဲ့ ယှဉ်လိမ့်မယ်။
မင်းက သူ့ကို ကျွမ်းကျင်မှုနဲ့ ယှဉ်ဖို့ ကြိုးစားရင်... သူက မင်းကို အမြန်နှုန်းနဲ့ ပြန်ယှဉ်လိမ့်မယ်။
ကိုယ့်ရဲ့ အားသာချက်တွေနဲ့ သူ့ရဲ့ အားနည်းချက်တွေကို အသုံးချပြီး ဘယ်လိုလုပ် အနိုင်ယူရမှာလဲ။
မသိလိုက်မသိဘာနှင့်ပင် နာကျင် အချိန်ပိုသို့ ရောက်ရှိလာခဲ့ပြီး ဖာနန်ဒင်ဟို၏ အဝေးကန်ချက်ကို ဒီဂီယာက ဖမ်းယူလိုက်လေသည်။
တီ… တီ…
ဒိုင်လူကြီးက ပထမပိုင်း ပြီးဆုံးကြောင်း အချက်ပြလိုက်လေသည်။
မန်ချက်စတာ ယူနိုက်တက် ၁ - ၀ မန်ချက်စတာ စီးတီး။
ချန်ပီယံလိဂ် ဗိုလ်လုပွဲက ပွဲတစ်ပိုင်း နားချိန်သို့ ရောက်ရှိသွားလေသည်။
***