"ဂွါဒီယိုလာရဲ့ ၃-၂-၂-၃ ကစားကွက်က သိပ်ပြီး အလုပ်မဖြစ်တဲ့ ပုံပဲနော်..."
မက်ဂွိုင်းယားက သူ၏ ခေါင်းကြီးကို ပွတ်သပ်ရင်း အလွန်အမင်း နားလည်ရခက်နေသော အမူအရာဖြင့် ပြောလိုက်သည်။ သူ၏ အကန့်အသတ်ရှိသော နည်းဗျူဟာ နားလည်မှုဖြင့် ထိုကစားကွက်၏ အနှစ်သာရကို သူ သဘောမပေါက်နိုင်ခဲ့ချေ။
"အဲဒီလောက် မရိုးရှင်းဘူး..."
မော်ရင်ညို၏ လေသံက ထူးထူးခြားခြား လေးနက်နေသည်။ "ဒီဘရိုင်းကို ဘာလို့ ပွဲထွက် လူစာရင်းမှာ မသုံးတာလဲ ဆိုတာ မင်းတို့ သိကြလား..."
အားလုံးက ခေါင်းယမ်းလိုက်ကြသည်။
"ဘာလို့လဲဆိုတော့ မန်စီးတီးက ပွဲအစောပိုင်း ကာလတွေကို အာရုံမစိုက်ထားလို့ပဲ... ဒါမှမဟုတ် ငါတို့က ပွဲလယ် ဒါမှမဟုတ် ပွဲနှောင်းပိုင်းလောက်ကျမှ သူတို့ကို အကြိတ်အနယ် ကစားလိမ့်မယ်လို့ သူတို့ ခန့်မှန်းထားတာလည်း ဖြစ်နိုင်တယ်။ အဲဒါကြောင့်ပဲ ပထမပိုင်းမှာ အဲဒီလို ကစားကွက်မျိုးကို သုံးပြီး ဒီဘရိုင်းကို အရန်ခုံမှာ ထားခဲ့တာ..."
မော်ရင်ညိုက ရှင်းပြလိုက်သည်။ မန်စီးတီး၏ ကွင်းလယ်ခံစစ်မှာ အင်အား မတောင့်တင်းကြောင်း အားလုံး သိထားကြသလို ဂွါဒီယိုလာ ကိုယ်တိုင်လည်း ယင်းကို ကောင်းကောင်း သိလေသည်။
ထို့ကြောင့် မန်ယူ၏ တိုက်စစ်များကို ရှောင်လွှဲနိုင်ရန် ကွင်းလယ် ထိန်းချုပ်မှုကို အားဖြည့်လိုခဲ့ခြင်း ဖြစ်သည်။ တကယ်တမ်းတွင် သူ ထိုသို့ လုပ်နိုင်ခဲ့သည်။
သူတို့သည် မန်ယူ၏ အစောပိုင်း တိုက်စစ် အဟုန်များကို ရှောင်လွှဲနိုင်ခဲ့ပြီး ပွဲကို ဒုတိယပိုင်းအထိ ဆွဲခေါ်လာနိုင်ခဲ့သည်။
တစ်ဂိုး အရှုံးပေးထားရတာ ကရော။
ဒါက လုံးဝ လက်ခံနိုင်စရာ အနေအထားပင်။
"ဘော့စ်... ဒုတိယပိုင်းအတွက် ကျွန်တော်တို့ ဘယ်လို အပြောင်းအလဲ လုပ်ကြမလဲ..."
မက်ဂွိုင်းယားက မေးလိုက်သည်။
မော်ရင်ညိုက နည်းဗျူဟာပြ ဘုတ်ပြားပေါ်တွင် မျဉ်းသုံးကြောင်း ဆွဲလိုက်ပြီးနောက် "မန်စီးတီးက နေရာလွတ်တွေကို အသုံးချပြီး ဘောလုံးပေးပို့တဲ့ နေရာမှာ တော်တယ်။ သူတို့မှာ အဲဒီ စွမ်းရည်လည်း ရှိတယ်။ ဒါကြောင့် သူတို့ အလွယ်တကူ ဘောလုံး မပေးပို့နိုင်အောင် ငါတို့က နေရာလွတ်တွေကို ဖိသိပ်ထားရမယ်..."
"တကယ်တော့ ပထမပိုင်းတုန်းကလိုပါပဲ။ ဒါပေမဲ့ ကွာခြားချက် တစ်ခု ရှိတယ်... ငါတို့ရဲ့ ကစားကွက်ကို ရှေ့ကို နည်းနည်း တိုးရမယ်..."
"မန်စီးတီးက ကွင်းလယ်လူတွေ ထပ်ဖြည့်ထားတာမို့ ငါတို့လည်း ခံစစ်ပိုင်းမှာ အင်အား ပိုသုံးရမယ်။ ငါတို့ရဲ့ ခံစစ်ကြောင်း အလွယ်တကူ အဆုတ်ဖြဲ မခံရအောင်နဲ့ ဟာကွက်တွေ မဖြစ်ပေါ်လာအောင် တောင်ပံ နှစ်ဖက်စလုံးမှာ နောက်ခံလူ အထပ်ထပ်နဲ့ တည်ဆောက်ထားရမယ်..."
"ရှင်းရှင်းပြောရရင် ကွင်းလယ်ကို အဓိက အာရုံစိုက်ရမယ်..."
မော်ရင်ညိုက အားလုံးကို ဝေ့ကြည့်လိုက်သည်။
ထိုသို့ လုပ်ဆောင်ခြင်းက ခံစစ်ကြောင်း အနောက်ရှိ နေရာလွတ်များကို ဟာလာဟင်းလင်း ဖြစ်သွားစေမည် ဖြစ်သော်လည်း အခြား နည်းလမ်း မရှိတော့ချေ။
အကယ်၍ မန်ယူတို့က ကိုယ့်ကွင်းဘက်ခြမ်းမှာပဲ ဆက်ပြီး ပုန်းအောင်းနေမည် ဆိုပါက...
ဖားတစ်ကောင်ကို ရေနွေးအိုးထဲ ထည့်ပြီး တဖြည်းဖြည်း အပူပေးသကဲ့သို့ မန်စီးတီးတို့က သူတို့၏ ခံစစ်ကို ဖြည်းဖြည်းချင်း ထိုးဖောက်လာမည်မှာ အသေအချာပင်။
သေချာသည်မှာတော့ မန်စီးတီး ကစားသမားများက နည်းဗျူဟာအသစ်ဖြင့် အသားမကျသေးရာ သူတို့ မကြာခဏ အမှားများ လုပ်တတ်ကြသည်။ သို့သော် ပြိုင်ဘက် အမှားလုပ်မည်ကိုသာ ထိုင်စောင့်နေရမည် ဆိုပါက မိမိတို့၏ ကံကြမ္မာကို သူတစ်ပါး လက်ထဲ အပ်ထားလိုက်သကဲ့သို့ ဖြစ်မနေဘူးလား။
မော်ရင်ညိုက အရာရာကို သူ၏ ထိန်းချုပ်မှုအောက်တွင်သာ ထားရှိလိုသူ ဖြစ်သည်။
"ဒေးဗစ် (ဒီဂီယာ)... မင်း အပြောင်းအလဲတွေ လုပ်တတ်ဖို့ သင်ယူရမယ်။ ခေတ်သစ် ဂိုးသမားတွေရဲ့ ရေစီးကြောင်းက ဂိုးစည်းပေါ်က နည်းစနစ်တွေချည်းပဲ မဟုတ်တော့ဘူး... အပြင်ထွက်လာပြီး ဘောလုံး ပေးပို့တာတွေကလည်း အရမ်း အရေးကြီးတယ်..."
မော်ရင်ညိုက ဒီဂီယာကို ကြည့်ကာ ပြောလိုက်သည်။
ရာသီ မစတင်မီကတည်းက ဒီဂီယာကို သူက ဤစကား ပြောခဲ့ဖူးပြီး ဒီဂီယာကလည်း ပြောင်းလဲနိုင်ရန် အစွမ်းကုန် ကြိုးစားနေခဲ့သည်။
သို့သော် နည်းစနစ်ပိုင်းဆိုင်ရာ ကစားဟန် ဆိုသည်မှာ ညတွင်းချင်း ပြောင်းလဲပစ်၍ ရနိုင်သော အရာမျိုး မဟုတ်ချေ။ အချိန်နှင့် ကြိုးစားအားထုတ်မှုများစွာ လိုအပ်လေသည်။ ထို့အပြင် တစ်ခါတစ်ရံတွင် မည်မျှပင် ကြိုးစားစေကာမူ အချည်းနှီးသာ ဖြစ်တတ်သေးသည်။
ထိုသို့မဟုတ်လျှင် လူတိုင်း ဘောလုံး စူပါစတားတွေ ဖြစ်ကုန်ကြပြီပေါ့။
ဒီဂီယာက ခေါင်းညိတ်လိုက်သည်။ "နားလည်ပါတယ်..."
သူ အများကြီး မပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းက သူ၏ စရိုက်ပင် ဖြစ်သည်။ စကားများများ ပြောခြင်းထက် လက်တွေ့ လုပ်ရပ်များဖြင့်သာ သက်သေပြလိုသူ ဖြစ်သည်။ ဤအကျင့်မှာ ချူဖုန်းနှင့် အနည်းငယ် တူပေသည်။
"ပြီးတော့ ဟယ်ရီ..." မော်ရင်ညိုက မက်ဂွိုင်းယားဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"မင်း လှည့်တဲ့ အမြန်နှုန်း နှေးတာကို ငါ သိပါတယ်။ ဒါပေမဲ့ လိုအပ်လာရင် ဖောင်းဘော လုပ်ဖို့ ဝန်မလေးနဲ့။ အမြဲတမ်း သတိထားနေ... မင်းမှာ အဲဒီ စွမ်းရည် ရှိတယ်ဆိုတာ ငါ ယုံကြည်တယ်..."
"ကျွန်တော့် တာဝန် ထားလိုက်ပါ ဘော့စ်... စိတ်မပူနဲ့"
သူ၏ ဘော့စ်ထံမှ ချီးကျူးစကား ကြားလိုက်ရပြီ အထင်ဖြင့် ခေါင်းကြီး မက်ဂွိုင်းယားမှာ အလွန် ပျော်ရွှင်သွားပြီး ကွေးတက်သွားသော နှုတ်ခမ်းများကို အစွမ်းကုန် ပြန်ထိန်းထားလိုက်ရသည်။
မော်ရင်ညို: "..."
မင်းကို စိတ်ပူလို့ သတိပေးတာပါကွာ... ကြည့်စမ်း... ငါ သတိပေးတာ ရှင်းရှင်းလင်းလင်း မရှိလို့လား...။
စောစောက ပင်နယ်တီ ဧရိယာထဲတွင် မက်ဂွိုင်းယား ဘောလုံး လုယူခဲ့ပုံက သူ့ကို တကယ် လန့်ဖျပ်သွားစေခဲ့သည်။
မက်ဂွိုင်းယားက ဘာလို့များ ခြေလှမ်းကျဲကြီးနဲ့ လှမ်းလိုက်သလဲ... အဲဒီအချိန်တုန်းက သူ ဘာတွေများ တွေးနေသလဲ ဆိုတာကို မော်ရင်ညို ဦးနှောက်စားမတတ် စဉ်းစားသော်လည်း နားမလည်နိုင်ခဲ့ချေ။
"နောက်ကျရင် သူ့ကို သတိပေးလိုက်ဦး..."
မက်ဂွိုင်းယား စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားပြီး အမှားကြီးတစ်ခု ထပ်လုပ်မိမည်ကို စိုးရိမ်သဖြင့် မော်ရင်ညိုက ဒေးဗစ်လူးဝစ်ကိုသာ ကြိုတင် အသိပေးထားလိုက်ရသည်။
ဒီလိုကိစ္စမျိုးကြောင့်သာ မန်ယူတို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရှုံးနိမ့်သွားခဲ့မည် ဆိုပါက...
တွေးကြည့်ရုံဖြင့်ပင် မော်ရင်ညို ကျောချမ်းသွားရသည်။ အင်တာနက်ပေါ်မှ ဆဲရေးတိုင်းထွာမှုများက နှစ်ပေါင်းများစွာတိုင်အောင် ရပ်တန့်သွားမည် မဟုတ်ချေ။
တစ်ဖက် အဝတ်လဲခန်းထဲ၌...
ဂွါဒီယိုလာက မန်စီးတီး ကစားသမားများနှင့်အတူ ပွဲအခြေအနေကို ပြန်လည် သုံးသပ်ပြီးနောက် ဒီဘရိုင်းကို ခေါ်ကာ တိုးတိုးတိတ်တိတ် စကားပြောနေလေသည်။
မော်ရင်ညို ခန့်မှန်းထားသလိုပင် သူသည် ပွဲကို မိနစ် ၆၀ ကျော်သည်အထိ ဆွဲထားလိုပြီး ထိုအချိန်ကျမှ ဒီဘရိုင်းကို ထည့်ကာ ပွဲ၏ စည်းချက်ကို ထိန်းချုပ်ပြီး မန်ယူကို အတိုတောင်းဆုံး အချိန်အတွင်း ချေမှုန်းပစ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
မှန်ပါသည်။
ဂွါဒီယိုလာသည် စမ်းသပ်မှုများ ပြုလုပ်ရသည်ကို နှစ်သက်သော်လည်း သူ၏ နည်းဗျူဟာပိုင်းဆိုင်ရာ စွမ်းရည်မှာ သံသယဝင်စရာ မလိုအောင် ကောင်းမွန်လှသည်။ အစီအစဉ်တိုင်းတွင် လုံးဝ ခိုင်လုံသော အကြောင်းပြချက် တစ်ခုစီ ရှိနေတတ်သည်။
ဆယ့်ငါးမိနစ် အချိန်မှာ လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။
အသင်းနှစ်သင်းလုံးမှ ကစားသမားများ ကွင်းထဲသို့ ပြန်လည် ဝင်ရောက်လာကြပြီး ဝမ်ဒါ မက်ထရိုပိုလီတာနို ကွင်းကြီးမှာ တစ်ဖန် ပြန်လည် အသက်ဝင် လှုပ်ရှားလာပြန်သည်။
ချူဖုန်းက ကွင်းဘေးရှိ LED မျက်နှာပြင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
မန်ချက်စတာ ယူနိုက်တက် ၁ - ၀ မန်ချက်စတာ စီးတီး။
မန်စီးတီး၏ ကြောက်မက်ဖွယ် ကောင်းလှသော တိုက်စစ်ကို ထည့်တွက်မည် ဆိုပါက ခံစစ် သက်သက် ကစားခြင်းက လုံလောက်မည် မဟုတ်ချေ။ အဂူရို၊ ဆာနေး၊ ဘာနာဒို ဆေးလ်ဗားနှင့် အခြား ကစားသမားများ အားလုံးမှာ သူတို့၏ သက်ဆိုင်ရာ နေရာ အသီးသီးတွင် ထိပ်တန်း ကစားသမား ဆယ်ဦး စာရင်းဝင်များ အဖြစ် သတ်မှတ်နိုင်လေသည်။
ထို့ကြောင့် ဂိုးသွင်းရန် နောက်ထပ် အခွင့်အရေး တစ်ခုကို ရှာဖွေရပေမည်။
တီ…
ကျယ်လောင်စူးရှသော ခရာသံနှင့်အတူ ဒုတိယပိုင်း ပွဲစဉ် စတင်လေပြီ။
မန်ယူတို့ ဘောလုံး စတင် ရရှိသည်။ ချူဖုန်းက ပွဲစတင် ကန်ထုတ်လိုက်ပြီး ဘောလုံးကို ပေါ့ဘာထံသို့ နောက်ဆုတ် ပေးပို့လိုက်ကာ ညာဘက်ခြမ်းသို့ လှည့်၍ ပြေးသွားလေသည်။
ဘာကြောင့် ဘယ်ဘက်ကို မသွားဘဲ ညာဘက်ကို သွားသလဲ ဆိုရင်...
အဘယ်ကြောင့်ဆိုသော် မန်စီးတီး၏ ဗဟိုနောက်ခံလူ သုံးယောက် ကစားကွက်တွင် ကိုင်လီ ဝေါ်ကာက ဘယ်ဘက်ခြမ်း၌ ကစားနေသောကြောင့် ဖြစ်သည်။
ထိုကောင်က မကြာခဏ ပါတီပွဲတွေ လုပ်လေ့ရှိသော်လည်း သူ၏ စွမ်းရည်များကိုတော့ ငြင်းပယ်၍ မရချေ။ အထူးသဖြင့် သူ၏ တာတို ပေါက်ကွဲအား အမြန်နှုန်းပင်။
ချူဖုန်း အနေဖြင့် ကိုင်လီ ဝေါ်ကာကို အတင်း ထိုးဖောက် ကျော်ဖြတ်နိုင်မည်ဟု ရာနှုန်းပြည့် ယုံကြည်ချက် မရှိချေ။ ညာဘက်ရှိ လာပေါ့တ်မှာမူ ပြင်းထန်သော ဒဏ်ရာရရှိပြီးနောက်ပိုင်း ခြေစွမ်း သိသိသာသာ ကျဆင်းသွားခဲ့လေပြီ။
လာပေါ့တ် တစ်ယောက် ယနေ့ပွဲ၌ ခြေစွမ်း မပြနိုင်ဘဲ မာရက်ဇ်၏ အကြိမ်ကြိမ် ထိုးဖောက်မှုကို ခံနေရသည်ကိုလည်း ချူဖုန်း သတိပြုမိခဲ့သည်။ အကယ်၍ အော်တာမန်ဒီနှင့် ဖာနန်ဒင်ဟိုတို့ကသာ ကာကွယ် မပေးခဲ့လျှင် ရလဒ်က ၁-၀ ထက် အများကြီး ပိုသွားလောက်လေပြီ။
ထို့ကြောင့်...
ဒုတ်... ဒုတ်... ဒုတ်
လာပေါ့တ်ကို ပစ်မှတ်ထားခြင်းဖြင့် သူတို့သည် မန်စီးတီး၏ ခံစစ်ကို လုံးဝ ဖျက်ဆီးပစ်နိုင်မည် ဖြစ်သည်။
အကယ်၍ တိုက်စစ်နယ်မြေတွင် ဖိအား အလုံအလောက် ပေးနိုင်ပါက ခံစစ်အပေါ် ကျရောက်နေသော ဖိအားများ လျော့ကျသွားမည် ဖြစ်ပြီး ယင်းမှာ မန်စီးတီး၏ တိုက်စစ်ကို အမြစ်မှ စ၍ ဖြတ်တောက်နိုင်မည့် နည်းလမ်းပင် ဖြစ်သည်။
ပေါ့ဘာ ဘောလုံး လက်ခံရရှိပြီး နောက်သို့ ဆက်ပေးလိုက်သည်။ အလောတကြီး လုပ်စရာ မလိုပေ။
ပထမဆုံး အနေဖြင့် တိုက်စစ် ကစားသမားများ လွတ်လွတ်လပ်လပ် ပြေးလွှားနိုင်ရန် လုံလောက်သော နေရာလွတ်များ ရရှိစေရန် မန်စီးတီး၏ ကစားကွက်ကို ဆွဲဆန့်ထုတ်ရမည်။
မန်စီးတီးတို့ကလည်း အလျှော့မပေးဘဲ ရှေ့တက် ဖိအားပေးမှုကို စတင်လာကြသည်။ သို့သော် ယခင်က ဖိအားပေးမှုများနှင့်တော့ မတူညီချေ။
တောင်ပံ ကစားသမား နှစ်ယောက်နှင့် ဗဟိုတိုက်စစ်မှူးတို့က ကွင်းလယ်သို့ နောက်ဆုတ်လာကြပြီး ကွင်းလယ်လူ နှစ်ယောက်၊ ကွင်းလယ်ခံစစ် တစ်ယောက်တို့နှင့် ပေါင်းကာ အလယ်ဗဟိုတွင် "၃-၄" ခုနစ်ယောက် အုပ်စု တစ်ခုကို ဖန်တီးထားကြသည်။
တစ်ချိန်တည်းမှာပင် ဗဟိုနောက်ခံလူ နှစ်ဦးက ရှေ့သို့ တက်လာပြီး ကွင်းလယ်လူ နှစ်ဦးနှင့် ပေါင်းကာ "၂-၂" ဒုတိယ ခံစစ်ကြောင်း တစ်ခုကို ဖန်တီးလိုက်ကြသည်။
နောက်ဆုံး ခံစစ်ကြောင်း အဖြစ် နောက်ဆုတ်နေသော ဗဟိုနောက်ခံလူ တစ်ဦးလည်း ရှိသေးသည်။
ဤစနစ်က ဂွာဒီယိုလာ ဘိုင်ယန်မြူးနစ်အား ကိုင်တွယ်စဉ်က အသုံးပြုခဲ့သော နည်းဗျူဟာများ အတိုင်းပင် ဖြစ်သော်လည်း ပိုမို ကောင်းမွန်သော ချိန်ညှိမှုများ ပါဝင်လာခဲ့သည်။
ပြိုင်ဘက်၏ ကွင်းလယ် ဧရိယာအတွင်းရှိ နေရာလွတ်များကို ဖိသိပ်ထားခြင်းနှင့် ပေးပို့မှု လမ်းကြောင်းများကို ဖြတ်တောက်ခြင်းတို့ကြောင့် တောင်ပံများဆီသို့ ပေးပို့မည့် လမ်းကြောင်းများကို ဖြတ်တောက်ခြင်းဖြင့် တောင်ပံများရှိ ခံစစ် ဖိအားများကို လျှော့ချပေးရန် ဖြစ်သည်။
ဘောလုံးက ဒေးဗစ်လူးဝစ် ခြေထဲသို့ ရောက်ရှိလာသည်။
ရှေ့တက် ဖိအားပေးမှုကို ကျော်လွှားရန် နည်းလမ်းများစွာ ရှိလေသည်။ ဘောလုံးကို ပြန်ပေးထုတ်ခြင်း၊ သို့မဟုတ် တောင်ပံများဆီသို့ တွန်းပို့ခြင်း စသဖြင့်ပင်…။
အလွယ်ကူဆုံး နည်းလမ်းကတော့ အဝေးဘော တစ်လုံး ကန်တင်လိုက်ခြင်းပင် ဖြစ်လေသည်။
***