"ဘောလုံးက ငါ့ဆီ ရောက်လာပြီလား..."
ပေါ့ဘာက အံ့ဩတကြီးဖြင့် စိုက်ကြည့်နေသော်လည်း သူ၏ ခြေထောက်များက ရပ်တန့်မသွားခဲ့ချေ။
သူနှင့် သုံးမီတာ အတွင်းတွင် မည်သည့် ခံစစ် ကစားသမားမျှ မရှိချေ။ အနီးဆုံးတွင် ရှိနေသော စတုန်းစ်က သူ့ဆီသို့ အပြေးအလွှား လာနေသော်လည်း သူက အများကြီး ရှေ့ရောက်နေခဲ့လေပြီ။
စတုန်းစ် ကိုယ်တိုင်ပင် ပေါ့ဘာကို ကြည့်ရင်း တားဆီးရန် အချိန်နှောင်းသွားပြီ ဖြစ်ကြောင်း သိနေလေသည်။ နောက်ဆုံးတွင် သူသည် ကွင်းလယ်ခံစစ် နေရာနှင့် မရင်းနှီးသဖြင့် နေရာယူမှု မရှင်းလင်းခြင်းကြောင့် အမှားလုပ်မိသွားခြင်းပင် ဖြစ်သည်။
ပေါ့ဘာက သူ၏ ကိုယ်ဟန်အနေအထားကို အမြန် ချိန်ညှိလိုက်သည်။ ထို့နောက် အားပါပါ ကန်သွင်းလိုက်လေပြီ။
ဘုန်း…
အီဒါဆန်က ဟန်ပြ ကာကွယ်မှု တစ်ခု ပြုလုပ်လိုက်ပြီးနောက် မြက်ခင်းပြင်ပေါ်သို့ အကူအညီမဲ့စွာ လဲကျသွားလေသည်။
ဘောလုံးကမူ ပိုက်ကွန်ကို ဝင်တိုက်ပြီး အဟုန် ကုန်ဆုံးသွားသည်အထိ ပြင်းပြင်းထန်ထန် လည်ပတ်နေကာ မြေပြင်ပေါ်သို့ ကျပြီးနောက် အကြိမ်အနည်းငယ် ခုန်ကာ ငြိမ်သက်သွားလေသည်။
၂ : ၀
တိတ်ဆိတ်ငြိမ်သက်နေသော ဘောလုံးပွဲ အခြေအနေနှင့် လုံးဝ ဆန့်ကျင်ဘက် အနေဖြင့် ကွင်းကြီးက မီးတောင်ရှင် တစ်ခု ပေါက်ကွဲထွက်လာသကဲ့သို့ နားကွဲမတတ် အားပေးသံများ ပေါက်ကွဲ ထွက်လာတော့သည်။
မန်ယူ ပရိသတ်များမှာ အလံများကို ဝှေ့ယမ်းကာ ရူးသွပ်စွာ အော်ဟစ် အားပေးနေကြသည်။
"မန်ချက်စတာယူနိုက်တက်..."
စကားလုံး နှစ်လုံးက လေထဲတွင် လွင့်ပျံသွားပြီး ကောင်းကင်ယံသို့ ပျံတက်သွားလေသည်။
ဂိုး…
"ဒုတိယပိုင်း စပြီး သုံးမိနစ်လေး အတွင်းမှာတင် မန်ယူတို့ ဦးဆောင်ဂိုးကို ထပ်ပြီး ရယူနိုင်ခဲ့ပါပြီ”
"ရှောင်ချူက ခေါင်းနောက်မှာ မျက်လုံး ပါနေသလိုပါပဲ... လူကပ်မခံရတဲ့ ပေါ့ဘာကို ဖိအား ကင်းကင်းနဲ့ ကန်သွင်းနိုင်အောင် ဂိုးဖန်တီးမှု တစ်ခု လုပ်ပေးသွားတာပါ"
"သူတို့ နှစ်ယောက်စလုံးက မန်ယူ လူငယ်အကယ်ဒမီထွက်တွေ ဖြစ်ကြပြီး ဒီနေ့ သူတို့ရဲ့ ချိတ်ဆက်မှုက မန်ယူရဲ့ အနာဂတ်ကို ဒီလူငယ်လေးတွေက ထိန်းချုပ်သွားတော့မယ် ဆိုတာကို ညွှန်ပြနေတာများလား"
"ယုံတောင် မယုံနိုင်ဘူးဗျာ" ကျန်းကျွင်းက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
ပွဲကြည့်စင်ပေါ်တွင် ရပ်နေသော ဆာအဲလက်စ် ဖာဂူဆန်ကလည်း မန်ယူ ပရိသတ်များနှင့်အတူ မတ်တတ်ရပ်ကာ သူတို့ကို လက်ခုပ်တီးပြီး ဂုဏ်ပြုလိုက်လေသည်။
ချန်ပီယံလိဂ် ဖလားကို ကာကွယ်နိုင်ခြင်း ဆိုသည်မှာ မန်ယူအသင်း မည်သည့်အခါမှ မအောင်မြင်ဖူးသေးသော အိမ်မက်တစ်ခုပင် ဖြစ်သည်။
သူ မန်ယူကို ကိုင်တွယ်ခဲ့စဉ်က လေးနှစ်အတွင်း ဗိုလ်လုပွဲသို့ သုံးကြိမ် တက်ရောက်နိုင်ခဲ့သော်လည်း တစ်ကြိမ်သာ အနိုင်ရရှိခဲ့ပြီး ကျန်နှစ်ကြိမ်စလုံး ဘာစီလိုနာကို ရှုံးနိမ့်ခဲ့ရသည်။
ဆာအဲလက်စ် ဖာဂူဆန် အတွက်တော့ ဒါက ဘယ်တော့မှ မေ့ဖျောက်လို့ မရနိုင်တဲ့ နောင်တ တစ်ခုပါပဲ။
သို့သော် ယခုအခါ မန်ယူတို့ သူတို့၏ အိမ်မက်ကို အကောင်အထည်ဖော်ရန် ခြေတစ်လှမ်းသာ လိုတော့လေပြီ။
ချန်ပီယံလိဂ် ဗိုလ်လုပွဲ တစ်ပွဲတွင် နှစ်ဂိုး အသာရနေခြင်းကပင် သူတို့သည် ဆုဖလားနှင့် ခြေလှမ်း တစ်လှမ်းသာ လိုတော့ကြောင်း သက်သေခံနေလေသည်။
သို့သော် ချန်ပီယံလိဂ် သမိုင်းကြောင်းတွင် မော်ကွန်းဝင် နောက်ကလိုက် အနိုင်ရရှိမှုများ အများအပြား ရှိခဲ့လေသည်။
ဥပမာအားဖြင့် နူးကမ့် အံ့ဖွယ်ဖြစ်ရပ်နှင့် အစ္စတန်ဘူလ် အံ့ဖွယ်ဖြစ်ရပ်တို့ပင် ဖြစ်သည်။
မန်စီးတီးကရော အံ့ဖွယ်ဖြစ်ရပ် တစ်ခု ဖန်တီးနိုင်မလား။
နောက်ဆုံး ပွဲသိမ်းခရာ မမှုတ်မချင်း ဘယ်သူကမှ ဘာကိုမှ အာမမခံနိုင်ပါဘူး။
ဂိုးသွင်းပြီးနောက် ပေါ့ဘာက ထောင့်ကန်ဘော တိုင်ဆီသို့ အမြန် ပြေးသွားပြီး ဒူးထောက် လျှောတိုက်ကာ စိတ်အားထက်သန်စွာဖြင့် အောင်ပွဲခံလေသည်။
သူ မကြာသေးမီက တော်တော်လေး ပျင်းရိနေခဲ့သည်။
ပရိသတ်များ သိထားသင့်သည်မှာ ပေါ့ဘာသည် လူအထင်ကြီးခံချင်သော စရိုက် ရှိသူ ဖြစ်သည်။ သူက အမြဲတမ်း အိမ်မက်မက်ခဲ့ရသော ကွင်းလယ်တိုက်စစ် နေရာကို နောက်ဆုံးတွင် ရရှိခဲ့သလို သူ၏ လက်ရွေးစင် အသင်းဖော် ကန်တေနှင့်လည်း ပြန်လည် ဆုံတွေ့ခဲ့ရသည်။
သို့သော် သူက ယင်းအတွက် အပြည့်အဝ ပျော်ရွှင်ခြင်း မရှိချေ။ အကြောင်းမှာ သူက ကွင်းလယ်တိုက်စစ် နေရာတွင် ကစားခွင့် ရသော်လည်း ဘောလုံး ပိုင်ဆိုင်ခွင့် ပိုနည်းခဲ့သောကြောင့်ပင်…။
သို့ရာ၌ မော်ရင်ညို၏ နည်းဗျူဟာများက ချူဖုန်းကို ဗဟိုပြုထားသဖြင့် မည်သို့မျှ တတ်နိုင်စရာ မရှိပေ။ မကြာသေးမီ နှစ်များအတွင်း ထွက်ပေါ်လာသော ဝေါဟာရ အသစ်တစ်ခု ရှိလေသည်။
ယင်းက ဘောလုံးဘုရင် ကစားဟန်တဲ့လေ။
ဆိုလိုသည်မှာ ကစားသမား တစ်ဦးတည်းကသာ ဘောလုံးကို ပိုင်ဆိုင်ထားပြီး သူ လိုသလို ကစားသည့် ပုံစံမျိုးကို ဆိုလိုခြင်း ဖြစ်သည်။
ကွင်းလယ်မှ ဘောလုံး လက်ခံရယူခြင်းမှစ၍ တိုက်စစ် စတင်ခြင်း၊ ဘောလုံးကို ထိုးဖောက်ခြင်း သို့မဟုတ် တောင်ပံများဆီသို့ ပေးပို့ခြင်း၊ တိုက်စစ် အစီအစဉ် တစ်ခုကို အဆုံးသတ်ခြင်း စသည်တို့ အထိပင်။
ဤလုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် အသင်းအတွင်းရှိ ကစားသမား အားလုံးက ဗဟိုချက် ကစားသမားကိုသာ ဝန်ဆောင်မှု ပေးရလေသည်။
ဤသည်ကပင် ဘောလုံးဘုရင် ကစားဟန်၏ အနှစ်သာရပင်…။
"ပွဲချိန် မိနစ် ၅၀ တောင် မပြည့်သေးခင်မှာ မန်ယူတို့ နှစ်ဂိုးသွင်းသွားနိုင်ခဲ့တာက ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပြန်သတိရသွားစေတယ်..."
"မန်ယူတို့ အရမ်းကို ခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး မျှော်လင့်ချက်ဆိုလို့ အရိပ်အယောင်လေးတောင် မမြင်ရတဲ့ အချိန်တုန်းကလေ..."
"အဲဒီအချိန်တုန်းက ကျွန်တော့်အမြင်မှာတော့ မန်ယူဟာ ပုံမှန် မဟုတ်တဲ့ အသင်းတစ်သင်း... အိမ်မက်တွေ အပြည့်နဲ့ အသင်းတစ်သင်း ဖြစ်နေခဲ့တယ်..."
"ဘာလို့လဲဆိုတော့ မန်ယူအသင်းဆီကနေ အရာရာကို ဖျက်ဆီးပစ်နိုင်တဲ့ တောက်ပမှုတွေ ထွက်ပေါ်လာတာကို ကျွန်တော် မြင်ခဲ့ရလို့ပဲ..."
"ဒီနေ့ပွဲမှာရော ဘယ်လိုများလဲ..."
"သူတို့ ကြီးထွားလာတာကို ကျွန်တော် မြင်တွေ့ခဲ့ရတယ်။ ကျွန်တော်တို့သာ အတိတ်ကို ပြန်သွားလို့ရပြီး အဲဒီ ရီးရဲလ်မက်ဒရစ် အသင်းကြီးနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ထပ်ပြီး ကစားခွင့် ရမယ်ဆိုရင်..."
"နိုင်မလား၊ ရှုံးမလား ဆိုတာကို ခဏထားလိုက်ဦး... အနည်းဆုံးတော့ အရင်ကလောက် ခက်ခဲတော့မှာ မဟုတ်ဘူး..."
"ဒါပေမဲ့ ဒါက ဘောလုံးရဲ့ အလှတရားပါပဲ... ခင်ဗျား ဘယ်တော့မှ ရလဒ်ကို ကြိုတင် ခန့်မှန်းလို့ မရနိုင်ပါဘူး။ အဲဒီ ကြိုတင်မသိနိုင်တဲ့ ခံစားချက်ကပဲ ဆွဲဆောင်မှု အရှိဆုံးပါပဲ..."
ကျန်းကျွင်းမှာ နက်ရှိုင်းစွာ ခံစားနေရသည်။
ပြီးခဲ့သည့်ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ရှောင်ချူ သွင်းယူခဲ့သော သွင်းဂိုး သုံးဂိုးမှာ သူ၏ မှတ်ဉာဏ်ထဲတွင် ထွင်းထုထားသကဲ့သို့ ယခုထက်တိုင် ရှင်သန်နေဆဲပင်။
ရီးရဲလ်မက်ဒရစ် ကြယ်စင်စု အသင်းကြီးကို ခွန်အားနှင့် သတ္တိများ အသုံးပြုကာ ထိုးဖောက် ဝင်ရောက်ခဲ့သော လူငယ်လေး တစ်ဦးက အက်သလက်တီကို မက်ဒရစ်ကို အနိုင်ယူပြီး လီဗာပူးကို နောက်ကလိုက် အနိုင်ယူပြခဲ့သော သရဲနီများ၏ ခေါင်းဆောင် တစ်ဦး အဖြစ်သို့ ပြောင်းလဲလာပုံကို သူ စောင့်ကြည့်ခဲ့ရသည်။
ဤကဲ့သို့ သမိုင်းကြောင်းကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်ကိုယ်တွေ့ ကြုံခွင့်ရသည့်အတွက် ကျန်းကျွင်းမှာ ကျေးဇူးတင်နေမိပြီး ပရိသတ်များစွာကလည်း သူနှင့် ထပ်တူ ခံစားရမည်ဟု ယုံကြည်လေသည်။
ကင်မရာက ကွင်းဘေးရှိ မော်ရင်ညိုထံသို့ ရောက်ရှိသွားသည်။ သူက ဘေးရှိ ချန်ပီယံလိဂ် ဆုဖလားကြီးကို တစ်ချက် ကြည့်လိုက်ပြီးနောက် တစ်ဖက်ရှိ ဂွါဒီယိုလာကို လှမ်းကြည့်လိုက်သည်။
အတွေးများက လျင်မြန်စွာ ပြေးလွှားနေသည်။
၂၀၁၀ ခုနှစ်တွင် သူသည် ရီးရဲလ်မက်ဒရစ်ကို တရားဝင် တာဝန်ယူခဲ့ရာ ယင်းမှာ ဘာစီလိုနာကို စစ်ကြေညာလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ ထိုစဉ်က ဘာစီလိုနာ၏ နည်းပြချုပ်မှာ ပက်ပ် ဂွါဒီယိုလာ ဖြစ်သည်။
နူးကမ့်ကွင်းကြီးထဲတွင် မော်ရင်ညို ရူးသွပ်စွာ အောင်ပွဲခံခဲ့စဉ်က သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အနိမ့်ဆုံး အမှတ်သို့ ရောက်ရှိသွားခဲ့လေသည်။
မော်ရင်ညိုသည် ဂွါဒီယိုလာ၏ ပြီးပြည့်စုံမှုကို လိုလားသော ဒဿန အပေါ်တွင် ကျရောက်နေသည့် အမည်းစက် တစ်ခုပင်။
ဂွါဒီယိုလာသည်လည်း မော်ရင်ညို အနိုင်ယူချင်သော နောက်ထပ် ပြိုင်ဘက် တစ်ဦး ဖြစ်လေသည်။
"ဒါပေမဲ့ ပက်ပ်က တကယ်ကို ပါရမီရှင် တစ်ယောက်ပါ... အို မဟုတ်ဘူး... ရူးသွပ်သူ တစ်ယောက်ပါ..."
မော်ရင်ညိုက အတိတ်ကို ပြန်တွေးနေခြင်းမှ ရပ်တန့်လိုက်သည်။
"ပါရမီရှင် တစ်ယောက်က ခေတ်ကို ခြေတစ်လှမ်း ကြိုရောက်နေတတ်ပြီး ရူးသွပ်သူ တစ်ယောက်က ခြေနှစ်လှမ်း ကြိုရောက်နေတတ်တယ်" ဆိုတဲ့ စကားပုံလေး တစ်ခု ရှိတယ်လေ။
ဂွါဒီယိုလာ၏ နည်းဗျူဟာများအပေါ် စွဲလမ်းမှုမှာ အစွန်းရောက် တစ်ဦးကဲ့သို့ပင် ဖြစ်ပြီး အပြီးပြည့်စုံဆုံး ဘောလုံး ကစားဟန်ကို မည်သို့ ဖန်တီးရမည် ဆိုသည်ကို အမြဲတမ်း တွေးတောနေတတ်သည်။
မော်ရင်ညိုကတော့ သူ့ကိုယ်သူ သာမန်လူ တစ်ယောက်လို့ပဲ ခံယူထားတယ်။ ဘာလို့လဲဆိုတော့ သူက အလုပ်နဲ့ ကိုယ်ပိုင်ဘဝကို ခွဲခြားထားလို့ပဲ။
သို့သော် ၎င်းက သူ အားနည်းသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
ကွင်းတွင်း ချက်ချင်း နည်းဗျူဟာ ချိန်ညှိမှုများ ပြုလုပ်ရာတွင် သူသည် ပါရမီရှင် တစ်ဦးအလား တိကျ မှန်ကန်လှပြီး ခံစစ်နှင့် တန်ပြန်တိုက်စစ်များကိုလည်း အစွမ်းကုန် အသုံးချနိုင်လေသည်။
တကယ်တမ်းတော့...
သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ထင်ထားသလောက် ဆိုးရွားလှသည် မဟုတ်ပေ။ ၂၀၁၇ ခုနှစ်တွင် မော်ရင်ညို၏ ဖခင် ကွယ်လွန်သွားသောအခါ ဂွါဒီယိုလာက ဖုန်းဆက်ပြီး ဝမ်းနည်းကြောင်း ပြောကြားခဲ့သေးသည်။
အဘယ်ကြောင့်ဆိုသော် မော်ရင်ညိုအတွက် သူ၏ ဖခင်က မည်မျှ အရေးကြီးကြောင်း ဂွါဒီယိုလာ သိထားသောကြောင့် ဖြစ်သည်။
မော်ရင်ညို ပြောခဲ့သလိုပင်။ "ဘောလုံးကွင်းထဲမှာ ဖြစ်ပျက်ခဲ့သမျှ ကိစ္စတွေက ကွင်းထဲမှာပဲ ကျန်ခဲ့သင့်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ လေးစားမှုနဲ့ ပိုပြီး အပြုသဘောဆောင်တဲ့ အရာတွေကိုပဲ ချန်ထားရစ်ခဲ့သင့်ပါတယ်..."
သို့သော် ဤသည်မှာ လွန်ခဲ့သော နှစ်နှစ်အတွင်းကမှ သူ နားလည် သဘောပေါက်လာခဲ့သော သင်ခန်းစာ တစ်ခု ဖြစ်သည်။ ယခင်ကတော့ သူတို့နှစ်ဦးမှာ နေ့စဉ်နှင့်အမျှ အပြန်အလှန် တိုက်ခိုက်နေကြပြီး စပိန် သတင်းစာများ၏ မျက်နှာဖုံးများတွင် နေရာယူခဲ့ကြလေသည်။
လူတွေ အသက်ကြီးလာတဲ့အခါ တက်ကြွမှုတွေ လျော့ကျလာပြီး ပဋိပက္ခတွေကို တမင်တကာ ဖန်တီးချင်စိတ် မရှိကြတော့တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
***