ပုံမှန် ပွဲကစားချိန် ပြီးဆုံးရန် ၁၀ မိနစ်သာ လိုတော့သည်။
မန်ယူ၏ ခံစစ်မှာ အားနည်းသွားခြင်း မရှိဘဲ ဆန့်ကျင်ဘက် အနေဖြင့် ပို၍ပင် တောင့်တင်း ခိုင်မာလာခဲ့သည်။
မန်စီးတီး၏ ဘောလုံးပေးပို့မှု ကစားကွက်မှာ ရွှံ့ညွန်တောထဲ ရောက်နေသကဲ့သို့ အလွန် ကျဉ်းမြောင်းသော နေရာလွတ်လေးထဲတွင် သိသိသာသာကို ကန့်သတ်ခံထားရလေသည်။
နှေးကွေးပြီး ထိရောက်မှု မရှိချေ။
မန်စီးတီး ကစားသမားများ၏ တိုက်ခိုက်လိုစိတ်မှာလည်း အချိန်နှင့်အမျှ တဖြည်းဖြည်း တိုက်စားခံလာရလေပြီ။
ဒီဘရိုင်း၏ ထိုးဖောက်ပေးပို့မှု တစ်လုံး ကွင်းပြင်သို့ လိမ့်ထွက်သွားချိန်တွင် ဆာနေးမှာ ဒေါသကို မထိန်းနိုင်တော့ဘဲ လက်နှစ်ဖက်ကို ဖြန့်ကားကာ မေးခွန်းထုတ်လိုက်သည်။ "ဒီလိုမျိုး ကြိုတင် ပေးပို့မှုမျိုးကို လက်ခံဖို့ ဆိုတာ အရမ်း ခက်လွန်းတယ်ကွာ... ငါက ဘော့ထက် ပိုမြန်အောင် ပြေးနိုင်ရင်တောင် မင်းရဲ့ ပေးပို့မှုကို မီမှာ မဟုတ်ဘူး"
ဆာနေး၏ ဒေါသကြီးတတ်မှုမှာ နာမည်ကြီးလေသည်။
ဒီဘရိုင်းမှာလည်း စိတ်အခြေအနေ သိပ်ကောင်းလှသည် မဟုတ်ချေ။
ဖြစ်နိုင်သည်မှာ ကလေးဘဝက ရွယ်တူ သူငယ်ချင်းများ၏ ဖယ်ကြဉ်ခံခဲ့ရသော အတွေ့အကြုံများနှင့် သူ့ကို လာကြိုစဉ် လမ်းတွင် ကားအက်ဆီးဒင့်ဖြင့် သေဆုံးသွားခဲ့သော သူ၏ အချစ်ဆုံး သူငယ်ချင်း ဖြစ်သူ၏ သေဆုံးမှုတို့ ပေါင်းစပ်သွားသောကြောင့် ဖြစ်နိုင်သည်။
ယင်းအချက်များက ဒီဘရိုင်းကို အခြေအနေများ မကောင်းသည့် အခါမျိုးတွင် သူ၏ ပုံမှန် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် နေတတ်သည့် သဘာဝနှင့် လုံးဝ ဆန့်ကျင်ဘက် အနေဖြင့် အလွယ်တကူ ဒေါသထွက်လွယ်စေသည်။
"ဒါဆို မင်းအထင် ငါ ဘယ်လို လုပ်ရမလဲ..."
ဒီဘရိုင်းက ဒေါသတကြီး ပြန်ပြောလိုက်သည်။ "သူတို့ ကွင်းလယ်မှာ လူတွေ အများကြီး ရှိနေတာကို မင်းကလည်း နောက်ဆုတ်ပြီး ငါတို့ကို မကူညီဘူးလေ... ငါ့မှာ အန္တရာယ်များတဲ့ ပေးပို့မှုမျိုးကို စွန့်စား လုပ်ရုံကလွဲလို့ တခြား ရွေးချယ်စရာ မရှိဘူး"
"အဲဒီလိုမျိုး အန္တရာယ်များတဲ့ ဘောလုံးမျိုး ပေးလို့ မရဘူးလေကွာ... မင်း နည်းနည်းလောက် အချိန်ပိုရအောင် ကြိုပေးလို့ မရဘူးလား..."
ဆာနေးလည်း အနည်းငယ် ဒေါသထွက်လာလေပြီ။
သူသည် မူလကတည်းက ပြိုင်ဆိုင်လိုစိတ် ပြင်းထန်သော ကစားသမား တစ်ဦး ဖြစ်ပြီး မန်ယူမှ ချူဖုန်းနှင့်လည်း ပုဂ္ဂိုလ်ရေးအရ မကျေလည်မှု ရှိထားသူ ဖြစ်သည်။ ယခုအခါ အပြင်လူများက သူသည် ဘယ်သောအခါမှ ချူဖုန်းလောက် ကောင်းမွန်လာမည် မဟုတ်ဟု ပြောဆိုနေကြလေသည်။
ဆာနေးသည် ချန်ပီယံလိဂ် ဗိုလ်လုပွဲ အောင်ပွဲကို အသုံးပြုကာ သူသည် အခြား မည်သူ့ထက်မျှ မညံ့ကြောင်း ကမ္ဘာကို သက်သေပြချင်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
သို့သော် ယခုတော့ သူတို့ ထပ်ရှုံးတော့မည့် ပုံပေါက်နေလေပြီ။
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်၊ ငါးကြိမ်
တစ်ရာသီတည်းမှာ ပြိုင်ဘက် တစ်သင်းတည်းကို ငါးကြိမ်တောင် ရှုံးခဲ့ရတယ်။
ဆာနေး အနေဖြင့် ယင်းကို လက်မခံနိုင်သလို လက်လည်း လက်မခံချင်ချေ။
"မင်းကိုယ်မင်း စွမ်းတယ်လို့ ထင်ရင် ကွင်းလယ်အထိ နောက်ဆုတ်ပြီး ဘောလုံး လာယူလေ... ပြီးရင် ပြိုင်ဘက် အသင်း တစ်သင်းလုံးကို မင်းတစ်ယောက်တည်း လိမ်ခေါက် ကျော်ဖြတ်သွားလိုက်ပေါ့..."
ဒီဘရိုင်းက အငြင်းအခုံကို ဆက်မလုပ်ချင်တော့ပေ။
ထိုအချိန်တွင် စတုတ္ထ ဒိုင်လူကြီးက LED ဆိုင်းဘုတ်ကို မြှောက်ပြလိုက်ပြီး မန်စီးတီး အနေဖြင့် ဆာနေး နေရာတွင် စတာလင်းကို လူစားလဲမည် ဖြစ်ကြောင်း အချက်ပြလိုက်သည်။
ဒီဘရိုင်း၏ အဆက်မပြတ် ငေါက်ငမ်းခြင်းကို ခံနေရစဉ် မိမိကိုယ်တိုင် လူစားလဲခံရသည်ကို မြင်လိုက်ရသဖြင့် ဆာနေးမှာ ဒေါသကို လုံးဝ မထိန်းနိုင်တော့ဘဲ လက်များကို ဝှေ့ယမ်းကာ "သောက်ကျိုးနည်း... မင်း ပေးချင်တဲ့သူကိုသာ ပေးလိုက်တော့... ငါ ဆက်မကစားတော့ဘူး" ဟု ဒေါသတကြီး အော်ပြောလိုက်သည်။
မန်စီးတီး ကစားသမားများ အားလုံး မှင်သက်သွားကြသည်။
ဘာတွေ ဖြစ်ကုန်တာလဲ။
အသင်းတစ်သင်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အရှုံးပေး လက်လျှော့သွားတယ် ဆိုတဲ့ ဖြစ်ရပ်မျိုး သမိုင်းမှာ တစ်ခါမှ မရှိခဲ့ဖူးဘူးလေ။
ကွန်ပနီ၏ နားထင်ကြောများ တဒိန်းဒိန်း ခုန်လာသည်။ သူ အသင်းခေါင်းဆောင် အဖြစ် တာဝန် ယူထားသော မန်စီးတီး အသင်းတွင် ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်လာလိမ့်မည်ဟု သူ တစ်ခါမှ မတွေးဖူးခဲ့ချေ။
"မင်းတို့ အားလုံး ပါးစပ်ပိတ်ထားကြစမ်း"
ကွန်ပနီ၏ ကျယ်လောင်သော ဟောက်သံကြီးကြောင့် အားလုံး တိတ်ဆိတ်သွားကြသည်။ သူက ပွဲကြည့်စင်ပေါ်ရှိ မန်စီးတီး ပရိသတ်များကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"မင်းတို့က မန်စီးတီး ဂျာစီကို ဝတ်ဆင်ထားတာ... ဒါကြောင့် ကလပ်အသင်းနဲ့ ပရိသတ်တွေ အပေါ် တာဝန်ယူမှု ရှိရမယ်... ဒီနေရာမှာ လာပြီး ပခုံးတွန့်ပြနေရုံနဲ့ မပြီးဘူး"
"မန်ယူတောင် နာကျင်အချိန်ပိုမှာ နှစ်ဂိုးသွင်းနိုင်သေးတာပဲ... ငါတို့က ဘာလို့ မလုပ်နိုင်ရမှာလဲ..."
"ငါတို့က သူတို့နဲ့ ယှဉ်ရင် ဘယ်နေရာမှာများ သွားညံ့နေလို့လဲ..."
"မန်ယူကို ခဏခဏ ရှုံးလွန်းလို့ မန်ယူကို ရှုံးတာက လုံးဝ ပုံမှန်ကိစ္စတစ်ခုလိုများ မင်းတို့ ထင်နေကြတာလား..."
ကွန်ပနီမှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီရဲနေလေပြီ။ "အဲဒီလိုဆိုရင် မန်ယူနဲ့ ဆက်ကစားနေစရာ အကြောင်းမရှိတော့ဘူး။ ပွဲစကတည်းက ငါတို့ အရှုံးပေးလိုက်ကြပါလား..."
"မင်းတို့က ကမ္ဘာ့ထိပ်တန်း ကစားသမားတွေလေ။ ဘော့စ်က မင်းတို့ကို ဝယ်ဖို့ ပေါင်သန်းရာချီပြီး သုံးခဲ့တာ ကွင်းထဲမှာ မင်းတို့ ပခုံးတွန့်ပြနေတာကို ကြည့်ဖို့ မဟုတ်ဘူးကွ... မန်စီးတီး ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ အောင်မြင်မှုတွေကို မင်းတို့ ဦးဆောင်ပြီး ရယူပေးဖို့ပဲ"
"အခု မင်းတို့ရဲ့ ခြေစွမ်းကို မင်းတို့ကိုယ်မင်းတို့ ပြန်ကြည့်ကြစမ်း။ ပရိသတ်တွေကို စိတ်ပျက်အောင် လုပ်ခဲ့လား မလုပ်ခဲ့ဘူးလား ဆိုတာကို ငါ မပြောချင်ဘူး... ဘာလို့လဲဆိုတော့ မင်းတို့ကို အများဆုံး စိတ်ပျက်စေခဲ့တာ မင်းတို့ ကိုယ်တိုင်ပဲ ဖြစ်နေလို့ပဲ"
"တစ်ရာသီတည်းမှာ မန်ယူကို ငါးကြိမ်တောင် ရှုံးခဲ့မယ် ဆိုရင် ငါ အပါအဝင် မင်းတို့ အားလုံးဟာ ဥရောပ ဘောလုံးလောကမှာ လှောင်ပြောင်စရာ လူရွှင်တော်တွေ ဖြစ်သွားကြလိမ့်မယ်"
"အခုကစပြီး တခြားသူတွေက မင်း... မင်း... မင်း... အကြောင်းကို ပြောတဲ့အခါ—"
ကွန်ပနီက မန်စီးတီး ကစားသမား တစ်ယောက်ချင်းစီကို လက်ညှိုးထိုးပြလိုက်ပြီးနောက် သူ့ကိုယ်သူ လက်ညှိုးထိုးကာ အော်ပြောလိုက်သည်။ "သူတို့ ပြောကြမှာက 'ဒါက တစ်ချိန်တုန်းက ဘယ်သူမှ ပြိုင်ဘက်ကင်း စံချိန်ကို တင်ထားခဲ့တဲ့ မန်ယူအသင်းရဲ့ ခြေအောက်မှာ အနင်းခံခဲ့ရတဲ့ ကစားသမားတွေပဲ' တဲ့လေ။ ဒီအရှက်ကွဲမှုက ငါတို့ရဲ့ ကစားသမား ဘဝ တစ်လျှောက်လုံး ငါတို့နဲ့အတူ ရှိနေမှာဖြစ်ပြီး ငါတို့ အနားယူသွားရင်တောင် လူတွေက ဆက်ပြီး ပြောနေကြဦးမှာပဲ"
ဝမ်ဒါ မက်ထရိုပိုလီတာနို ကွင်းကြီးထဲမှ ဆူညံသံများ ကြားတွင် မန်စီးတီး ကစားသမားများမှာ အချိန်အတန်ကြာ တိတ်ဆိတ်သွားကြသည်။
အသင်းဖော်များကို အပြစ်တင် ညည်းတွားနေရန် အချိန်မရှိတော့ချေ။ ယင်းအစား သူတို့သည် ကွန်ပနီ၏ စကားများကို လေးလေးနက်နက် စဉ်းစားလာကြသည်။
သူတို့ ဘာအတွက် ဘောလုံးကစားနေကြတာလဲ။
ငွေ... ကျော်ကြားမှု... ဂုဏ်သိက္ခာ... အိမ်မက်...
အဲဒီအထဲက အချက် နည်းနည်းပဲ ရှိတာပါ။
သို့သော် ခုနက သူတို့၏ ခြေစွမ်းကို ကြည့်လျှင် ဤအရာများ အကြောင်း ပြောရန် သူတို့တွင် အရည်အချင်း မရှိချေ။
"နောက်ကျရင် ပခုံးတွန့်ပြတာတွေ၊ သက်ပြင်းချတာတွေ၊ အသင်းဖော်တွေကို အပြစ်တင်တာတွေ မလုပ်ကြနဲ့တော့"
ကွန်ပနီ၏ လေသံက အနည်းငယ် ပျော့ပျောင်းသွားသည်။ "ငါ့ရဲ့ ဘော့စ်က တစ်ခါတုန်းက ငါ့ကို ပြောဖူးတယ်... 'ကြိုးစားအားထုတ်မှုရဲ့ အဓိပ္ပာယ် ဆိုတာ အောင်မြင်မှု အပေါ်မှာ မူတည်နေတာ မဟုတ်ဘူး... နောင်တမရအောင် အစွမ်းကုန် ကြိုးစားခဲ့ဖို့က ပိုအရေးကြီးတယ်' တဲ့..."
"ဒီနေ့ကစပြီး မန်ယူရဲ့ အရိပ်အောက်မှာ နေ့တိုင်း ရှင်သန်မသွားချင်ဘူး ဆိုရင်... ပွဲရဲ့ နောက်ဆုံး ဆယ်မိနစ်မှာ မင်းတို့ရဲ့ အင်အား အားလုံးကို ထုတ်သုံးပြီး အကောင်းဆုံး ကစားရမယ်"
အဝေးတွင် မဟုတ်သော နေရာမှနေ၍ ထိုစကားများ အားလုံးကို နားထောင်နေသော ချူဖုန်းမှာ ဘယ်လ်ဂျီယံ ကစားသမားအတွက် မနေနိုင်ဘဲ လက်ခုပ်တီးပြီး အားပေးချင်စိတ် ပေါ်လာမိသည်။
တမင် စော်ကားတာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ အရမ်းကို မိုက်လွန်းလို့လေ။ မော်ရင်ညိုရဲ့ အထွတ်အထိပ် အချိန်တုန်းက ပြောခဲ့တဲ့ မိန့်ခွန်းတွေရဲ့ ၁၀ ပုံ ၈ ပုံလောက် နီးပါးတောင် ကောင်းနေတာကိုး။
သူ နောင်တစ်ချိန်မှာ နည်းပြချုပ် တစ်ယောက် ဖြစ်လာဖို့ ဖန်လာတာ အံ့ဩစရာ မရှိပါဘူး။
ချူဖုန်းက ထိုစကားများကို စိတ်ထဲတွင် တိတ်တဆိတ် မှတ်သားထားလိုက်သည်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သူ လိုအပ်လာနိုင်သည် မဟုတ်ပါလား…။
သူ တွေးနေစဉ်မှာပင် နောက်သို့ လက်လှမ်းပြကာ "မန်စီးတီး အသင်း အံ့ဖွယ်ဖြစ်ရပ် တစ်ခု ဖန်တီးသွားတာကို မမြင်ချင်ရင်... ပြီးတော့ ဒီနေ့ပွဲရဲ့ အရိပ်ဆိုးကြီး အောက်မှာ ထာဝရ ရှင်သန် မသွားချင်ဘူး ဆိုရင်... ငါတို့ နောက်ဆုံး အချိန်အထိ အောင်ပွဲကို ထိန်းထားနိုင်ဖို့ အစွမ်းကုန် ကြိုးစားရမယ်..." ဟု အော်ပြောလိုက်သည်။
ကွန်ပနီ: "..."
'ချက်ချင်းကြီးတောင် အသုံးချလိုက်ပြီပေါ့လေ...'
တိတ်ဆိတ်နေသော မန်စီးတီး ကစားသမားများနှင့် မတူဘဲ မန်ယူ ကစားသမားများက ကျယ်လောင်စွာ တုံ့ပြန်လိုက်ကြသည်။
"ဟုတ်ကဲ့ပါ အသင်းခေါင်းဆောင်"
အထူးသဖြင့် ခေါင်းကြီး မက်ဂွိုင်းယား၏ အသံက အကျယ်ဆုံးပင်။
သူ၏ ဘဝတွင် အကြီးမားဆုံး အိမ်မက်မှာ ဆုဖလား လေးလုံးကို အမိအရ ရယူရန် ဖြစ်သည်။ ကမ္ဘာ့ဖလား၊ ဥရောပ ဖလား ၊ ပရီးမီးယားလိဂ် နှင့် ချန်ပီယံလိဂ် တို့ပင် ဖြစ်သည်။
အခု နောက်ဆုံး နှစ်ခုကို ငါတို့ သေချာပေါက် ရပြီဆိုတော့... ရှေ့က နှစ်ခုအတွက် ဘယ်လောက် ဝေးတော့မှာမို့လို့လဲ။
ဗြိတိသျှ အင်ပါယာကြီးရဲ့ ကစားသမား အရင်းအမြစ်တွေနဲ့ဆိုရင် ကမ္ဘာ့ဖလား ရဖို့ဆိုတာ အချိန်ပိုင်း ပြဿနာလေး တစ်ခုပါပဲ။
ဥရောပ ဖလားကိုတော့ မက်ဂွိုင်းယားက သေချာပေါက် ရမည့် ဆုတစ်ခု အဖြစ် သတ်မှတ်ထားပြီး ဖြစ်လေသည်။
"ဟဲဟဲဟဲ... နောက်နှစ် ဥရောပ ဖလား ရရင် ငါတို့ ဘယ်လို အောင်ပွဲခံကြမလဲ..."
မက်ဂွိုင်းယား၏ အပြုံးကြီးက နားရွက်တိုင်အောင် ကွဲလုမတတ် ဖြစ်နေလေသည်။
ဝမ်-ဘစ်ဆာကာက မက်ဂွိုင်းယား၏ ပါးစပ်ကို အမြန် ပိတ်ထားလိုက်သည်။ "ဘော့စ်က ပွဲမပြီးခင် ရှန်ပိန် ဖောက်တာကို အရမ်း မုန်းတယ်ဆိုတာ မင်း မသိဘူးလား။ မင်း ဒီလို စကားမျိုး ပြောရဲတယ် ဆိုတာကိုသာ သူ သိသွားရင်... နောက်ရာသီကျရင် မင်း လူငယ်အသင်းမှာ ရက်အနည်းငယ်လောက် သွားကစားနေရမှာ သေချာတယ်"
မက်ဂွိုင်းယားက နားမလည်ဟန်ဖြင့် ကြည့်ကာ "ငါ ပြောတာက ဥရောပ ဖလား အကြောင်းပါကွာ..."
ဝမ်-ဘစ်ဆာကာ: "..."
'ဘာမှတောင် မစရသေးဘူး ဥရောပ ဖလား အကြောင်း အိမ်မက်မက်နေကြပြီ...'
"ငါတို့ရဲ့ ဗဟိုတိုက်စစ်မှူးက ဟယ်ရီကိန်း ဖြစ်နေတာ နှမြောစရာပဲ။ အဲဒီအစား ချူသာ ဆိုရင်တော့ ငါတို့ အခွင့်အရေး ပိုများမယ်လို့ ထင်တယ်..."
ဝမ်-ဘစ်ဆာကာသည် မက်ဂွိုင်းယား၏ အာရုံလွှဲခြင်းကို ခံလိုက်ရပုံရပြီး ထိုစကားကို ဘာအကြောင်းပြချက်မှ မရှိဘဲ ရုတ်တရက် ပြောထွက်သွားလေသည်။
ယင်းစကားကို ကြားသောအခါ မက်ဂွိုင်းယား ရုတ်တရက် စိတ်ထဲတွင် တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရသည်။
ချူဖုန်းနှင့် ပေါ့ပေါ့ပါးပါး စကားပြောဖြစ်စဉ်က ချူဖုန်း ပြောခဲ့သည့် စကားကို သူ မှတ်မိနေသေးသည်။ ဟယ်ရီကိန်းက ကံမကောင်းတတ်သဖြင့် အနာဂတ်တွင် အဓိက ချန်ပီယံဆုကြီး တစ်ခု ရရန် အလွန် ခက်ခဲလိမ့်မည်တဲ့လေ။
ဥရောပ ဖလား ပြိုင်ပွဲအတွင်း ပေါ့ဘာရဲ့ မှော်ဆရာနဲ့ သွားတွေ့ရင် ကောင်းမလား…။
ခရိုအေးရှား အသင်းက ၂၀၁၇ ခုနှစ်တွင် ကွမ်ရင် ဗိမာန်သို့ သွားရောက် ဆုတောင်းခဲ့ပြီးနောက် ရုရှား ကမ္ဘာ့ဖလားတွင် ဒုတိယဆု ရရှိခဲ့ကြောင်း သတင်းတစ်ခုကို သူ ယခင်က တွေ့ခဲ့ဖူးလေသည်။
***