"အနာဂတ်က မင်းအတွက်ပဲ..."
မော်ရင်ညိုက မှတ်ချက်ချလိုက်သည်။ မော်ရင်ညို၏ ဖြူဝေနေသော ဆံပင်များနှင့် မျက်ခုံးများကြားရှိ သိသာ ထင်ရှားသော အရေးအကြောင်းများကို ကြည့်ရင်း ချူဖုန်းက ဂန္ထဝင် စကားတစ်ခွန်းကို ပြန်လည် သတိရသွားသည်။
မက်အာသာက ပြောခဲ့ဖူးတယ်... 'စစ်သားအိုတွေက ဘယ်တော့မှ မသေဘူး... သူတို့က တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားကြတာပဲ' တဲ့လေ။
မာနကြီးပြီး ထိန်းချုပ်လို့မရတဲ့ ရူးသွပ်သူ တစ်ယောက် ဘဝကနေ ရင့်ကျက်ပြီး အသက်အရွယ် ကြီးရင့်လာတဲ့ မန်နေဂျာ တစ်ယောက် အဖြစ်သို့။
သူရဲ့ စိတ်အားထက်သန်မှုတွေကို ဘယ်တော့မှ မဆုံးရှုံးခဲ့ပါဘူး။ ဒါပေမဲ့ အဲဒါကတောင်မှ အချိန်ရဲ့ စွမ်းအားကို မတွန်းလှန်နိုင်ခဲ့ဘူးလေ။
"ဘော့စ်... ဘော့စ်မှာ ခရီးလမ်း အရှည်ကြီး ကျန်နေပါသေးတယ်။ နောက်ထပ် ချန်ပီယံဆု နည်းနည်းပါးပါး ထပ်ယူဖို့က သေချာပေါက် ပြဿနာ မရှိပါဘူး..."
ချူဖုန်းက ပြုံးရင်း ပြောလိုက်သည်။ ထိုသို့ ပြောပြီးနောက် သူက ပွဲကြည့်စင်ဘက်သို့ လျှောက်သွားကာ အပေါ်သို့ လက်လှမ်းပြလိုက်သည်။
ချူချန်းကျိနှင့် ယန်လန်ရှတို့က ပြန်လည် လက်လှမ်းပြကြသည်။
"သား... ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ မင်းလည်း အရွယ်ရောက်လာပြီ ဆိုတော့ မင်းရဲ့ ကိုယ်ပိုင်ဘဝ အတွက်လည်း စဉ်းစားဖို့ လိုနေပြီနော်..."
မာရီယာနှင့် လက်ချင်းချိတ်ထားသော ယန်လန်ရှက ပြောလိုက်သည်။ "နွေရာသီ ပြိုင်ပွဲတွေ မစခင် မင်းတို့ နှစ်ယောက် စေ့စပ်လိုက်ကြပါလား..."
ယန်လန်ရှက တရုတ်လို ပြောလိုက်သဖြင့် မာရီယာ အနည်းငယ် နားရှုပ်သွားသည်။ သို့သော် ယန်လန်ရှက သူမကို ရှင်းပြလိုက်ပြီးနောက် သူမက ချူဖုန်းကို မျှော်လင့်ချက်များ အပြည့်ပါသော အကြည့်များဖြင့် မနေနိုင်ဘဲ လှမ်းကြည့်လိုက်လေသည်။
"ကျွန်တော် အဆင်ပြေပါတယ်..."
ချူဖုန်းက ပခုံးတွန့်လိုက်သည်။ သူ၏ အာရုံစိုက်မှုက ဘောလုံးအပေါ်တွင်သာ ရှိနေသေးသော်လည်း ယင်းက သူ၏ နေ့စဉ်ဘဝကို စွန့်လွှတ်လိုက်ပြီဟု ဆိုလိုခြင်း မဟုတ်ပေ။
ထို့အပြင် မာရီယာနှင့် အတူ ဖြတ်သန်းခဲ့ရသော အချိန်များအတွင်း အနှီ မိန်းကလေးမှာ တကယ်ကို ကောင်းမွန်ကြောင်း သူ ခံစားခဲ့ရသည်။ သူမသည် ဂွါဒီယိုလာ၏ ဩဇာလွှမ်းမိုးမှုကို အားမကိုးဘဲ သူမ၏ ကိုယ်ပိုင်ဘဝကို ဂုဏ်ယူစွာဖြင့် တည်ဆောက်လိုသူ ဖြစ်သည်။
ဂွါဒီယိုလာ အကြောင်း ပြောရရင်... အခု သူ ဘာတွေ လုပ်နေလဲ။
သူက သူတို့၏ စကားဝိုင်းကို ခိုးနားထောင်နေလေသည်။
ချူဖုန်းနှင့် မာရီယာတို့ စေ့စပ်ချင်နေကြကြောင်း ကြားလိုက်ရသောအခါ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ နေရာမှာတင် အေးခဲသွားလေသည်။
စေ့စပ်မယ် ဟုတ်လား။
သူ အမြတ်နိုးဆုံး အချစ်တော်လေးက သူ့အပိုင် မဟုတ်တော့ဘူး ဆိုတာကို ယခုမှ သူ သဘောပေါက်သွားလေသည်။
ချန်ပီယံဆုလည်း ပါသွားပြီ... သမီးလေးလည်း ပါသွားပြီ။
သူ့မှာ ဘာများ ကျန်သေးလို့လဲ။
ဂွါဒီယိုလာက သူ၏ ဘဝကြီး မှောင်မိုက်သွားပြီး မျှော်လင့်ချက် လုံးဝ မရှိတော့သကဲ့သို့ ရုတ်တရက် ခံစားလိုက်ရပြီး နည်းပြခုံတန်းပေါ်တွင် အကူအညီမဲ့စွာ လှဲချလိုက်လေသည်။
"သောက်ကျိုးနည်း မန်ချက်စတာ ယူနိုက်တက်"
ဂွါဒီယိုလာက ရုတ်တရက် ပြန်လည် တက်ကြွလာပြီး အံကြိတ်ကာ တိုးတိုးလေး အော်ပြောလိုက်သည်။
ကံကြမ္မာကို သူ အပြင်းထန်ဆုံး တုံ့ပြန် တိုက်ခိုက်တော့မည် ။
ထိုအချိန်၌…
ချူဖုန်းက သူ၏ အသင်းဖော်များနှင့်အတူ ပရိသတ်များကို ကျေးဇူးတင်စကား ပြောကြားပြီးနောက် အဝတ်အစား အသစ် လဲလှယ်ရန် အဝတ်လဲခန်းသို့ ပြန်ဝင်လာခဲ့သည်။ ချန်ပီယံလိဂ် ချန်ပီယံများ အတွက် ကြိုတင် ပြင်ဆင်ထားသော သီးသန့် ဂျာစီများကို လဲလှယ် ဝတ်ဆင်လိုက်ကြ၏။
"ခဏနေ အင်တာဗျူးကျရင် မင်း ဘာတွေ ပြောချင်လဲ..."
အက်ရှလေယန်းက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"အင်း... အသင်းကို ကျေးဇူးတင်ပါတယ်... အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်... ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်... မိသားစုကို ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်..."
မက်ဂွိုင်းယား ပြောပြီးသွားသောအခါ အဝတ်လဲခန်းကြီး တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
'ဒီကလေး ဘာမှ ကြိုတင် ပြင်ဆင်မထားဘူး ဆိုတာ သိသာလွန်းနေတယ်...'
"ချူ... ဒီရာသီ ဘလွန်းဒီအောဆုက မင်းအတွက် သေချာနေပြီ မဟုတ်လား..."
ဒီဂီယာက အကြောင်းအရာ ပြောင်းလိုက်သည်။
"အဲဒီလောက်တော့ ဖြစ်လောက်ပါတယ်..."
ချူဖုန်း ခေါင်းညိတ်လိုက်သည်။
ဆုဖလား ခုနစ်လုံး ချန်ပီယံ – ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုနဲ့ ချန်ပီယံလိဂ် ရွှေဖိနပ်ဆု – ဒီလောက်တောင် ရထားတာကို သူ ရွှေဘောလုံးဆု မရဘူး ဆိုရင်တော့… ဘောလုံးပရိသတ်တွေက သူ့အစား ဖီဖာကို ဝိုင်းဆဲပေးကြပေလိမ့်မည်။
"အားကျလိုက်တာကွာ"
မက်ဂွိုင်းယားက ပါးစပ်ထောင့်မှ သွားရည်များကို သုတ်လိုက်သည်။ "မန်ယူ သမိုင်းမှာ လေးယောက်ပဲ ရှိဖူးတယ်။ ၁၉၆၄ မှာ ဒင်းနစ် လော ၊ ၁၉၆၆ မှာ ဘော်ဘီ ချာလ်တန် ၊ ၁၉၆၈ မှာ ဂျော့ချ် ဘက်စ်နဲ့ ၂၀၀၈ မှာ ရော်နယ်ဒိုတို့ပဲ။ အခု ငါတို့ နောက်ထပ် တစ်ယောက် ထပ်တိုးတော့မယ်..."
'မင်းက ဘယ်လိုလုပ် အဲဒီလောက် ရှင်းရှင်းလင်းလင်း မှတ်မိနေတာလဲ...'
မက်တော်မီနေးမှာ အလွန် စပ်စုချင်နေလေသည်။
"အမ်..."
မက်ဂွိုင်းယားက အချိန်အတော်ကြာ တွေဝေနေပြီးနောက် အနေရခက်စွာဖြင့် ရှင်းပြလိုက်သည်။ "ငါ မန်ယူကို စရောက်တုန်းက ငါက ပဉ္စမမြောက် လူ ဖြစ်လာမယ်လို့ ထင်ခဲ့တာလေ... အဲဒါကြောင့် အရင်က ရခဲ့တဲ့ ကစားသမား လေးယောက်ရဲ့ နာမည်တွေကို အလွတ်ကျက်ထားတာ..."
မန်ယူ ကစားသမားများ: "..."
'မင်းက တကယ်ကို ရဲရဲတင်းတင်း အိမ်မက်မက်ရဲတာပဲ...'
ဒါပေမဲ့ ပြန်တွေးကြည့်ရင်... ဘယ်ကစားသမားကများ ဘလွန်းဒီအောဆု ရဖို့ အိမ်မက် မမက်ဖူးလို့လဲ။
စိတ်ကူးယဉ်တာက အပြစ်မှ မဟုတ်တာ။
သို့သော် သေချာ ခွဲခြမ်းစိတ်ဖြာကြည့်မည် ဆိုပါက မက်ဂွိုင်းယား အတွက်တော့ အလွန် ခက်ခဲပေလိမ့်မည်။
နောက်ခံလူ အနေဖြင့် ရွှေဘောလုံးဆု နောက်ဆုံး ရရှိခဲ့သည့် ကစားသမားမှာ ဖေဘီယို ကန်နာဗားရိုးပင် ဖြစ်သည်။
ထိုစဉ်က ရော်နယ်ဒင်ဟိုမှာ ကမ္ဘာ့ဖလားတွင် ခြေစွမ်း မပြနိုင်ခဲ့သလို ဇီဒန်းကလည်း ခေါင်းဖြင့် တိုက်မိသဖြင့် အနီကတ် အပြခံခဲ့ရရာ သူတို့နှစ်ဦးစလုံး ဘလွန်းဒီအောဆု ပြိုင်ပွဲမှ တိုက်ရိုက် နုတ်ထွက်သွားရသကဲ့သို့ ဖြစ်သွားခဲ့သည်။
သို့သော် ထိပ်ဆုံး သုံးဦးမှာ အကြမ်းဖျင်း တန်းတူလောက်ပင် ရှိလေသည်။ ကန်နာဗားရိုး၊ ဘူဖွန်နှင့် အွန်နရီတို့ ဖြစ်သည်။ ကန်နာဗားရိုးသည် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ပြီးနောက်မှသာ မဲအများအပြား ပိုရလာခဲ့ခြင်း ဖြစ်သည်။
၂၀၀၁ ခုနှစ်က ဖီဂို၏ ဘလွန်းဒီအောမှာလည်း ထိုနည်းတူပင် ဖြစ်သည်။ ရီးရဲလ်မက်ဒရစ် ဟူသော အရှိန်အဝါကြောင့် မဲအများအပြားကို ရရှိခဲ့ခြင်းပင်…။
"နောက်ဆယ်နှစ် အတွင်းမှာ နောက်ခံလူ တစ်ယောက် ရွှေဘောလုံးဆု ရဖို့ ဆိုတာ ခက်ခဲလိမ့်မယ်လို့ ငါ ခန့်မှန်းတယ်။ ဟယ်ရီ... မင်း အရင်ဆုံး ချန်ပီယံလိဂ် တစ်နှစ်တာ အကောင်းဆုံး အသင်း စာရင်း ဝင်အောင် အရင် ကြိုးစားပါဦး..."
ဒီဂီယာက ပြောလိုက်သည်။
"ဒီနှစ်တော့ အခွင့်အရေး ကောင်းကောင်း ရှိတယ်လို့ ငါ ခံစားရတယ်"
မက်ဂွိုင်းယားက ရုတ်တရက် တက်ကြွလာပြီး စတင် တွက်ချက်နေလေသည်။ "တခြား အသင်းတွေက နောက်ခံလူတွေကို ကြည့်လိုက်... သူတို့ရဲ့ အချက်အလက်တွေက သိပ်မကောင်းကြဘူး။ ဗန်ဒိုက်ကလွဲရင်ပေါ့..."
ဗန်ဒိုက်အကြောင်း ပြောသည့် အခိုက်တွင် သူ၏ အသံက ချက်ချင်း ကျဆင်းသွားလေသည်။
ငါတို့ ဗန်ဒိုက်ကို ဘယ်လိုလုပ် မေ့ထားလို့ ရမှာလဲ။ သူကလည်း နောက်ခံလူတွေ ကြားထဲမှာ ဆိုရင် ချူဖုန်းလို အဆင့်ကျော်နေတဲ့ အကောင်လေ။
မက်ဂွိုင်းယားက ညှိုးငယ်သော မျက်နှာဖြင့် ပြောလိုက်သည်။ "ဒါဆိုရင် ငါ နောက်ထပ် နှစ်နည်းနည်းလောက် စောင့်ရဦးမယ်။ သူ အသက်ကြီးလာတဲ့ အထိပေါ့..."
"ပြီးတော့ မင်း ဘလွန်းဒီအောဆု ရချင်ရင် ဗန်ဒိုက်ကို စောင့်ရုံတင်မကဘူး... ပိုအရေးကြီးတာက ချူကိုလည်း စောင့်ရဦးမယ်..."
ဒီဂီယာက သဘောကောင်းစွာဖြင့် သတိပေးလိုက်သည်။
မန်ယူ ကစားသမားများ အားလုံး ချူဖုန်းကို လှမ်းကြည့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း သက်ပြင်းချလိုက်ကြသည်။
ဒီဂီယာ ပြောတာ မှန်တယ်။ ချူဖုန်းက ဒီနှစ်မှ အသက် နှစ်ဆယ်ပဲ ရှိသေးတယ်။
အနာဂတ်မှာ ဘာတွေ ဆက်ဖြစ်လာဦးမလဲ။
ချူဖုန်းက နှစ်တိုင်း ပိုပိုပြီး စွမ်းလာနိုင်တယ် ဆိုတာကိုတောင် မပြောနဲ့ဦး။ လက်ရှိ အဆင့်အတန်းမှာပဲ ဆက်ရှိနေမယ် ဆိုရင်တောင်မှ...
မက်ဆီ-ရော်နယ်ဒို ခေတ်ကြီးက နိဂုံးချုပ်တော့မယ့် ပုံပဲ။
ဘယ်သူမှ ယှဉ်မရတဲ့ အကောင်းဆုံး ခေတ်သစ် တစ်ခုဆီကို ဝင်ရောက်လာတော့မှာပဲ။
"ချူ... မင်း စောစောလေး အနားယူပြီး နည်းပြ သွားလုပ်ပါလားကွာ..."
မာရက်ဇ်က ညည်းတွားလိုက်သည်။
"ငါက ဘယ်အသင်းကို သွားကိုင်ရမှာလဲ..."
ချူဖုန်းက အလွန် စိတ်ဝင်စားစွာဖြင့် မေးလိုက်သည်။ "အသင်းတွေ သိပ်အများကြီး မကျန်တော့ဘူး မဟုတ်ဘူးလား..."
"ဘာပဲဖြစ်ဖြစ်ကွာ... မင်းတို့ နိုင်လို့ မရတော့တဲ့ အချိန်ကျရင်... 'ဘာ... နည်းပြချုပ်ကြီး သွေးပူလေ့ကျင့်ခန်း ဆင်းနေပြီ' ဆိုပြီး ဋီကာဆရာတွေ အော်ဟစ်နေတဲ့ အသံကို မင်းတို့ ကြားရလိမ့်မယ်..."
မက်တော်မီနေးက မာရက်ဇ်၏ စကားကြောင့် အားရပါးရ ရယ်မောလိုက်သည်။
"ကဲပါ... အဝတ်အစား လဲပြီး အပြင်ထွက်ကြရအောင်"
ချူဖုန်းက လက်ကာပြလိုက်ပြီး "ဟယ်ရီ... ဒီနေ့ သတိထားနော်။ မင်းသာ ချန်ပီယံလိဂ် ဖလားကြီးကို ခွဲပစ်လိုက်ရင် မန်ယူ ပရိသတ်တွေ ပစ်ပေါက်တဲ့ မိုလိုတော့ဗ်တွေက မင်းဆီ ရောက်လာလိမ့်မယ်” ဟု ပြောလိုက်သည်။
ထို့နောက် မန်ယူ ကစားသမားများက ကစားသမား ဥမင်လှိုဏ်ခေါင်းထဲတွင် တန်းစီ ရပ်လိုက်ကြသည်။