ဝမ်ဒါ မက်ထရိုပိုလီတာနို ကွင်းကြီး
အနီရောင် မီးခိုးများက ပွဲကြည့်စင်များပေါ်တွင် ဖုံးလွှမ်းနေပြီး အသင်းအလံများကို ရူးသွပ်စွာ ဝှေ့ယမ်းနေကြသော မန်ယူ ပရိသတ်များကို ဝေဝါးဝါး မြင်တွေ့နေရသည်။
ဥရောပရဲ့ အထွတ်အထိပ်…
မန်ယူတို့က အတိတ်က စိတ်ပျက်စရာများကို ပြန်လည် ချေဖျက်နိုင်ခဲ့ပြီး သူတို့၏ ချန်ပီယံလိဂ် ဆုဖလားကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့လေပြီ။ ယင်းက မန်ယူ ပရိသတ်တိုင်းကို ဂုဏ်ယူစေသည်။
ဝိုး...
စိတ်အားထက်သန်ဖွယ် ကောင်းလှသော ချန်ပီယံလိဂ် သီချင်းသံကြီး စတင် ထွက်ပေါ်လာသည်။
မန်ယူ ကစားသမားများက ဥမင်လှိုဏ်ခေါင်းထဲမှ တစ်ယောက်ချင်းစီ ထွက်လာကြပြီး ယူအီးအက်ဖ်အေ တာဝန်ရှိသူများထံမှ ဆုတံဆိပ်များ လက်ခံရယူကာ ဧရာမ ဆုပေးစင်မြင့်ကြီးပေါ်တွင် ရပ်လိုက်ကြသည်။
နောက်ဆုံးတွင်...
လင်းထိန်နေသော မီးရှူးမီးပန်းများ အောက်တွင် စိတ်အားထက်သန်ဖွယ် တေးသွားများနှင့်အတူ...
"ငါတို့က ချန်ပီယံတွေဟေ့..."
ချူဖုန်းက အသင်းခေါင်းဆောင် အနေဖြင့် ချန်ပီယံလိဂ် ဆုဖလားကြီးကို အပေါ်သို့ မြှောက်တင်လိုက်လေသည်
ချက်ချင်းပင်...
ကွင်းကြီးက ဆူပွက်လာသကဲ့သို့ နားကွဲမတတ် အားပေးသံများ ပေါက်ကွဲထွက်လာတော့သည်။
"အနီရောင်တွေ ရှေ့ကို ဆက်ချီတက်... ဆက်ချီတက်... ဆက်ချီတက်..."
"ငါတို့က ကမ္ဘာ့ချန်ပီယံတွေပဲ"
"ပြီးတော့ ငါတို့က အကောင်းဆုံး ဘောလုံးအသင်းကြီးပဲ"
"ဂုဏ်ကျက်သရေဆိုတာ မန်ချက်စတာ ယူနိုက်တက်နဲ့ပဲ ထိုက်တန်တယ်"
"..."
သောင်းနှင့်ချီသော လူများက မန်ယူ သီချင်းကို တညီတညွတ်တည်း သီဆိုလိုက်ကြရာ သူတို့၏ အသံများက မြစ်တစ်စင်းအလား ပေါင်းဆုံသွားပြီး ကမ္ဘာမြေ၏ ထောင့်တိုင်းသို့ တဖြည်းဖြည်း စီးဆင်းသွားလေသည်။
မန်ယူ ကစားသမားများမှာ အနီရောင် ဖဲကြိုးများကြားတွင် နစ်မြုပ်နေကြသည်။
ချူဖုန်းက ဆုဖလားကြီးကို ဆက်တိုက် ရမ်းပြနေသည်။ ၎င်း၏ လေးလံသော အလေးချိန်က သူ့ကို တစ်ခုခု ပြောပြနေသကဲ့သို့ပင်။
ဒါ အိမ်မက် မဟုတ်ဘူး။
လူငယ်အသင်းကနေ ပထမအသင်း အရန် ကစားသမား... အဲဒီကနေ အခုဆိုရင်...
သူ ဘယ်လောက်တောင် စွန့်လွှတ် အနစ်နာခံခဲ့ရတယ် ဆိုတာကို ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။
တစ်နှစ်လျှင် ၃၆၅ ရက်လုံး နီးပါး အဆက်မပြတ် လေ့ကျင့်ရေး ဆင်းခဲ့ရသည်။ ပရော်ဖက်ရှင်နယ် ကစားသမားများပင် ထိုကဲ့သို့သော ဇွဲလုံ့လမျိုးကို မထိန်းသိမ်းနိုင်ကြချေ။
ဘောလုံးကစားနှင့် ပတ်သတ်၍ သူ၏ မူလ ရည်ရွယ်ချက်ကို သူ မှတ်မိနေဆဲပင်။
တစ်ဦးချင်း ဆုတံဆိပ်တွေ ဘယ်လောက်ရမလဲ၊ ချန်ပီယံဆုတွေ ဘယ်လောက် ယူနိုင်မလဲ ဆိုတာတွေ အတွက် မဟုတ်ဘဲ မိသားစုရဲ့ နေထိုင်မှု ဘဝလေး ပိုကောင်းလာစေဖို့ အတွက်သာ…။
ပွဲကြည့်စင်ပေါ်ရှိ အနီရောင် ပင်လယ်ပြင်ကြီးကို ကြည့်ရင်း သူ၏ ရင်ထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ လှိုက်တက်လာသည်ကို မနေနိုင်ဘဲ ခံစားလိုက်ရသည်။
မန်ယူမှာ ပြည်ထောင် တစ်ခု တည်ထောင်မယ်…
ငါ့ရဲ့ ကိုယ်ပိုင် ရုပ်တုကို အိုးထရက်ဖို့ဒ် ရင်ပြင်မှာ မတ်မတ်ရပ်စေရမယ်…
ဤသည်ကား သူ၏ ရည်မှန်းချက် အသစ်များ ဖြစ်ပေသည်။
"ဒီအခိုက်အတန့်မှာ မန်ချက်စတာက မရေမတွက်နိုင်တဲ့ မန်ယူ ပရိသတ်တွေ ဒီအချိန်လေးကို သေချာပေါက် အောင်ပွဲခံနေကြမှာပါ..."
"ပြီးတော့ မန်ချက်စတာမှာပဲ မရေမတွက်နိုင်တဲ့ မန်စီးတီး ပရိသတ်တွေ အသည်းကွဲနေကြမှာ သေချာပါတယ်..."
"ဘဝရဲ့ ဒီလို အဓိပ္ပာယ်ရှိတဲ့ အချိန်လေးမှာ... ဒီည တီဗီရှေ့က ပရိသတ် သန်းရာချီက ဒီအခိုက်အတန့်လေးကို အတူတကွ ခံစားပြီး မျှဝေနိုင်ကြပါပြီ..."
"ဒါဟာ ကျွန်တော့်ရဲ့ ပျော်ရွှင်မှုဖြစ်သလို အားလုံးရဲ့ ပျော်ရွှင်မှုလည်း ဖြစ်ပါတယ်..."
"ဒီနေ့ တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်ကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်"
"နောက်ဆုံး အနေနဲ့ မန်ချက်စတာယူနိုက်တက်ကို ဂုဏ်ပြုပါတယ်... နှုတ်ဆက်ပါတယ် မန်ချက်စတာစီးတီး... နောက်တကြိမ် ပြန်ဆုံကြတာပေါ့ဗျာ"
ဆရာ ကျန်းကျွင်းနှင့် ကျန်းလုတို့ကလည်း တရုတ် ဘောလုံးပရိသတ်များကို နှုတ်ဆက်လိုက်ကြလေသည်။
………………….
ခေတ်သစ်တစ်ခုကတော့ အမှန်တကယ် ဆိုက်ရောက်လာခဲ့ပြီ ဖြစ်သည်။
အင်္ဂလန်၏ ပထမဦးဆုံးသော ခုနစ်ထပ်ကွမ်း ချန်ပီယံ။
“မန်ယူနိုက်တက် သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး နံပါတ် (၇) ... သူဟာ ခရစ္စတီယာနို ရော်နယ်ဒို ချန်ထားခဲ့တဲ့ ကျိန်စာကို ချေဖျက်နိုင်ခဲ့ရုံတင်မကဘဲ မန်ယူနိုက်တက်ကို ဥရောပ ဘောလုံးလောကရဲ့ ထိပ်ဆုံးဆီ ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်”
“လာပါပြီ... ရိုမာနိုရဲ့ သတင်းအရ ဟာဇတ်ဟာ ဒီနွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့တော့မှာပါ”
“လာပါပြီ... ဂရစ်ဇ်မန်းဟာ ဒီနွေရာသီမှာ ဘာစီလိုနာကို ပူးပေါင်းတော့မှာ ဖြစ်ကြောင်း ရိုမာနိုက အတည်ပြုလိုက်ပါတယ်”
ဖလော်ရန်တီနို ပီရက်ဇ် : “မန်ယူနိုက်တက်က ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ် သုံးကြိမ်ဆက် စံချိန်ကို တားဆီးခဲ့သလို နောက်ရာသီမှာတော့ သူတို့တွေလည်း အရှုံး ဆိုတဲ့ အရသာကို မြည်းစမ်းစေရပါမယ်”
လာပေါ်တာ : “ဘာစီလိုနာဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲနဲ့ ဝေးကွာနေတာ ကြာပါပြီ... နောက်ရာသီမှာတော့ ကျွန်တော်တို့ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ စွမ်းဆောင်ရည်ကို ပရိသတ်တွေ မြင်တွေ့ရပါလိမ့်မယ်”
ဆာအဲလက်စ် ဖာဂူဆန် : “မန်ယူနိုက်တက်က အခုဆို ထိပ်ဆုံးကို ရောက်နေပါပြီ... ဒါကြောင့် မကြုံစဖူး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာပါ... ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ချူဖုန်းအပေါ် အကြွင်းမဲ့ ယုံကြည်မှု ရှိပါတယ်... သူဟာ မန်ယူနိုက်တက် သမိုင်းမှာ အအောင်မြင်ဆုံး ကစားသမား ဖြစ်လာမှာပါ”
---
ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပြီးဆုံးသွားသည့် ညတွင် သတင်းပေါင်းစုံက မှိုလိုပေါက်အောင် ထွက်ပေါ်လာတော့သည်။ ချူဖုန်းသည် အခုဆိုလျှင် အင်တာနက်ပေါ်တွင် လူပြောအများဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့လေပြီ။
ထိုသို့ ဖြစ်လာရခြင်းမှာ သူရရှိထားသော ဂုဏ်ပုဒ်များကြောင့်သာမကဘဲ တစ်ခါမြင်ရုံနှင့် စွဲလမ်းသွားစေနိုင်သည့် သူ၏ ဆွဲဆောင်မှုရှိသော ကစားဟန်ကြောင့်လည်း ဖြစ်သည်။ အချို့သော ကစားသမားများက ကင်မရာ အရိုက်ခံရအောင် ကစားတတ်ကြသော်လည်း ချူဖုန်းကမူ ကင်မရာက သူ့ကို အလိုလို လိုက်ရှာနေရသည့် အမျိုးအစား ဖြစ်သည်။
သူသာ ကွင်းထဲတွင် ရှိနေပါစေ… ဘောလုံး မရှိသည့်တိုင်အောင် ကင်မရာများက သူ့ထံသို့သာ ဗဟိုပြုနေတတ်ကြသည်။ အကြောင်းမှာ ချူဖုန်း ဘောလုံး ရရှိသွားသည့်အခါ မည်သို့သော ရင်သပ်ရှုမောဖွယ် ထိုးဖောက်မှုမျိုး လုပ်ပြမည်ကို မည်သူမျှ ကြိုမသိနိုင်သောကြောင့် ဖြစ်သည်။
တရုတ်ပြည်သူများ… အထူးသဖြင့် ပင်ချန်းမြို့သားများမှာမူ ပျော်ရွှင်မှုများ အထွတ်အထိပ်သို့ ရောက်နေကြသည်။ အခုဆိုလျှင် ဘောလုံးကွင်းထဲတွင် ဘောလုံးကစားနေသည့် ကလေးများမှာ အရင်ကထက် ပိုမို များပြားလာသည်။ ထိုကလေးအားလုံးသည်လည်း နံပါတ် (၇) ဂျာစီများကိုသာ ဝတ်ဆင်ထားကြပြီး ထိုနံပါတ်မှာ သူတို့၏ တစ်သက်တာ စွဲလမ်းမှု ဖြစ်လာသယောင် ရှိနေတော့၏။
မြို့ပြ၏ အထင်ကရ အဆောက်အအုံများပေါ်တွင် ချူဖုန်း ဖလားကို မြှောက်မထားသည့် ပိုစတာကြီးများ ချိတ်ဆွဲထားကြပြီး ဘေးနားရှိ အထပ်မြင့် အဆောက်အအုံကြီးမှ စခရင်ကြီး အပေါ်တွင်လည်း ချူဖုန်း၏ သွင်းဂိုးများကို တစ်နေ့လုံး အကြိမ်ကြိမ် ပြသနေလေသည်။
လူမှုကွန်ရက် စာမျက်နှာများပေါ်တွင်လည်း မှတ်ချက်များက ဝေေဝဆာဆာ ရှိနေသည်။
- [ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပြီ... ချူလေးကတော့ ရှယ်ပဲကွာ။]
- [မန်ယူပရိသတ်သက်တမ်း (၃၀) ရှိပြီ... စိတ်လှုပ်ရှားလွန်းလို့ တစ်ညလုံး အိပ်မရဘူး။]
- [မန်ယူက သမိုင်းသစ် ရေးထိုးလိုက်ပြန်ပြီ... ချန်ပီယံလိဂ် ပုံစံသစ်မှာ သုံးနှစ်ဆက် ချန်ပီယံ ဖြစ်လာဖို့ အခွင့်အရေး ရှိနေပြီ]
- [နောက်ရာသီမှာ ဇီဒန်းက ရီးရဲလ်ကို ပြန်ကိုင်ပြီး အားနည်းချက်တွေကို ပြင်တော့မှာ... ဘာစီလိုနာကလည်း ဂရစ်ဇ်မန်းကို ယူရို (၁၂၀) သန်းနဲ့ ဝယ်လိုက်ပြီ... ပီအက်စ်ဂျီကလည်း ပိုက်ဆံအိတ်ကို ဖြဲထားတာဆိုတော့ နောက်ရာသီက ခက်ခဲဦးမှာပဲ။]
- [မပူပါနဲ့... ချူလေး ရှိနေသရွေ့ မျှော်လင့်ချက် ရှိတယ်... ငါကတော့ သူ့ကို အကန့်အသတ်မရှိ ယုံကြည်တယ်။] - [ပီအက်စ်ဂျီက ချူဖုန်းအတွက် (၂၈၀) သန်း ပေးဖို့ ပြင်နေတယ်လို့ ကြားတယ်... လစာကလည်း မယုံနိုင်စရာပဲတဲ့။]
- [ဆော်ဒီကမ်းလှမ်းချက်လောက်တော့ ဘယ်အရာမှ မကောင်းပါဘူး... ရီယာဒ်အသင်းက တစ်နှစ်လစာ (၁၈၀) သန်း ပေးမယ်တဲ့... ချူဖုန်းရဲ့ ကလေးတွေ ပညာရေးအတွက် စိုးရိမ်ရင်လည်း တရုတ်ကျောင်းကို ထိုနေရာမှာတင် ဆောက်ပေးမယ်လို့ ဆိုတယ်... ကိုယ်ပိုင်ဂျက်လေယာဉ်ကလည်း ၂၄ နာရီ အသင့်ပဲ... အစေခံ ၁၅ ယောက်နဲ့ နန်းတော်လို အိမ်ကြီးလည်း ပေးဦးမှာတဲ့။]
- [ငါသာ ချူဖုန်းနေရာမှာဆိုရင် အဲဒီလို ဇိမ်ခံကားတွေ စီးပြီး အိမ်ကြီးအိမ်ကောင်းတွေမှာ နေဖို့ပဲ ဆုံးဖြတ်လိုက်တော့မှာ]
မန်ယူနိုက်တက် ကစားသမားများသည် တစ်ညတာ အနားယူပြီးနောက် နောက်တစ်နေ့တွင် မန်ချက်စတာမြို့သို့ ပျံသန်းခဲ့ကြသည်။ အေးချမ်းလှသော ထိုမြို့ကလေးသည် အခုဆိုလျှင် မီးတောက်များပမာ လောင်မြိုက်နေလေပြီ။
ပရိသတ် တစ်သောင်းကျော်က သူတို့၏ သူရဲကောင်းများကို ကြိုဆိုရန် လေဆိပ်သို့ ရောက်ရှိနေကြပြီး အပေါ်စီးမှ ကြည့်လျှင် အနီရောင် ပင်လယ်ပြင်ကြီးတစ်ခုပမာ ဖြစ်နေသည်။
“ဝိုး...”
ချူဖုန်း ချန်ပီယံလိဂ် ဖလားကြီးကို ကိုင်မြှောက်ကာ ထွက်လာသည့်အခါ လေဆိပ်တစ်ခုလုံး ဟိန်းထွက်သွားမတတ် အော်ဟစ်အားပေးသံများ ထွက်ပေါ်လာတော့သည်။