“မန်ယူနိုက်တက်...”
အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များသည် ပရိသတ်များ အတားအဆီးကို ကျော်မတက်လာစေရန် အားသွန်ခွန်စိုက် ထိန်းသိမ်းနေရသည်။ သို့သော် သူတို့သည် ပရိသတ်များ၏ ဇွဲကို လျှော့တွက်ခဲ့မိသည်။ မန်ယူနိုက်တက် နံပါတ် (၇) ဂျာစီ ဝတ်ထားသော ကောင်လေးတစ်ယောက်သည် ရဲများ၏ ကြားမှ ငုပ်လျှိုးကာ ချူဖုန်း၏ ရင်ခွင်ထဲသို့ တိုးဝင်လာလေသည်။
“ချူ... ကျွန်တော် ခင်ဗျားနဲ့ ဓာတ်ပုံရိုက်ချင်လို့ ကျောင်းပြေးလာတာဗျ...”
ထိုကောင်လေးက ချူဖုန်းသည် အရုပ်ကြီးတစ်ရုပ်ဟု ထင်နေသလား မသိဘဲ စိတ်လှုပ်ရှားစွာဖြင့် ဟိုကိုင်သည်ကိုင် လုပ်နေရှာသည်။
“ဓာတ်ပုံရိုက်မယ်... လာ...”
ချူဖုန်းက ဘယ်ဘက်လက်ဖြင့် ဖလားကို ကိုင်ကာ ညာဘက်လက်ဖြင့် ကောင်လေးကို ချီမလိုက်ပြီး အသင်းဖော်များကို ဓာတ်ပုံရိုက်ခိုင်းလိုက်၏။ ဓာတ်ပုံရိုက်ပြီးသည့်နောက် -
“ကဲ... ရဲဦးလေးတွေနဲ့ အပြင်ကို ပြန်ထွက်လိုက်တော့နော်... မဟုတ်ရင် လူအုပ်ကြားထဲ နင်းမိလိမ့်မယ်”
ချူဖုန်းက ကောင်လေးကို ရဲများထံ ပြန်အပ်ကာ ဂရုတစိုက် သတိပေးလိုက်သည်။ ယခုကဲ့သို့ ပျော်ရွှင်စရာ နေ့မျိုးတွင် မတော်တဆ ထိခိုက်မှုမျိုး မဖြစ်စေချင်ပေ။
“နောက်ရာသီကျရင် ဘလွန်းဒီအောဆုကို အိုးထရက်ဖို့ဒ်ကို ယူလာပေးနိုင်မလားဟင်...”
ကောင်လေးက မျှော်လင့်ချက်အပြည့်ဖြင့် လှည့်မေးလိုက်၏။
“ယူလာခဲ့မယ်...”
ချူဖုန်းက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ သူက ဆုဖလား ၇လုံးကို ရရှိထားသူ ဖြစ်သဖြင့် အကြွင်းမဲ့ ယုံကြည်ချက် ရှိနေခြင်းပင်။
မန်ယူကစားသမားများသည် လူအုပ်ကြီးကြားမှ ရုန်းထွက်ကာ အသင်းဘတ်စ်ကားပေါ် ရောက်သွားချိန်မှတင် သက်ပြင်းချနိုင်ကြတော့သည်။
“ငါတို့ ပရိသတ်တွေကတော့ တကယ့်ကို ရူးသွပ်ကြတာပဲ... ဒီလို အခြေအနေမျိုး ဖြစ်လာမယ်လို့ လုံးဝ မထင်ထားဘူး”
မက်ဂွိုင်းယားက ပြောနေသော်လည်း သူ့မျက်နှာတွင်မူ ကျေနပ်ပီတိများ လွှမ်းနေသည်။ သူက ကားပြတင်းပေါက်မှနေ၍ လက်ဝှေ့ယမ်းပြသော်လည်း ပရိသတ်များက သူ့ကို ဂရုမစိုက်ကြပေ။
အားလုံးက ကား၏ ညာဘက်ခြမ်း၊ နောက်ဆုံးတန်းမှ သုံးခုမြောက် နေရာသို့သာ စိုက်ကြည့်နေကြသည်။ ထိုနေရာကား ချူဖုန်း အမြဲထိုင်လေ့ရှိသည့် နေရာပင်။
---
မန်ယူအမှတ်တံဆိပ်ပါသော ဘတ်စ်ကားကြီးသည် အိုးထရက်ဖို့ဒ်ကွင်းဆီသို့ တရွေ့ရွေ့ မောင်းနှင်လာသည်။ လမ်းတစ်လျှောက်တွင် ကားဟွန်းသံများက မစဲဘဲ ပရိသတ်များကလည်း တကောက်ကောက် လိုက်ပါလာကြသည်။
မီဒီယာများ၏ ရှေ့မှောက်တွင် မန်ယူကစားသမားများသည် ချူဖုန်းကို ဝန်းရံကာ ဖလားကြီးကို ပြတိုက် အတွင်းသို့ သယ်ဆောင်သွားကြသည်။ ဤနေရာကား သရဲနီများ၏ သမိုင်းကြောင်းများ ကိန်းအောင်းရာ နေရာပင်။
နံရံပေါ်ရှိ ဓာတ်ပုံများတွင် မာရီဒစ်မှသည် ဆာ ဘက်စ်ဘီ၊ ကန်တိုနာ၊ ရွန်းနီ၊ စီရော်နယ်ဒိုနှင့် အခုဆိုလျှင် ချူဖုန်း...။
ဂျီယိုဗာနီသည် မန်ယူနိုက်တက် ကျော်ကြားသူများ ဂုဏ်ပြုခန်းမ၏ ပြတိုက်မှူး ဖြစ်သည်။ အသက် (၇၆) နှစ်ရှိပြီဖြစ်သော ထိုအဖိုးအိုသည် မန်ယူ၏ အနိမ့်အမြင့် အတက်အကျ အားလုံးကို မြင်တွေ့ခဲ့သူ ဖြစ်၏။ သူသည် တုန်ရီနေသော လက်များဖြင့် ဖန်ဗူးကို ဖွင့်လိုက်သည်။ ထိုနေရာတွင် ငွေပြားလေး တစ်ခု ရှိနေပြီး ၎င်းပေါ်တွင် '၂၀၁၈-၂၀၁၉ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်' ဟု ရေးထိုးထားသည်။
၎င်းသည် မန်ယူနိုက်တက်၏ (၅) ကြိမ်မြောက် ချန်ပီယံလိဂ် ဖလားပင်။ ယူအီးအက်ဖ်အေ၏ စည်းမျဉ်းဟောင်း အရဆိုလျှင် ဖလား (၅) ကြိမ်ရလျှင် မူရင်းဖလားကို အပိုင်သိမ်းခွင့်ရှိသော်လည်း ၂၀၀၈-၀၉ ရာသီနောက်ပိုင်းတွင် ထိုစည်းမျဉ်းကို ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။
“သောက်ကျိုးနည်း ယူအီးအက်ဖ်အေ...”
ဂျီယိုဗာနီက တိုးတိုးလေး ဆဲလိုက်မိသည်။ သူသည် လီဗာပူးပြတိုက်မှူးနှင့် တွေ့ဆုံစဉ်က အလှောင်ခံခဲ့ရသည်ကို အမှတ်ရနေသေးသည်။
“သောက်ကျိုးနည်း လီဗာပူး... သောက်ကျိုးနည်း ယူအီးအက်ဖ်အေ...”
သူက ထပ်မံ ဆဲဆိုလိုက်ပြီးနောက် လက်ကို အကြိမ်ကြိမ် ဆေးကြောကာ ချူဖုန်းထံမှ ဖလားကို လှမ်းယူလိုက်သည်။ ထို့နောက် အသာအယာ သုတ်သင်ကာ ဖန်ဗူးထဲသို့ ဂရုတစိုက် ထည့်လိုက်၏။ ဤအရာသည် သူ၏ ယုံကြည်ချက်၊ အတိတ်နှင့် အနာဂတ် ဖြစ်သောကြောင့်ပင်။
“ချူ... မင်းရဲ့ ဗိုလ်လုပွဲဝတ် ဂျာစီကိုတော့ သူငယ်ချင်းတွေကို ပေးမလိုက်ဘူး မဟုတ်လား”
ဂျီယိုဗာနီက ရုတ်တရက် မေးလိုက်သည်။
“ဒါက ရွိုင်ကိန်းရဲ့ ဂျာစီပဲ... ခေတ်တစ်ခုရဲ့ သင်္ကေတပေါ့... အခု ခေတ်သစ်ရဲ့ သင်္ကေတ ဖြစ်တဲ့ မင်းရဲ့ ဂျာစီကိုလည်း ဒီမှာ ထားစေချင်တယ်”
“ရပါတယ်... ခဏနေရင် ကျွန်တော့်လက်ထောက်ကို လာပို့ခိုင်းလိုက်ပါ့မယ်”
ချူဖုန်းက လွယ်လွယ်ပင် သဘောတူလိုက်သည်။ အသင်းက လိုချင်လျှင် ပေးလိုက်ရုံသာ။ သူက နောက်ပိုင်းကျလျှင် အိုးထရက်ဖို့ဒ် အရှေ့၌ သူ့ရုပ်တုကိုပင် ထားချင်နေသူ မဟုတ်ပါလား…။
ညနက်ပိုင်းသို့ ရောက်သည့်အခါ အောင်ပွဲခံ စားသောက်ပွဲအပြီး ချူဖုန်း မိမိတိုက်ခန်းသို့ ပြန်ရောက်လာခဲ့သည်။ အရက်ရှိန်ကြောင့် အနည်းငယ် မူးနေသဖြင့် ညကောင်းကင်ယံကို ကြည့်ကာ လွမ်းဆွေးနေမိသေးသည်။
အနည်းငယ် အမူးပြေသွားချိန်တွင် သူသည် စိတ်ကို စုစည်းကာ စနစ်ကို ဖွင့်လိုက်၏။
[ဂုဏ်ယူပါသည်၊ အသင်းမစ်ရှင် : ၂၀၁၈-၁၉ ချန်ပီယံလိဂ် ဆုဖလားအား ဆွတ်ခူးနိုင်ခြင်းကို ပြီးမြောက်ခဲ့ပြီ ဖြစ်ပါသည်။]
[စွမ်းဆောင်ရည် တွက်ချက်နေပါသည်...]
[မစ်ရှင်ဆုလာဘ် : ဒဏ္ဍာရီလာ ရတနာသေတ္တာ]
[ဂုဏ်ယူပါသည်၊ အထူးစွမ်းရည် မော်ဂျူး - ပြိုင်ဘက်ကင်းကို ရရှိခဲ့ပါသည်။]
[မော်ဂျူး အသေးစိတ် : သင်၏ အရည်အချင်း တစ်ခုခုသည် အမြင့်ဆုံးသို့ ရောက်ရှိသွားပါက ထိုအကန့်အသတ်ကို ကျော်ဖြတ်နိုင်မည် ဖြစ်ပြီး သင်၏ အနာဂတ်တွင် အကန့်အသတ်ဟူ၍ ရှိတော့မည် မဟုတ်ပါ။]
ချူဖုန်း : “???”
အရင်က စနစ်က ကစားသမား ပုံစံတူတွေ ပေးခဲ့တာ မဟုတ်လား။ အခုကျမှ ဘာလို့ 'ပြိုင်ဘက်ကင်း' ဆိုတာကြီး ပေးရတာလဲ။
ထို့ပြင် အရင်လို ခေါင်းစောင်းပြီး အိပ်ပျော်သွားတာမျိုးလည်း မရှိသလို ခန္ဓာကိုယ်ထဲမှာ ထူးခြားတဲ့ ခံစားချက်လည်း မရှိပေ။
ထို့နောက် သူသည် အရည်အချင်းပြကွက်ကို ဖွင့်ကြည့်လိုက်သည်။
[ဘောလုံးလိမ်ခေါက်ခြင်း : ၉၈.၁၃ (၉၇)]
[ဘောလုံးပေးပို့ခြင်း : ၉၃.၂၇ (၈၃)]
[ဂိုးကန်သွင်းခြင်း : ၉၆.၇၀ (၉၅)]
[အလျင်နှုန်း : ၉၄.၂၅ (၉၄)]
[ခန္ဓာကိုယ်ကြံ့ခိုင်မှု : ၉၈.၁၂ (၈၃)]
[ခံစစ် : ၆၇.၃၆ (၅၁)]
ခံစစ်ကလွဲလျှင် သူ၏ အရည်အချင်းများအားလုံးက ရော်နယ်ဒို၏ အမြင့်ဆုံး အလားအလာများကို ကျော်လွန်သွားခဲ့လေပြီ။ ရုတ်တရက်ဆိုသလိုပင် စခရင်ပေါ်ရှိ ကွင်းစကွင်းပိတ်အတွင်းမှ ဂဏန်းများမှာ သဲသောင်ပြင် လေတိုက်ခံရသလို ပျောက်ကွယ်သွားတော့သည်။
“ရော်နယ်ဒိုရဲ့ ပုံစံတူက ငါ့ကို အောင်မြင်စေခဲ့ပေမဲ့ တစ်ဖက်မှာလည်း ငါ့ကို ကန့်သတ်ထားသလို ဖြစ်နေတာကိုး... ဒါကြောင့်ပဲ ပြိုင်ဘက်ကင်း ဆိုတဲ့ မော်ဂျူးကို ပေးတာလား...”
ချူဖုန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။ သူသည် ထိုကိစ္စကို ခေါင်းထဲမှ ထုတ်လိုက်ပြီး ပျော်ရွှင်စရာ အချိန်များကိုသာ ကုန်ဆုံးစေခဲ့သည်။ သို့သော် အလေ့အကျင့် ဖြစ်နေသောကြောင့် နေ့တိုင်း မနက်စောစော ထကာ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးနောက် ကာရင်တန် လေ့ကျင့်ရေးကွင်းသို့ သွားခဲ့သည်။
“မတွေ့ရတာ ကြာပြီနော်...”
ချူဖုန်းက ပြုံးပြီး ပြောလိုက်သည်။
“နှစ်ရက်ပဲ ရှိသေးတာကိုဗျာ...”
မန်ဒက်စ်က ပွစိပွစိ ပြောရင်း လက်ဝှေ့ယမ်းပြလိုက်သည်။
“ကဲ... အရင်ဆုံး စာချုပ်သစ် ကိစ္စ ပြောရအောင်... မန်ယူက မင်းဆီကနေ ပိုက်ဆံတွေ အများကြီး မြတ်ထားတာ... ငါတို့ သူတို့ကို ပြန်အနိုင်ကျင့်ရမယ်”
နှစ်ဦးသား စကားပြောရင်း အစည်းအဝေးခန်းထဲသို့ ဝင်လာခဲ့ကြသည်။ မန်ယူစီမံခန့်ခွဲရေးအဖွဲ့က အသင့်စောင့်နေကြပြီး အက်ဒ် ဝုဒ်ဝပ်က ပြုံးရွှင်စွာဖြင့် ကြိုဆိုလေသည်။
“ကျွန်တော်တို့ရဲ့ သူရဲကောင်းကြီးကို ကြိုဆိုပါတယ်ဗျာ...”
ဖြောင်း ဖြောင်း ဖြောင်း
လက်ခုပ်သံများ ဟိန်းထွက်သွားပြီးနောက် စာချုပ်သစ်အတွက် စတင် ဆွေးနွေးကြတော့သည်။
“တစ်ပတ် လုပ်ခလစာ ပေါင် ၇၆၅,၀၀၀ ၊ ဂိုးသွင်းဆုကြေး ၃၀ ရာခိုင်နှုန်း တိုးမြှင့်ဖို့နဲ့ ဂျာစီရောင်းရငွေ ဝေစု ပိုပေးဖို့ လိုအပ်ပါတယ်”
မန်ဒက်စ်၏ အဖွဲ့က အသေးစိတ် အချက်အလက်များကို တင်ပြလိုက်သည်။ အက်ဒ် ဝုဒ်ဝပ်၏ မျက်နှာမှာ ပျက်သွားတော့၏။
အခုဆိုလျှင် ချူဖုန်းက ပရီးမီးယားလိဂ်မှာ လစာအများဆုံး ဖြစ်နေပြီ။ ထပ်တိုးပေးရမည်ကို သိသော်လည်း ဤပမာဏက များလွန်းနေသည်။
ချူဖုန်းအပြင် ဒုတိယမြောက် လစာအများဆုံးမှာ ပေါ့ဘာဖြစ်ပြီး ပေါင် ၃၅၀,၀၀၀ သာ ရှိသည်။ ချူဖုန်း၏ လစာက သူတို့ထက် နှစ်ဆလောက် များနေသဖြင့် ပေါ့ဘာ စိတ်ဆိုးမည်မှာ အမှန်ပင်။
“ချူဖုန်းက ဘယ်လောက် တန်ဖိုးရှိလဲဆိုတာ လူတိုင်း သိကြတာပဲ... ဒါကြောင့် ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်”
မန်ဒက်စ်က အက်ဒ် ဝုဒ်ဝပ်ကို စကားပြောခွင့် မပေးပေ။ အကယ်၍ မန်ယူက ဒီစာချုပ်ကို ငြင်းပယ်လျှင်ပင် အခြားကလပ်ပေါင်းများစွာက အလုအယက် ကမ်းလှမ်းကြမည်မှာ အသေအချာပင်။ ဖလော်ရန်တီနိုက သူ့ကို ချဉ်းကပ်ခဲ့ပြီး လစာအပြင် ပုံရိပ်မူပိုင်ခွင့်တွေပါ ပေးမည်ဟု ဆိုခဲ့ဖူးသည်။
“ပေါလ်က လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ကျွန်တော့်ကို လာပြောတယ်... သူ့လစာက ပြဿနာ မရှိစေချင်ဘူးတဲ့... တခြား ကစားသမားတွေလည်း...”
အက်ဒ် ဝုဒ်ဝပ် စကားမဆုံးခင်မှာပင် မန်ဒက်စ်က ရက်ရက်စက်စက် ဖြတ်ပြောလိုက်သည်။
“သူတို့မှာ ချူဖုန်းလို စွမ်းရည်ရှိရင် သူတို့လည်း တောင်းဆိုနိုင်ပါတယ်... ဒါပေမဲ့ မေးချင်တာက သူတို့မှာ အဲဒီလို စွမ်းရည် ရှိလို့လား”
“လစာကြီးလွန်းရင် အသင်းရဲ့ အဝတ်လဲခန်းထဲမှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာနိုင်တယ်လို့ ခင်ဗျား ပြောချင်တာလား”
မန်ဒက်စ်က အက်ဒ် ဝုဒ်ဝပ်ကို ပြုံးကြည့်ကာ ပြောလိုက်သည်။
“ဒါဆိုရင်လည်း လွယ်ပါတယ်... သူတို့ကို ရောင်းထုတ်လိုက်ပေါ့... မဟုတ်ဘူးလား။ အခု မန်ယူမှာ ပိုက်ဆံရော၊ နာမည်ကျော်ကြားမှုရော ရှိနေတာပဲ... ကစားသမား မရှိမှာကို ဘာလို့ စိုးရိမ်နေရတာလဲ”
မန်ဒက်စ်က အက်ဒ် ဝုဒ်ဝပ်၏ အတွေးကို ကောင်းကောင်း သိသည်။ အထူးသဖြင့် ပေါ့ဘာ။ သူက အေးဂျင့် ရိုင်အိုလာရဲ့ မြှောက်ပင့်မှုကို ခံနေရတာ ဖြစ်မည်။
‘မင်းက တော်တဲ့သူပဲ၊ ဘာလို့ သူတစ်ပါးအောက်မှာ နေမှာလဲ’၊ ‘ချူဖုန်းရဲ့ အချက်အလက်တွေကို ကြည့်ဦး။ သူက မင်းဆီကနေ ဘောလုံးတွေ လုယူသွားတာပဲ’ အစရှိသဖြင့် ရိုင်အိုလာက ကစားသမားတွေကို လမ်းမှားအောင် အမြဲ လုပ်လေ့ရှိသည်။
အက်ဒ် ဝုဒ်ဝပ်က ချူဖုန်းကို ကြည့်လိုက်သော်လည်း ချူဖုန်းကတော့ ဘာမှမပြောဘဲ ပြုံးနေရုံသာ။
သူ့ကို ကိုယ်ကျင့်တရားနဲ့ လာပြီး ခြိမ်းခြောက်ချင်တာလား။ သူက ဟယ်ရီကိန်း မဟုတ်ဘူး။ အဲဒီလို အပေါစား နည်းလမ်းတွေထဲ ကျဆုံးသွားမှာ မဟုတ်ဘူး။
သူ သတိထားမိတာက ပေါ့ဘာ၊ လင်ဂတ်၊ ရက်ရှ်ဖို့ဒ်တို့က သူ့ကို ရှောင်နေကြတာပင်။
သူတို့တွေက မန်ယူမှာ မင်းသားကိုးပါး နန်းလုပွဲ ခင်းကျင်းချင်နေကြတာလား။ မော်ရင်ညိုက ဧကရာဇ်ဆိုရင် သူက မင်းသားကြီး၊ ပေါ့ဘာက ဒုတိယမင်းသား၊ ရက်ရှ်ဖို့ဒ်က တတိယမင်းသားပေါ့။
“ကောင်းပါပြီ... ကျွန်တော် နားလည်ပါပြီ”
အက်ဒ် ဝုဒ်ဝပ်က သက်ပြင်းချလိုက်သည်။ သူ ဘာကို ရွေးချယ်ရမလဲဆိုတာ စဉ်းစားနေစရာတောင် မလိုတော့ပေ။