၂၀၁၉ ခုနှစ်၊ ဇွန်လ (၃) ရက်။
“ဆွာရက်ဇ် အသက်ကြီးလာတာကြောင့် ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူးအပြောင်းအလဲအတွက် မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ကမ်းလှမ်းမှု ပြုလုပ်လိုက်ပြီ ဖြစ်ပါတယ်” - ဒိုင်ယာရီယို စပို့
“သတင်းထူး - ဂျူဗင်တပ်စ်အသင်းဟာ ပေါ့ဘာကို အိုးထရက်ဖို့ဒ်ကနေ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါဟာ ရော်နယ်ဒိုကို နောက်ထပ် ရွှေဘောလုံးဆု ရရှိအောင် ကူညီပေးဖို့ အတွက်လည်း ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မန်ယူဟာ ဂျူဗင်တပ်စ် နောက်ခံလူ ဆန်ဒရိုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူဖို့ ကြိုးစားနေပြီး ကစားသမား အလဲအထပ် လုပ်ဖို့လည်း ရှိနေပါတယ်” - ဂါဇက်တာ ဒယ်လို စပို့
“သတင်းထူး - မန်ယူနိုက်တက်ဟာ စပို့တင်းလစ္စဘွန်းမှ ဘရူနို ဖာနန်ဒက်စ်၊ ဝက်စ်ဟမ်းမှ ဒီကလန် ရိုက်စ်၊ ဂျူဗင်တပ်စ်မှ ပီယာနစ် အစရှိတဲ့ ကွင်းလယ်လူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်”
---
မန်ယူနိုက်တက် ချန်ပီယံလိဂ် ဖလားရပြီး ရက်ပိုင်းအတွင်းမှာတင် အပြောင်းအရွှေ့ သတင်းပေါင်းစုံက မှိုလိုပေါက်အောင် ထွက်ပေါ်လာတော့သည်။ အထူးသဖြင့် အဓိက ကစားသမားများ၏ အပြောင်းအရွှေ့က ပို၍ စိတ်ဝင်စားစရာ ကောင်းနေ၏။
ရက်ရှ်ဖို့ဒ်နှင့် ပေါ့ဘာတို့သည် ပြီးခဲ့သည့် ရာသီက အသင်းအတွက် များစွာ စွမ်းဆောင်ပေးခဲ့သူများ ဖြစ်သည့်အပြင် အသင်း၏ မျိုးဆက်သစ် ကစားသမားများလည်း ဖြစ်ကြသည်။ ထို့ကြောင့် ပရိသတ်များက အဓိက ကစားသမားများကို အဘယ်ကြောင့် ရောင်းထုတ်ရသနည်းဟု အသင်း၏ ဝဘ်ဆိုဒ်တွင် ဒေါသတကြီး လာရောက် မေးမြန်းနေကြတော့သည်။
ထိုအချိန်တွင်ပင်...
“သတင်းရင်းမြစ်များအရ ပေါ့ဘာ၊ ရက်ရှ်ဖို့ဒ်နဲ့ တခြား ကစားသမားအချို့ဟာ တစ်ပတ် လုပ်ခလစာကို အဆမတန် တိုးမြှင့်ပေးဖို့၊ နောက်ရာသီမှာ ပွဲထွက်ခွင့် ပိုပေးဖို့နဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ သူတို့ကို ဗဟိုပြုပေးဖို့ တောင်းဆိုနေကြပါတယ်။ အချို့ကဆိုရင် ချူဖုန်းကိုတောင် ရောင်းထုတ်ဖို့ အကြံပြုခဲ့ကြတယ်လို့ ဆိုပါတယ်” – The Sun
မက်တော်မီနေး : “ကျွန်တော်ကတော့ ချူဖုန်းဘက်ကပဲ အကြွင်းမဲ့ ရပ်တည်သွားမှာပါ။ ဘာလို့လဲ ဆိုတော့ သူက မန်ယူနိုက်တက်ကို ပြန်လည် နိုးထလာအောင် လုပ်ပေးနိုင်တဲ့ အရေးအကြီးဆုံး ပုဂ္ဂိုလ် ဖြစ်လို့ပါပဲ။ နောက်ပြီး သူက ကျွန်တော့်ရဲ့ အချစ်ဆုံး သူငယ်ချင်းလည်း ဖြစ်နေလို့ပါ”
မက်ဂွိုင်းယား : “ချူ ဘယ်သွားသွား ကျွန်တော် လိုက်မှာပဲ... သူ့နောက်လိုက်ရင် ချန်ပီယံ ဖလားရမယ် ဆိုတာ ကျွန်တော် သိနေတာပဲလေ... နောက်ခံလူတစ်ယောက်အနေနဲ့ ဒီလို စူပါစတားမျိုးနဲ့ ဆုံဖို့ဆိုတာ မလွယ်ဘူးဗျ... ကျွန်တော်ကတော့ လက်လွှတ်မခံနိုင်ပါဘူး”
ပရိသတ်များမှာ ချူဖုန်းကို ရောင်းထုတ်မည်ဟူသော သတင်းကြောင့် ပေါ့ဘာအပေါ် အကြီးအကျယ် ဒေါသထွက်သွားကြသည်။ မန်ယူနိုက်တက်သည် မည်သူမျှ မရှိဘဲ နေနိုင်သော်လည်း ချူဖုန်း မရှိဘဲနှင့်မူ လုံးဝ မဖြစ်နိုင်ဟု ပရိသတ်အားလုံးက တစ်သံတည်း ထွက်နေကြလေပြီ။
ချူဖုန်းကမူ ထိုပြဿနာများကြားတွင် ဝင်ရောက် ဖြေရှင်းခြင်း မရှိဘဲ ဇာတ်လမ်းက မည်သို့ အဆုံးသတ်မည်နည်းကိုသာ စောင့်ကြည့်နေခဲ့သည်။ မန်ဒက်စ်ကလည်း စာချုပ်သစ် ကိစ္စအတွက် အသင်းကို ဖိအားပေးနေဆဲ ဖြစ်သည်။
နောက်ဆုံးတွင် လူထူးဆန်းကြီး မော်ရင်ညိုကပင် ဝင်ပြောရတော့သည်။
“ဂျော့ချ် (မန်ဒက်စ်) ပြောတာ မှန်ပါတယ်... သူတို့တွေက ဒီထက် ပိုကောင်းတဲ့ ဆက်ဆံမှုမျိုး ရသင့်တယ်လို့ ထင်နေကြရင်လည်း တခြားကလပ်တွေကို သွားပြီး တောင်းကြည့်ခိုင်းလိုက်ပေါ့... ကျွန်တော့်မှာ ဒီဂီယာ ၊ မက်ဂွိုင်းယား၊ ကန်တေနဲ့ ချူဖုန်းတို့ ရှိနေသရွေ့ အသင်းရဲ့ ဗဟိုချက်မက ခိုင်မာနေတုန်းပဲ... နောက်ထပ် ကွင်းလယ်တိုက်စစ် ကစားသမား ကောင်းကောင်းတစ်ယောက် ထပ်ဖြည့်လိုက်ရင် ရပြီ...”
မော်ရင်ညိုက ဆက်လက်၍ ပြတ်သားစွာ ပြောလိုက်သေးသည်။
“တကယ်လို့ ခင်ဗျားတို့က ချူဖုန်းကို ရောင်းမယ် ဆိုရင်တော့ ကျွန်တော့် စာချုပ်ကလည်း ကုန်တော့မှာပဲ... သူ့ကို ခေါ်သွားနိုင်တဲ့ အသင်းတွေ အများကြီး ရှိတယ်... စပါး၊ ချဲလ်ဆီး၊ အင်တာမီလန်၊ ပီအက်စ်ဂျီ... ကြိုက်တဲ့ အသင်းကို ရွေးလို့ရတယ်”
၎င်းသည် ချူဖုန်းအပေါ် အကြွင်းမဲ့ ထောက်ခံလိုက်ခြင်းပင်။ သူ၏ တပည့်ရင်း ချူဖုန်းကို ထားခဲ့ပြီး ပေါ့ဘာကို အားကိုးစရာ အကြောင်း မရှိပေ။
မော်ရင်ညိုသည် အတွေ့အကြုံရှိသော နောက်ခံလူအဖြစ် သီယာဂို ဆေးလ်ဗားကို မျက်စိကျနေသည်။ အသက် (၃၅) နှစ် ရှိပြီဖြစ်သော်လည်း ဆေးလ်ဗား၏ ခံစစ်စွမ်းရည်မှာ ကမ္ဘာ့အဆင့်တွင် ရှိနေဆဲ ဖြစ်သည်။ သူသည် မက်ဂွိုင်းယားကို အနီးကပ် သင်ကြားပြသပေးနိုင်မည့် ရတနာတစ်ပါးပင် ဖြစ်သည်။
တိုက်စစ်ပိုင်းအတွက်မူ ဗီလာမှ ဂရီးလစ်ရှ်ကိုလည်း သူ သဘောကျနေသည်။ ဂရီးလစ်ရှ်သည် ကွင်းလယ်နှင့် တိုက်စစ် နေရာစုံတွင် ကစားနိုင်ရုံတင်မကဘဲ ခံစစ်ကိုပါ ကူညီတတ်သူ ဖြစ်သည်။
အထူးသဖြင့် သူသည် ပြိုင်ဘက်များကို အနှောင့်အယှက် ပေးနိုင်သလို ပြစ်ဒဏ်ဘော များစွာလည်း ရယူပေးနိုင်သည်။ သူသာ ရှိနေလျှင် ပြိုင်ဘက်များ၏ ဖိအားက သူ့ထံသို့ ရောက်သွားမည်ဖြစ်ရာ ချူဖုန်းအတွက် လွတ်လပ်စွာ ထိုးဖောက်နိုင်မည့် အခွင့်အရေးများ ပိုမို ရရှိလာမည် ဖြစ်သည်။
နောက်ဆုံးတွင် အက်ဒ် ဝုဒ်ဝပ်သည် စိတ်မရှည်တော့ဘဲ ဆုံးဖြတ်ချက် တစ်ခု ချလိုက်တော့၏။
“ရောင်းမယ်... အကုန်ရောင်းပစ်မယ်... ထွက်ချင်တဲ့သူတွေ အကုန်သွားကြတော့... မင်းတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်… ငါတို့က ချူဖုန်းကိုပဲ ရွေးချယ်”
ထို့ကြောင့် ချူဖုန်း၏ စာချုပ်သစ် ကိစ္စသည် အရှိန်အဟုန်ဖြင့် ပြီးမြောက်သွားသလို ပေါ့ဘာနှင့် အခြားသူများကို ရောင်းထုတ်မည့် အစီအစဉ်သည်လည်း အောင်မြင်သွားတော့သည်။
ချူဖုန်း လေ့ကျင့်ရေးဆင်းနေစဉ် လူကာကူနှင့် ဆုံသည်။ လူကာကူက သူ့ခေါင်းသူ ပွတ်ရင်း -
“ချူ... ငါ့ကို ယုံပါ... အဲ့ဒီထဲမှာ ငါ မပါပါဘူး...”
“ယုံပါတယ်... ငါ့မှာ လုပ်စရာတွေ ရှိသေးလို့ သွားလိုက်ဦးမယ်”
ချူဖုန်းက လူကာကူ၏ စကားကို ဖြတ်ပြောကာ ပုခုံးကို ပုတ်ပြီး ထွက်လာခဲ့သည်။ လူကာကူ၏ စရိုက်ကို သူ ကောင်းကောင်း သိသည်။
လူကာကူသည် အမြဲတမ်း သစ္စာဖောက်ရမည့် အချိန်ကို စောင့်နေတတ်သည့် သစ္စာဖောက် ခန္ဓာကိုယ် ပိုင်ရှင် မဟုတ်ပါလား။ နောင်တစ်ချိန် တွေ့ကြလျှင်လည်း သူစိမ်းများကဲ့သို့သာ နေတော့မည်ဟု သူ ဆုံးဖြတ်ထားလိုက်သည်။
ချူဖုန်း အစည်းအဝေးခန်းထဲသို့ ဝင်လာသည့်အခါ ဆံပင်ဖြူဖြူနှင့် အဖိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။ သူကား မော်ရင်ညို မဟုတ်ဘဲ နာမည်ကျော် နည်းပြကြီး လစ်ပီပင် ဖြစ်သည်။ သူသည် အီတလီ လက်ရွေးစင်နှင့် ဂျူဗင်တပ်စ်ကို အောင်မြင်မှုများစွာ ရရှိအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်သလို လက်ရှိ တရုတ်လက်ရွေးစင် အသင်း၏ နည်းပြချုပ်လည်း ဖြစ်သည်။
“မင်းတို့ တိုင်းပြည်က အကျင့်ပျက် ခြစားမှုတွေနဲ့ ပတ်သက်တဲ့ အမှုတွေကို အခု ကောင်းကောင်းကြီး ကိုင်တွယ်နေတယ်။ လီထိုင်တို့၊ ချန်တို့ကတော့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်တယ်... အခုဆိုရင် စောင့်ကြည့်ရေးအဖွဲ့တွေလည်း ထားရှိထားပြီ... ဒါကြောင့် မင်း ပြန်လာခဲ့ပါတော့...”
လစ်ပီက လေသံလေးလေးဖြင့် ပြောလိုက်သည်။
“ကျွန်တော် ပြန်လာခဲ့ပါ့မယ်... ဒါပေမဲ့ ကျွန်တော့် တောင်းဆိုချက်တွေကို အရင် ပြောပြပါရစေ”
ချူဖုန်းက ခဏရပ်ကာ ဆက်ပြောသည်။
“အသင်းမှာ ကျွန်တော့်ကို လွတ်လပ်စွာ တိုက်စစ်ဆင်နိုင်တဲ့ နေရာ ပေးရမယ်... တစ်သင်းလုံးက ကျွန်တော့်ကို ဗဟိုပြုရမယ်...”
“ဒါကတော့ သေချာတာပေါ့... မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် အဓိက ကစားသမား ဖြစ်နေမှာပဲ... ငါ့ရဲ့ ခံစစ်ပိတ် တန်ပြန်တိုက်စစ် ကစားကွက်မှာ မင်းရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုတွေကို အဓိက လက်နက်အဖြစ် သုံးမှာပါ”လစ်ပီက ခေါင်းညိတ် ထောက်ခံလိုက်သည်။
လစ်ပီသည် ချူဖုန်းအတွက် ကစားကွက်ကို ရိုးရှင်းနိုင်သမျှ ရိုးရှင်းအောင် ဆွဲထားသည်။ မော်ရင်ညို ပြီးခဲ့သည့် ရာသီက ကစားခဲ့သလိုပင် နောက်တန်းမှာ ဘတ်စ်ကား ပိတ်ရပ်ထားပြီး ရှေ့တန်းက ချူဖုန်းဆီကိုပဲ ဘောလုံး ပို့ပေးရမည်။ ဤနည်းလမ်းသည် အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံး ဖြစ်သလို တခြား ကစားသမားများအတွက်လည်း စိတ်ပိုင်းဆိုင်ရာ ဖိအား နည်းပါးစေသည်။
“လက်ရွေးစင် အသင်းက ရှုံးနိမ့်တိုင်း နည်းပြနဲ့ ကစားသမားတွေကိုပဲ အပြစ်တင်ကြတာ... အခု မင်း ရှိနေရင်တော့ အားလုံးက မင်းကိုပဲ ကြည့်နေကြတော့မှာ... မင်းအပေါ်မှာ ဖိအားတွေ အများကြီး ရှိလာလိမ့်မယ်... အဲဒါကို မင်း ခံနိုင်ရည် ရှိရဲ့လား”လစ်ပီက စိုးရိမ်တကြီး မေးလိုက်သည်။
ချူဖုန်းကတော့ ပုခုံးတွန့်ရုံသာ။ မန်ယူပရိသတ်တွေရဲ့ ဖိအားတောင် ခံနိုင်ခဲ့တာပဲ။ ဒီလောက်ကတော့ သူ့အတွက် ဘာမှ မဟုတ်ပေ။
နှစ်ရက်အကြာတွင် ချူဖုန်းသည် လစ်ပီနှင့်အတူ တရုတ်ပြည်သို့ ပျံသန်းခဲ့သည်။ ပေကျင်းလေဆိပ်သို့ သူတို့ ရောက်ရှိချိန်တွင် ပရိသတ်များ၏ အော်ဟစ်ကြိုဆိုသံများက ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားတော့သည်။ ဤမြင်ကွင်းသည် မည်သည့် စကားလုံးထက်မဆို ပို၍ အဓိပ္ပာယ် ရှိလှသည်။
နောက်ထပ် နှစ်နာရီအကြာတွင်...
တရားဝင် ထုတ်ပြန်ချက် : တရုတ်လက်ရွေးစင် အသင်း လူစာရင်းသစ် ထွက်ပေါ်လာခြင်း၊ မန်ယူနိုက်တက်၏ အဓိက ကစားသမား ချူဖုန်း ပါဝင်လာပြီ ဖြစ်ကြောင်း အတည်ပြုလိုက်ပါသည်။
……………………….
ဇွန်လ (၄) ရက်။
ရှန့်ဟယ် လေ့ကျင့်ရေးစခန်း။
ကစားသမားတစ်စု စုထိုင်ကာ စကားစမြည် ပြောနေကြသည်။ တရုတ်လက်ရွေးစင် ကစားသမား ဝူလေက ခဏမျှ ဝေခွဲမရဖြစ်နေပြီးမှ မေးလိုက်၏။
“ချူဖုန်း ရောက်လာရင် သူက နံပါတ် (၇) ဝတ်မှာလား၊ (၁၀) ဝတ်မှာလား... ဒါမှမဟုတ် သူ့ကိုပဲ စိတ်ကြိုက် ရွေးခိုင်းရမလား”
သူ့ဂျာစီကို လက်လွှတ်ရမှာ နှမြောလို့ မဟုတ်ဘဲ ချူဖုန်းအကြောင်း သူ သိပ်မသိလို့ ဖြစ်သည်။ သူတို့နှစ်ယောက်က လူချင်းလည်း သိပ်မရင်းနှီးသလို တစ်ယောက်က လာလီဂါ၊ တစ်ယောက်က ပရီးမီးယားလိဂ်မှာ ကစားနေတာဆိုတော့ သတင်းထဲမှာပဲ တစ်ယောက်အကြောင်း တစ်ယောက် သိကြတာ ဖြစ်သည်။
သို့သော် စပိန်သတင်းစာတွေထဲမှာ ချူဖုန်းရဲ့ နာမည်က သိပ်တော့ မကောင်းလှ။ ဖိလစ်ပီကို နှာခေါင်းရိုးကျအောင် ထိုးတာ၊ ရီးရဲလ်ကို ဟက်ထရစ်သွင်းလို့ ရော်နယ်ဒို ငိုရတာ၊ ဘာစီလိုနာကို နှစ်ကျော့လုံး အနိုင်ယူပြီး မက်ဆီကို ဒူးထောက်စေတာ...။
သူက လာလီဂါ ထိပ်သီး (၃) သင်းလုံးကို ရန်ရှာထားသူဖြစ်ရာ သတင်းစာတွေထဲမှာ သူ့အကြောင်း ကောင်းသတင်းရှာဖို့က ခက်လှသည်။
ဒီနေ့ တစ်ယောက်ကို ထိုးလိုက်၊ မနက်ဖြန် တစ်ယောက်ကို ရန်လုပ်လိုက်နှင့်... နောက်ဆုံး မက်ဂွိုင်းယားကိုတောင် အနိုင်ကျင့်နေတယ်ဆိုတဲ့ ကောလာဟလတွေပါ ထွက်နေတာဆိုတော့ ဝူလေလည်း အမှန်အတိုင်းပြောရရင် နည်းနည်းတော့ ကြောက်နေမိသည်။
ဝါရင့်ကစားသမားကြီး ကျန်းကျိက နားထင်ကို ပွတ်ရင်း ကျူးချန်ကျဲကို လှမ်းခေါ်လိုက်သည်။ “မင်းက အိုလံပစ်လက်ရွေးစင်အသင်းမှာ ချူဖုန်းနဲ့ အသင်းဖော် ဖြစ်ခဲ့ဖူးတာပဲ... သူ့ဆီ စာပို့ပြီး မေးကြည့်လိုက်ပါလား... သူ (၇) ဝတ်ချင်ရင် ဝူလေ လဲပေးမယ်။ (၁၀) ဝတ်ချင်ရင် ငါ လဲပေးမယ်”
ကျူးချန်ကျဲက ခေါင်းကို တဆတ်ဆတ် ခါလိုက်သည်။ အတိတ်တွင် လီထိုင်၏ မြှောက်ပင့်မှုကြောင့် ချူဖုန်းကို တစ်ယောက်ယောက်က ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ခဲ့ဖူးသည်။
ရလဒ်ကတော့ ချူဖုန်းက လူပုံအလယ်မှာတင် သူ့ကို ပြင်းပြင်းထန်ထန် ထိုးကြိတ်ခဲ့ဖူးလေသည်။ ထို့ကြောင့် သူက ချူဖုန်းနှင့် စကားပြောရန် အနည်းငယ် ကြောက်နေမိ၏။
“ထားလိုက်ပါတော့ ဝူလေရာ... မင်းပဲ အသင်းရဲ့ နံပါတ် (၂၄) ကို ပြောင်းဝတ်လိုက်တာ ပိုကောင်းပါလိမ့်မယ်” ကျန်းကျိက အကြံပေးလိုက်သည်။
လစ်ပီက အင်္ဂလန်ကို မသွားခင်ကတည်းက သူတို့ကို သတိပေးထားပြီးသား ဖြစ်သည်။ အရာအားလုံးက ချူဖုန်း အလိုအတိုင်း ဖြစ်ရမည်ဟု ဆိုသည်။
“ရပါတယ်... နံပါတ်က အရေးမကြီးပါဘူး... ချူဖုန်းကလည်း ဒါတွေကို သိပ်ဂရုစိုက်မှာ မဟုတ်ပါဘူး။ ငါတို့တွေ အပိုတွေ တွေးပူနေတာပါ” ဝူလေက ခေါင်းညိတ်လိုက်သည်။
“မင်းတို့တွေကလည်း ကြောက်လိုက်ကြတာဗျာ”
ဝေရှီဟောင်က စိတ်မရှည်စွာ ပြောလိုက်သော်လည်း သူ့မျက်လုံးထဲမှာတော့ မျှော်လင့်ချက်တွေ အပြည့်ပင်။ ချူဖုန်းရဲ့ ဂုဏ်ပုဒ်က ကမ္ဘာ့အကောင်းဆုံး မဟုတ်ပါလား။ ခုနစ်ထပ်ကွမ်း ချန်ပီယံနှင့် အတူကစားရမှာကို သူလည်း ရင်ခုန်နေမိသည်။
“ချူဖုန်းက ပရီးမီးယားလိဂ်မှာ အဲလောက် သြဇာရှိတာ... နောက်ကျရင် ကျွန်တော် ပြည်ပ ထွက်ကစားချင်ရင် သူ့ကို အကူအညီ တောင်းလို့ ရမလားမသိဘူး” အသက် (၁၈) နှစ်အရွယ် ကျူးချန်ကျဲက မေးလိုက်သည်။
“မင်းမှာ အရည်အချင်း ရှိရင်တော့ ချန်ပီယံရှစ်လောက်မှာ ကစားလို့ ရနိုင်ပါတယ်... အခွင့်အရေးရရင် အမြန်ဆုံး ထွက်နိုင်အောင် ကြိုးစားပါ”ဟူ၍ ဝူလေက အကြံပြုလိုက်၏။
***