နောက်တစ်နေ့တွင် ရှန့်ဟယ် လေ့ကျင့်ရေးစခန်းတစ်ခုလုံး ဆူညံသွားတော့သည်။ ကစားသမားများ အားလုံး ဖျတ်ခနဲ နိုးကြားသွားကြ၏။ အကြောင်းမှာ အသင်းမန်နေဂျာ ကျန်းဟုန်ချိုးက ချူဖုန်းကို ခေါ်ဆောင်ကာ လေ့ကျင့်ရေးကွင်း အတွင်းသို့ ဝင်လာသည်ကို တွေ့လိုက်ရသောကြောင့်ပင်။
ကင်မရာပေါင်းစုံကလည်း သူတို့နောက်က တကောက်ကောက် လိုက်နေကြသည်။ ချူဖုန်းကတော့ နာမည်ကြီး ကစားသမားတစ်ယောက်၏ မောက်မာမှုမျိုး မရှိဘဲ အားလုံးကို ပြုံးပြကာ နှုတ်ဆက်လေသည်။
ထိုအခါမှ လက်ရွေးစင်အသင်းသားများ သက်ပြင်းချနိုင်ကြတော့သည်။ ချူဖုန်းက သူတို့ ထင်သလောက်တော့ ကြောက်ဖို့ မကောင်းပါလား။
ချူဖုန်း အဝတ်လဲခန်းထဲ ဝင်သွားသည့်အခါ နံရံမှာ ချိတ်ဆွဲထားသော အနီရောင် ဂျာစီများကို တွေ့လိုက်ရသည်။ ဤအနီရောင်ကား မန်ယူ၏ အနီရောင်နှင့် မတူ။ ၎င်းသည် မိမိ၏ နိုင်ငံကို ကိုယ်စားပြုသော အရောင်ပင်။
ပီယာလို ပြောခဲ့ဖူးသည့် စကားတစ်ခွန်း ရှိသည်။ “အီတလီက အရာအားလုံးထက် အရေးကြီးတယ်... အင်တာမီလန်၊ အေစီမီလန်၊ ဂျူဗင်တပ်စ်နဲ့ ဘယ်ကလပ်ထက်မဆို ပိုအရေးကြီးတယ်” တဲ့။ ချူဖုန်းလည်း အခု ထိုခံစားချက်မျိုး ရနေသည်။
ဂျာစီ နံပါတ် (၇) ...။
သူ့နာမည်ပါသည့် ဂျာစီကို မြင်တော့ ချူဖုန်း ပြုံးလိုက်မိသည်။ အမှန်တော့ သူက နံပါတ်ကို သိပ်မရွေးသော်လည်း သူသာ (၇) ကို မဝတ်လျှင် ဝူလေလည်း ဆက်ဝတ်ရဲမှာ မဟုတ်မှန်း သူ သိနေသည်။
ချူဖုန်း ဂျာစီလဲပြီး ကွင်းထဲ ထွက်လာသည့်အခါ ကျန်းဟုန်ချိုးက သူ့ကျောပြင်ကို ကြည့်ရင်း “မျှော်လင့်ချက် ရောင်ခြည်ကို မြင်နေရသလိုပဲ”ဟု တိုးတိုးလေး ရေရွတ်လိုက်မိ၏။
လေ့ကျင့်ရေးကွင်းတွင် လစ်ပီက ဘောလုံးတစ်လုံးကို ပုတ်လျက် စောင့်နေသည်။ ချူဖုန်းက လျှောက်သွားပြီး -“ဆရာ... လေ့ကျင့်ရေးပွဲ မစခင် ကစားကွက်အကြောင်း အရင် ဆွေးနွေးကြမလား”
လစ်ပီက ချူဖုန်း၏ တက်ကြွမှုကို သဘောကျကာ လက်ခုပ်တီးပြီး အသင်းသားအားလုံးကို စုလိုက်သည်။
အသင်း (A) က ၄-၃-၃ ကစားကွက် : တိုက်စစ်တွင် အယ်လ်ကီဆင်၊ ချူဖုန်းနှင့် ဝူလေ။
အသင်း (B) ကလည်း ၄-၃-၃ ကစားကွက် : ဝေရှီဟောင်၊ ရန်ရွှီနှင့် ယွီတာပေါင်။
အသင်း (B) မှ ကစားသမားများမှာ အသင်း (A) ၏ တိုက်စစ်အတွဲကို ကြည့်ကာ မျက်နှာ ပျက်ကုန်ကြသည်။ အယ်လ်ကီဆင်၊ ချူဖုန်းနှင့် ဝူလေ...။
ဒါက လက်ရွေးစင်အသင်းရဲ့ အတောင့်တင်းဆုံး တိုက်စစ် မဟုတ်ပါလား။ သူတို့ ဘယ်လို ခုခံရမလဲ။
တီ... တီ...
လေ့ကျင့်ရေးပွဲ စတင်လိုက်သည်နှင့် နှစ်သင်းလုံး အားကုန် တိုက်စစ်ဆင်ကြတော့သည်။ အသင်း (A)၏ ကစားကွက်က ရိုးရှင်းသည်။ ချူဖုန်းကို လူကပ်ကစားခံထားရသဖြင့် အယ်လ်ကီဆင်က ဘယ်ဘက် တောင်ပံမှ ဖြတ်တင်ဘော ပေးလိုက်၏။
ထိုအချိန်တွင်ပင်...
ကျူးချန်ကျဲသည် ချူဖုန်း ဝုန်းခနဲ လေထဲသို့ မြောက်တက်သွားသည်ကို မြင်လိုက်ရသည်။ သူထက် အနည်းဆုံး (၂၀) စင်တီမီတာခန့် ပိုမြင့်အောင် ခုန်တက်သွားခြင်းပင်။
ဘုန်း...
ချူဖုန်းက ဘောလုံးကို ခေါင်းဖြင့် အားပါပါ တိုက်သွင်းလိုက်ရာ ဂိုးကွင်းထဲသို့ ဒုံးကျည်ပမာ ဝင်သွားတော့သည်။
တစ်ကွင်းလုံး တိတ်ဆိတ်သွား၏။ အားလုံးက မွန်းစတားကြီးတစ်ကောင်ကို တွေ့လိုက်ရသလို အံ့သြမှင်သက်နေကြသည်။
“ဒါ... အနည်းဆုံး လေထဲမှာ (၂) မီတာလောက် မြင့်သွားတာ မဟုတ်လား” ဝူလေက အံ့သြတကြီး ရေရွတ်လိုက်သည်။
ငါးမိနစ်အကြာတွင် ချူဖုန်းက ကွင်းလယ်အထိ ဆင်းလာပြီး ဘောလုံးတောင်းလိုက်သည်။ ဝူရှီးက သူ့ကို တားရန် ကြိုးစားသော်လည်း ချူဖုန်းက ခန္ဓာကိုယ်ကို အသာအယာ ယိမ်းလိုက်ရုံဖြင့် ဝူရှီးမှာ မြက်ခင်းပေါ်သို့ ဖင်ထိုင်လျက်သား လဲကျသွားတော့သည်။
ချူဖုန်းက ခေါင်းကို အသာမော့ကာ အသင်းဖော်၏ တည်နေရာကို အတည်ပြုပြီးနောက်...
ရွှစ်...
ဓားခုတ်သလို တိကျလှသော မျှောပေးဘော တစ်လုံးကို ပေးလိုက်ရာ ဘောလုံးက အသင်း (B) ၏ နောက်တန်းကို ဖောက်ထွက်ကာ ဝူလေ၏ ခြေထောက်ရှေ့သို့ အသာအယာ ရောက်သွားတော့သည်။ ဝူလေကလည်း အမှားအယွင်းမရှိ ဂိုးသွင်းယူလိုက်၏။
“တကယ့်ကို ကွက်တိပဲ... အက်စပန်ညိုမှာတောင် ဒီလို ပေးပို့မှုမျိုး တစ်ခါမှ မရဖူးဘူး” ဝူလေက စိတ်လှုပ်ရှားစွာ ပြောရှာသည်။
ဘေးနားမှ ကြည့်နေသော လစ်ပီကတော့ မျက်မှောင်ကြုတ်နေမိသည်။
“ချူဖုန်းနဲ့ သူ့အသင်းဖော်တွေကြားက ကွာဟချက်က ကြီးလွန်းနေတယ်... ဒါက သိပ်တော့ မကောင်းဘူး”
ချူဖုန်းက ပရီးမီးယားလိဂ်၏ အရှိန်အဟုန်ကို ယူဆောင်လာခြင်း ဖြစ်သော်လည်း အသင်းဖော်များက လိုက်မမှီနိုင်ဖြစ်နေသည်။ အသင်းငယ်တွေနှင့် ကစားလျှင် ချူဖုန်း၏ တစ်ကိုယ်တော် စွမ်းရည်နှင့် နိုင်နိုင်သော်လည်း အသင်းကြီးတွေနှင့် တွေ့လျှင် ထိုကဲ့သို့ ဟန်ချက်မညီမှုက အန္တရာယ် ရှိလာနိုင်သည်။
လစ်ပီက သူ့မျက်မှန်ကို အသာပင့်ရင်း - “ချူဖုန်းကို နည်းနည်း နောက်ဆုတ်ခိုင်းရင်ရော... သူက ဂိုးပေါက်ကို မျက်နှာမူပြီး တိုက်စစ်ကို ဦးဆောင်နိုင်သလို ကွင်းလယ်ကိုလည်း ထိန်းကျောင်းပေးနိုင်မယ်... နံပါတ် ၁၀နဲ့ နံပါတ် ၉ နှစ်မျိုးအရော ပုံစံမျိုးပေါ့”
ဒါက လစ်ပီ ဂျူဗင်တပ်စ်နှင့် အီတလီအသင်းမှာ သုံးခဲ့သော ဂန္ထဝင် အီတလီ ၄-၄-၂ ကစားကွက်ပင် ဖြစ်ပေသည်။ နေရာစုံကစားနိုင်တဲ့ နောက်ခံလူတွေ၊ မာကျောတဲ့ ကွင်းလယ်လူတွေနဲ့အတူ ပါရမီရှင် ကွင်းလယ်ဖန်တီးရှင် တစ်ယောက် ပါဝင်တဲ့ ကစားကွက်...။
ချူဖုန်းကတော့ ထိုသင်္ဘောကြီး၏ တက်မကိုင် အသင်းခေါင်းဆောင် ဖြစ်လာတော့မည်။
“အရင်ကတော့ တရုတ်အသင်းမှာ ဒီလို နေရာမျိုးအတွက် ကစားသမား မရှိခဲ့ဘူး... ဒါပေမဲ့ အခု ချူဖုန်း ရှိနေပြီ”လစ်ပီက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
ရုတ်တရက် ကွင်းထဲတွင် ဟေးခနဲ အော်သံ ထွက်လာပြန်သည်။ ချူဖုန်းက ကမ္ဘာ့အဆင့် ဂိုးတစ်ဂိုးကို ထပ်မံ သွင်းယူလိုက်ခြင်းပင်။
လစ်ပီ၏ စိတ်ထဲတွင် နောက်ဆုံး ကျန်ရှိနေသော သံသယများပါ ပျောက်ကွယ်သွားတော့သည်။
“ချူဖုန်းက ငါ့ကို လုံလောက်တဲ့ အာဏာကို ပေးလိုက်တာပဲ... ကစားသမား ရွေးချယ်မှုကအစ၊ ကစားကွက် အဆုံး ငါ့စိတ်ကြိုက် လုပ်လို့ရပြီ... ဘယ်သူမှ လာနှောင့်ယှက်မှာ မဟုတ်တော့ဘူး... ငါ တရုတ်ပရိသတ်တွေနဲ့ ငါ့ကိုယ်ငါ အတွက် အကောင်းဆုံး ကြိုးစားရတော့မယ်”
………………
"အစီအစဉ် စတင်ပါပြီ... အစီအစဉ် စတင်ပါပြီ..."
"အခုဆိုရင် ၂၀၁၉ ခုနှစ်ရဲ့ ဖီဖာ အဆင့် (A) ခြေစမ်းပွဲစဉ်ကို တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ပေးနေတာ ဖြစ်ပါတယ်..."
"တရုတ်အမျိုးသား လက်ရွေးစင်အသင်းနဲ့ ဖိလစ်ပိုင် အမျိုးသား လက်ရွေးစင်အသင်းတို့ရဲ့ အိမ်ကွင်းပွဲစဉ်ပဲ ဖြစ်ပါတယ်..."
"ကျွန်တော်ကတော့ ဒီနေ့ပွဲစဉ်ရဲ့ နောက်ခံစကားပြောသူ ဟယ်ဝေ ဖြစ်ပါတယ်... ကျွန်တော့် ဘေးမှာတော့ ဧည့်သည်တော်အဖြစ် လက်ရွေးစင် ကစားသမားဟောင်းကြီး ဆန်ကျိဟိုင် ရှိနေပါတယ်..."
ဟယ်ဝေက အသက်ကို ဝဝရှူလိုက်ရင်း ကွင်းထဲသို့ ငုံ့ကြည့်လိုက်သည်။ ကွမ်ကျိုး တီယန်ဟဲ အားကစားကွင်းကြီးကား ပရိသတ် ခြောက်သောင်းခန့်နှင့် ပြည့်လျှံနေလေပြီ။
ရိုးရိုး ခြေစမ်းပွဲလေး တစ်ပွဲဖြစ်သော်လည်း ပရိသတ်များမှာ ကွင်းထဲတွင်သာမက ကွင်းအပြင်ဘက်မှာပါ တိုးမပေါက်အောင် ရောက်ရှိနေကြသည်။
ကွင်း၏ အရပ်လေးမျက်နှာလုံးတွင် အနီရောင် ပင်လယ်ပြင်ကြီးတစ်ခုပမာ ရဲရဲတောက်နေ၏။ ဟယ်ဝေ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာသည်။
သူ တစ်ခါက ပြောခဲ့ဖူးသလိုပင် - တရုတ်ဘောလုံးလောကသည် လူအများအတွက် တံတွေးခွက် တစ်ခု ဖြစ်နေပါစေဦး… သူ့အတွက်တော့ ဒါဟာ တန်ဖိုးမဖြတ်နိုင်သော သန့်စင်ရေခွက်တော်ပင်…။
ဆန်ကျိဟိုင်လည်း ကွင်းထဲရှိ ကစားသမားများကို ကြည့်ရင်း ၂၀၀၁ ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့စဉ်က မြင်ကွင်းကို ပြန်လည် အမှတ်ရနေမိသည်။ ထိုအချိန်က လီဝေဖုန်း တစ်ယောက် နိုင်ငံတော်အလံကို ဝှေ့ယမ်းကာ "တရုတ်ပြည် အဓွန့်ရှည်ပါစေ" ဟု အားရပါးရ အော်ဟစ်ခဲ့ဖူးသည်။
နှမြောစရာကောင်းသည်မှာ ထိုကဲ့သို့သော အော်ဟစ်သံမျိုး နောက်ပိုင်းမှာ မကြားရတော့ခြင်းပင်။
"ဒီနေ့ပွဲက တရုတ်အသင်းအတွက် အဓိပ္ပာယ် ထူးခြားပါတယ်... ပထမအချက်က နည်းပြ လစ်ပီ ပြန်လာတာဖြစ်ပြီး ဒုတိယအချက်ကတော့ ရှောင်ချူ လက်ရွေးစင်အသင်းဆီ ပြန်ရောက်လာတာပါပဲ..." ဆန်ကျိဟိုင်က လေသံလေးလေးဖြင့် ပြောလိုက်သည်။
---
အသင်းနှစ်သင်း ကွင်းထဲသို့ ထွက်လာသည့်အခါ ကင်မရာများအားလုံးက ချူဖုန်းထံသို့သာ စိုက်နေတော့သည်။ ချူဖုန်းက ခေါင်းမော့ကာ ကြည့်လိုက်၏။
ဤအနီရောင် မြင်ကွင်းသည် မည်မျှ လှပလိုက်ပါသနည်း။
ကလပ်အသင်းမှာ ကစားရခြင်းက ကိုယ်ကျိုးစီးပွားအတွက် ဖြစ်သော်လည်း လက်ရွေးစင်အသင်းမှာ ကစားရခြင်းက နိုင်ငံတော်၏ ဂုဏ်သိက္ခာအတွက် ဖြစ်သည်။ သူ့ရင်ဘတ်ပေါ်ရှိ နိုင်ငံတော် အလံအမှတ်တံဆိပ်က ပူနွေးလာသလို ခံစားရပြီး သွေးများ ဆူပွက်လာတော့သည်။
"အားလုံးပဲ မတ်တပ်ရပ်ပေးကြပါရန်..."
နိုင်ငံတော်သီချင်းသံ ထွက်ပေါ်လာချိန်တွင် ချူဖုန်းက သူ့ရင်ဘတ်ပေါ် လက်တင်ကာ စိတ်လှုပ်ရှားမှုကို ထိန်းထားလိုက်သည်။ သူ မငိုပါ။ ခေါင်းကိုသာ မော့ထားကာ ဂုဏ်ယူစွာဖြင့် ရှေ့သို့ ကြည့်နေမိသည်။
သူ တွေးနေမိသည်မှာ - သူသည် ကလပ်အသင်းတွင် ဆုဖလားပေါင်း များစွာ ရရှိခဲ့သော်လည်း မိမိနိုင်ငံ အတွက် ဘာမှ မလုပ်ပေးနိုင်ခဲ့လျှင် တစ်သက်လုံး နောင်တရနေမည်မှာ အသေအချာပင်။ ချန်ပီယံလိဂ် ဖလားတွေ ဘယ်လောက်ပဲ ရရ၊ နိုင်ငံတော်အလံကို ဘောလုံးကွင်းထဲမှာ မြှောက်ခွင့်မရရင်တော့ ဘာမှ မပြည့်စုံနိုင်ပေ။
"ကဲ... အခု ပွဲထွက်လူစာရင်းကို ကြေညာပေးပါ့မယ်..."
ဟယ်ဝေက သူ့ထိုင်ခုံတွင် ပြန်ထိုင်ကာ စာရင်းဖတ်လိုက်သည်။ တရုတ်အသင်းသည် ၄-၄-၂ ကစားကွက်ဖြင့် ပွဲထွက်လာပြီး မန်ယူစတား ချူဖုန်းနှင့် လူငယ်နောက်ခံလူ ကျူးချန်ကျဲတို့ ပွဲဦးထွက် အဖြစ် ပါဝင်လာကြသည်။ ဖိလစ်ပိုင်အသင်းကမူ ၃-၄-၁-၂ ကစားကွက်ဖြင့် ပွဲထွက်လာ၏။
အွန်လိုင်း ထုတ်လွှင့်မှုများတွင်လည်း ကြည့်ရှုသူဦးရေမှာ စံချိန်တင်နေပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲထက်ပင် ပိုများနေလေသည်။
- [တီဗီထဲမှာ ကြည့်တုန်းက ချူလေးက ခန္ဓာကိုယ် သေးသေးလေးလို့ ထင်ရပေမဲ့... အပြင်မှာကျတော့ တကယ့် နွားသိုးကြီးလိုပဲဟ။ တောင့်လိုက်တာ။]
- [ဖိလစ်ပိုင်ကိုတော့ အပြတ်ကန်ရမှာပဲ... ချူလေး မပါခင်တုန်းကတောင် ၈-၁ နဲ့ နိုင်ထားတာ။]
- [ဒီနေ့ပွဲကတော့ ဂိုးပြတ်မှာပဲ... ချူလေးရဲ့ ခြေစွမ်းကို စောင့်ကြည့်ရအောင်။]
***