စက္ကန့်သုံးဆယ်ခန့် တိတ်ဆိတ်သွားပြီးနောက် အခြေအနေက ပြန်လည် အသက်ဝင်လာလေသည်။ Live ထဲရှိ comment များကလည်း တစ်ဖန် ပြန်လည် ပွက်လောရိုက်လာတော့၏။
" လခွမ်း... ဒီဘဲက ဘယ်သူလဲဟ... "
" ဟားဟား... အူနာနေပြီဟေ့... တကယ် ရယ်ရလွန်းလို့ သေတော့မယ်... ဒီလို လူမျိုး ရှိတာပဲ... "
" ဒီကောင်ကတော့... ဒီတစ်ခါတော့ တကယ် နာမည်ကြီးသွားပြီ... တကယ့်ကို နာမည်ကြီးသွားတာ... ပျားမလေး ရဲ့ ဇဝေဇဝါ ဖြစ်နေတဲ့ မျက်နှာကို ကြည့်ပါဦး... "
" ငါလည်း နည်းနည်း ဇဝေဇဝါ ဖြစ်နေတယ်... ဒီကောင်က တမင်တကာ လုပ်နေတာများလား... "
" တမင် လုပ်နေတာတော့ မထင်ပါဘူး... သူ့မှာ အဲဒီလောက် ဉာဏ်ရည်ဉာဏ်သွေး ရှိပုံမရဘူး... ဟားဟား... "
" ဒီ တက်ကြွတဲ့ကြက်ဖ အွန်လိုင်း ပြန်တက်လာတဲ့ အချိန်ကျရင် သူ့မျက်နှာ ဘယ်လို နေမလဲ ဆိုတာကို ငါ တကယ် ကြည့်ချင်တယ်... "
" ဟီးဟီး... မင်း တွေးနေသလိုပဲ၊ သူ တွေးနေသလိုပဲ၊ အားလုံး တွေးနေကြသလိုပဲ... နောက်ဆုံးတော့ သူ အောင်မြင်သွားတာပဲ မဟုတ်ဘူးလား... "
" အောင်မြင်တယ် ဟုတ်လား... ဘာကို အောင်မြင်တာလဲ... "
" အဆဲတောင်းပြီး အောင်မြင်တဲ့ အထာပေါ့ကွာ... "
" အင်း... မင်း အဲဒီလို ပြောလိုက်တော့လည်း ဟုတ်သလိုလိုပဲ... "
" ဟားဟား... ရယ်လို့ကို မဆုံးနိုင်တော့ဘူး... အမိုက်စားပဲ... "
ဤအချိန်တွင် ရှောင်ဝမ်လည်း သတိပြန်ဝင်လာလေပြီ။
သူမက စခရင်ကို ပျားမလေးနှင့် အပြန်အလှန် စကားပြောနေသည့် အခြေအနေသို့ အလျင်အမြန် ပြန်လည် ပြောင်းလဲလိုက်၏။
" အဟမ်း... အဟမ်း... ခုနက သူငယ်ချင်းက နည်းနည်း စိတ်လှုပ်ရှားလွန်းသွားလို့ နေမှာပါ... "
" အဲဒီလို ဆိုတော့လည်း... နောက်တစ်ယောက်ကို ဆက်ပြီး ချိတ်ဆက်ကြည့်ကြတာပေါ့... ဒီတစ်ခေါက် ကျွန်မတို့ရဲ့ ပျားမလေး နဲ့ အပြန်အလှန် စကားပြောခွင့် ရမယ့် ဒုတိယမြောက် ကံထူးရှင် Streamer က ဘယ်သူ ဖြစ်မလဲ ဆိုတာ ကြည့်လိုက်ကြရအောင်... "
ဤတစ်ကြိမ်တွင်တော့ အရာအားလုံးက ဇာတ်ညွှန်းအတိုင်း ဖြစ်သွားလေသည်။
သူတို့က အလားအလာ အတော်လေး ရှိသော Streamer တစ်ဦးနှင့် ချိတ်ဆက်လိုက်မိ၏။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ အစီအစဉ်က တဖြည်းဖြည်း ပုံမှန် အခြေအနေသို့ ပြန်ရောက်သွားလေသည်။
ဘာပဲဖြစ်ဖြစ် ဇာတ်ညွှန်း ရှိနေပြီးသားလေ... ပြီးတော့ အပြန်အလှန် စကားပြောမယ့် Streamer တွေကလည်း အစီအစဉ်တွေ အတွက် သေချာ ပြင်ဆင်ထားကြတာ...။
အစကတော့ ကျပန်း ပရိသတ် နှစ်ယောက်ကိုလည်း ပါဝင်ခိုင်းဖို့ အစီအစဉ် ရှိခဲ့တာ...။
Live ဆက်လက် လွှင့်နေစဉ်မှာပင် အစီအစဉ်က အဆုံးသတ်သို့ ရောက်ရှိလာလေပြီ။
ထိုအချိန်မှာပင် ရှောင်ဝမ် ထံသို့ လီယီတောင်း ဆီမှ မက်ဆေ့ချ် တစ်စောင် ဝင်လာ၏။
" မနက်ဖြန်က စပြီး Live လွှင့်ဖို့ ကျွန်တော် အာမ မခံနိုင်တော့ဘူး... ခဏနေရင် အပြန်အလှန် စကားပြောကြတာပေါ့... "
တကယ်တမ်းတွင် လီယီတောင်းက အတော်လေး အေးအေးဆေးဆေး နေတတ်သူ ဖြစ်ပြီး ပထမနေ့တွင် အပြန်အလှန် စကားပြောရန် ရည်ရွယ်မထားခဲ့ပေ။
သို့သော် အခုလေးတင် အဘိုးအိုက သူ့ထံ မက်ဆေ့ချ် တစ်စောင် ပို့လာခဲ့ခြင်း ဖြစ်၏။
ဒီရက်ပိုင်း အတွင်း သူ့အကူအညီ လိုအပ်မယ့် ကိစ္စ တစ်ခုခု ရှိနေနိုင်တယ်တဲ့...။
ဘာကိစ္စလဲ၊ ဘယ်ကို သွားရမလဲ ဆိုတာကိုတော့ အတိအကျ မပြောခဲ့ဘူး...။
အနည်းဆုံး တစ်ပတ်၊ ဒါမှမဟုတ် အဲဒီထက် ပိုကြာနိုင်တယ်လို့ပဲ ပြောခဲ့တာ...။
ထို့ကြောင့် လီယီတောင်းက ရှောင်ဝမ်ကို ချက်ချင်း ဆက်သွယ်လိုက်ရခြင်း ဖြစ်၏။
ဘာပဲဖြစ်ဖြစ် ပလက်ဖောင်းကို ကတိပေးထားပြီးပြီ ဆိုတော့ အနည်းဆုံး တစ်ကြိမ်တော့ ပေါ်လာရမှာပေါ့...။
သို့သော် မက်ဆေ့ချ်ကို ရရှိပြီးနောက် ရှောင်ဝမ် ခဏတာ မှင်သက်သွားရလေသည်။
အစ်ကိုယီတောင်း က ပျားမလေး နဲ့ အပြန်အလှန် စကားပြောမယ် ဟုတ်လား...။
သူမ မသိစိတ်မှပင် တံတွေး တစ်ချက် မျိုချလိုက်မိပြီး ဝမ်ရှန်းချန် ထံ အလျင်အမြန် ပို့လိုက်လေသည်။
အစီအစဉ်မှာ လီယီတောင်း ကို ပျားမလေး နဲ့ အပြန်အလှန် စကားပြောခိုင်းဖို့ လုံးဝ မပါဘူးလေ...။
တကယ်လို့ အစ်ကိုယီတောင်းသာ ပျားမလေး ကို Follow လိုက်ရင်... ပြဿနာ အကြီးကြီး တက်တော့မှာပဲ...။
သေချာတာပေါ့... အစ်ကိုယီတောင်း က တခြား အနုပညာရှင်တွေကို Follow လုပ်ရင်လည်း ပွဲဆူလောက်တဲ့ သတင်း ဖြစ်မှာပါပဲ...။
ဒါပေမဲ့ အနည်းဆုံးတော့ သြဇာလွှမ်းမိုးမှု သိပ်မရှိတဲ့ သူကို ရွေးချယ်တာက ပိုကောင်းတာပေါ့... ယောက်ျားလေး အနုပညာရှင် ဆိုရင် ပိုကောင်းတာပေါ့...။
သူတို့က အစ်ကိုယီတောင်း ရဲ့ အရှိန်အဝါ ကို နည်းနည်းလောက် ယူသုံးချင်ကြတာ...။
ဒါပေမဲ့ အစ်ကိုယီတောင်း follow မှာလည်း မလိုချင်ကြဘူး…။
ရွေးချယ်ခံရတဲ့ အနုပညာရှင် အနေနဲ့ အစ်ကိုယီတောင်း ရဲ့ Follow လုပ်တာ ခံရမလား၊ မခံရဘူးလား ဆိုတာကတော့ ကံတရား အပေါ်မှာပဲ မူတည်တော့တာပေါ့...။
ရှောင်ဝမ်၏ မက်ဆေ့ချ်ကို ရရှိပြီးနောက် ဝမ်ရှန်းချန် တစ်ယောက် သိသိသာသာ လွန်ဆွဲနေလေပြီ။
ရွေးချယ်စရာ နှစ်ခုပဲ ကျန်တော့တဲ့ ပုံပဲ...။
တစ်ခုက လီယီတောင်းရဲ့ တောင်းဆိုချက်ကို သဘောတူလိုက်ဖို့... ဒါပေမဲ့ လီယီတောင်း က ပျားမလေး ကို Follow လိုက်မယ့် ရာခိုင်နှုန်းက တော်တော်လေး များနေတယ်...။
နောက်ရွေးချယ်စရာ တစ်ခုကတော့ ငြင်းလိုက်ဖို့ပဲ...။
ဒါပေမဲ့...
ငြင်းလိုက်တယ် ဆိုရင်... အစ်ကိုယီတောင်းရဲ့ အရှိန်အဝါကို ငါတို့ ယူသုံးလို့ မရတော့ဘူး ဆိုတဲ့ သဘောပဲလေ...။
ငါတို့ရဲ့ ပရိုမိုးရှင်းမှာ အစ်ကိုယီတောင်းကလည်း အတိုင်းအတာ တစ်ခုအထိ နေရာယူထားတာ...။
ပြီးတော့ တချို့ စစ်တမ်းတွေ အရ... ဒီအစီအစဉ်မှာ အစ်ကိုယီတောင်း ပါလာဖို့ကို မျှော်လင့်နေကြတာတွေလည်း ရှိတယ်...။
အရင်က ထုံးစံတွေအရ... လီယီတောင်း လို လူမျိုးက ပထမဆုံး မိနစ်မှာတင် စင်ပေါ် တက်လာမှာတော့ မဟုတ်ဘူးလေ...။
ဒါက အစီအစဉ်ရဲ့ ပထမဆုံး အပိုင်းပဲ ရှိသေးတာ...။
တကယ်လို့ လီယီတောင်း ဆိုတဲ့ ဝှက်ဖဲကို အခု ထုတ်သုံးလိုက်ရင်... နောက်ပိုင်း Live တွေမှာ အစ်ကိုယီတောင်း ကို ကြည့်ဖို့ လူတွေ ဝင်ကြည့်ကြဦးမလား...။
ဒါပေမဲ့ အခုတော့...
ရွေးချယ်စရာ မရှိတော့ဘူး...။
နောက်ဆုံးတွင် သူ ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ပြီး ရှောင်ဝမ် ကို လက်ကာပြလိုက်လေသည်။
နည်းနည်း ရတာက ဘာမှ မရတာထက်တော့ ပိုကောင်းပါတယ်...။
ဘာပဲဖြစ်ဖြစ်... အစ်ကိုယီတောင်း ပေါ်မလာတာထက်တော့ ပိုကောင်းပါတယ်...။
တကယ်လို့ အစ်ကိုယီတောင်းသာ တကယ် ပေါ်မလာခဲ့ရင်... အဲဒါကမှ တကယ့် ခေါင်းကိုက်စရာ ဖြစ်တော့မှာ...။
အစ်ကိုယီတောင်း ရဲ့ ပရိသတ်တွေက ငါတို့ကို ဝိုင်းကြိတ်ကြလိမ့်မယ်…။
သူတို့ ဘယ်လိုတွေတောင် အထင်လွဲသွားကြမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ...။
ခွင့်ပြုချက် ရရှိပြီးနောက် ရှောင်ဝမ် ပြုံးလိုက်ပြီး…. " ဒီနေ့ ပျားမလေးရဲ့ live ကို အားလုံး နှစ်သက်ကြမယ်လို့ ကျွန်မ ယုံကြည်ပါတယ်... "
" ဒါပေမဲ့ လှပတဲ့ အခိုက်အတန့်တွေက အမြဲတမ်း တိုတောင်းလေ့ ရှိပါတယ်... အချိန်လည်း စေ့လာပြီ ဆိုတော့ ဒီနေ့အတွက် ကျွန်မတို့ရဲ့ အစီအစဉ်က အဆုံးသတ်ကို ရောက်လာပါပြီ... "
" ဒီနောက်ဆုံး အချိန်လေးမှာ ဒီနေ့ရဲ့ နောက်ဆုံး ကံထူးရှင်က ဘယ်သူ ဖြစ်လာမလဲ ဆိုတာ ကြည့်လိုက်ကြရအောင်... "
" ကဲ... ဒီနေ့အတွက် နောက်ဆုံး Streamer ကို မဲဖောက်လိုက်ကြရအောင်... "
အစီအစဉ် တင်ဆက်သူ စကားပြောနေစဉ် Live ထဲရှိ စခရင်ပေါ်တွင် ရွေးချယ်မှု လုပ်ငန်းစဉ် စတင်နေလေပြီ။
မရေမတွက်နိုင်သော ပရိုဖိုင်ပုံများက ဆက်တိုက် လင်းလက်နေ၏။
တကယ်တမ်းတွင် ၎င်းတို့က ရွေးချယ်မှု လုပ်ငန်းစဉ်ကို ပိုမို အစစ်အမှန် ဖြစ်စေရန် ဖန်တီးထားသော အထူး ပြုလုပ်ချက် အချို့သာ ဖြစ်လေသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက်...
နောက်ဆုံးတော့...
စခရင်ကြီးပေါ်တွင် လူတစ်ယောက်၏ မျက်နှာ ပေါ်လာလေသည်။
ထိုလူ၏ မျက်နှာ ပေါ်လာသည်နှင့် တစ်ပြိုင်နက် Live တစ်ခုလုံး စိတ်လှုပ်ရှားမှုများဖြင့် ဆူညံပေါက်ကွဲသွားတော့၏။
" အိုး ဘုရားရေ... အစ်ကိုယီတောင်း လား... အဲဒါ အစ်ကိုယီတောင်း မဟုတ်ဘူးလား... "
" ပျားမလေး အတွက် နောက်ဆုံး အပြန်အလှန် စကားပြောမယ့်သူက အစ်ကိုယီတောင်းလား... ဒါ ရူးချင်စရာပဲ... ပလက်ဖောင်းက အရမ်း အကြီးကြီး ပလေးနေတာလား... "
" လခွမ်း... ပျားမလေး... ပြေးတော့... အစ်ကိုယီတောင်းကို ရှောင်ဟေ့... "
"ဟုတ်တယ်... ပျားမလေး... စကားပြောမယ့် အစီအစဉ်ကို ငြင်းလိုက်... "
" ဟီးဟီး... စကားပြောတာကို ငြင်းလိုက်ရင် အလုပ်ဖြစ်မလား... အစ်ကိုယီတောင်းက မင်းကို Follow ဖို့ မင်းနဲ့ စကားပြောဖို့ လိုလို့လား... ဖြစ်လာသမျှကို ကျေကျေနပ်နပ် လက်ခံလိုက်တာက ပိုကောင်းပါတယ်... "
" နေပါဦး... ပျားမလေးက အစ်ကိုယီတောင်း ရဲ့ Follow လုပ်တာကို ခံရတော့မယ့် အတိုင်း မင်းတို့တွေက ဘယ်လိုလုပ် ပြောထွက်ရတာလဲ... အဲဒါက နည်းနည်း လွန်မနေဘူးလား... "
" လွန်တယ် ဟုတ်လား... ဟီးဟီး... အစ်ကိုယီတောင်း မဲပေါက်တဲ့ အခွင့်အရေးက တအားကို တိုက်ဆိုင်နေတာလေ... ဘာပြဿနာမှ မရှိဘူးဆိုတာ ငါ မယုံဘူး... "
" အစ်ကိုယီတောင်း... ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ ပျားမလေးကို ချမ်းသာပေးပါဗျာ... ကျွန်တော့် ရည်းစားရဲ့ အသက် ဆယ်နှစ်ကို ပေးပါမယ်… ပျားမလေးကို ချမ်းသာပေးပါဗျာ... "
" အပေါ်ကလူ... မင်း ဘာတွေ လျှောက်ပြောနေတာလဲ... "
" စကားများမနေကြနဲ့... ချိတ်သွားပြီ... ချိတ်သွားပြီ... အစ်ကိုယီတောင်း နဲ့ ငါ့ရဲ့ ပျားမလေးတို့ ဘာတွေ ပြောမလဲ ဆိုတာ ကြည့်လိုက်ကြရအောင်... "
***