လီယီတောင်း မျက်နှာက Live စခရင်ပေါ်တွင် ပေါ်လာလေသည်။
လေထုက တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားပြန်၏။
ပျားမလေးက အစ်ကိုယီတောင်း၏ နာမည်ကျော်ကြားမှုကို အတိုင်းအတာ တစ်ခုအထိတော့ သိထားလေသည်။
ဤကဲ့သို့သော ထိပ်တန်း အနုပညာရှင်များက ပုံမှန်အားဖြင့် သတင်းအမျိုးမျိုးကို လိုက်ဖတ်နေလေ့ မရှိကြပေ။ သူတို့ အဓိက အာရုံစိုက်လေ့ရှိသည်မှာ သူတို့၏ အနုပညာ အသိုင်းအဝိုင်း အတွင်း၌သာ ဖြစ်တတ်၏။
သို့သော်...
အစ်ကိုယီတောင်း၏ မကြာသေးမီက မှတ်ချက်များက အလွန်အမင်း နာမည်ကြီးနေခဲ့လေသည်။ ရက်အနည်းငယ်ခြားတိုင်း Trending စာရင်းထဲ ရောက်ရောက်နေသဖြင့် အာရုံမစိုက်မိဘဲ နေရန်မှာ မဖြစ်နိုင်သလောက်ပင်။
ထို့ကြောင့် ပျားမလေးက သူမ အနေဖြင့် အစ်ကိုယီတောင်းနှင့် အပြန်အလှန် စကားပြောရမည်ကို သိလိုက်ရချိန်တွင် ရိုသေစွာ အရင် စကားစလိုက်သည်။
" မင်္ဂလာပါ အစ်ကိုယီတောင်း... အစ်ကိုက အခုတလော တော်တော်လေး နာမည်ကြီးနေတာနော်... "
" အစ်ကိုယီတောင်း သနားညှာတာပြီး ကျွန်မကို မ Follow ပါနဲ့လို့ မျှော်လင့်ပါတယ်ရှင်... ဟီးဟီး... "
အခြေအနေကို အသက်ဝင်စေရန် သူမက ရယ်မောလျက် ပြောလိုက်လေသည်။
အစ်ကိုယီတောင်းက မှင်သက်နေပုံ ရလေသည်။
အစ်ကိုယီတောင်း၏ ကြောင်အမ်းအမ်း မျက်နှာထားကို ပရိသတ်များ မြင်တွေ့လိုက်ရချိန်တွင် Live တစ်ခုလုံး ခဏတာ တိတ်ဆိတ်သွားတော့၏။
အစ်ကိုယီတောင်း၏ ဤမျက်နှာထားက အလွန် ရင်းနှီးနေလေပြီ။
အစ်ကိုယီတောင်း၏ Live ကို ကြည့်ဖူးသူတိုင်း၊ အထူးသဖြင့် သူ၏ ယောဂမယ်လေးများ အကြောင်းကို ကြုံတွေ့ဖူးသူတိုင်းက ဤမျက်နှာထား ဘာကို ဆိုလိုသည်ကို အတိအကျ သိကြလေသည်။
အစ်ကိုယီတောင်း စတင် လှုပ်ရှားတော့မည်...။
ထင်သည့်အတိုင်းပင်။
ခဏတာ ဇဝေဇဝါ ဖြစ်ပြီးနောက် အစ်ကိုယီတောင်းက မျက်မှောင်ကြုတ်လိုက်ကာ ပျားမလေးကို ချက်ချင်း Follow လိုက်လေသည်။
Live တစ်ခုလုံး မျက်စိတစ်မှိတ် အတွင်းမှာပင် ပေါက်ကွဲသွားတော့၏။
" လခွမ်း... ဒါ နောက်နေတာလား... မဖြစ်နိုင်ဘူး... "
" မဖြစ်နိုင်ဘူး မဟုတ်လား... ဒါ တကယ် မဖြစ်နိုင်ဘူး... အစ်ကိုယီတောင်း... ခင်ဗျား ဒီလို လုပ်လို့ မရဘူးလေ... "
" အဲဒါ အစစ်လား၊ အတုလား... ငါ တစ်မိနစ်လောက်လေး လစ်သွားတာကို ပျားမလေးက Follow ခံလိုက်ရပြီလား... "
" မဟုတ်ဘူး... ဘယ်သူက လာကျိန်စာတိုက်သွားတာလဲ... ဖက်ခ်... သူ့ကို ငါ အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်... "
" အပေါ်ကလူ... မင်းက အစ်ကိုယီတောင်း ကို ဆွဲဖြဲမလို့လား၊ ဒါမှမဟုတ် ကျိန်စာတိုက်တဲ့ ကောင်ကို ဆွဲဖြဲမလို့လား... "
" မေးနေစရာ လိုသေးလို့လား... ဒီကိစ္စရဲ့ နောက်ကွယ်က လက်မည်းကြီးက ဘယ်သူလဲ... ငါ အဲဒီ ကျိန်စာတိုက်တဲ့ ကောင်ကို သေချာပေါက် ဆွဲဖြဲပစ်မှာပေါ့... "
" သူသာ လျှောက်မပြောရင် အစ်ကိုယီတောင်းက ငါ့ရဲ့ ပျားမလေး ကို Follow ပါ့မလား... "
" နေပါဦး... သူငယ်ချင်း... မင်း သွားတာ နည်းနည်းတော့ လွန်နေပြီ... "
" ဟင့်... ငါ့ရဲ့ ပျားမလေး ပြဿနာ တက်ပြီလား... ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ... "
" တအား ဆူလွန်းတယ်ဟေ့... ဖက်ခ်... ဒီနေ့ရဲ့ Trending ခေါင်းစဉ်တွေကတော့ သေချာသွားပြီ... "
" ဒါနဲ့... အစ်ကိုယီတောင်းက ဘာလို့ Follow လိုက်တာလဲ... အစ်ကိုယီတောင်း... အရိပ်အမြွက်ကော... အရိပ်အမြွက် ပေးဦးလေ... "
ဤအချိန်တွင် ပျားမလေးလည်း ဆွံ့အသွားလေသည်။
သူမက အစ်ကိုယီတောင်းကို သနားညှာတာဖို့ ယဉ်ယဉ်ကျေးကျေးလေး တောင်းဆိုလိုက်ကာမှ သူမကို Follow လိုက်တယ် ဟုတ်လား...။
သူမက အစ်ကိုယီတောင်းကို အနေရခက်သော မျက်နှာထားဖြင့် ကြည့်ကာ အတင်း ပြုံးပြလိုက်ပြီး... " ဟီးဟီး... အစ်ကိုယီတောင်းက တကယ် နောက်တတ်တာပဲ... သနားညှာတာပေးပါလို့ ကျွန်မ ပြောလိုက်တာနဲ့ တစ်ပြိုင်နက်တည်း အစ်ကိုက ကျွန်မကို Follow လိုက်လိမ့်မယ်လို့ မထင်ထားဘူး... "
သူမက အခြေအနေကို ပေါ့ပါးသွားစေရန် အစွမ်းကုန် ကြိုးစားနေခြင်း ဖြစ်၏။
သို့သော် အစ်ကိုယီတောင်းက သူမကို Follow လိုက်သည်မှာ အမှန်တရားပင်။
ဝမ်ရှန်းချန် တစ်ယောက် ဤအချိန်တွင် လုံးဝ စိတ်ပျက်အားငယ်နေလေပြီ။
" ဖက်ခ်... လီယီတောင်း... မင်းက ငါ့ကို ဒုက္ခပေးဖို့ ကောင်းကင်ဘုံက လွှတ်လိုက်တာလား... "
ဖုန်းကို ရိုက်ခွဲလိုက်သံနှင့်အတူ ဒေါသတကြီး အော်ဟစ်သံကြီး ထွက်ပေါ်လာလေသည်။
လီယီတောင်း ပေါ်လာကတည်းက သူ အများကြီး ခံစားခဲ့ရပြီးပြီလေ...။
ရှောင်ဝမ်နှင့် လုပ်ခဲ့သော ပြီးခဲ့သည့် အစီအစဉ် အတွင်းက အစ်ကိုယီတောင်း၏ ခြောက်လှန့်မှုကြောင့် ရခဲ့သော စိတ်ဒဏ်ရာများက အခုထိ မကျက်သေးပေ။
ပြီးတော့ အစ်ကိုယီတောင်း ကြောင့် ပလက်ဖောင်းရဲ့ ဆာဗာတွေ ကျသွားတာလည်း မရေမတွက်နိုင်အောင်ပဲ...။
လီယီတောင်း၏ Live ချောမွေ့စေရန်အတွက် ရန်ပုံငွေများကို အကြိမ်ပေါင်းများစွာ တောင်းခံခဲ့ရသည် မဟုတ်ပါလား။
ထိုမျှမကသေးပေ။ လီယီတောင်းကြောင့်ပင် သူဌေး၏ ဆူပူကြိမ်းမောင်းခြင်းကို အကြိမ်ကြိမ် ခံခဲ့ရသေး၏။
လီယီတောင်း၏ နာမည်ကျော်ကြားမှုက ပလက်ဖောင်းကို အကျိုးအမြတ် အများအပြား ယူဆောင်လာပေးခဲ့သည်ကလွဲလျှင် စီမံခန့်ခွဲရေး မန်နေဂျာ တစ်ယောက် ဖြစ်သော သူ့အဖို့တော့ ခေါင်းခဲစရာများချည်းသာ။
ဘာပဲဖြစ်ဖြစ်... Live လွှင့်နေတုန်း Streamer တစ်ယောက် သေဆုံးသွားတယ် ဆိုတာ သေးတဲ့ ကိစ္စမှ မဟုတ်တာ...။
ဒါက Live မတော်တဆမှုကြီးလေ...။
ဒီလို ပြဿနာမျိုးကို စီမံခန့်ခွဲရေး မန်နေဂျာကလွဲရင် ဘယ်သူက တာဝန်ယူဖြေရှင်းပေးရမှာလဲ...။
ဒါကြောင့် ဒီလို အခြေအနေမျိုးမှာ တကယ်ကို ဒုက္ခရောက်နေရတာ...။
တကယ်လို့သာ အစ်ကိုယီတောင်းသာ ပျားမလေး ကို Follow လိမ့်မယ် ဆိုတာကို သူ ကြိုသိခဲ့မယ် ဆိုရင်... အလုပ်တောင် ထွက်ထားဖြစ်မှာ…။
သူတို့ နှစ်ယောက်ကို အပြန်အလှန် စကားပြောဖို့ မစီစဉ်ခဲ့သင့်ဘူး...။
ပျားမလေးက ထိပ်တန်း အနုပညာရှင် တစ်ယောက်လေ...။
သူမရဲ့ ပရိသတ် အင်အားက အစ်ကိုယီတောင်း ထက်တောင် ပိုများသေးတယ်...။
အခု ဖြစ်လာမယ့် အကျိုးဆက်တွေ၊ ပရိတ်သတ်တွေ ပွက်လောရိုက်တာတွေက တွေးကြည့်တာနဲ့တင် ခေါင်းခဲစရာကြီး။
ထိုအချိန်လေးမှာပင်...
" မန်နေဂျာ... ခုနက ရှင် ပစ်ပေါက်လိုက်တာ ကျွန်မ ဖုန်းလေ... "
ရှောင်ဝမ် အသံက မပွင့်တပွင့်။
" ကျွန်မ ကောင်လေးက ဟိုနေ့ကမှ ဝယ်ပေးထားတဲ့ iPhone 17 pro max 1TB လေ... "
ဝမ်ရှန်းချန် ဆွံ့အသွား၏။
ဖက်ခ်... ရင်တွေ ပိုနာသွားပြီ…။
လီယီတောင်း ကတော့ ဤအချိန်တွင် ကြောင်အမ်းနေမိ၏။ သူကိုယ်တိုင်လည်း စနစ်ကို နားမလည်နိုင်တော့ပေ။
[ ကတောင်... အရည်အသွေးမြင့် ဖောက်သည်ကို ရှာဖွေတွေ့ရှိပါသည်၊ ID : ပျားမလေး ]
[ သေဆုံးမှု အခြေအနေ စစ်ဆေးခြင်း - မကြာမီ လူလုပ် မတော်တဆမှုများကြောင့် သေဆုံးမည်၊ သေဆုံးနိုင်ခြေ ၈၈% ]
[ သင့်အနေဖြင့် ဤအရည်အသွေးမြင့် ဖောက်သည်အား ချက်ချင်း Follow လုပ်ရန် အကြံပြုအပ်ပါသည်။ ]
သေဆုံးနိုင်ခြေ ၈၈ ရာခိုင်နှုန်းတဲ့လား...။
ဒီအချိန်မှာ တစ်ဖက်လူကို Follow လိုက်တာက မသင့်တော်ဘူး ဆိုတာကို ငါ သိတယ်... လူမှုရေးဆိုတာကြီးကို ငါ နားလည်တယ်…။
ဒါပေမဲ့...
ဒီအချိန်မှာ Follow လိုက်တာကပဲ ပျားမလေး ကို အထိရောက်ဆုံး သတိပေးနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ...။
ထို့ကြောင့် မည်သို့မျှ တွန့်ဆုတ်မနေဘဲ Follow လိုက်လေသည်။
သေဆုံးရမယ့် အကြောင်းရင်းက လူလုပ် မတော်တဆမှုတွေကြောင့် ဟုတ်လား...။
တစ်နည်းအားဖြင့် ပြောရရင် တစ်ယောက်ယောက်က သူမကို တမင်တကာ အန္တရာယ် ပေးချင်နေတာလား...။
ထို့ကြောင့် ပျားမလေး ဇဝေဇဝါ ဖြစ်နေသည်ကို ချက်ချင်း မဖြေကြားခဲ့သလို၊ သေဆုံးရမည့် အကြောင်းရင်းကိုလည်း ကိုယ်တိုင် မပြောခဲ့ပေ။
ထိုအစား အချက်အလက် အချို့ကို စုဆောင်းရန် သေဆုံးမှု စုံစမ်းစစ်ဆေးခြင်းကို အသုံးပြုလိုက်လေသည်။
သက်တမ်း ဆယ်နှစ်...။
အင်း… သက်တမ်းကုန်တာ များတယ်ဆိုတော့ ဒီကိစ္စက သိပ်တော့ မရိုးရှင်းဘူး…။
[ သုံးရက် အကြာတွင် ရုပ်ရှင် ပွဲတော်၌ နိုင်ငံခြား အင်အားစုများ၏ ရက်စက်စွာ တိုက်ခိုက်မှုကို ခံရမည် ဖြစ်ပြီး ပျားမလေး အပါအဝင် ပွဲတော် တစ်ခုလုံးတွင် ထိခိုက်သေဆုံးမှု အများအပြား ဖြစ်ပေါ်မည်။ ]
[ သေဆုံးမည့် အချိန် အတိအကျ - … ]
၎င်းမှာ လီယီတောင်း တွေ့ရှိခဲ့သော အခြေအနေပင် ဖြစ်၏။
အထဲတွင် သေဆုံးမည့် အချိန်ကို အသေးစိတ် ဖော်ပြထားသည့်အပြင် တစ်ဖက်လူ၏ ရက်စက်သော တိုက်ခိုက်မှုနှင့် အန္တရာယ် ဖန်တီးမှုများ အကြောင်း တိကျသော အချက်အလက်များပင် ပါဝင်လေသည်။
အသုံးပြုမည့် နည်းလမ်းများ၊ သီးခြား နေရာတစ်ခုတွင် ဖုံးကွယ်ထားသော အန္တရာယ်ရှိသည့် ပစ္စည်းများ စသည့် အသေးစိတ် အချက်အလက်များကို ဖော်ပြထား၏။ လီယီတောင်းက အကြောင်းအကျိုး ဆက်စပ်မှုကို နားလည်သွားလေသည်။
ဒီလို အခြေအနေမျိုးက အရိပ်အမြွက် ပေးဖို့ မလွယ်ဘူးလေ...။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် Live ထဲတွင် ပြာယာခတ်စပြုနေသည့် ပျားမလေး ကို ကြည့်လိုက်သည်။
အနည်းငယ် တွေဝေသွားပြီးနောက် နောက်ဆုံးတွင်... " ဒါက Follow လုပ်တာ သက်သက်ပါပဲ... ဘာရည်ရွယ်ချက်မှ မရှိပါဘူး... " ဟု ခပ်တိုးတိုး ပြောလိုက်လေသည်။
" ဒါပေမဲ့ မကြာခင်မှာ... ငါ မှတ်မိတာ မမှားဘူး ဆိုရင် တော်တော်လေး ကြီးကျယ်ခမ်းနားတဲ့ ပွဲတစ်ခု ရှိမယ် မဟုတ်လား... "
" တကယ်တော့... တချို့ပွဲတွေကို မတက်ဘဲ နေတာက အကြံကောင်း တစ်ခုလို့ ငါ ခံစားရတယ်... "
ရုပ်ရှင် ပွဲတော် အကြောင်း တည့်မပြောနိုင်သလို ပွဲတော်မှာ အန္တရာယ် ရှိတယ်လို့လည်း ပြောလို့ မရဘူးလေ...။
အဲဒီလိုသာ ပြောလိုက်ရင် စနစ်က ငါ့ကို သတ်မှာပေါ့...။
ထို့ကြောင့် အနည်းငယ် စဉ်းစားပြီးနောက် ဒုတိယ အကောင်းဆုံး နည်းလမ်းကို ရွေးချယ်လိုက်လေသည်။
၎င်းမှာ ရုပ်ရှင် ပွဲတော်ကို မတက်ရန် ပျားမလေး ကို အရိပ်အမြွက် ပေးလိုက်ခြင်းပင်။
တကယ်လို့ သူသာ အကင်းပါးမယ် ဆိုရင် ရုပ်ရှင် ပွဲတော်မှာ ပြဿနာ ရှိတယ် ဆိုတာကို ခန့်မှန်းမိနိုင်မှာပါ...။
ပျားမလေးက အစ်ကိုယီတောင်း၏ စကားကို သိပ်နားမလည်ပေ။ ခဏတာမျှ ပို၍ ဇဝေဇဝါ ဖြစ်သွားရလေသည်။
ဒါ ဘာအဓိပ္ပာယ်လဲ...။
တချို့ပွဲတွေကို မတက်ဘဲ နေတာက အကြံကောင်း တစ်ခု ဖြစ်နိုင်တယ် ဟုတ်လား...။
တကယ်ကို ဘာမှ စဉ်းစားလို့ မရဘူး...။
ပျားမလေး စဉ်းစားလို့ မရတာနဲ့ပဲ မရေမတွက်နိုင်တဲ့ အင်တာနက် သုံးစွဲသူတွေက စဉ်းစားလို့ မရဘူးလို့ မဆိုလိုဘူးလေ...။
ဤအချိန်တွင် Live ထဲ၌ လီယီတောင်း၏ အရိပ်အမြွက် အမျိုးမျိုးကို ခန့်မှန်းရာတွင် ကျွမ်းကျင်သူ အများအပြား ရှိနေလေပြီ။
ဆယ်မိနစ်ပင် မပြည့်သေးမီမှာပင် တစ်ယောက်ယောက်က ခန့်မှန်းချက်ကို အများမြင်နိုင်သော စခရင်ပေါ်တွင် ရဲရဲဝံ့ဝံ့ ရေးသားလိုက်လေပြီ။
" ပျားမလေး... ရုပ်ရှင် ပွဲတော်မှာ မတော်တဆမှု တစ်ခုခု ဖြစ်နိုင်တယ်လို့ အစ်ကိုယီတောင်းက သတိပေးနေတာ... "
***