စခရင်ပေါ်တွင် တစ်ပြိုင်နက်တည်း တက်လာသော comment များနှင့်အတူ Live တစ်ခုလုံးတွင် အာမေဍိတ် သင်္ကေတများဖြင့် ပြည့်နှက်သွားတော့၏။
ဒါက တကယ့်ကို ထိတ်လန့်စရာ သတင်းပဲ...။
ရုပ်ရှင် ပွဲတော်မှာ မတော်တဆမှု ဖြစ်မယ် ဟုတ်လား...။
ဒီရုပ်ရှင် ပွဲတော်က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အရေးအပါဆုံးနဲ့ အခမ်းနားဆုံး ပွဲကြီး ဆိုတာ အားလုံး သိကြတယ်လေ...။
ထိပ်တန်း အနုပညာရှင် ၈၀ ရာခိုင်နှုန်းလောက်နဲ့ နိုင်ငံတော် အဆင့် သရုပ်ဆောင်တွေတောင် တက်ရောက်ကြမယ့် ပွဲလေ...။
တကယ်လို့ အဲဒီမှာသာ တကယ် မတော်တဆမှု တစ်ခုခု ဖြစ်သွားခဲ့ရင်... ပေးဆပ်ရမယ့် တန်ဖိုးက ဘယ်လိုမှ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး...။
အဲဒါက ဘာအဓိပ္ပာယ်လဲ...။
ဖက်ခ်...။
ခဏတာမျှ လူတိုင်း အံ့အားသင့်ရုံတင် မကဘဲ လုံးဝကို မှင်သက်သွားကြလေသည်။
' ဒါ နောက်နေတာလား... '
ရုပ်ရှင် ပွဲတော်လို အဆင့်အတန်းမျိုး ရှိတဲ့ ပွဲအတွက် လုံခြုံရေး အင်အားက သိပ်ကို တင်းကျပ်မှာ သေချာတယ်လေ...။
မတော်တဆမှု ဟုတ်လား... အဲဒါက တကယ့် ဟာသပဲ...။
ထို့ကြောင့်ပင် လူအများအပြားက ၎င်းကို မယုံကြည်ကြပေ။
" သွားစမ်းပါ... အဓိပ္ပာယ် မရှိတာတွေ လျှောက်မပြောနဲ့... အစ်ကိုယီတောင်း ရဲ့ သတိပေးချက် နောက်ကွယ်က အဓိပ္ပာယ်ကို သေချာ စဉ်းစားကြည့်ကြပါဦး... "
" ဟုတ်တယ်... ရုပ်ရှင် ပွဲတော်က ဘယ်လို နေရာမျိုးလဲ... မတော်တဆမှု ဟုတ်လား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... "
" ငါတို့ရဲ့ ပျားမလေးက ထိပ်တန်း ကြယ်ပွင့်တွေထဲက တစ်ယောက်လေ... တကယ်လို့ သူမ တစ်ခုခု ဖြစ်သွားရင် ကျန်တဲ့ သူတွေကကော ဘယ်လို နေမလဲ... ဒါ ဘယ်လို ဟာသမျိုးလဲ... "
" တချို့လူတွေက အစ်ကိုယီတောင်းရဲ့ အတွေးတွေကို နားလည်တယ်လို့ ထင်နေကြတာ... တကယ်တော့ သူတို့ ဘာမှ မသိကြဘူး... ပိုပြီး ယုတ္တိရှိတဲ့ ခန့်မှန်းချက်တွေ လုပ်သင့်တယ်... "
" မှန်တယ်... ငါတို့ရဲ့ ပျားမလေးက အခုတလော ပင်ပန်းနေလို့များလား... ကျန်းမာရေး ပြဿနာ တစ်ခုခုများ ရှိနေလို့လား... အမြန်ဆုံး ဆေးရုံ သွားကြည့်ပါဦး... "
" ဟုတ်တယ်... ဟုတ်တယ်... အစ်ကိုယီတောင်း Follow လုပ်တဲ့ Streamer အများစုက ရောဂါနဲ့ သေကြတာ များတယ်... ပျားမလေး... မြန်မြန် ဆေးရုံ သွားလိုက်ပါ... "
" ဆေးရုံမှာပဲ သွားအိပ်နေလိုက်... ဆေးရုံမှာတော့ ဘာပြဿနာမှ မရှိနိုင်ဘူးလို့ ငါ ယုံတယ်... "
" ဆေးရုံမှာ သွားအိပ်နေ... တကယ်လို့ ပြဿနာ တစ်ခုခု ရှိနေရင်တောင် အဲဒီမှာဆို အဆင်ပြေတယ်... "
လူတိုင်း တစ်ယောက်တစ်ပေါက် ပြောနေကြသည်ကို ကြည့်ရင်း ပထမဆုံး comment ကို ထောက်ခံသူ အချို့ပင် ဝင်ပြောရန် အခက်တွေ့လာကြလေသည်။
ဘာပဲဖြစ်ဖြစ်... ရုပ်ရှင် ပွဲတော်မှာ မတော်တဆမှု ဖြစ်မယ် ဆိုတာက လက်ခံဖို့ နည်းနည်းတော့ ခက်ခဲတယ်လေ...။
တကယ်လို့ တကယ့် မတော်တဆမှုသာ ဖြစ်သွားခဲ့ရင် ပြဿနာက ဘယ်လောက်တောင် ကြီးသွားမလဲ...။
လီယီတောင်းက ပရိသတ်များ၏ ဆွေးနွေးမှုများကို ကူကယ်ရာမဲ့သော မျက်လုံးများဖြင့် ကြည့်နေလိုက်၏။
ပထမဆုံး ပရိသတ်က အကြောင်းရင်းကို ရှင်းပြလိုက်ချိန်တွင် သူ ခဏတာ မှင်သက်သွားခဲ့ရ၏။
သူ ဆိုလိုသည့် အဓိပ္ပာယ်ကို တစ်ယောက်ယောက်က ဤမျှ မြန်မြန်ဆန်ဆန် သဘောပေါက်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
အစကတော့ သူ ဝမ်းသာသွားမိသော်လည်း နောက်ပိုင်းတွင် ထိုပရိသတ်၏ commentက သူ့ကို စကားမပြောနိုင်အောင် ဖြစ်သွားစေခဲ့လေသည်။
သူ တကယ်ကို ကူကယ်ရာမဲ့သလို ခံစားလိုက်ရ၏။
' မင်းတို့ ပရိသတ်တွေက တကယ်ကို အားကိုးလို့ မရဘူးပဲ... '
သို့သော် လူတိုင်း မသိခဲ့သည့် အရာမှာ... လီယီတောင်းက ပျားမလေး ကို Follow လုပ်ပြီး စကားအနည်းငယ် ပြောလိုက်ပြီးနောက် အင်အားစု အများအပြားက စိုးရိမ်တကြီးနှင့် အလုပ်ရှုပ်စွာ စတင် လှုပ်ရှားလာကြခြင်းပင် ဖြစ်သည်။
တပ်ဖွဲ့ ၃၆ ၏ ရုံးခန်း တစ်ခန်းထဲတွင် ချီယွီချန်က အကြီးအကဲလျန်၏ အနောက်တွင် ရပ်နေ၏။ အခန်းထဲတွင် သူတို့ နှစ်ဦးအပြင် အခြား လူနှစ်ဦးလည်း ရှိနေပြီး သူတို့၏ အဆင့်အတန်းမှာ အကြီးအကဲလျန် ထက် နိမ့်ကျကြောင်း ထင်ရှားလှပေသည်။
လူတိုင်း၏ အကြည့်များက လီယီတောင်း Live လွှင့်နေသော စခရင်ပေါ်သို့ စူးစိုက်နေလျက်။
အသံတစ်သံမျှ မထွက်။
Live ထဲရှိ ပရိသတ်များ ရူးသွပ်စွာ ဆွေးနွေးလာကြချိန်မှသာ အကြီးအကဲလျန်က တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေသည်။
" သွားကြည့်လိုက်... ငါ့ခန့်မှန်းချက်သာ မှန်မယ် ဆိုရင် တစ်ယောက်ယောက်က လှုပ်ရှားနေပြီ... ရုပ်ရှင် ပွဲတော် ကျင်းပမယ့် နေရာကို သွားပြီး ထူးခြားတဲ့ အရိပ်အယောင်တွေ ရှိ၊ မရှိ စစ်ဆေးကြည့်... "
အကြီးအကဲလျန်၏ စကားသံ တိတ်သွားချိန်တွင် ချီယွီချန်က သိပ်ပြီး တုံ့ပြန်မှု မပြပေ။ အကြီးအကဲလျန်၏ ညွှန်ကြားချက်က ပုံမှန်သာ ဖြစ်သည်ဟု သူ ယူဆထား၏။
သို့သော် သူ၏ အောက်တွင် ရှိနေသော လူနှစ်ဦးမှာတော့ သိသိသာသာ အံ့အားသင့်သွားကြလေသည်။ သူတို့က ခေါင်းမော့ကာ အကြီးအကဲလျန်ကို ဇဝေဇဝါ ဖြစ်နေသော မျက်နှာထားဖြင့် ကြည့်လိုက်ကြသည်။
" အကြီးအကဲလျန်... ကျွန်တော်တို့ရဲ့ မကြာခင်ကမှ လုံခြုံရေး အစီအမံတွေ တော်တော်လေး တင်းကျပ်ထားပါတယ်... ဘာထူးခြားတဲ့ အခြေအနေမှ မရှိနိုင်ပါဘူး... တကယ်ပဲ သွားစစ်ဖို့ လိုလို့လား... "
အရပ်ရှည်ရှည် လူတစ်ယောက်က စကားစလိုက်၏။
သို့သော် အကြီးအကဲလျန်က သူ့ကို တစ်ချက်သာ ကြည့်လိုက်ပြီး ဘာစကားမျှ ပြန်မပြောပေ။
သူ၏ နောက်မှ ချီယွီချန်က ခေါင်းမော့ကာ ပြုံးလျက်... " အကြီးအကဲလျန် ပြောတဲ့အတိုင်းသာ လုပ်ပါ... အစ်ကိုယီတောင်း ရဲ့ ကိစ္စတွေကို သာမန် အသိဉာဏ်နဲ့ တွေးလို့ မရဘူး... " ဟု ဝင်ပြောလိုက်လေသည်။
" မင်းတို့က အပြင်လောကနဲ့ သိပ်မထိတွေ့ရဘူးလေ... ဒါကြောင့် သူ့ရဲ့ နောက်ခံ အကြောင်းကို မင်းတို့ မသိကြတာ... "
" ပြန်သွားပြီး မင်းတို့ရဲ့ လက်အောက်ငယ်သားတွေကို သတင်း အချက်အလက် တချို့ စုဆောင်းခိုင်းလိုက်... ပြီးရင် ဒီကိစ္စကို သူတို့ကို လွှဲပေးလိုက်... "
" သူတို့က အစ်ကိုယီတောင်း အကြောင်းကို မင်းတို့ထက် ပိုသိတယ်... သူ့ကို အထင်မသေးနဲ့... "
ချီယွီချန်၏ စကားကို ကြားသောအခါ ထိုလူနှစ်ဦး အချင်းချင်း ကြည့်လိုက်ကြ၏။
ထို့နောက် သူတို့က ဘာမှတ်ချက်မျှ ထပ်မပေးကြတော့ပေ။
ချယ်ရီပန်း နိုင်ငံရှိ နေရာတစ်ခုတွင်…
လူတစ်စုက ပလက်ဖောင်း၏ Live ကို အာရုံစိုက်ကာ ကြည့်ရှုနေကြလေသည်။
သို့သော်...
ဤအချိန်တွင် လူတိုင်း၏ မျက်လုံးများထဲ၌ တင်းမာမှုများ ပြည့်နှက်နေ၏။
ဘာလို့လဲ ဆိုတော့ ရုပ်ရှင် ပွဲတော်မှာ တကယ်ပဲ ပြဿနာ ရှိနေလို့လေ...။
ထိုမျှမကသေးပေ။ ဤပြဿနာက သူတို့ ဖန်တီးထားခြင်း ဖြစ်သည်။ သူတို့က အဓိက တရားခံများ မဟုတ်သော်လည်း ဤကိစ္စတွင် အခန်းကဏ္ဍ တစ်ခုမှ ပါဝင်နေကြသည် မဟုတ်ပါလား။
ထို့ကြောင့် ဤလို အခြေအနေမျိုးတွင် တစ်ယောက်ယောက်ကသာ လီယီတောင်း၏ အကြံအစည် အတိုင်း မှန်းဆပြီး စုံစမ်းစစ်ဆေးမှုများ တကယ် လုပ်ဆောင်ခဲ့မည် ဆိုပါက... ‘ ဒီတစ်ခေါက်တော့ ငါတို့ရဲ့ ပူးပေါင်းကြံစည်မှုကို ဖုံးကွယ်ထားလို့ ရနိုင်တော့မှာ မဟုတ်ဘူး... ‘
ဘာပဲဖြစ်ဖြစ် ရုပ်ရှင် ပွဲတော်က သုံးရက်ပဲ လိုတော့တာလေ...။
အစောပိုင်း အဆင့်တွေမှာ သူတို့ ပြင်ဆင်ထားရမယ့် အရာတွေကို စီစဉ်ပြီးသွားပြီ...။
ပြီးတော့ အစောပိုင်း ပြင်ဆင်မှုတွေ အတွက် သူတို့ ဘယ်လောက်ပဲ ဖုံးကွယ်ထားပါစေ... ရှောင်လွှဲလို့ မရတဲ့ အရာ တချို့တော့ ရှိနေသေးတယ်လေ...။
ဒီအခြေအနေမှာ... အရာအားလုံး ဘူးပေါ်သလို ပေါ်သွားနိုင်တယ်...။
ဒါက ရှောင်လွှဲလို့ မရတဲ့ ကိစ္စပဲ...။ ' ပထမဆုံး ပရိသတ် အကြံပြုထားတဲ့အတိုင်း တကယ် မစုံစမ်းကြပါစေနဲ့ '
မဟုတ်လျှင် သူတို့ အချိန်အတော်ကြာ သေချာ စီစဉ်ထားခဲ့သော လှုပ်ရှားမှုကြီး အလကား ဖြစ်သွားပေလိမ့်မည်။
ထို့ပြင် လီဟွေ့နှင့် ကျန်းချောင်ယန် ကဲ့သို့သော သူများလည်း ရှိနေသေး၏။ဤအချိန်တွင် သူတို့ အားလုံးက အတွေးကိုယ်စီဖြင့် Live ကို ကြည့်ရှုနေကြလေသည်။
ပျားမလေး ကတော့ တိတ်ဆိတ်နေသော လီယီတောင်းကို ကြည့်ရင်း ဘာပြောရမည်၊ ဘယ်လို ပြောရမည်ကို မသိတော့ဘဲ အနည်းငယ် ဇဝေဇဝါ ဖြစ်နေလေသည်။
' ဘာတွေ ဖြစ်နေတာလဲ... ဖျော်ဖြေပွဲမှာ တစ်ခုခု ဖြစ်မှာလား... ငါ့ကျန်းမာရေးမှာ ပြဿနာ တစ်ခုခု ရှိနေလို့လား... ပြီးတော့ ခုနက လူက ဘာပြောလိုက်တာလဲ... လာလာ အဖွဲ့ချုပ်က ငါ့ကို သစ္စာဖောက်မှာတဲ့လား... အိုတာကု တွေရဲ့ ချုံခိုတိုက်ခိုက်တာ ခံရမှာလား... ဂြိုဟ်သားတွေကများ ပြန်ပေးဆွဲသွားမှာလား... '
ဘုရားရေ... ဦးနှောက် တစ်ခုလုံး လွတ်နေပြီလေ...။
ထိုစဉ် ရှောင်ဝမ်က စကားဝိုင်းထဲသို့ ဝင်ရောက်လာလေသည်။
အစကတော့ လူနှစ်ယောက် အပြန်အလှန် စကားပြောနေခြင်း ဖြစ်သော်လည်း ယခုအခါ လူသုံးယောက် တစ်ပြိုင်နက်တည်း စကားပြောနေကြပြီ ဖြစ်၏။
" ဟီးဟီး... "
ရှောင်ဝမ် အနေရခက်စွာ ပြုံးလိုက်သည်။ ထို့နောက် သူမက... " အစ်ကိုယီတောင်း... ရှင်က အရင်ကလိုပဲ နောက်တတ်တာပဲ... ဒါပေမဲ့ အစ်ကိုယီတောင်း... ရှင့် Follow လိုက်လို့ အကုန်လုံး ပွဲဆူနေကြပြီ… တော်တော် ဆိုးတာပဲ… “
တင်းမာနေသော အခြေအနေကို အတတ်နိုင်ဆုံး ပြေလည်စေရန် ရှောင်ဝမ် ဝင်ပြောလိုက်သော်လည်း ဘာမှ မထူးခြားပေ။
ဖုန်းကင်မရာဆီသို့ လှည့်ကာ လီယီတောင်း ချောင်းဟန့်လိုက်၏။
" အဟမ်း... အဟမ်း "
လူတိုင်း၏ အာရုံကို ဖမ်းစားရန် ရည်ရွယ်ချက်ဖြင့် ချောင်းနှစ်ချက်ခန့် ဟန့်လိုက်လေသည်။
" အင်း... အားလုံးပဲ... ကိုယ့်ဘာသာ ဆုံးဖြတ်ကြပါ... တကယ်တော့... တချို့လူတွေ ပြောနေတာတွေက အများစု မှန်ပါတယ်... "
လီယီတောင်းက သူ ပြောသည်မှာ မှန်ကန်ကြောင်း ပေါ်ပေါ်ထင်ထင် မပြောရဲပေ။ ပထမဆုံး comment ကို သူက တိုက်ရိုက် ထောက်ခံလိုက်မည် ဆိုပါက ပျားမလေး သေဆုံးရမည့် အကြောင်းရင်းကို ဖွင့်ပြောလိုက်သည်နှင့် အတူတူပင် ဖြစ်သွားမည် မဟုတ်ပါလား။
Live တစ်ခုလုံး နောက်တစ်ကြိမ် ပွက်လောရိုက်သွားပြန်လေသည်။
***