" တကယ်ကြီးလား... ပထမဆုံး လူပြောသွားတာက တကယ်များလား... "
" ဟင်... ပထမဆုံး လူ ဟုတ်လား... ဘာတွေ ဖြစ်နေတာလဲ... "
" မဖြစ်နိုင်ဘူး... ရုပ်ရှင် ပွဲတော်မှာ... မတော်တဆမှု ဖြစ်မယ် ဟုတ်လား... "
" ဒါနဲ့ စကားမစပ်... ပထမဆုံး လူက လျှောက်ပြောနေတာ မဟုတ်ဘူး ဆိုတာကို မင်းတို့က အာမခံနိုင်လား... "
" သေချာတာပေါ့... အစ်ကိုယီတောင်းက အဲဒီလောက်တောင် ပေါ်ပေါ်ထင်ထင် ရှင်းပြနေတာကို... လုပ်ဇာတ်ဖြစ်နိုင်ပါ့မလား... "
" သူ အတိအကျ ဘာပြောလိုက်တာလဲ... "
" ဟေ့... အပေါ်ကလူ... မင်းက ဘယ်က ရောက်လာတာလဲ... မင်းမှာ ဦးနှောက်မပါဘူးလား... "
" အဲဒါကို လောလောဆယ် ဘေးဖယ်ထားလိုက်ပါဦး... တကယ်တမ်း ဘာတွေ ဖြစ်လာမလဲ ဆိုတာကိုပဲ ငါ ပိုစိတ်ဝင်စားနေတာ... "
" ဟုတ်တယ်... တကယ့် အဖြစ်မှန်က ဘာလဲ... "
" ဘယ်သူ သိမှာလဲ... ငါ့ကို တကယ် ရူးအောင် လုပ်နေတာပဲ... "
Live ထဲရှိ ဆွေးနွေးမှုများကို ကြည့်ရင်း ပျားမလေး မျက်နှာပေါ်တွင် ဇဝေဇဝါ အရိပ်အငွေ့တို့ အထင်းသား။
သူမက လီယီတောင်းကို မယုံကြည်ခြင်း မဟုတ်ပေ။
ဒါပေမဲ့ ရုပ်ရှင် ပွဲတော်မှာ တကယ်ပဲ ပြဿနာ ရှိနိုင်လို့လား...။ ယုံရခက်တယ် မဟုတ်လား...။ ဘာပဲဖြစ်ဖြစ် ဒီလို ခမ်းနားကြီးကျယ်တဲ့ ပွဲမျိုးမှာ ဘယ်လိုလုပ် မမျှော်လင့်ထားတဲ့ မတော်တဆမှုတွေ ဖြစ်လာနိုင်မှာလဲ...။
" ဟီးဟီး... ဒီနေ့ရဲ့ အပြန်အလှန် စကားပြောတဲ့ အစီအစဉ်ဆီ ပြန်သွားကြရအောင်လေ... ဟုတ်တယ် မလား... ဒီနေ့အတွက် နောက်ဆုံး Streamer အနေနဲ့... ပျားမလေး နဲ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာများ ရှိသေးလားဟင်... "
ရှောင်ဝမ်က အခြေအနေများ ထပ်မံ ထိန်းမနိုင် သိမ်းမရ ဖြစ်လာသည်ကို မြင်သောအခါ အတင်း ပြုံးလျက် စကားလမ်းကြောင်း လွှဲလိုက်ရလေသည်။
တစ်ချိန်တည်းမှာပင် သူမက လီယီတောင်းထံ သီးသန့်မက်ဆေ့ချ် အချို့ ပို့လိုက်၏။
မက်ဆေ့ချ်များကို ရရှိပြီးနောက် ဤအကြောင်းအရာကို ဆက်လက် ဆွေးနွေးရန် မသင့်တော်တော့ကြောင်း လီယီတောင်း သဘောပေါက်လိုက်လေသည်။
ပြောသင့်သည်လည်း ပြောပြီးပြီမို့ လီယီတောင်းက ဇာတ်ညွှန်းအတိုင်း မေးခွန်းအချို့ မေးကာ ပျားမလေး နှင့် အပြန်အလှန် ဂိမ်းများ ကစားခြင်းဖြင့် Live ကို အောင်မြင်စွာ ပြန်လည် အသက်သွင်းနိုင်ခဲ့လေသည်။
မကြာသေးမီက ဖြစ်ရပ်များ အကြောင်း ဆွေးနွေးနေကြသည့် ကြည့်ရှုသူများ ရှိနေသေးသော်လည်း ၎င်းက အရေးမပါတော့ပေ။
အခြေအနေက ဒီထက် ပိုဆိုးသွားတော့မှာ မဟုတ်ဘူးလေ...။
နောက်ဆုံးတွင် လီယီတောင်းနှင့် ပျားမလေး တို့၏ အပြန်အလှန် စကားပြောဆိုမှုမှာ မိနစ်နှစ်ဆယ်ခန့် ကြာမြင့်ခဲ့ပြီး Live ကို ပြီးပြည့်စုံစွာ အဆုံးသတ်နိုင်ခဲ့လေသည်။
ပထမဆုံး ပွဲစဉ် ပြီးဆုံးသွားသည်နှင့် အင်တာနက် တစ်ခွင်လုံးတွင် ဆွေးနွေးမှုများဖြင့် ပေါက်ကွဲသွားတော့၏။
သံသယ ဝင်စရာ မလိုအောင်ပင်... ထိပ်တန်း သတင်းကတော့ အစ်ကိုယီတောင်း ပျားမလေး ကို Follow လုပ်လိုက်ခြင်းပင် ဖြစ်သည်။
၎င်းက Trending စာရင်းများ၏ ထိပ်ဆုံး နေရာများကို လွှမ်းမိုးထားလေသည်။
လီယီတောင်း၏ ဟောကိန်းနှင့် ပတ်သက်၍ ခန့်မှန်းမှုများနှင့် ရုပ်ရှင် ပွဲတော်တွင် တကယ်ပဲ ပြဿနာများ ကြုံတွေ့ရမည်လား ဆိုသည်က လူတိုင်း၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်လာခဲ့၏။
၎င်းနှင့် ပတ်သတ်၍ အုပ်စု နှစ်စု ကွဲသွားပြီး အွန်လိုင်းတွင် ပြင်းထန်သော အချေအတင် ငြင်းခုံမှုများပင် ဖြစ်ပေါ်ခဲ့လေသည်။
လီယီတောင်း ကတော့ Live ပြီးဆုံးသွားပြီးနောက် အဘိုးအို၏ အိမ်သို့ တန်းသွားလိုက်၏။
အဘိုးအိုက သူ့ကို ကိုင်တွယ် ဖြေရှင်းခိုင်းစရာ ရှိနေပြီး ကြေးမုံပြင်ကို ယူလာခဲ့ရန် အလေးအနက် မှာကြားထားသည် မဟုတ်ပါလား။
၎င်းက သေချာပေါက် အရေးကြီးသော ကိစ္စတစ်ခု ဖြစ်မည်မို့ လီယီတောင်းလည်း ပေါ့ပေါ့တန်တန် သဘောမထားဝံ့ပေ။
ခြံဝင်းထဲသို့ ဝင်သွားချိန်တွင် လီယီတောင်း အံ့အားသင့်သွားရလေသည်။
ယန်ချင်းယွဲ့ က အဘိုးအိုကို ကျောနှိပ်ပေးနေသည်ကို သူ တွေ့လိုက်ရ၏။
သူ့ခေါင်းပေါ်တွင် မေးခွန်းတို့က တရပ်စပ် ပေါ်လာ၏။
မျက်လုံး မှိတ်တဝက် ဖွင့်တဝက်ဖြင့် ရှိနေသော အဘိုးအိုက လီယီတောင်း ဝင်လာသည်ကို သိ၍ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ယန်ချင်းယွဲ့က ထသွားပြီး အဘိုးအိုအတွက် လက်ဖက်ရည် တစ်ခွက် ယူလာပေးလေသည်။
အဘိုးအို ဖြတ်သန်းနေရသည့် သက်သောင့်သက်သာ ရှိလှသော ဘဝကို ကြည့်ရင်း လီယီတောင်း မအံ့သြဘဲ မနေနိုင်တော့ပေ။ ယန်ချင်းယွဲ့က ဤအရာ အားလုံးကို မိမိ သဘောဆန္ဒ အလျောက် လုပ်ဆောင်ပေးနေပုံ ရပြီး သူမ မျက်လုံးများထဲတွင် အဘိုးအို အပေါ် စိတ်ရင်းနှင့် ကျေးဇူးတင်မှုများ ပေါ်လွင်နေလေသည်။
သံသယ ဝင်စရာ မလိုအောင်ပင်... လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း အဘိုးအိုနှင့် အတူ နေထိုင်စဉ် ယန်ချင်းယွဲ့က ကြီးမားသော အကျိုးကျေးဇူးများကို ရရှိခဲ့ကြောင်း ထင်ရှားလှပေသည်။
" ဆရာ... နေ့လယ်စာ ဘာသုံးဆောင်မလဲဟင်... "
ယန်ချင်းယွဲ့ က ရုတ်တရက် စကားစလိုက်သဖြင့် လီယီတောင်း တစ်ယောက် လုံးဝ ဇဝေဇဝါ ဖြစ်သွားရလေသည်။
' ဆရာ ဟုတ်လား... '
လီယီတောင်း တစ်ယောက် ယခုအခါ လုံးဝကို နားမလည်နိုင်အောင် ဖြစ်သွားရလေပြီ။
သုံးရက်လောက် မတွေ့ရတဲ့ အချိန်လေး အတွင်းမှာ အဘိုးအိုက သူမရဲ့ ဆရာ ဖြစ်သွားပြီလား...။ အဲဒါက ယန်ချင်းယွဲ့ က အခု ငါ့ရဲ့ စီနီယာ ဖြစ်သွားပြီလို့ ဆိုလိုတာလား...။
လီယီတောင်း လုံးဝ ဆွံ့အသွားလေသည်။
အဘိုးအိုက ခေါင်းမော့ကာ လီယီတောင်းကို တစ်ချက် ကြည့်လိုက်သည်။
" ခရမ်းချဉ်သီး ကြက်ဥမွှေကြော်လေး လုပ်လိုက်... မနေ့က အသားကျပ်တိုက်ကင်ကိုလည်း လှီးလိုက်ဦး... ပြီးတော့ ဝိုင် တစ်ခွက်လောက် ပေးပါဦး... "
" ဟုတ်ကဲ့ပါ ဆရာ... "
ယန်ချင်းယွဲ့ ခေါင်းညိတ်လိုက်ပြီး အိမ်ထဲသို့ ဝင်သွားလေသည်။
အစမှ အဆုံးတိုင်အောင် သူမက ခေါင်းညိတ် ပြရုံသာ ပြပြီး အပိုစကားတစ်ခွန်းမျှ မဆိုခဲ့ပေ။
ယန်ချင်းယွဲ့ ကျောပြင်ကို ကြည့်ရင်း လီယီတောင်းက အဘိုးအို အနေဖြင့် သူမကို အဘယ်ကြောင့် တပည့် အဖြစ် လက်ခံလိုက်သနည်းဟု မမေးတော့ပေ။
ဒီနှစ်တွေ အကုန်လုံးမှာ... သူနဲ့ လီယီနို ကလွဲရင် ဘယ်သူကမှ အဘိုးအိုနဲ့ ဒီလောက် ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိတာကို လီယီတောင်း တစ်ခါမှ မမြင်ဖူးခဲ့ဘူးလေ...။
အဘိုးအို ဘေးရှိ ကုလားထိုင်ပေါ်တွင် ထိုင်ရင်း လီယီတောင်းက... " ကျွန်တော်တို့ ဘယ်တော့ ထွက်ကြမလဲ... " ဟု မေးလိုက်၏။
ရည်ရွယ်ချက်၊ သွားမည့် နေရာ၊ သို့မဟုတ် ဖြစ်လာနိုင်သည့် အန္တရာယ်များကို သူ မမေးခဲ့ပေ။ သူတို့ ဘယ်အချိန် ထွက်ခွာမည် ဆိုသည်ကိုသာ သူ သိချင်ခြင်း ဖြစ်သည်။
အဘိုးအိုက ရေကို အေးအေးဆေးဆေး တစ်ကျိုက် သောက်လိုက်ပြီးနောက် ဖြည်းညင်းစွာ စကားစလိုက်လေသည်။
" အင်း... ပြဿနာ အသေးလေး တစ်ခု ရှိနေလို့ ထွက်မယ့် အချိန်ကို နောက်ရွှေ့ရလိမ့်မယ်... တစ်ပတ်လောက် ကြာမယ် ထင်တယ်... ဒီတစ်ပတ် အတွင်းမှာ မင်းကိစ္စတွေကို မင်း ရှင်းထားလိုက်... ဒီတစ်ခေါက် ငါတို့ သွားရမယ့် ခရီးက ပိုကြာနိုင်တယ်... မင်း ဖြေရှင်းဖို့ လိုတဲ့ ကိစ္စတွေလည်း ရှိသေးတယ် မဟုတ်လား... "
လီယီတောင်း မျက်မှောင်ကြုတ်သွား၏။
' ဖြေရှင်းဖို့ လိုတဲ့ ကိစ္စတွေ ဟုတ်လား... '
သူ ခဏမျှ စဉ်းစားကြည့်လိုက်သည်။ ချက်ချင်း အာရုံစိုက် ဖြေရှင်းရန် လိုအပ်သည့် အရေးတကြီး ကိစ္စများ ရှိပုံ မပေါ်ပေ။
' ရှန်းမြို့က ဘုံကျောင်းကို နောက်တစ်ခေါက် သွားသင့်တာလား... '
' အခုက သွားဖို့ အချိန်ကောင်း မဟုတ်သေးဘူး... ပြီးတော့ အခု သွားစုံစမ်းရင် အန္တရာယ် တချို့ ရှိနိုင်တယ်လေ... '
လီယီတောင်း၏ တုံ့ဆိုင်းနေမှုကို ရိပ်မိသည့်အလား အဘိုးအိုက လက်ဖက်ရည် တစ်ကျိုက် ထပ်သောက်လိုက်ပြီး... " ဖြေရှင်းဖို့ လိုတဲ့ ကိစ္စတွေကို ဖြေရှင်းလိုက်... တကယ်လို့ တစ်ခုခုကို သေချာ နားမလည်နိုင်သေးရင်လည်း ဒီတိုင်း ထားလိုက်... ဘာပဲဖြစ်ဖြစ် အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်း ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ အခါမှာ လှုပ်ရှားဖို့ လိုတယ်... မင်းရဲ့ အလိုအလျောက် သိစိတ် အတိုင်းသာ ကိုင်တွယ်ပါ... "
" ပြီးတော့... အခု မင်း အခြေအနေ တချို့ကို သိနေပြီ ဆိုတော့ နောက်ဆုံး အဆုံးသတ် တစ်ခုတော့ ရှိသင့်တယ်... မင်း ဝင်မစွက်ဖက်သင့်တဲ့ ကိစ္စတွေကိုတော့ ဝင်မပါနဲ့ ဝေးဝေးကသာနေ... အဲဒါဆို မိုးပြိုကျလာရင်တောင် မင်းအတွက် ငါ ဝင်ထမ်းပေးနိုင်ပါသေးတယ်... "
အဘိုးအို၏ စကားများက အနည်းငယ် လျှို့ဝှက်ဆန်းကြယ်နေလေသည်။ ရိုးရိုးသားသား ဆိုရလျှင် လီယီတောင်း အစပိုင်းတွင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရ၏။
' သေချာ နားမလည်နိုင်တဲ့ ကိစ္စတွေ ဟုတ်လား... '
ခဏတာမျှ လီယီတောင်း တစ်ယောက် အနည်းငယ် လမ်းပျောက်သွားသလို ခံစားလိုက်ရသည်။
' ငါ သေချာ နားမလည်နိုင်တဲ့ ကိစ္စတွေ... ပြီးတော့ အဲဒါက တစ်ယောက်ယောက်ရဲ့ အသက်နဲ့ ဆိုင်နေတယ်... '
' ကျိုးရှုရီ... '
' အဘိုးအိုက ကျိုးရှုရီနဲ့ ပတ်သက်တဲ့ တစ်ခုခုကို အရိပ်အမြွက် ပေးနေတာများလား... '
' ငါ မကြာသေးခင်က ရှာတွေ့ခဲ့တဲ့ တခြား အရာတွေကကော... '
' ဘုံကျောင်း ကလွဲရင်... ဘာရှိသေးလဲ... '
' မဟုတ်ဘူး... '
' ဘုံကျောင်းက ကိစ္စက တစ်ပတ်တည်းနဲ့ ဖြေရှင်းလို့ ရမှာ မဟုတ်ဘူး... '
' ဒါဆိုရင်... အချိန်တိုလေး အတွင်းမှာ ငါ ရှာတွေ့ခဲ့တဲ့ ပြဿနာတွေက... '
' ပျားမလေး... '
' ရုပ်ရှင် ပွဲတော်... '
လီယီတောင်း၏ မျက်နှာပေါ်တွင် အပြောင်းအလဲ သိပ်မရှိသော်လည်း သူ၏ စိတ်တွင်း အတွေးများကတော့ ဗြောင်းဆန်နေလေပြီ။
' အဘိုး... အဘိုး... အဘိုးက တကယ်တော့ ဘယ်လို လူစားမျိုးလဲ... ပြီးတော့ ကျွန်တော့်ကို ဘယ်လောက်တောင် ဖုံးကွယ်ထားသေးတာလဲ... '
နောက်ဆုံးတွင် သူက ခပ်ဖွဖွသာ ခေါင်းညိတ်လိုက်လေသည်။ လီယီတောင်း အတွက်တော့ အဘိုးအို ပြောသမျှကို ငြင်းဆန်ရန် အကြောင်းပြချက် မရှိပေ။ သူ အချိန်ယူပြီး စဉ်းစားနေစရာ မလိုတော့ပေ။
မကြာမီ ယန်ချင်းယွဲ့ နေ့လယ်စာ ပြင်ဆင်ပြီးသွားလေပြီ။ သူတို့ သုံးယောက် စားသောက်ပြီးနောက် လီယီတောင်း တန်းပြန်လာခဲ့၏။
သူ့ကို အဘယ်ကြောင့် ဖုန်းနှင့် မပြောဘဲ လူကိုယ်တိုင် လာခိုင်းရသလဲ ဆိုသည်ကို အဘိုးအိုအား မမေးခဲ့ပေ။
ဘာလို့လဲ ဆိုတော့ အဘိုးအို မှာ ဒီလို လုပ်ရတဲ့ ကိုယ်ပိုင် အကြောင်းပြချက်တွေ ရှိတယ် ဆိုတာကို သိတယ်လေ...။
အင်း...
ဒီအကြောင်းပြချက်တွေကိုလည်း သိပါတယ်...။
ယန်ချင်းယွဲ့... သူ ပြန်လာလောက်တော့မှာ မဟုတ်ဘူး...။
' ငါ ပြန်ရောက်ရင် ကျိုးရှုရီတို့ကို ပြောပြရမယ်... '
' အယ်… ပြန်သွားပြောသင့်သလား... '
လီယီတောင်း ဆိုင်သို့ ပြန်ရောက်ချိန်တွင် မွန်းလွဲ နှစ်နာရီပင် ကျော်နေလေပြီ။
သူ ဆိုင်ရှေ့သို့ ရောက်ချိန်မှာပင် ကျိုးရှုရီနှင့် လီရှင်းထင်တို့ အပြင်ဘက်၌ အမျိုးသမီး တစ်ဦးနှင့် စကားပြောနေကြသည်ကို တွေ့လိုက်ရ၏။
သူတို့ သုံးယောက် ရယ်မော စကားပြောနေကြပြီး ကျောပြင်ကို ကြည့်ရုံဖြင့် ထိုအမျိုးသမီးမှာ ထူးခြားသော အရှိန်အဝါ ရှိသည့် အလွန် လှပသော အမျိုးသမီး တစ်ဦး ဖြစ်ကြောင်း သိသာလှပေသည်။
ထို့ပြင်...
လီယီတောင်းက သူမကို ရင်းနှီးနေသလို ခံစားလိုက်ရ၏။
ကျိုးရှုရီက လီယီတောင်း ပြန်လာသည်ကို သတိထားမိပြီး သူတို့ထံ လာရန် လက်ယပ်ခေါ်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် လီယီတောင်းကို ကျောပေးထားသော အမျိုးသမီးကလည်း လှည့်ကြည့်လာ၏။
သူမ မည်သူဖြစ်ကြောင်း လီယီတောင်း မြင်လိုက်ရချိန်တွင် လီယီတောင်း ခဏတာ မှင်သက်သွားရလေသည်။
ပျားမလေး ဟုတ်လား...။
သူမက ဒီကို ဘယ်လို ရောက်လာတာလဲ...။
***