လီယီတောင်းကို မြင်သောအခါ ပျားမလေး နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး ပေါ်လာ၏။
" မင်္ဂလာပါ အစ်ကိုယီတောင်း... ကျွန်မ ပျားမလေး ပါ... "
တစ်ဖက်မှ ကမ်းပေးလာသော လက်ကို ကြည့်ရင်း လီယီတောင်းလည်း လက်ကမ်းပေးကာ နှုတ်ဆက်လိုက်လေသည်။
" ဒီကို ဘာကိစ္စ ရှိလို့လဲဗျ... "
' အို... နေပါဦး... ငါ သူ့ကို Follow လုပ်လိုက်တာနဲ့ ပတ်သက်နေမှာပေါ့... '
' ဒါပေမဲ့... သူ ဒီကို ဘယ်လို လုပ်ရောက်လာတာလဲ... '
' ဒီမနက်တင် သူ Live လွှင့်နေသေးတာလေ... ပုံမှန်ဆို သူက မြို့တော်မှာ ရှိနေရမှာ... မြို့တော်ကနေ ကျန်းမြို့ကို ဆိုတာက နှစ်နာရီ သုံးနာရီလောက်နဲ့ လွယ်လွယ် ရောက်လာနိုင်တဲ့ ခရီးမှ မဟုတ်တာ... '
' အခုတော့... '
' သူက ငါ့ရှေ့ တည့်တည့်မှာ ရောက်နေပြီ... '
" ကျွန်မက အစ်ကိုယီတောင်း ဆီကနေ လမ်းပြပေးတာကို ခံယူချင်လို့ လာခဲ့တာပါ... "
ပျားမလေး၏ ဟန်ပန်က နှိမ့်ချနေ၏။ သူမ၏ မျက်နှာထားက တည်ငြိမ်နေပုံ ရသော်လည်း မျက်လုံးများထဲတွင်တော့ အကြောက်တရား အရိပ်အယောင်များ ပေါ်လွင်နေလေသည်။
လမ်းပြပေးဖို့ တောင်းဆိုတယ် ဆိုတာက သူမရဲ့ လက်ရှိ စိတ်အခြေအနေနဲ့ စိုးရိမ်ပူပန်မှုတွေကို ထင်ရှားနေစေတာပဲလေ...။
လီယီတောင်းက သူမကို တစ်ချက် အကဲခတ် ကြည့်လိုက်၏။ သူ၏ မျက်နှာ အမူအရာက သိပ်မပြောင်းလဲပေ။
" ကျွန်တော့်ဆီမှာ လမ်းပြပေးစရာ မရှိပါဘူးဗျာ... အင်း... အင်တာနက် သုံးစွဲသူတွေရဲ့ အကြံပြုချက်တွေကို စဉ်းစားကြည့်လို့ ရပါတယ်... "
အဘိုးအို အိမ်မှာ ပြန်လာစဉ် လမ်းတစ်လျှောက်လုံး အင်တာနက်ပေါ်မှ အခြေအနေများကို လီယီတောင်း ကြည့်ရှုခဲ့သေး၏။
ရုပ်ရှင်ပွဲတော်မှာ ပြဿနာ တစ်ခုခု ရှိနေတယ် ဆိုတာကို လူတွေက အကြမ်းဖျဉ်းတော့ သိထားကြပြီလေ…။
ထို့ပြင် သူတို့၏ အကြံပြုချက်များကလည်း မှန်ကန်နေပေသည်။ ရုပ်ရှင် ပွဲတော်ကို ဖျက်သိမ်းရန်၊ ပွဲကျင်းပမည့် နေရာကို စေ့စေ့စပ်စပ် လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ရန်၊ အခြား မြို့များမှ လုံခြုံရေး အင်အားများ ခေါ်ယူရန် စသည်ဖြင့် ဖြစ်၏။
လီယီတောင်းက ဤအကြံပြုချက်များထဲမှ တစ်ခု၊ သို့မဟုတ် နှစ်ခုလောက်ကို အကောင်အထည် ဖော်လိုက်ရုံဖြင့် လုံလောက်မည်ဟု ယုံကြည်လေသည်။
သို့သော်...
ပွဲစီစဉ်သူတွေက ဒီအစီအမံတွေကို တကယ် လုပ်နိုင်၊ မလုပ်နိုင် ဆိုတာကိုတော့ ငါလည်း မသိဘူးလေ...။
လီယီတောင်း၏ အဖြေကို ကြားသောအခါ ပျားမလေးက အလောတကြီး မဖြစ်သွားသလို ဆက်လက် အတင်းအကျပ်လည်း မတောင်းဆိုပေ။ သူမ၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားသည့် အရိပ်အယောင်လေးသာ ဖြတ်ပြေးသွား၏။
သို့သော် ထို့နောက် သူမက ပြန်ပြုံးလိုက်ပြီး... " ဒီရုပ်ရှင် ပွဲတော်က တော်တော်လေး ထူးခြားတယ်... ပြီးတော့ ဖိတ်ကြားခံရတဲ့ ဧည့်သည်တွေလည်း အများကြီး ရှိတယ်... ကျိုးရှုရီ တို့ကလည်း ခုနကတင် ကျွန်မနဲ့ အတူတူ ပွဲတက်ချင်တယ်လို့ ပြောနေကြတာ... အစ်ကိုယီတောင်း ကိုလည်း ကျွန်မတို့နဲ့ အတူတူ လိုက်ခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်... အစ်ကိုယီတောင်း အချိန်ရမလား မသိဘူး... ဘာပဲဖြစ်ဖြစ် အစ်ကိုတို့ အားလုံးက အခု ပလက်ဖောင်းပေါ်မှာ ထိပ်တန်း Streamer တွေ ဖြစ်နေပြီလေ... အကယ်၍ အစ်ကိုတို့က ပလက်ဖောင်း ကိုယ်စားပြု အနေနဲ့ တက်ရောက်မယ် ဆိုရင်... ပလက်ဖောင်း ဘက်ကလည်း အရမ်း သဘောကျမှာ သေချာတယ်... "
တကယ်တမ်းတွင် လီယီတောင်းနှင့် အခြားသူများ ရုပ်ရှင် ပွဲတော်သို့ တက်ရောက်ရန် ဆိုသည်မှာ သိပ်တော့ လက်တွေ့ မကျလှပေ။ အကြောင်းရင်းမှာ ရိုးရှင်းလှ၏။ သူတို့က Streamer များသာ ဖြစ်ပြီး မည်သည့် ရုပ်ရှင်ကားကိုမျှ မရိုက်ကူးခဲ့ဖူးသောကြောင့်ပင်။
သူတို့က ရုပ်ရှင် ပွဲတော်ကို တက်ရောက်ပြီး ဘာလုပ်ကြမလဲ...။
ဒီရုပ်ရှင် ပွဲတော်က ဧည့်သည် အများကြီးကို ဖိတ်ထားတယ် ဆိုရင်တောင်... သေချာပေါက် ရုပ်ရှင်လောက က လူတွေချည်းပဲ ဖြစ်မှာလေ...။
သေချာတာပေါ့... Streamer တစ်ယောက် အနေနဲ့ ဒီလို ကြီးကျယ်ခမ်းနားတဲ့ ပွဲမျိုးကို တက်ရောက်ရတာက တကယ်ကို ကောင်းတဲ့ ကိစ္စပါ...။
သို့သော် ကော်ဇောနီ ပေါ် လျှောက်ရန် ဆိုသည်မှာတော့ မဖြစ်နိုင်ပေ။
ဤအချိန်တွင် လီယီတောင်းက ပျားမလေး ၏ ဖိတ်ကြားချက်ကို ကြားလိုက်ရသဖြင့် ခဏတာ တွေဝေသွားပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်လေသည်။
' ဒါဆိုလည်း သွားတာပေါ့... '
ဘာပဲဖြစ်ဖြစ်... အန္တရာယ် ဘယ်အချိန် ဖြစ်လာမလဲ ဆိုတာကို သူ အတိအကျ သိထားတာပဲလေ...။
တကယ်လို့ ပြဿနာတွေ မရှင်းနိုင်ဘူး၊ ဒါမှမဟုတ် တကယ့် အန္တရာယ် တစ်ခုခု ရှိလာမယ် ဆိုရင် သူ စောစော ထွက်သွားလို့ ရတာပဲ...။
ဒီလိုဆိုရင် ဘာအန္တရာယ်မှ ရှိမှာ မဟုတ်တော့ဘူးလေ...။
ပြီးတော့ နောက်ထပ် အချက်တစ်ခုက... ငါ ကြည့်ချင်သေးတယ်...။
တကယ့် ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်ရတဲ့ အခါ... သေမင်းရဲ့ အကာအကွယ် စွမ်းရည်က ဒီလို အခြေအနေမျိုးမှာ အလုပ်လုပ်ပါ့မလား ဆိုတာကိုလေ...။
' တကယ်လို့ တစ်ဖက်လူက အများကြီး ပြင်ဆင်ထားပြီး ရုပ်ရှင် ပွဲတော်မှာ ပြဿနာ ရှာဖို့ ဆုံးဖြတ်ထားတယ် ဆိုရင်... လူအင်အားနဲ့ အရင်းအမြစ်တွေ အများကြီး သုံးရမှာ သေချာတယ်... '
ဒီကိစ္စမှာ လူအများကြီး ပါဝင်ပတ်သက်နေမှာပဲ...။
ဒီလို အခြေအနေမျိုးမှာ... သေမင်းရဲ့ အကာအကွယ် စွမ်းရည်ကလည်း အလုပ်လုပ်နိုင်တယ်လေ...။
အဲဒါက ငါ့အသက်ကို ခြိမ်းခြောက်နေတဲ့ လူတချို့ကို ရှင်းလင်းပေးနိုင်တယ်...။
ဒါကြောင့်...
သေချာ အသုံးချတတ်ရင် ဒါက တကယ့် ဟာကွက်ကြီး တစ်ခု ဖြစ်လာနိုင်တယ်...။
သို့သော် ၎င်းမှာ ဖြစ်နိုင်ခြေ နည်းပါးကြောင်း လီယီတောင်း ခန့်မှန်းမိလေသည်။
သေမင်း၏ အကာအကွယ် စွမ်းရည်နှင့် ပတ်သက်၍ သူ၏ အသက်ကို လူပုဂ္ဂိုလ် အချို့က တိုက်ရိုက် ခြိမ်းခြောက်လာချိန်မှသာ ၎င်းက အလုပ်လုပ်မည်ဟု သူ ခံစားမိ၏။တစ်ချိန်တည်းမှာပင် တစ်ဖက်လူကို ဖြေရှင်းခြင်းဖြင့် ခြိမ်းခြောက်မှုကို ဖယ်ရှားလိုက်ခြင်းက သူ ရင်ဆိုင်နေရသော အန္တရာယ်ကို ကင်းစင်သွားစေလိမ့်မည်။
ထိုကဲ့သို့သော အခြေအနေမျိုး အောက်တွင်မှ စွမ်းရည်က အသက်ဝင်လာမည် ဖြစ်၏။
မဟုတ်လျှင် ရန်သူများ သေဆုံးသွားသော်လည်း အကျပ်အတည်းက ပြေလည်မသွားပါက ၎င်းမှာ အဓိပ္ပာယ် ရှိမည် မဟုတ်ပေ။
ထို့ပြင် အဘိုးအိုကလည်း ဤကိစ္စများကို ဖြေရှင်းရန် သူ့ကို အကြံပြုထားသေး၏။
ဖြစ်ရပ်မှန် အခြေအနေကို သိရှိရန် အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်ခြင်းက အခြေအနေနှင့် လိုက်လျောညီထွေ ပြောင်းလဲ တုံ့ပြန်ရန် အကောင်းဆုံး နည်းလမ်း ဖြစ်ပေလိမ့်မည်။
လီယီတောင်းက သူမ၏ တောင်းဆိုချက်ကို သဘောတူလိုက်ချိန်တွင် ပျားမလေး၏ နှုတ်ခမ်းဖျားတွင် သက်သာရာရသွားသော အပြုံးတစ်ခု ပေါ်လာလေသည်။
အစ်ကိုယီတောင်း သူမ ဘေးမှာ ရှိနေသရွေ့ သူမရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ အခွင့်အရေး ရှိလိမ့်မယ်လို့ သူမ ယုံကြည်တယ်လေ...။
ကျိုးရှုရီ နဲ့ လီရှင်းထင် တို့ကို ကြည့်လိုက်ပါဦး... သူတို့က လုံးဝကို ဘေးကင်းနေကြတာ...။
တကယ်လို့သာ အစ်ကိုယီတောင်းက သဘောမတူဘူး ဆိုရင် ကျိုးရှုရီ တို့နဲ့ အိမ်နီးချင်း ဖြစ်အောင်တောင် စီစဉ်ထားပြီးသား...။
ကျိုးရှုရီနှင့် လီရှင်းထင်တို့မှာ စိတ်လှုပ်ရှားနေကြလေပြီ။
ရုပ်ရှင် ပွဲတော်ကို သွားရမယ်...။
သူတို့ရဲ့ လက်ရှိ အဆင့်အတန်း အရဆိုရင် နောက်ပိုင်းမှာ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား လောကထဲကို ဝင်ရောက်လာနိုင်ခြေ ရှိပါတယ်... ဒါပေမဲ့ မသေချာသေးဘူးလေ...။
ပြီးတော့ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား လောကမှာ ကြယ်ပွင့်တွေ ဖြစ်လာနိုင်မလား၊ ဒါမှမဟုတ် ရုပ်ရှင် ပွဲတော်တွေကို တက်ရောက်နိုင်မလား ဆိုတာကလည်း မသိရသေးဘူး...။
တခြား ဘာမှ မပြောနဲ့ဦး... ရုပ်ရှင် ပွဲတော် ကျင်းပနေတုန်း ဘေးနားကနေ တိတ်တဆိတ် Live လွှင့်တာ၊ ဒါမှမဟုတ် ဓာတ်ပုံနဲ့ ဗီဒီယို တချို့ ရိုက်တာက သူတို့ကို ပိုနာမည်ကြီးအောင် အများကြီး အထောက်အကူ ပြုမှာ သေချာတယ်...။
အစီအစဉ်များ သေချာသွားပြီးနောက် နောက်နှစ်ရက်မှာ လုံးဝကို အေးချမ်းစွာ ကုန်ဆုံးသွားခဲ့လေသည်။
လူတိုင်း သူတို့၏ ပုံမှန် လုပ်ရိုးလုပ်စဉ်များဆီသို့ ပြန်လည် ရောက်ရှိသွားကြပြီး သိသာထင်ရှားသော တစ်ခုတည်းသော အပြောင်းအလဲမှာ ထမင်းစားချိန်တွင် ပန်းကန်နှင့် တူ တစ်စုံ အပို တိုးလာခြင်းပင်။
အင်း...
ပျားမလေးက နေဖို့ ဆုံးဖြတ်လိုက်တယ်... ဒါပေမဲ့ လီယီတောင်း ဆီမှာတော့ မဟုတ်ဘူး...။
တကယ်လို့ သူမသာ လီယီတောင်း ရဲ့ ဆိုင်မှာ နေမယ် ဆိုရင်... ဘယ်ကရောက်လာမှန်း မသိတဲ့ ပါပါရာဇီ တွေ ပွစာကြဲကုန်မှာ...။
ဆယ်မိနစ် အတွင်းမှာတင် အင်တာနက် တစ်ခွင်လုံး ပျားမလေးသတင်းနဲ့ ပြည့်သွားတော့မှာ...။
ကျိုးရှုရီနှင့် လီရှင်းထင်တို့ ကတော့ သူတို့၏ Live များတွင် ပျားမလေး အကြောင်း ပြောဆိုခြင်း သို့မဟုတ် သူမနှင့် အပြန်အလှန် စကားပြောဆိုခြင်းတို့ကို တမင်တကာ ရှောင်ကြဉ်ခဲ့ကြ၏။
ရည်ရွယ်ချက်ကတော့ သေချာပေါက် လူထုရဲ့ အာရုံစိုက်မှုကို အတတ်နိုင်ဆုံး လျှော့ချဖို့ပါပဲ...။ တကယ်လို့ ပျားမလေး က အစ်ကိုယီတောင်း ကို လာတွေ့တယ် ဆိုတာကို အင်တာနက် သုံးစွဲသူတွေ သိသွားရင် ပွဲဆူလောက်တဲ့ သတင်း ဖြစ်သွားမှာလေ...။
ဤသို့ဖြင့် တစ်နေ့တာကို အေးချမ်းစွာ ဖြတ်သန်းပြီးနောက် နောက်နေ့ မွန်းလွဲပိုင်းတွင် ထိုအဖွဲ့သည် ရုပ်ဖျက်မှု အမျိုးမျိုးဖြင့် မြို့တော်သို့ ချောမွေ့စွာ ရောက်ရှိလာခဲ့ကြလေသည်။
တခြား ရွေးချယ်စရာ မရှိဘူးလေ...။
ဒီလူလေးယောက် ထဲမှာ နာမည်ကျော်ကြားမှု နည်းနည်း ပိုနည်းတဲ့ လီရှင်းထင် ကလွဲရင် ကျန်တဲ့ သူတွေက... ပျားမလေး ပဲ ဖြစ်ဖြစ်၊ လီယီတောင်း ပဲ ဖြစ်ဖြစ်၊ ကျိုးရှုရီ ပဲ ဖြစ်ဖြစ်... အကုန်လုံးက ပရိသတ် အင်အားနဲ့ နာမည်ကျော်ကြားမှု အရဆို ထိပ်တန်း အဆင့်တွေချည်းပဲ...။
ဒီလို အခြေအနေမျိုးမှာ သူတို့ အတူတူ ပေါ်လာမယ် ဆိုရင် ရှင်းဖို့ ခက်ကုန်မယ်…။
ရုပ်ရှင် ပွဲတော်က မနက်ဖြန် မနက် ကျင်းပဖို့ စီစဉ်ထားတာ...။ ဒါကြောင့် သူတို့ ဒီနေ့ လာခဲ့ကြတာပေါ့...။ ဘာပဲဖြစ်ဖြစ် ကျန်းမြို့ က မြို့တော်နဲ့ တော်တော်လေး ဝေးတယ်လေ...။
မနက်ဖြန် မနက်မှ ထွက်မယ် ဆိုရင် အမီ ရောက်နိုင်မှာ မဟုတ်ဘူး...။
ပျားမလေး၏ လက်ထောက် စီစဉ်ပေးမှု အောက်တွင် အဖွဲ့က ဟိုတယ်သို့ တိုက်ရိုက် ရောက်ရှိသွားကြ၏။ကျန်ရှိနေသော အချိန်များတွင် အစားအသောက်များကို သူတို့၏ အခန်းများဆီသို့ တိုက်ရိုက် ပို့ပေးခဲ့သည်။ တခြား နည်းလမ်း မရှိပေ။ မနက်ဖြန်က ရှောင်လွှဲ၍ မရသော နေ့တစ်နေ့ ဖြစ်၏။ သို့သော် ယနေ့တွင် ရှုပ်ထွေးမှုများကို အတတ်နိုင်ဆုံး လျှော့ချခြင်းက အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။
၎င်းမှာ နာမည်ကျော်ကြားမှုနှင့်အတူ ပါလာသော ကူကယ်ရာမဲ့မှုပင်။
ဘယ်သွားသွား သူတို့က စောင့်ကြည့်ခံနေရမှာ ဖြစ်ပြီး မကျေနပ်တဲ့ပုံ ပြလို့ မရဘူးလေ...။ တစ်ခါတလေ ဒီလို ဟန်ဆောင်နေရတာ တကယ်ကို ပင်ပန်းတယ်...။
လီယီတောင်းနှင့် အခြားသူများ မြို့တော်သို့ ရောက်ရှိလာချိန်မှာပင် မြို့တော် ရုံးခွဲရှိ တပ်ဖွဲ့ ၃၆ ကလည်း လှုပ်ရှားနေလေပြီ။
မနေ့က အကြီးအကဲလျန် ထံမှ မစ်ရှင်ကို လက်ခံရရှိခဲ့သော လူနှစ်ဦးမှာ လက်ရှိတွင် တပ်ဖွဲ့ ၃၆ ၏ ရုံးခန်း တစ်ခန်းထဲ၌ ထိုင်နေကြ၏။သူတို့ နှစ်ဦးအပြင် ရုံးခန်းထဲတွင် အခြား လူလေးငါးယောက်ခန့် ရှိနေသေးသည်။ လေထုက အတော်လေး ကြက်သီးထဖွယ် ကောင်းနေလေသည်။
နှစ်ရက်ကြာ စုံစမ်းစစ်ဆေးပြီးနောက် ရုပ်ရှင် ပွဲတော်ရှိ နေရာ အသီးသီးတွင် ပြန့်ကျဲနေသော ပေါက်ကွဲရေး ပစ္စည်း ဆယ်ခုကျော်ကို သူတို့ ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်၏။ အကယ်၍ ဤပေါက်ကွဲရေး ပစ္စည်းများသာ တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားမည် ဆိုပါက ရုပ်ရှင် ပွဲတော် ကျင်းပမည့် နေရာ တစ်ခုလုံး အပျက်အစီးများ အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ...။
ဒါပေမဲ့ အဲဒါက ကြောက်စရာ အကောင်းဆုံး အချက် မဟုတ်သေးဘူး...။
အကြောက်ဆုံး အချက်ကတော့... ဒီပြစ်မှု ကျူးလွန်တဲ့ သူတွေကို ရှာတွေ့မယ့် ဘယ်သဲလွန်စကိုမှ ရှာမတွေ့သေးတာပဲ...။
ဒါက ယုတ္တိ မတန်ဘူးလေ...။
CCTV မှတ်တမ်းတွေကိုတောင် ဘာမှ ပြုပြင် ဖျက်ဆီးထားတာ မရှိဘူး...။
CCTV မှတ်တမ်းတွေကနေ ဘာတစ်ခုမှ ရှာမတွေ့ဘူး...။
သို့သော် အခြားသော နည်းလမ်းများမှတစ်ဆင့် ပုံမှန်မဟုတ်သော သဲလွန်စ အချို့ကို သူတို့ တွေ့ရှိခဲ့ကြ၏။ ဤသဲလွန်စများမှာ သမားရိုးကျ မဟုတ်သော ထူးဆန်းသည့် နည်းလမ်းအချို့ကို အသုံးပြု၍ ချန်ထားခဲ့ခြင်း ဖြစ်ကြောင်း သံသယ ဝင်စရာ မလိုပေ။ " ဟူး... သတင်းပို့လိုက်ကြရအောင်... မနက်ဖြန် နောက်ထပ် မတော်တဆမှုတွေ ဖြစ်လာနိုင်တယ်လို့ ငါ သံသယ ရှိတယ်... "
သူတို့ထဲမှ တစ်ယောက်က မချိတင်ကဲ သက်ပြင်းချကာ ပြောလိုက်၏။
သတင်းပို့ခြင်းက သူတို့အတွက် သက်ရောက်မှု အချို့ ရှိလေသည်။ ၎င်းမှာ သူတို့၏ မစ်ရှင် ဖြစ်၍ ပြင်ပ အကူအညီကို တောင်းခံခြင်းက သူတို့အတွက် သိက္ခာကျစရာပင်။
လက်ရှိ အခြေအနေများအောက်တွင် တခြား ရွေးချယ်စရာ မရှိတော့ပေ။ အကယ်၍ မနက်ဖြန်အထိ စောင့်နေပြီး တကယ့် ပြဿနာသာ ဖြစ်လာခဲ့မည် ဆိုပါက သိက္ခာ ပိုကျရုံသာမက ပိုမိုကြီးမားသော အကျပ်အတည်းများနှင့် ရင်ဆိုင်ရနိုင်လေသည်။
" ကောင်းပြီ... ငါ သတင်းပို့လိုက်မယ်... အခင်းဖြစ်ပွားရာ နေရာကို အဖွဲ့တစ်ဖွဲ့ ခေါ်သွားပြီး အခြေအနေ ထူးခြားတာတွေ ရှိ၊ မရှိ စစ်ဆေးလိုက်မယ်... ဆက်သွယ်မှု မပြတ်စေနဲ့... "
" အိုကေ... "
ထို့နောက် သူတို့ထဲမှ တစ်ယောက်က လူအနည်းငယ်ကို ဦးဆောင်ကာ ပွဲတော် ကျင်းပမည့် နေရာသို့ ပြန်သွားလေသည်။ အခြား တစ်ယောက်ကတော့ သီးခြား ရုံးခန်း တစ်ခန်းထဲသို့ ဝင်သွား၏။
နောက်ဆက်တွဲ ဘာတွေ ဖြစ်လာမလဲ...။
အရာအားလုံးက မသိနိုင်တဲ့ လမ်းကြောင်း တစ်ခုဆီကို ဦးတည်နေတယ်...။
နောက်ဆုံး ရလဒ်က ဘာဖြစ်လာမလဲ ဆိုတာကို ဘယ်သူမှ မခန့်မှန်းနိုင်ကြဘူး...။