Live ထဲတွင် ပွက်လောရိုက်နေလေပြီ။
ပျားမလေး က အစ်ကိုယီတောင်းနှင့် အတူတူ ရှိနေရုံသာမက ကျိုးရှုရီနှင့် လီရှင်းထင်တို့ပါ အတူတူ ရှိနေသည်ကို မြင်လိုက်ရချိန်တွင် အားလုံး အံ့အားသင့်သွားကြလေသည်။
လခွမ်း...။
ဒါက ကမ္ဘာကြီး တုန်လှုပ်သွားမယ့် သတင်းကြီးပဲ...။
ပျားမလေး နဲ့ အစ်ကိုယီတောင်းက ဘယ်လိုလုပ် အတူတူ ဖြစ်သွားရတာလဲ...။
သူတို့ရဲ့ ရင်းနှီးတဲ့ အပြုအမူတွေကို ကြည့်ရတာ အခုမှ သိတဲ့ ဆက်ဆံရေးမျိုးတော့ သေချာပေါက် မဟုတ်ဘူး...။
တစ်ချိန်တည်းမှာပင် ရုပ်ရှင် ပွဲတော် ကျင်းပမည့် နေရာ၏ မြေအောက် ကားပါကင်သို့ လုပ်ငန်းသုံး ဗန်ကားကြီး တစ်စီး ဖြည်းညင်းစွာ ဝင်ရောက်လာလေသည်။ ပုံမှန် အဝင်ပေါက်မှ ဝင်လာခြင်းပင် မဟုတ်။
မည်သို့ ဝင်လာသလဲ ဆိုသည်ကိုတော့ မည်သူမျှ မသိပေ။
ဗန်ကား၏ ယာဉ်မောင်း နေရာ၌ လူလတ်ပိုင်း အမျိုးသား တစ်ဦး ရှိနေ၏။
သေချာ အကဲခတ်ကြည့်မည် ဆိုပါက ထိုအမျိုးသား၏ မျက်နှာထားမှာ ခံစားချက် ကင်းမဲ့နေသည်ကို သတိထားမိပေလိမ့်မည်။ သူ၏ လှုပ်ရှားမှုများကပင် စက်ရုပ် တစ်ရုပ်ပမာ။
သူက အထူး နည်းလမ်း တစ်ခုခုဖြင့် တစ်ယောက်ယောက်၏ ထိန်းချုပ်မှုကို ခံထားရသည့်အလားပင်။
ညစာစားပွဲကတော့ ဆက်လက် ကျင်းပနေဆဲ ဖြစ်၏။
နောက်ဆုံး ဆုပေးပွဲ အစီအစဉ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဆုရရှိသူများက ဝမ်းသာအားရဖြင့် စင်မြင့်ထက်သို့ တက်လာကြပြီး ကြားထဲတွင် အနုပညာရှင် တစ်ဦး သို့မဟုတ် နှစ်ဦးခန့်၏ ဖျော်ဖြေတင်ဆက်မှုများလည်း ပါဝင်လေသည်။ အချို့က သီချင်းဆိုကြသည်၊ အချို့က ကကြသည်၊ အချို့က ဟာသ ပြဇာတ်တိုလေးများပင် တင်ဆက်ကြ၏။ ဖျော်ဖြေမှု အပြည့်အဝ ပေးနိုင်သော ပွဲတစ်ခုပင်။
ပွဲအရှိန်က တဖြည်းဖြည်းနှင့် အထွတ်အထိပ်သို့ ရောက်ရှိလာလေသည်။
ဤအချိန်တွင် လီယီတောင်းကတော့ နေရာတွင် ထိုင်ရင်း အတော်လေး ပျင်းရိနေ၏။
လုပ်စရာ ဘာမှ မရှိပေ။
အစကတည်းက သူက ပျားမလေး၏ သေဆုံးမှု အခြေအနေကိုသာ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
အင်း...
မနေ့ကနဲ့တော့ မတူတော့ဘူး... အပြောင်းအလဲတွေ ရှိသွားပြီ...။ ပျားမလေး ရဲ့ သေဆုံးမှု အခြေအနေက ပြောင်းပြန် ဖြစ်သွားပြီး သူ ရှာတွေ့ထားတဲ့ အမည်မသိ အန္တရာယ်တွေ အကုန်လုံးလည်း ရှင်းလင်းသွားပြီ...။
ဒါကြောင့်မို့လို့ စိတ်အေးလက်အေးနဲ့ ရုပ်ရှင် ပွဲတော်ကို တက်ရောက်နိုင်ခဲ့တာလေ...။
အခုတော့ ရုပ်ရှင် ပွဲတော် ပြီးလို့ အိမ်ပြန်ရမယ့် အချိန်ကိုပဲ စောင့်နေမိတော့တယ်...။
မနေ့က ငါ ပေးခဲ့တဲ့ သတိပေးချက်က အလုပ်ဖြစ်သွားပုံ ရတယ်...။
ဒီအင်တာနက် သုံးစွဲသူတွေ ဘယ်လိုပဲ မှန်းဆနေပါစေ... အလုံးစုံ အခြေအနေကိုတော့ သူတို့ လွှမ်းမိုးနိုင်မှာ မဟုတ်ဘူး ဆိုတာကို သိနေတယ်လေ...။
ဒါပေမဲ့...
လူအများကြီးက ငါ့ကို စောင့်ကြည့်နေတယ် ဆိုတာကိုလည်း သိတယ်...။
ဒီလို အခြေအနေမျိုးမှာ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ တစ်ယောက်ယောက်က လှုပ်ရှားလာတာ သဘာဝပါပဲ...။
ဒီလို ခမ်းနားတဲ့ ပွဲကြီးကို ပြဿနာတွေ မရှင်းဘဲ ဒီအတိုင်း လွှတ်ထားဖို့ ဆိုတာ သေချာပေါက် မရိုးရှင်းဘူးလေ...။
လီယီတောင်း နောက်သို့ မှီချလိုက်ပြီး ခေါင်းကို နောက်သို့ လှန်လိုက်ချိန်မှာပင်... ရုတ်တရက်...
သူ့ခေါင်းထဲတွင် အသိပေးသံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။
[ ကတောင်... အရည်အသွေးမြင့် ဖောက်သည်ကို ရှာဖွေတွေ့ရှိပါသည်၊ ID : ရီတာ ]
[ သေဆုံးမှု အခြေအနေ စစ်ဆေးခြင်း - မကြာမီ လူလုပ် မတော်တဆမှုများကြောင့် သေဆုံးမည်၊ သေဆုံးနိုင်ခြေ ၅၀% ]
[ သင့်အနေဖြင့် ဤအရည်အသွေးမြင့် ဖောက်သည်အား ချက်ချင်း Follow လုပ်ရန် အကြံပြုအပ်ပါသည်။ ]
[ ကတောင်... အရည်အသွေးမြင့် ဖောက်သည်ကို ရှာဖွေတွေ့ရှိပါသည်၊ ID : ဝူကျင်း ]
[ သေဆုံးမှု အခြေအနေ စစ်ဆေးခြင်း - မကြာမီ လူလုပ် မတော်တဆမှုများကြောင့် သေဆုံးမည်၊ သေဆုံးနိုင်ခြေ ၇၅% ]
[ သင့် အနေဖြင့် ဤအရည်အသွေးမြင့် ဖောက်သည်အား ချက်ချင်း Follow လုပ်ရန် အကြံပြုအပ်ပါသည်။ ]
[ ကတောင်... အရည်အသွေးမြင့် ဖောက်သည်ကို ရှာဖွေတွေ့ရှိပါသည်၊ ID : တိန့်ချောင် ]
[ သေဆုံးမှု အခြေအနေ စစ်ဆေးခြင်း - မကြာမီ လူလုပ် မတော်တဆမှုများကြောင့် သေဆုံးမည်၊ သေဆုံးနိုင်ခြေ ၇၃% ]
[ ကတောင်... အရည်အသွေးမြင့် ဖောက်သည်ကို ရှာဖွေတွေ့ရှိပါသည်... ]
ဆက်တိုက် ဝင်လာသော အသိပေးသံများကြောင့် လီယီတောင်း ရင်ထဲ လေးလံသွားတော့၏။
အခုလေးတင် နောက်သို့ မှီချထားသော သူ၏ ခန္ဓာကိုယ်က ချက်ချင်း မတ်မတ် ပြန်ဖြစ်သွားလေသည်။
သူတို့ ရောက်လာပြီ...။
သတိပေးချက်ပေါ်လာတဲ့ သူတွေက လီယီတောင်း အခုလေးတင် မြင်တွေ့ခဲ့ရတဲ့ အနုပညာရှင်တွေလေ... နာမည်တောင် မသိတဲ့ သူတချို့တောင် ပါသေးတယ်...။
သူ့မျက်လုံးနဲ့ မြင်တွေ့လိုက်ရတဲ့ လူတိုင်းက အခု သူ့ရဲ့ အသိပေးချက်တွေ ထဲမှာ ပေါ်လာပြီး တစ်ယောက်ချင်းစီရဲ့ သေဆုံးနိုင်ခြေက အနည်းဆုံး ၅၀ ရာခိုင်နှုန်း အထက်မှာ ရှိနေတယ်...။
တချို့ဆိုရင် ရာခိုင်နှုန်း ပြည့်တောင် ရှိသေးတယ်...။
လီယီတောင်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။
' သေဆုံးမှု စုံစမ်းစစ်ဆေးခြင်း အတွက် သက်တမ်း ကုန်ဆုံးမှု... ရာစုနှစ် တစ်ခုတောင်လား... '
အခြေအနေ၏ ကြီးလေးမှုကို သဘောပေါက်သွားသဖြင့် သူ ထပ်မံ အသက်ပြင်းပြင်း ရှူလိုက်မိ၏။
မည်သို့မျှ တွန့်ဆုတ်မနေဘဲ သေဆုံးမှု စုံစမ်းစစ်ဆေးခြင်းကို စတင်ရန် သက်တမ်းကို သူ အသုံးပြုလိုက်လေသည်။
အချက်အလက်များ ထွက်ပေါ်လာသည်နှင့်အမျှ လီယီတောင်း၏ အကြည့်များက ရေခဲလို အေးစက်သွားတော့၏။
နောက်ထပ် ပေါက်ကွဲမှု...။
ဒါပေမဲ့ ဒီတစ်ခါတော့ ပေါက်ကွဲမယ့် နေရာနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေက မတူတော့ဘူး...။
အရင် အကျပ်အတည်းက အာရုံလွှဲဖို့ သက်သက်၊ မျက်လှည့်ပြဖို့ သက်သက်ပဲလား...။
လီယီတောင်း အချိန်ကို ကြည့်လိုက်သည်။
ပေါက်ကွဲဖို့ အချိန် သိပ်မကျန်တော့ဘူး... သူ နည်းလမ်း တစ်ခုခု ရှာမှ ဖြစ်မယ်...။
သို့သော် Live မှတစ်ဆင့် အသိပေးရန် ဆိုသည်မှာ မဖြစ်နိုင်ပေ။ ပျားမလေး ကို သတိပေးရန် သို့မဟုတ် ပွဲကျင်းပသည့် နေရာတွင် အော်ဟစ် သတိပေးရန် ဆိုသည်မှာလည်း မဖြစ်နိုင်ပုံ ရလေသည်။
ထိုကဲ့သို့ ရဲတင်းသော လုပ်ရပ်များကို တွေးမိလိုက်သည်နှင့် တစ်ပြိုင်နက် သေမင်း၏ အရိပ်အယောင် လွှမ်းမိုးလာသည်ကို သူ ခံစားလိုက်ရ၏။
သေခြင်းတရားရဲ့ စည်းမျဉ်းတွေကို ပေါ်ပေါ်ထင်ထင် ဖီဆန်ဖို့ သူ စွန့်စားလို့ မရဘူး...။
ဒါလည်း မဖြစ်ဘူး... ဟိုဟာလည်း မဖြစ်ဘူး...။
ဒီအတိုင်းပဲ ထွက်သွားရတော့မှာလား... ဒါပေမဲ့ ပွဲကျင်းပတဲ့ နေရာက စည်ကားနေတဲ့ မြင်ကွင်းကို ကြည့်ပြီး ဖြေရှင်းနည်း တစ်ခု ရှာဖို့ လိုအပ်တယ် ဆိုတာကို သူ သိတယ်...။
ဒီအတိုင်း အခြေအနေတွေကို ထိန်းမနိုင် သိမ်းမရ ဖြစ်သွားအောင် လွှတ်ထားလို့ မရဘူးလေ...။
အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ဘေးရှိ ပျားမလေး ကို လှမ်းကြည့်လိုက်၏။
အကောင်းဆုံး ရွေးချယ်မှုက ပျားမလေးကတစ်ဆင့် တခြားသူတွေကို သတိပေးခိုင်းဖို့ပဲ...။ ဒါပေမဲ့ အများကြီး ဖွင့်မပြောဘဲနဲ့ ဒါကို သူမဆီ ဘယ်လို သတင်းပို့ရမလဲ...။
သူ ခဏမျှ စဉ်းစားခန်း ဝင်သွားသည်။
သေဆုံးမှု စုံစမ်းစစ်ဆေးခြင်းက ပြောင်းလဲသွားပြီ ဆိုပေမဲ့... ဘာလို့ ရုတ်တရက်ကြီး ပြန်ဖြစ်လာရတာလဲ...။
လီယီတောင်း တစ်ခုခု ပြောရန် ပြင်လိုက်ချိန်မှာပင် သူ ထပ်မံ ကြောင်အသွားပြန်သည်။
သေဆုံးမှု စုံစမ်းစစ်ဆေးခြင်းက... ထပ်ပြောင်းသွားပြန်ပြီ...။
ဤအချိန်တွင် လီယီတောင်း ပင်လျှင် တည်ငြိမ်အောင် မနေနိုင်တော့ပေ။
ဒီလောက် အချိန်တိုင်း ပြောင်းလဲနေတယ် ဟုတ်လား... ဒီနောက်ကွယ်မှာ ကြိုးကိုင်နေတဲ့ သူ သေချာပေါက် ရှိရမယ်...။
ယခုအချိန်တွင် လီယီတောင်းပင်လျှင် စိုးရိမ်ပူပန်လာလေပြီ။
တစ်ယောက်ယောက်က ဒီအရာ အားလုံးကို ကြိုးကိုင်နေတာပဲ...။
သူ၏ ပထမဆုံး သံသယ၊ သို့မဟုတ် ပထမဆုံး စဉ်းစားမိသည့် အချက်မှာ သူတို့က သူ့ကို တမင်တကာ ပစ်မှတ်ထားနေတာလား ဆိုသည်ပင်။
သူ့ဘေးရှိ ပျားမလေး က လီယီတောင်း၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်ကို ခံစားမိပြီး... " အစ်ကိုယီတောင်း... ဘာဖြစ်လို့လဲဟင်... "
သူမက အစ်ကိုယီတောင်းကို အကဲခတ်နေခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။
သူ၏ သက်သောင့်သက်သာ ရှိနေသော အမူအရာမှသည် ပွဲကျင်းပသည့် နေရာ တစ်ခုလုံးကို အသေအချာ ကြည့်ရှုခြင်း၊ ထို့နောက် ရုတ်တရက် အခုလိုမျိုး လန့်နိုးလာခြင်း အထိ... အရာအားလုံးက သူမ၏ မျက်စိအောက်တွင် ရှိနေခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် ဤအချိန်တွင် ပျားမလေး တစ်ယောက် အနည်းငယ် မှင်သက်သွားရသည်မှာ အမှန်ပင်။
အစက အစ်ကိုယီတောင်းက ရုပ်ရှင် ပွဲတော်မှာ ပြဿနာ တစ်ခုခု ရှိနိုင်တယ်လို့ ကြိုဟောထားခဲ့တာလေ...။ ပြီးတော့ အခု အစ်ကိုယီတောင်း ရဲ့ အပြုအမူကို ကြည့်ရတာ တစ်ခုခုတော့ တကယ် မှားယွင်းနေပြီ ဆိုတဲ့ ရာခိုင်နှုန်းက တအား များနေပြီ...။
လီယီတောင်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက် ပျားမလေး ကို လှည့်ကြည့်လိုက်လေသည်။
" မင်း... ငါ့ကို ယုံလား... "
ပျားမလေး အလိုလို ခေါင်းညိတ်ပြလိုက်၏။
ကျိုးရှုရီနှင့် လီရှင်းထင်တို့လည်း ဤအချိန်တွင် လှမ်းကြည့်လာကြသည်။ ထိုမျှမကသေးပေ။ သူတို့ ပတ်ဝန်းကျင်ရှိ လူများကလည်း ဇဝေဇဝါ ဖြစ်နေကြ၏။
ဒီစကားက ဘာအဓိပ္ပာယ်လဲ...။
အထူးသဖြင့် အစ်ကိုယီတောင်းကို မသိသော သူများက ပို၍ပင် ဇဝေဇဝါ ဖြစ်နေကြလေသည်။
' ဒီလူက ဘယ်သူလဲ... သူက ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ထိုင်နိုင်ရတာလဲ... ပြီးတော့ ပျားမလေး ကို ဒီလောက်တောင် စိုးရိမ်သွားအောင် ဘယ်လိုလုပ်နိုင်တာလဲ... '
ပျားမလေး ခေါင်းညိတ်လိုက်သည်ကို မြင်သောအခါ အစ်ကိုယီတောင်း ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး အလွန် လေးနက်သော လေသံဖြင့် ပြောလိုက်လေသည်။
" ငါ အခု သွားတော့မယ်... ဒီပွဲကျင်းပတဲ့ နေရာကနေ ငါ ထွက်သွားတော့မယ်... "
" ငါ့စကားရဲ့ အဓိပ္ပာယ်ကို မင်း နားလည်လား... "
လီယီတောင်းက အကျပ်အတည်းနှင့် ပတ်သက်သည့် အခြေအနေကို တိုက်ရိုက် ဖွင့်ပြော၍ မရသလို၊ အခြားသူများကိုလည်း အန္တရာယ်မှ ရှောင်ရှားရန် တားမြစ်၍ မရပေ။ သူ တိုက်ရိုက် ဝင်ရောက် စွက်ဖက်၍ မရပေ။ အကယ်၍ သူ ကိုယ်တိုင် အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှသာ၊ တစ်ဖက်လူက တိုက်ရိုက် ခြိမ်းခြောက်လာမှသာ သူ လှုပ်ရှားနိုင်မည် ဖြစ်၏! သို့သော် ယခု သူ လှုပ်ရှားချင်လျှင်ပင် ပစ်မှတ် အရင် ရှိရမည် မဟုတ်ပါလား။
ထို့ကြောင့် လက်ရှိ သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ စံနမူနာပြရန်ပင်။
တော်သေးတယ်… ရုပ်ရှင် ပွဲတော်မှာ ပြဿနာ ရှိမယ် ဆိုတဲ့ အရင် သတိပေးချက်ကို အားလုံးက နားလည်ထားကြလို့ပေါ့...။
အခု ဒီစကားရယ်၊ ငါ့ရဲ့ လုပ်ရပ်တွေရယ်နဲ့ ပေါင်းပြီး ပျားမလေး နားလည်နိုင်ဖို့ မျှော်လင့်မိတယ်...။ သူမက တစ်ဆင့် ဒီနေရာက အကျပ်အတည်းကို ဖွင့်ချပေးနိုင်ဖို့ပေါ့...။ ဒီလိုဆိုရင် လူတိုင်း အမြန်ဆုံး ထွက်သွားနိုင်ကြမှာလေ...။
အန္တရာယ် ဘယ်အချိန် အတိအကျ ဖြစ်လာမလဲ ဆိုတာကို လီယီတောင်း မသိဘူး... ဒါက အဆိုးဆုံး အချက်ပဲ...။
ချက်ချင်း ရောက်လာနိုင်ခြေ တအား များတယ်...။
ပျားမလေး ကတော့ အစ်ကိုယီတောင်း၏ စကားများကို ကြားပြီး ခဏတာ မှင်သက်သွားလေသည်။ ထို့နောက် သူမ၏ မျက်လုံးများထဲတွင် အကြောက်တရားများ ပြည့်နှက်သွားတော့၏။
အစ်ကိုယီတောင်း နောက်ပြောင်ခဲ့သည်ကို သူမ သတိရသွားသည်။
" ငါ မင်းနဲ့ အတူတူ လိုက်ခဲ့ပေးနိုင်တယ်... ဒါပေမဲ့ အန္တရာယ် ရှိလာရင်တော့ ငါ အရင် ထွက်ပြေးရလိမ့်မယ်... "
ဒါက အရင်က အစ်ကိုယီတောင်း ပြောခဲ့တဲ့ စကားလေ...။
အခု သူ ဒီနေရာကနေ ထွက်သွားချင်နေပြီ...။
ဒါရဲ့ နောက်ကွယ်က အကြောင်းရင်းကတော့...
ပျားမလေး တစ်စက္ကန့် အတွင်းမှာတင် သဘောပေါက်သွားလေပြီ။
အန္တရာယ် ရောက်လာပြီ...။