လီယီတောင်းက ပျားမလေးကို တည်ငြိမ်လေးနက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။
ခဏတာ မှင်သက်သွားပြီးနောက် သူမက တံတွေး တစ်ချက် မျိုချလိုက်ပြီး ခေါင်းညိတ်ပြလိုက်လေသည်။
သူမ နားလည်သွားပြီ...။
ဒါပေမဲ့... အခု ဘာလုပ်ရမလဲ...။
ထိုအချိန်မှာပင် စင်မြင့်ပေါ်မှ အစီအစဉ် တင်ဆက်သူ၏ အသံ ထွက်ပေါ်လာလေသည်။
" ကဲ... အခု ကျွန်တော်တို့ရဲ့ ဒီနေ့အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုရှင်ကို ကြိုဆိုလိုက်ကြရအောင်... ပျားမလေး ပါခင်ဗျာ... "
" အခုပဲ ကျွန်တော်တို့ရဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုရှင်ကို စင်မြင့်ပေါ် တက်ရောက်ပြီး ဆုလက်ခံ ရယူဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ... "
နှစ်ယောက်လုံး၏ အကြည့်များက စင်မြင့်ဆီသို့ တစ်ပြိုင်နက်တည်း ရောက်သွားကြ၏။
တစ်ချိန်တည်းမှာပင် လူတိုင်းက လက်ခုပ်တီးပြီး သြဘာပေးကြလေသည်။ Live ထဲရှိ ပရိသတ်များကလည်း စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ် အားပေးကြတော့၏။
ပျားမလေး၏ ပရိသတ် အများအပြားက ဤနောက်ဆုံး အချိန်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်သည်။
" ငါတို့ရဲ့ ပျားမလေး နောက်ဆုံးတော့ ထွက်လာပြီဟေ့... "
" အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုတဲ့... ဒီတစ်ခေါက် ဝေဖန်နေတဲ့ကောင်တွေ အကုန်လုံး သွားသေလိုက်တော့... "
" ငါတို့ရဲ့ ပျားမလေးက အကောင်းဆုံးပဲ... ပျားမလေး... နင့်ကို တအား ချစ်တယ်... "
" အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ပျားမလေး... တကယ်ကို ထိုက်တန်ပါတယ်... "
" ဟင်... ပျားမလေး မျက်နှာကို ကြည့်ပါဦး... နည်းနည်းတော့ ထူးဆန်းနေသလိုပဲနော်... "
" အင်း... တစ်ခုခုတော့ မှားနေသလိုပဲ... ဘာတွေ ဖြစ်နေတာလဲ... ပျားမလေး ဘာဖြစ်လို့လဲ... "
" ကြည့်ရတာ... အစ်ကိုယီတောင်းကို တစ်ခုခု ပြောနေသလိုပဲ... မဟုတ်ဘူး... အစ်ကိုယီတောင်းက သူ့ကို တစ်ခုခု ပြောလိုက်တာ... "
" မင်းတို့... အရင်က အစ်ကိုယီတောင်း ပြောခဲ့တာတွေကို မှတ်မိသေးလား... "
" အစ်ကိုယီတောင်း ဘာပြောခဲ့လို့လဲ... သူက ပျားမလေးကို Follow လုပ်လိုက်တာပဲလေ... ပြီးတော့ သူ... လခွမ်း... "
" ဖက်ခ်... ဟုတ်တယ်... အစ်ကိုယီတောင်းက ပျားမလေးကို Follow လုပ်ပြီး ရုပ်ရှင် ပွဲတော်မှာ ပြဿနာ ရှိလိမ့်မယ်လို့ ကြိုဟောခဲ့တာ... "
" ဒါဆို ဒီနေ့ အစ်ကိုယီတောင်းက ရုပ်ရှင် ပွဲတော် ကျင်းပတဲ့ နေရာကို ရောက်လာတာ... "
" တကယ်ကြီးလား... အန္တရာယ်က တကယ် နီးလာပြီလား... "
" ဖြစ်နိုင်တာက... ပျားမလေးရဲ့ မျက်နှာထားကို ကြည့်လိုက်... "
" ပျားမလေး လန့်နေတာပဲ... တစ်ခုခုတော့ သေချာပေါက် မှားနေပြီ... "
" တအား စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ... မျှော်လင့်နေပြီနော်... "
" ဟင့်အင်း... ဘာမှ မဖြစ်ပါစေနဲ့... ငါ သဘောအကျဆုံး အနုပညာရှင်တွေ အကုန်လုံး ဒီမှာ ရှိနေတာ... "
" မဖြစ်ရဘူး... ဘာမှ မဖြစ်စေရဘူး... လုံးဝ မဖြစ်ရဘူး... ဆုတောင်းပါတယ်... "
" ဆုတောင်းပါတယ်... "
ခဏတာမျှ ပျားမလေး တစ်ယောက် စင်မြင့်ပေါ်မှ အားပေးသံများကို မကြားရသည့်အလား မလှုပ်မယှက် ရပ်နေလေသည်။
အဓိက အကြောင်းရင်းမှာ ယခု သူမ ဘာလုပ်ရမည်ကို တကယ် မသိသောကြောင့်ပင်။
ဤအချိန်တွင် ပျားမလေးကို သိသော အခြား မင်းသမီး တစ်ဦးက... " မမ... စင်ပေါ်တက်ပြီး ဆုသွားယူရမယ့် အချိန် ရောက်ပြီလေ... " ဟု တိုးတိုးလေး သတိပေးလိုက်၏။
အနီးနားရှိ အခြားသူများကလည်း ဝင်ရောက် သတိပေးကြလေသည်။
ဘာပဲဖြစ်ဖြစ် ကင်မရာတွေ အားလုံးက သူမဆီကိုပဲ ချိန်ထားတာလေ...။
အစီအစဉ် တင်ဆက်သူက အခြေအနေကို အလိုက်သင့် ထိန်းတတ်ပေသည်။
" ကြည့်ရတာ ကျွန်တော်တို့ရဲ့ ပျားမလေးက ဒီသတင်းကောင်းကို လက်ခံနိုင်ဖို့ အချိန်နည်းနည်း ယူနေရတဲ့ ပုံပဲ... ကျွန်တော်တို့ရဲ့ ပျားမလေးကို စင်မြင့်ပေါ် တက်ရောက်ပြီး ဆုလက်ခံ ရယူဖို့ နောက်တစ်ကြိမ် လက်ခုပ်သံတွေနဲ့ ဖိတ်ခေါ်လိုက်ကြရအောင်ဗျာ... "
" ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း... "
လက်ခုပ်သံများ မပြတ်တမ်း ထွက်ပေါ်လာ၏။ ၎င်းမှာ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ဖြစ်ပြီး အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုဟု ဆိုနိုင်ပေသည်။
ဤအချိန်တွင် ပျားမလေး နောက်ဆုံး၌ သတိပြန်ဝင်လာလေပြီ။ သူမ၏ မျက်နှာ အမူအရာကို ပြင်ဆင်လိုက်ပြီး အရေးကြီးသော ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည့်အလား သူမ ဘေးရှိ လီယီတောင်းကို ပြတ်သားစွာ ခေါင်းညိတ်ပြလိုက်၏။
ထို့နောက် ဂုဏ်ပြု စကားများနှင့် အားပေးသံများ အကြားတွင် သူမက စင်မြင့်ပေါ်သို့ ဖြည်းညင်းစွာ လျှောက်သွားလေသည်။
သို့သော် မည်သူမျှ သတိမထားမိခဲ့သည့် အရာမှာ ဤအချိန်တွင် ပျားမလေးက သူမကိုယ်သူမ အတင်းအကျပ် ဟန်ဆောင်နေရခြင်းပင် ဖြစ်သည်။
ဒီလို အကျပ်အတည်းမျိုးကို သူမ ဘယ်တုန်းက ကြုံဖူးလို့လဲ...။
အစ်ကိုယီတောင်း၏ သေမင်းတမန် ဆိုသော နာမည်က လူတိုင်း လက်ခံထားပြီးသား အမှန်တရား တစ်ခု ဖြစ်နေလေပြီ။
အစ်ကိုယီတောင်းကို မယုံကြည်ဘူး ဆိုရင် ကိုယ့်ဒုက္ခ ကိုယ်ရှာတာနဲ့ အတူတူပဲ...။
ပျားမလေး စင်မြင့်ပေါ်သို့ ခြေတစ်လှမ်းချင်း လှမ်းတက်သွားချိန်တွင် အစီအစဉ် တင်ဆက်သူက... " ကဲ... အခု ကျွန်တော်တို့ရဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုရှင်ရဲ့ ဆုလက်ခံ စကားကို နားဆင်လိုက်ကြရအောင်... " ဟု ဆက်ပြောလေသည်။
အောက်မှ ပရိသတ်များထံမှ မိုးခြိမ်းသံကဲ့သို့ လက်ခုပ်သံများ ထွက်ပေါ်လာ၏။
အခမ်းအနား ကျင်းပရာ နေရာရှိ အားပေးသံများနှင့် စိတ်လှုပ်ရှားမှုများနှင့် ဆန့်ကျင်ဘက် အနေဖြင့် Live ထဲတွင်တော့ လုံးဝ ရူးသွပ်မတတ် ပေါက်ကွဲနေလေပြီ။
လူများက အရေးပေါ် နံပါတ်များကို အပူတပြင်း ဆက်နေကြ၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် မြို့တော်၏ စနစ်တစ်ခုလုံး စတင် လည်ပတ်လာတော့သည်။
မြို့တော်ရှိ တပ်ဖွဲ့ ၃၆ ၏ ရုံးခွဲတွင် ယခုအခါ လူနှစ်ယောက်သာ ကျန်ရှိတော့၏။
အစကတော့ သူတို့ထဲမှ တစ်ယောက်က ရုပ်ရှင် ပွဲတော် ကျင်းပရာ နေရာသို့ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်သွားရန် စီစဉ်ထားပြီး အခြား တစ်ယောက်ကတော့ ညှိနှိုင်းဆောင်ရွက်မှုများကို တာဝန်ယူရန် ဖြစ်သည်။
သို့သော် ဤကိစ္စကို သူတို့၏ အထက်လူကြီးများထံ သတင်းပို့လိုက်သောအခါ မည်သည့် လှုပ်ရှားမှုမျှ မလုပ်ရန် အံ့အားသင့်ဖွယ် ညွှန်ကြားချက်ကို ရရှိခဲ့ကြလေသည်။
အခုတော့... တခြား တစ်ယောက်ယောက်က ဖြေရှင်းပေးလိမ့်မယ်လို့ သူတို့ကို ပြောနေတယ်...။
ဌာနချုပ်ကများ လူတွေကို ကြိုတင် စီစဉ်ထားလို့လား...။
မဖြစ်နိုင်ဘူး...။ ငါတို့ရဲ့ လက်ရှိ အဆင့်အတန်းနဲ့ ရာထူးက နိမ့်နေတယ် ဆိုရင်တောင်မှ တကယ်လို့ လူတွေ စေလွှတ်မယ် ဆိုရင် ငါတို့ကို သေချာပေါက် အသိပေးမှာပဲလေ...။
ဘာပဲဖြစ်ဖြစ်... နောက်ကွယ်မှာ အဆက်အသွယ်တွေ ရှိနေတာပဲ...။
" တီ... တီ... "
သူတို့ နှစ်ယောက် စဉ်းစားနေစဉ်မှာပင် ဖုန်းမြည်သံက သူတို့၏ အတွေးများကို ဖြတ်တောက်လိုက်လေသည်။
" ဟယ်လို... "
တစ်ဖက်မှ အေးစက်စက် အသံတစ်ခုက... " အခြေအနေ ပြောင်းသွားပြီ... စုရပ် ၆ မှာ လူစုကြ... ချိတ်ပိတ်ထားတဲ့ လက်နက်တွေကို ယူလာခဲ့... "
" တီ... တီ... တီ... " ဤဖုန်းခေါ်ဆိုမှုကြောင့် ထိုလူနှစ်ဦး အချင်းချင်း အံ့အားသင့်စွာ ကြည့်လိုက်မိကြ၏။ ချိတ်ပိတ်ထားသော လက်နက်များ ဆိုသည်မှာ သူတို့၏ သမားရိုးကျ မဟုတ်သော လက်နက်များကို ခေါ်ဆိုခြင်း ဖြစ်ပြီး အသုံးပြုပါက ပြင်းထန်သော အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်သဖြင့် များသောအားဖြင့် ရှောင်ကြဉ်လေ့ ရှိကြသည်။
ဤလက်နက်များကို အသက်အန္တရာယ် ရှိသော အခြေအနေများတွင်ပင် အသုံးပြုရန် ကန့်သတ်ထား၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ စွမ်းရည်များကို ဤချိတ်ပိတ်ထားသော လက်နက်များနှင့် ပေါင်းစပ်လိုက်ခြင်းက ခန့်မှန်း၍ မရနိုင်သော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သောကြောင့်ပင်။
သို့သော် ယခုအခါ သူတို့၏ လက်နက်များကို ယူဆောင်လာရန် ညွှန်ကြားခံရလေပြီ။ ၎င်းက ပိုမို ဆိုးရွားသော အကျပ်အတည်း တစ်ခု ပေါ်ပေါက်လာပြီ ဖြစ်ကြောင်း ညွှန်ပြနေလေသည်။
ရုပ်ရှင် ပွဲတော်၏ ပင်မ ခန်းမဆောင် အတွင်းတွင် ပျားမလေးက စင်မြင့်ပေါ်သို့ တက်ရောက်လာခဲ့ပြီ ဖြစ်၏။
သူမက အစီအစဉ် တင်ဆက်သူထံမှ မိုက်ကရိုဖုန်းကို လှမ်းယူလိုက်သော်လည်း မျက်နှာထက်တွင် စိုးထိတ်မှုတို့အပြည့်။
သူမ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှု အရိပ်အယောင်များ မရှိသဖြင့် လူတိုင်း ဇဝေဇဝါ ဖြစ်နေကြလေသည်။
ပုံမှန်ဆိုလျှင် ပျားမလေးက ယခုအချိန်တွင် အလွန် ဝမ်းသာပျော်ရွှင်နေရမည် ဖြစ်၏။
သူမ ဤလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းစဉ်ကတည်းက အချိန်အတော်ကြာအောင် ဆင်းရဲဒုက္ခများကို ခံစားခဲ့ရသည်။
သူမက အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရပြီး မျက်ရည်များစွာ ကျခဲ့ရသည် မဟုတ်ပါလား။
ပြီးတော့ အခု... အရာအားလုံးက နောက်ဆုံးတော့ အရာထင်လာခဲ့ပြီလေ...။
ဒါပေမဲ့... သူမက ဘာလို့ ဒီလောက်တောင် စိတ်လွင့်နေရတာလဲ...။
ပျားမလေး မိုက်ကရိုဖုန်းကို ကိုင်လိုက်ချိန်တွင် ခန်းမ တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
လူတိုင်းက သူမ၏ စကားများကို မျှော်လင့်နေကြ၏။
သို့သော် တစ်မိနစ်တိတိ ကြာသွားသော်လည်း သူမ ဘာစကားမျှ မဆိုပေ။ အစီအစဉ် တင်ဆက်သူ သတိပေးရန် ပြင်လိုက်ချိန်မှာပင် ပျားမလေးက သူမ၏ ဆုံးဖြတ်ချက်ကို ခိုင်မာအောင် လုပ်လိုက်ပုံ ရလေသည်။
သူမက တိုးညှင်းသော်လည်း ပြတ်သားသော အသံဖြင့် ခန်းမ တစ်ခုလုံး ပဲ့တင်ထပ်သွားအောင် ကြေညာလိုက်၏။
" ဒီမှာ... ဗုံး ရှိတယ်... "
ပရိသတ်များ ကြားတွင် ရှိနေသော လီယီတောင်း ခဏတာ မှင်သက်သွားလေသည်။
' ဗုံး ဟုတ်လား... ပျားမလေးကို ငါ အဲဒီအကြောင်း မပြောခဲ့ပါဘူး... သူ ဘယ်လို လုပ်သိသွားတာလဲ... '
သို့သော် ထို့နောက် သူ သဘောပေါက်သွား၏။
ပျားမလေးက ဉာဏ်ကောင်းတယ်။
တကယ့် အန္တရာယ်က ဘာပဲဖြစ်ဖြစ်... လူတိုင်းကို ချက်ချင်း ရွှေ့ပြောင်းပေးဖို့ လုံလောက်တဲ့ အကြောင်းပြချက် တစ်ခုနဲ့ အားလုံးကို ထိတ်လန့်သွားအောင် လုပ်ဖို့ သူမ ရွေးချယ်လိုက်တာပဲ...။
ဒီနည်းနဲ့ လူတိုင်းရဲ့ လုံခြုံရေးကို သူမ သေချာအောင် လုပ်နိုင်တာပေါ့...။
နောက်ဆက်တွဲ အကျိုးဆက်တွေ အတွက်တော့ ပျားမလေး အနေနဲ့ အခု တွေးပူနေဖို့ အချိန်မရှိဘူးလေ...။
တကယ်လို့ ဒါက နားလည်မှု လွဲတာပဲ ဖြစ်ဖြစ်၊ နောက်ဆုံးမှာ အန္တရာယ်ကို ရှာမတွေ့ဘူး ဆိုရင် သူမ ဒုက္ခ အကြီးအကျယ် ရောက်နိုင်တယ် ဆိုတာကို သူမ သိတယ်...။
ဒီလို ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးမှာ လူတွေရဲ့ စိတ်ခံစားချက်တွေကို ကစားတာက သူမရဲ့ ကံကြမ္မာကို အဆုံးသတ်လိုက်တာနဲ့ တူတူပဲ ဆိုတာ သူမ သိတယ်လေ...။
သို့သော်လည်း သူမက ဆက်လက် လုပ်ဆောင်ခဲ့ပြီး ပြတ်သားကာ မယိမ်းယိုင်ခဲ့ပေ။
ချက်ချင်းပင် အရေးပေါ် ရွှေ့ပြောင်းမှုများ စတင်လေတော့သည်။ ထိုမျှမကသေးဘဲ ရဲကားများ၊ မီးသတ်ကားများနှင့် လူနာတင်ယာဉ်များ အပါအဝင် အခြားသော ယာဉ်များပါ ဤနေရာသို့ အလျင်အမြန် စုဝေးရောက်ရှိလာကြ၏။
လူတိုင်း အရေးပေါ် ထွက်ခွာနေကြစဉ် ပွဲကျင်းပရာ နေရာမှ အခုလေးတင် ထွက်လာသော လီယီတောင်းက ရုတ်တရက် လှည့်ကြည့်လိုက်၏။ သူ၏ အကြည့်များက မြေအောက် ကားပါကင် ရှိရာသို့ စူးစိုက်သွားလေသည်။
လွန်ခဲ့သော ခဏလေးက သူ၏ သက်တမ်း ၄၆ နှစ် ကုန်ဆုံးသွားသည်ကို သူ ခံစားလိုက်ရ၏။
တစ်ယောက်ယောက်က သူ့ကို အန္တရာယ် ပေးချင်နေပြီး သေမင်း၏ အကာအကွယ်က ပြန်လည် တုံ့ပြန်လိုက်ခြင်းပင်။
ငါက တကယ်ပဲ ပစ်မှတ်လား...။
ပြဿနာအရင်းအမြစ်မှာ မြေအောက် ကားပါကင်တွင် ရှိကြောင်း သူ ခံစားသိရှိနိုင်လေသည်။
သူ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သော်လည်း ထိုနေရာသို့ သွားရောက် စစ်ဆေးရန် မလိုအပ်သဖြင့် အဝေးမှသာ စိုက်ကြည့်နေလိုက်၏။
ပျားမလေး ၏ သေဆုံးမှု အသိပေးချက် ထပ်မံ ပျောက်ကွယ်သွားသည်ကို သူ သတိထားမိလိုက်သည်။
သို့သော် လီယီတောင်းထံတွင် သံသယများစွာ ရှိနေဆဲပင်။
ငါ့ရဲ့ သေမင်းရဲ့ အကာအကွယ်က တကယ်ပဲ ဒီလောက် ကြီးမားတဲ့ ပြဿနာကြီးကို ရှင်းလင်းပေးလိုက်တာလား...။
တကယ်လို့ ခုနကသာ ငါ့ရဲ့ သက်တမ်း နှစ်တစ်ထောင်၊ ဒါမှမဟုတ် နှစ်ရာချီပြီး ကုန်ဆုံးသွားခဲ့မယ် ဆိုရင် ယုံကောင်း ယုံလိမ့်မယ်...။
ဒါပေမဲ့ နှစ်လေးဆယ်ကျော်လေးပဲလေ... အဲဒါက လူတစ်ယောက်တည်းရဲ့ သက်တမ်းပဲ...။
ဒီလူက နယ်ရုပ်လေး တစ်ရုပ်ပဲ ဖြစ်ရမယ်... ဒါဆိုရင် ပြဿနာက ဘာလို့ ရှင်းလင်းသွားရတာလဲ...။
မျက်မှောင်ကြုတ်ရင်း လီယီတောင်း ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားပုံ ရလေသည်။
ဒီကိစ္စမှာ တခြားသူတွေ ပါဝင်ပတ်သက်နေလို့များလား...။