*
~အလယ်ပိုင်းတိုက်ကြီး၏ ထျန်းကျီမြို့တော် အစွန်အဖျားရှိ ဈေးကွက်ကြီးအတွင်း၌... နေမင်းသည် တောင်တန်းများနောက်သို့ ဖြည်းညှင်းစွာ ကွယ်လုနီးပြီ ဖြစ်သည်။
ကစားသမားများမှာ သူတို့၏ ဆိုင်ခန်းများကို သိမ်းဆည်းကာ ထွက်ခွာရန် ပြင်ဆင်နေကြသော်လည်း... သူတို့၏ လက်ထဲ၌ တန်ဖိုးအကြီးဆုံး ရတနာတစ်ခုမှာ ရောင်းမထွက်သေးဘဲ ကျန်ရှိနေသေး၏။
ဒါက... ချန်ဝူတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာ၌ အားလုံး စုပေါင်းအင်အားဖြင့် အနိုင်ယူခဲ့သော အဆင့် (၂) အထွတ်အထိပ် ‘လေဝံပုလွေဘုရင်’ ထံမှ ရရှိခဲ့သည့် အဆင့်မြင့် လေစွမ်းအင်သုံး မိစ္ဆာအမြုတေ ပင် ဖြစ်ချေတော့သည်။ ဤပစ္စည်းမှာ အလွန်တရာ တန်ဖိုးကြီးလှသဖြင့် သာမန်တစ်ကိုယ်တော် ကျင့်ကြံသူများမှာ ဝယ်ယူရန် မတတ်နိုင်ကြသလို... ကစားသမားများကလည်း ဈေးနှိမ်လိုသော ပွဲစားများထံတွင် အပေါစား ရောင်းချရန် လုံးဝ (လုံးဝ) ဆန္ဒမရှိကြပေ။
“ဟူး... ဒီပစ္စည်းကောင်းကြီးက ငါ့လက်ထဲမှာတင် သောင်တင်နေပြီ...”
ဝမ်သဲ့ဖာ ဟာ တောက်ပသော အပြာရောင် အလင်းတန်းများ.. ထွက်ပေါ်နေသည့် မိစ္ဆာအမြုတေကို လက်ထဲမှာ ပစ်ကစားရင်း စိတ်ပျက်လက်ပျက်နှင့် ညည်းတွားလိုက်၏။
မျက်နှာကြီး ရှုံ့မဲ့နေရသည်။...
“ငါတို့တွေ ဒါကို ရဖို့ အသက်နဲ့ ရင်းပြီး တိုက်ခဲ့ရတာနော် (သေရင် ပြန်ရှင်လို့ရတာကိုတေ သူ ထည့်မပြောတော့ပါ)... အနည်းဆုံး ဝိညာဉ်ကျောက်တုံး နှစ်ထောင်လောက်တော့ ရသင့်တာပေါ့။ အခု ဒီက ငမွဲကောင်တွေက ငါးရာပဲ ပေးမယ်တဲ့လေ။ သောက်ကျိုးနည်း... မတန်လိုက်တာဟာ...”
ထိုစဉ်... ကြည်လင်ပြတ်သားလှသော ခေါင်းလောင်းသံလေး တစ်ချက် ထွက်ပေါ်လာသည်။
ရှုပ်ထွေးနေသော လူအုပ်ကြီးမှာ အလိုအလျောက် ဘေးသို့ ဖယ်ပေးလိုက်ကြပြီးနောက်... ခမ်းနားထည်ဝါလှသော ဝိညာဉ်သားရဲ နှစ်ကောင် ဆွဲလာသည့် ဇိမ်ခံရထားလုံးကြီး တစ်စင်းသည် ကစားသမားများ၏ ရှေ့မှောက်၌ ဖြည်းညှင်းစွာ ရပ်တန့်သွားတော့၏။
ရထားလုံး၏ ကန့်လန့်ကာကို ဆွဲဖွင့်လိုက်သည့်အခါ... ဝတ်ကောင်းစားလှများကို ဆင်မြန်းထားပြီး လက်ထဲတွင် ယပ်တောင်တစ်ချပ်ကို ခန့်ညားစွာ ကိုင်ဆောင်ထားသော လူငယ်လေးတစ်ဦး ထွက်ပေါ်လာသည်။ သူ၏ ကျင့်စဉ်အဆင့်မှာ မမြင့်မားလှသော်လည်း (ချီစုစည်းမှု အဆင့် (၆) မျှသာ ရှိသည်) သူ၏ အသွင်အပြင်မှာမူ မျက်စိကျိန်းမတတ် တောက်ပနေတော့၏။
ခေါင်းပေါ်တွင် စိတ်ကို တည်ငြိမ်စေသည့် ကျောက်စိမ်းသရဖူကို ဆောင်းထားပြီး... ရွှေချည်ထိုး ချပ်ဝတ်အနုကို ဝတ်ဆင်ကာ၊ ခါးတွင် ဝိညာဉ်သိုလှောင်အိတ် သုံးလုံးတိတိကို ချိတ်ဆွဲထားသည်။ ထို့ပြင် သူ၏ လက်ထဲမှ ယပ်တောင်မှာလည်း အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်တစ်ခု၏ အရှိန်အဝါများကို ထုတ်လွှတ်နေသည် မဟုတ်ပါလော။
ဤသူကား... ကျင့်ကြံခြင်းလောက၏ တကယ့် သူဌေးသားလေး တစ်ဦးပင် ဖြစ်ချေတော့သည်။
ထိုသခင်လေးသည် ဝမ်သဲ့ဖာ၏ ရှေ့သို့ တည့်တည့်လျှောက်လာပြီး... ဝမ်သဲ့ဖာ၏ လက်ထဲမှ မိစ္ဆာအမြုတေကို စူးစိုက်ကြည့်ကာ မျက်လုံးများထဲတွင် အံ့သြရိပ်များ ယှက်သမ်းသွား၏။
“သူရဲကောင်းလေး... မင်းလက်ထဲက မိစ္ဆာအမြုတေကို ဒီသခင်လေး.. တစ်ချက်လောက် ကြည့်ခွင့်ရမလား...”
ဝမ်သဲ့ဖာက သတိကြီးစွာဖြင့် မိစ္ဆာအမြုတေကို ဝတ်ရုံထဲ ထိုးထည့်လိုက်ပြီး သခင်လေးကို အကဲခတ်လိုက်သည်။ ထို့နောက် သူက နှာခေါင်းရှုံ့ကာ...
“ကြည့်လို့တော့ ရပါတယ်။ ဒါပေမဲ့ ဒါက သောက်ရမ်း ဈေးကြီးတယ်နော်။ မင်း ဝယ်နိုင်ပါ့မလား...”
ဘေးနားရှိ ကောင်းကင်ခွင်းဓားတစ်လက် က ဝမ်သဲ့ဖာကို အမြန်လှမ်းဆွဲလိုက်ပြီး တိုးတိုးလေး သတိပေးလိုက်ရ၏။
“ဖက်တီး... စိတ်မလောနဲ့လေကွာ။ ဒါက တကယ့် ဖောက်သည်ကြီးကွ...”
သခင်လေး ကျောက်ယူချိုင်သည် ဝမ်သဲ့ဖာ၏ ရိုင်းစိုင်းမှုကြောင့် ဒေါသမထွက်ဘဲ... မွေးရာပါ အထက်တန်းဆန်လှသော အပြုံးတစ်ခုကို ပြုံးလိုက်ရင်း ဆိုလိုက်သည်။
“ကျုပ်က ထျန်းကျီမြို့တော်က ကျောက်မျိုးနွယ်စုရဲ့ သခင်လေး ‘ကျောက်ယူချိုင်’ ပါဗျာ။ ပစ္စည်းကသာ အဆင့်မီနေပါစေ... ပိုက်ဆံကတော့ ပြဿနာ မဟုတ်ဘူးလေ...”
ထိုအခါမှသာ ဝမ်သဲ့ဖာသည် မိစ္ဆာအမြုတေကို ပြန်ထုတ်ပေးလိုက်တော့၏။ ကျောက်ယူချိုင်သည် ၎င်းကို သေချာစွာ စစ်ဆေးပြီးနောက် ချီးကျူးစကား ဆိုလာသည်။
“ရတနာစစ်စစ်ပါလား... မိစ္ဆာစွမ်းအင်တွေကလည်း အလွန်သန့်စင်ပြီး လုံးဝ မပျက်စီးသေးဘူး။ အဆင့် (၃) ကို တက်လှမ်းတော့မယ့် အရိပ်အယောင်တွေတောင် ရှိနေပါလား။ ဒါကို ‘အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ဆေးလုံး’ ဖော်စပ်တဲ့နေရာမှာ သုံးမလား၊ ဒါမှမဟုတ် ပျံသန်းရေး မှော်ရတနာမှာ တပ်ဆင်မလား... တကယ့်ကို ထိပ်တန်း ပစ္စည်းပဲဗျို့...”
ကျောက်ယူချိုင်သည် မိစ္ဆာအမြုတေကို ဝမ်သဲ့ဖာထံ ပြန်ပေးလိုက်ပြီးနောက် ချက်ချင်းပင် ဈေးဖြတ်လိုက်တော့၏။
“သူရဲကောင်းလေး... ဒီသခင်လေးက ဒီအမြုတေအတွက် ဝိညာဉ်ကျောက်တုံး နှစ်ထောင်နဲ့ ငါးရာ ပေးမယ်လေ... ဘယ်လိုလဲ...”
“နှစ်ထောင်နဲ့ ငါးရာ ဟုတ်လား...”
ပတ်ဝန်းကျင်ရှိ ကစားသမားများမှာ အံ့သြလွန်းသဖြင့် ပါးစပ်များပင် အဟောင်းသား ဖြစ်သွားကြသည်။
ဒါက သူတို့ မျှော်လင့်ထားသည့် ဈေးထက် ငါးရာတောင် ပိုများနေသည် မဟုတ်ပါလော။
ဝမ်သဲ့ဖာသည် သဘောတူရန် ခေါင်းညိတ်တော့မည့် ဆဲဆဲမှာပင်... ဘေးနားရှိ ဂိုဏ်းချုပ်ကြီး ကျန်းချန်က သူ၏ ပခုံးကို လှမ်းဖိလိုက်၏။
အရိပ်ထဲတွင် ရပ်နေခဲ့သော ကျန်းချန်သည် ဖြည်းညှင်းစွာ ရှေ့သို့ ထွက်လာခဲ့သည်။
သူသည် သတိမထားမိစေရန် ရိုးရှင်းစွာ ဝတ်ဆင်ထားသော်လည်း... သူ၏ တည်ငြိမ်လှသော အရှိန်အဝါကြောင့် ကျောက်ယူချိုင်မှာ မျက်မှောင်ကြုတ်ကာ သတိထားလိုက်မိတော့၏။
“သခင်လေးကျောက်က အမြင်စူးရှသားပဲ...”
ကျန်းချန်က သိမ်မွေ့စွာ ပြုံးလိုက်သော်လည်း သူ၏ အသံမှာ တည်ငြိမ်လှသည်။
“ဒါပေမဲ့... ကျွန်တော်တို့က ဒီမိစ္ဆာအမြုတေကို အခုချက်ချင်း တိုက်ရိုက်ရောင်းဖို့ အစီအစဉ် မရှိသေးဘူးဗျ...”
“အို... ဒါဆိုရင် မင်းက ဘာကို ဆိုလိုတာလဲ...”
ကျောက်ယူချိုင်က မျက်ခုံးတစ်ဖက်ကို ပင့်ကာ မေးလိုက်၏။
“ဒီည ထျန်းကျီခန်းမမှာ အဆင့်မြင့် လေလံပွဲတစ်ခု ကျင်းပမယ်လို့ ကျွန်တော်တို့ ကြားထားတယ်လေ...”
ကျန်းချန်က မြို့လယ်ရှိ အမြင့်ဆုံးသော မျှော်စင်ကြီးကို လက်ညှိုးထိုးပြလိုက်ရင်း ဆက်ပြောလိုက်သည်။
“အဲ့ဒီမှာ ဒီအမြုတေကို လေလံတင်ကြည့်ချင်သေးတယ်ဗျာ။ ဘာပဲဖြစ်ဖြစ်... ရှားပါးတဲ့ ပစ္စည်းဆိုတာကတော့ ပိုပြီး တန်ဖိုးတက်လာတတ်တာ ထုံးစံပဲ မဟုတ်လား...”
ကျန်းချန်၏ တကယ့် ရည်ရွယ်ချက်မှာ လေလံပွဲအတွင်းသို့ ခိုးဝင်ရန်ပင် ဖြစ်ချေ၏။
အကြောင်းမူကား... စနစ်မှ နေ၍ ထိုလေလံပွဲတွင် သူ၏အတွက် အလွန် အရေးကြီးသော အထူးတာဝန် ပစ္စည်း တစ်ခု ရှိနေကြောင်း အချက်ပေးထားသောကြောင့်ပင် ဖြစ်သည်။
ကျောက်ယူချိုင်သည် ခေတ္တမျှ မှင်တက်သွားပြီးနောက်... တဟားဟား အော်ရယ်လိုက်လေတော့၏။
“လေလံပွဲ ဟုတ်လား... မင်းတို့ မသိသေးဘူး ထင်တယ်နော်။ ထျန်းကျီခန်းမရဲ့ အဆင့်မြင့် လေလံပွဲတွေဆိုတာ စည်းကမ်းတွေ သောက်ရမ်း ကြီးတာဗျ။ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ မဟုတ်ရင်၊ ဒါမှမဟုတ် ဝိညာဉ်ကျောက်တုံး တစ်သောင်းထက် ပိုမချမ်းသာရင်... တံခါးဝတောင် နင်းခွင့်မရှိဘူးလေ...”
သူသည် ထူးဆန်းသော ဝတ်စုံများဖြင့် ‘ဒုက္ခသည်’ များကဲ့သို့ ဖြစ်နေသော ကစားသမား အုပ်စုကြီးကို အထင်သေးသော အကြည့်ဖြင့် တစ်ချက်ဝေ့ကြည့်လိုက်ရင်း...
“မင်းတို့ရဲ့ အစွမ်းအစနဲ့ဆိုရင်တော့... ဝင်ကြေး လက်မှတ်တောင် ဝယ်နိုင်ပါ့မလား ဒီသခင်လေး သံသယ ဖြစ်မိတယ်...”
ထိုစကားကို ကြားလိုက်ရသည့်အခါ ကစားသမားများမှာ မကျေမနပ် ဖြစ်သွားကြတော့၏။
“ဟေ့... မင်းက ဘာမို့လို့လဲကွ...”
“ငါတို့ဆီမှာ ပိုက်ဆံတွေ အများကြီး ရှိတယ်နော် (ခုနကမှ ရှာထားခြင်းဖြစ်သည်)။ ဝင်ကြေး လက်မှတ်လောက်ကတော့... အေးဆေးပဲကွ။ အခုပဲ ဝယ်ပြလိုက်ရမလား...”
ကျန်းချန်မှာမူ တုန်လှုပ်ခြင်းမရှိဘဲ... ကျောက်ယူချိုင်ကို ပြုံးလျက်သာ ကြည့်နေသည်။
“အကယ်၍ သခင်လေးကျောက်ကသာ ကျွန်တော်တို့ကို အထဲခေါ်သွားပေးမယ်ဆိုရင်... ဒီမိစ္ဆာအမြုတေကို သခင်လေးဆီ အရင်ဆုံး ရောင်းပေးမယ်လေ။ ဈေးကိုလည်း ဆယ်ရာခိုင်နှုန်းလောက် ထပ်လျှော့ပေးဦးမှာပေါ့...”
ဤကမ်းလှမ်းချက်မှာ ကျောက်ယူချိုင်အတွက် အလွန် ဆွဲဆောင်မှု ရှိနေတော့၏။
ဆယ်ရာခိုင်နှုန်း လျှော့ပေးမည်ဆိုပါက ဝိညာဉ်ကျောက်တုံး နှစ်ရာကျော်ကို သက်သာသွားစေရုံတင်မကဘဲ... မိသားစုဝင်များနှင့် လူကြီးသူမများ၏ ရှေ့တွင်လည်း မျက်နှာပန်း လှသွားစေနိုင်သည် မဟုတ်ပါလော။
“ကောင်းပြီလေ... တကယ့်ကို သဘောထားကြီးတဲ့ လူပဲဗျာ...”
ကျောက်ယူချိုင်သည် သူ၏ ယပ်တောင်ကို တစ်ချက် ပိတ်လိုက်ရင်း...
“မင်းတို့က ဒီလောက်တောင် ရက်ရောနေမှတော့... ဒီသခင်လေးကလည်း ကူညီပေးရမှာပေါ့ဗျာ...”
သူသည် အိတ်ကပ်ထဲမှ ရွှေရောင် တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ ကျန်းချန်ထံသို့ ပစ်ပေးလိုက်သည်။
“ဒါက ထျန်းကျီခန်းမရဲ့ အထူးဧည့်သည်တော် တံဆိပ်ပြားပဲ။ လူအယောက် နှစ်ဆယ်အထိ ခေါ်သွားလို့ ရတယ်ဗျို့။ ဒီည ခုနစ်နာရီမှာ ထျန်းကျီခန်းမရှေ့မှာ မင်းတို့ကို စောင့်နေမယ်...”
စကားအဆုံးတွင် သူက ထို ‘တောသား’ အုပ်စုကြီးကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ရင်း...
“ဒါပေမဲ့ ဒီသခင်လေး ကြိုပြောထားပါရစေဦး။ အဲ့ဒီလို နေရာမျိုးမှာ... ပစ္စည်းတစ်ခုတည်းရဲ့ တန်ဖိုးကတင် မင်းတို့ရဲ့ ပိုင်ဆိုင်မှု အားလုံးကို ဝယ်လို့ ရတယ်နော်။ ဒါကြောင့် ဈေးကို ရမ်းမခေါ်ကြနဲ့ဦး။ အရှက်ကွဲတာကတော့ ထားပါတော့... ပိုက်ဆံမပေးနိုင်လို့ အပြင်ကို ကန်ထုတ်ခံရရင်တော့... ကြည့်လို့ သိပ်လှမှာ မဟုတ်ဘူးနော်...”
ကျောက်ယူချိုင်သည် ပြုံးလျက် ရထားလုံးပေါ်သို့ ပြန်တက်ကာ ထွက်ခွာသွားတော့၏။
ရထားလုံးကြီး ဝေးကွာသွားသည်နှင့် ကစားသမားများမှာ ပွဲဆူကုန်ကြလေပြီ။
“တောက်... ကြွားလိုက်တဲ့ကောင်...”
“ငါတို့ကို အထင်သေးတယ် ဟုတ်လား။ လေလံပွဲကျမှ ကြည့်ထားလိုက်စမ်း... တကယ့် သူဌေးကြီးတွေ ဆိုတာ ဘယ်လိုလဲဆိုတာကို ပြလိုက်မယ် (အားလုံး ပိုက်ဆံ စုရမည်ကို ဆိုလိုခြင်းဖြစ်သည်)”
“ညီအစ်ကိုတို့ရေ... ဒါဟာ အဆင့်မြင့် တိုက်ပွဲကြီးပဲဗျို့။ လူတိုင်း ကိုယ့်မှာ ရှိသမျှ အကောင်းဆုံး ပစ္စည်းတွေကို ထုတ်ဝတ်ကြစမ်း။ ဂိုဏ်းရဲ့ သိက္ခာကို မကျစေနဲ့ဦးဟေ့...”
ဝမ်သဲ့ဖာ ဟာ လက်ထဲက လေးလံလှသော ရွှေရောင် တံဆိပ်ပြားကို ပွတ်သပ်ရင်း... စိတ်လှုပ်ရှားလွန်း၍ မျက်နှာက အဆီတွေတောင် တုန်ခါနေတော့၏။
“အဆင့်မြင့် လေလံပွဲကြီး တဲ့လားဗျာ။ ဘယ်လောက်တောင် အံ့မခန်းတဲ့ ပစ္စည်းတွေ ပါမလဲ မသိဘူးနော်...”
“အဟီး..ကျွန်တော် ကြားတာတော့ လေလံတင်တဲ့ ကောင်မလေးတွေက အဝတ်အစား ခပ်နုနုလေးတွေ ဝတ်ထားတာတဲ့ဗျ... တကယ်လား...”
ကျန်းချန်ကတော့ စိတ်လှုပ်ရှားလွန်းနေကြသည့် တပည့်တွေကို ကြည့်ပြီး အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်မိတော့သည်။
ဒီည ထျန်းကျီခန်းမမှာတော့... တကယ့်ကို အကြီးအကျယ် ဖရိုဖရဲတွေ ဖြစ်တော့မယ်ဆိုတာကို သူ ကြိုတင် အာရုံရနေပါ၏။
“သွားကြစို့... အရင်ဆုံး ဗိုက်ဖြည့်ကြဦးစို့လေ။ ပြီးမှ ဒီည... ငါတို့ အမြင်ကျယ်အောင် သွားကြည့်ကြတာပေါ့…”