~ချန်ဝူ လျှို့ဝှက်နယ်မြေ။ အပြင်ဘက်ရှိ ဝိညာဉ်ဆေးပင် ဥယျာဉ်ကြီး အတွင်း၌ ဖြစ်သည်။
ဤနေရာမှာ မူလက ရှေးဟောင်း ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေပြီး စိမ်းလန်းစိုပြေလှသော ဆေးပင် ဥယျာဉ်ကြီး တစ်ခု ဖြစ်သည်။ နှစ်ထောင်ပေါင်းများစွာ တိုင်အောင် မည်သူတစ်ဦးတစ်ယောက်မှ ခြေမချခဲ့ဖူးသဖြင့်... ရေတွက်၍ပင် မရနိုင်လောက်အောင် များပြားလှသော ရှားပါး ဝိညာဉ်ဆေးပင်များနှင့် သစ်သီးများ ရှင်သန် ကြီးထွားနေခဲ့သည် မဟုတ်ပါလော။
သို့သော်ငြား... ယခု အခိုက်အတန့်တွင်မူ ထိုနေရာ၌ ကြောက်မက်ဖွယ် ကပ်ဘေးကြီး တစ်ခု ဆိုက်ရောက်နေချေပြီ။
“မြန်မြန်လုပ်ကြစမ်းဟေ့... လက်သွက်ခြေသွက် လုပ်ကြကွား”
ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်း သည် ပြန့်ပြူးနေသော ကျောက်ဆောင်ကြီး တစ်ခုပေါ်တွင် မတ်တတ်ရပ်ကာ... ‘ပရော်ဖက်ရှင်နယ် ဆေးပင်ခူး အဖွဲ့’ (အမှန်တော့ ဂေါ်ပြားများဖြင့် ဖရိုဖရဲ တူးဆွနေသော ဆောက်လုပ်ရေး အလုပ်သမား တစ်အုပ်) ကို အော်ဟစ် ကွပ်ကဲနေတော့၏။
“အမြစ်ကအစ ဆွဲနှုတ်ကြ... ဘာအမြစ်မှ အကျန်မခံနဲ့။ ချန်ထားခဲ့ရင် တခြားကောင်တွေ အချောင်ရသွားလိမ့်မယ်ဟေ့”
“ဟိုသစ်ပင်ပေါ်က အသီးတွေကို လှမ်းမမီဘူး ဟုတ်လား... အပင်ကိုပါ ခုတ်လှဲပစ်လိုက်လေကွာ။ အဲ့ဒီ သစ်သားတွေက အရမ်းကို အသုံးဝင်တာကွ”
သူ၏ အဖျက်အဆီး ကွပ်ကဲမှု အောက်တွင်... ကစားသမားများမှာ အလွန်တရာ အံ့မခန်း အလုပ်တွင်ကျယ်နေကြသည်။
(မြင်ကွင်း ၁ - မြေကြီး တစ်စက်တောင် ချမ်းသာ မပေးခြင်း)
ထိုစဉ်... ဝမ်သဲ့ဖာ (ဒီဖရဲသီးမှည့်ပြီလား) သည် ခရမ်းရွှေရောင် ဂျင်ဆင်း ခင်းကြီးထဲတွင် မှောက်လျက်သား ဖြစ်နေ၏။
ဤဂျင်ဆင်းမျိုးမှာ အပြင်လောကတွင် ရှာဖွေရန် အလွန်တရာ ခဲယဉ်းလှသော်လည်း... ဤနေရာတွင်မူ မုန်လာဥဖြူများပမာ ပေါများပြည့်နှက်နေသည် မဟုတ်ပါလော။
သူသည် ပရော်ဖက်ရှင်နယ် ဆေးပင်ခူး ဂေါ်ပြားများကိုပင် အသုံးမပြုတော့ဘဲ... သူ၏ စစ်သုံး ဂေါ်ပြားကြီးဖြင့် ဂျင်ဆင်းများကို မြေကြီးများနှင့်ပါမကျန် “ဗွပ်” ခနဲ ဆွဲတူးထုတ်နေတော့၏။
“ဒီ မြေကြီးတွေက ကြည့်ရတာ မဆိုးဘူးပဲ...ခရမ်းရောင်လေးတွေတောင် သမ်းနေတယ်။ အာဟာရဓာတ်တွေ သောက်ရမ်း ပြည့်ဝနေမှာ သေချာတယ်ဗျာ”
သူသည် တွင်းထဲရှိ မြေကြီးများကိုပင် အလွတ်မပေးဘဲ... ဂုန်နီအိတ် တစ်လုံးကို ဆွဲထုတ်ကာ အတင်း ဖိသိပ်ထည့်နေရင်း တတွတ်တွတ် ရေရွတ်နေသည်။
“ဒါတွေ အိမ်ပြန်သယ်သွားပြီး ငါ့ရဲ့ ပက်ပါလေး ရဲ့ ဝက်ခြံကို ခင်းပေးရမယ်။ ခရမ်းရွှေရောင် ဝက် အဖြစ်များ ဆင့်ကဲပြောင်းလဲသွားမလား မသိဘူးနော်...”
အခြား ကစားသမားများကလည်း သူ့ကို အတုယူကာ လိုက်လံ တူးဆွကြသည်။ ရလဒ်အနေဖြင့်... မူလက ညီညာပြန့်ပြူးနေသော ဆေးပင် ဥယျာဉ်ကြီးမှာ ချက်ချင်းပင် လမျက်နှာပြင်ပမာ ချိုင့်ခွက်တွေ ဗလပွဖြင့် စုတ်ပြတ်သတ်သွားတော့၏။
(မြင်ကွင်း ၂ - အမြစ်ပြတ် သုတ်သင်ခြင်း)
အခြား တစ်ဖက်တွင်မူ... ကျောက်ကပ်ကြော် သည် အလွန်တရာ တန်ဖိုးကြီးလှသော မီးတောက်သီး အပင်များကို စိုက်ကြည့်နေသည်။ အပင်များပေါ်တွင် နီရဲတောက်ပနေသော အသီးများ ပြည့်နှက်နေပြီး... ဆွဲဆောင်မှု ရှိလှသော အမွှေးနံ့များကို ထုတ်လွှတ်နေတော့၏။
“ဒီအသီးတွေနဲ့ သကြားလုံး လုပ်စားရင်တော့ သောက်ရမ်း မိုက်မှာပဲဗျာ”
သူသည် အသီးများ အားလုံးကို အမြန် ခူးဆွတ်လိုက်သော်လည်း... ထိုမျှနှင့် အားမရသေးချေ။ သစ်ပင်၏ ပင်စည်ကို လက်ဖြင့် ပွတ်သပ်ကြည့်လိုက်ပြီး... ချောမွေ့လှသော အထိအတွေ့ကို ခံစားလိုက်ရသောအခါ...
“ဒီ သစ်သားက... ထိပ်တန်း သစ်သီးမီးသွေး လုပ်ဖို့ ကွက်တိပဲဟ။ အသားကင်တဲ့ နေရာမှာ သုံးလိုက်ရင်... အနံ့ကတော့ လုံးဝ ရှယ်ဖြစ်သွားမှာ အသေအချာပဲ”
“ညီအစ်ကိုတို့ရေ... ခုတ်ကြစမ်း... အကုန်လုံး သယ်သွားကြမယ်ဟေ့”
သို့ဖြစ်ရာ... မိနစ်အနည်းငယ် အတွင်းမှာပင် နှစ်ထောင်ချီ သက်တမ်းရှိသော ဝိညာဉ်သစ်သီး အပင်ကြီးများမှာ... ပုဆိန်များ ကိုင်ဆောင်ထားသော ကစားသမား တစ်အုပ်၏ ခုတ်လှဲခံလိုက်ရပြီး၊ အပိုင်းပိုင်း ခုတ်ထစ်ခံရကာ ဝိညာဉ်သိုလှောင်အိတ်များ အတွင်းသို့ အတင်း ထိုးသိပ် ထည့်ခံလိုက်ရတော့သည်။
(မြင်ကွင်း ၃ - ပိုက်ဆံကိုတင် မကဘူး... အသက်ကိုပါ လုယူခြင်း)
အပင်များ သာမက... ထိုနေရာရှိ မိစ္ဆာသားရဲများပင် ဘေးဒုက္ခ ဆိုက်ကုန်ကြလေပြီ။
ဝိညာဉ်ဆေးပင်များကို စောင့်ကြပ်နေရသော [ချပ်ဝတ် ကြံ့ကြီး (အဆင့် ၂ အစောပိုင်း)] တစ်ကောင်သည်... မည်သူက ၎င်း၏ အိပ်စက်ခြင်းကို လာရောက် နှောင့်ယှက်နေသနည်း ဟု ကြည့်ရှုရန် ၎င်း၏ တွင်းထဲမှ တွားသွား ထွက်လာခဲ့၏။
သို့သော် အပြင်သို့ ထွက်လာသည်နှင့် တစ်ပြိုင်နက်... အစိမ်းရောင် တောက်နေသော မျက်လုံးပေါင်း ဆယ်ဂဏန်းခန့်၏ ဝိုင်းဝန်း စိုက်ကြည့်ခြင်းကို ခံလိုက်ရတော့သည်။
“အိုး... ဂိတ်စောင့် မွန်းစတားကြီးဟေ့။ ပစ္စည်းကောင်းတွေ သေချာပေါက် ကျမှာပဲ”
“အသေ မသတ်ကြနဲ့နော်... အရှင်ဖမ်းကြစမ်း။ ငါ အဲ့ကောင်ကြီးကို စီးဖို့ လိုချင်တယ်”
ကြံ့ကြီးမှာ ဘာဖြစ်မှန်းပင် မသိလိုက်ရမီ... မရေမတွက်နိုင်သော ထောင်ချောက် ကြိုးကွင်းများနှင့် တံငါပိုက်ကွန်များ၏ ရစ်ပတ် ဖမ်းဆီးခြင်းကို ခံလိုက်ရလေတော့သည်။
“ဝူး...”
၎င်းမှာ သနားစရာ ကောင်းလောက်အောင် အော်ဟစ်လိုက်ရပြီး... လူသန်ကြီး တစ်အုပ်၏ မြေပြင်ပေါ်သို့ ဖိကြိတ် ပွတ်ဆွဲခြင်းကို ခံလိုက်ရရှာ၏။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင်မူ... ဝိညာဉ်ဆေးပင်များကို ကာကွယ်ရန် ပျက်ကွက်သွားရုံသာမက၊ ၎င်း၏ ကိုယ်ပေါ်ရှိ ချပ်ဝတ် အချပ်ရေ အတော်များများပင် ခွာယူခံလိုက်ရပြီး ဒိုင်းကာများ အဖြစ်သို့ ပြောင်းလဲသွားဝောာ့၏။ နောက်ဆုံးတွင်တော့... အဝတ်ဗလာဖြင့် သားရဲယဉ်ပါး အိတ်ထဲသို့ အတင်းအဓမ္မ ထိုးသိပ် ထည့်ခံလိုက်ရတော့သည် ။
နာရီဝက်ခန့် အတွင်းမှာပင်...
စတုရန်းမိုင် အနည်းငယ်ခန့် ကျယ်ဝန်းသော ဤ ဝိညာဉ်ဆေးပင် ဥယျာဉ်လေးမှာ... ဆာလောင်နေသော ဝံပုလွေ ကောင်ရေ တစ်သိန်းခန့် ဖြတ်သန်းသွားသည့်အလား စုတ်ပြတ်သတ်သွားဝောာ့၏။
ဝိညာဉ်ဆေးပင်များ မရှိတော့ချေ။
ဝိညာဉ်သစ်ပင်များ မရှိတော့ချေ။
မိစ္ဆာသားရဲများလည်း မရှိတော့ချေ။
ကြည့်လို့ ကောင်းသော ကျောက်ခဲလေးများကိုပင် ပြောင်သလင်းခါအောင် ယူဆောင်သွားကြလေပြီ။
ကျန်ရစ်ခဲ့သည်မှာ... လုံးဝ (လုံးဝ) ဖျက်ဆီးခံထားရသော အပျက်အစီး ပြင်ကြီး သက်သက်သာ ဖြစ်လေတော့သည်။
“သိမ်းကြစို့ဟေ့... ပြီးပြီ။ နောက်မြေပုံ တစ်ခုကို ကူးကြမယ်ဗျို့”
ကစားသမားများမှာ... ဖောင်းကားနေသော ဝိညာဉ်သိုလှောင်အိတ်များကို ကိုယ်စီလွယ်ကာ (အချို့ဆိုလျှင် ဂုန်နီအိတ်များကိုပင် ထမ်းထားရသေးသည်)၊ အလွန်တရာ ကျေနပ် အားရစွာဖြင့် လျှို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံး နေရာဆီသို့ ဆက်လက် ထွက်ခွာသွားကြလေတော့သည်။
---
ထိုစဉ်... လျှို့ဝှက်နယ်မြေ၏ ပင်မ တံခါးဝကြီးတွင် ၊
နှစ်နာရီတိတိ မနားတမ်း ပစ်ခတ် တိုက်ခိုက်ပြီးနောက်တွင်မူ... ခမ်းနားကြီးကျယ်လှသော ကြေးဝါ တံခါးကြီးမှာ နားကွဲမတတ် ပေါက်ကွဲသံကြီးနှင့်အတူ နောက်ဆုံး၌ ပြိုကျသွားဝောာ့၏။
“ပွင့်ပြီဟေ့... လျှို့ဝှက်နယ်မြေကြီး ပွင့်သွားပြီဗျို့”
ဖြောင့်မတ်သော လမ်းစဉ် ဂိုဏ်းကြီး ခြောက်ဂိုဏ်းမှ လက်ရွေးစင် တပည့်များမှာ... အောင်ပွဲခံ အော်ဟစ်လျက် အတွင်းသို့ သူ့ထက်ငါ အလုအယက် ပြေးဝင်သွားကြသည်။
သူတို့၏ ရင်ထဲတွင် မျှော်လင့်ချက်များ အပြည့်အဝ ရှိနေပြီး... နေရာတိုင်းတွင် ဝိညာဉ်ဆေးပင်များနှင့် ကံကြမ္မာ အခွင့်အရေးများ ပြည့်နှက်နေမည့် မြင်ကွင်းကြီးကို စိတ်ကူးယဉ်နေကြသည် မဟုတ်ပါလော။
သို့သော်ငြား...
အပြင်ဘက် ဝိညာဉ်ဆေးပင် ဥယျာဉ်ထဲသို့ သူတို့ ပြေးဝင်သွားချိန်တွင်မူ... အားလုံးပင် နေရာ၌ ကျောက်ရုပ်များပမာ တောင့်ခဲသွားကြရလေတော့သည်။
သူတို့ရှေ့ရှိ မြင်ကွင်းကြီးကြောင့်... ရုပ်ရှင် ရိုက်ကွင်း မှားဝင်လာမိတာလား၊ ဒါမှမဟုတ် စိတ်ချောက်ချားနေတာများလား ဟုပင် သူတို့ကိုယ်သူတို့ ပြန်လည် သံသယ ဝင်သွားကြရ၏။
“ဒါ... ဒါက ဝိညာဉ်ဆေးပင် ဥယျာဉ် တဲ့လား”
ချင်းယန်ဂိုဏ်းမှ တပည့်တစ်ဦးက အရှေ့သို့ ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။
ဝိညာဉ်ဆေးပင်များဖြင့် ပြည့်နှက်နေရမည့် မြေပြင်ကြီးမှာ... ယခုအခါ တွင်းနက်ကြီးများ၊ တူးဆွထားသော ရွှံ့ပုံကြီးများနှင့်သာ ပြည့်နှက်နေပြီး မြက်တစ်ပင်ပင် အကျန် မရှိတော့ချေ။ ဧရာမ ဝိညာဉ်သစ်ပင်ကြီး အချို့မှာလည်း အငုတ်တိုများ အဖြစ်သာ ကျန်ရစ်နေပြီး... ခုတ်ထစ်ထားသော နေရာများမှာလည်း အသစ်စက်စက် လတ်ဆတ်နေသေးသည် မဟုတ်ပါလော။
မြေပြင်ပေါ်တွင် ထူးဆန်းသော အမှိုက်များလည်း ပြန့်ကျဲနေသေး၏။
ကျိုးပဲ့နေသော ဂေါ်ပြားရိုး တစ်ခု၊ စားကြွင်းစားကျန် အထုတ်များ နှင့်... မည်သူ ကျန်ရစ်ခဲ့မှန်း မသိသော ဖိနပ်စုတ် တစ်ဖက်...
“ငါ့ရဲ့ ဝိညာဉ်ဆေးပင်တွေ ဘယ်ရောက်သွားပြီလဲ.. ငါ့ရဲ့ နှစ်တစ်ထောင် သွေးသီးတွေကော ဘယ်မှာလဲဟယ်”
“သောက်ကျိုးနည်း... ဝက်တွေ လာမွှေသွားတာလားဟယ်”
ပန်းတစ်ရာ နန်းတော်မှ မိန်းကလေး ကျင့်ကြံသူ တစ်ဦးမှာ... ဗလာကျင်းနေသော မြေပြင်ကြီးကို ကြည့်ရင်း ငိုချင်သွားရရှာသည်။
“စာအုပ်ထဲမှာ ရေးထားတာ ဒီလို မဟုတ်ပါဘူးရှင်... နေရာတိုင်းမှာ ရတနာတွေ ရှိနေမယ် ဆိုတာက ဘယ်ရောက်သွားပြီလဲဟင်...”
အနောက်မှ လိုက်ပါလာသော ချင်းရွှမ် အရှင် နှင့် အခြား အစွမ်းထက် ပညာရှင်ကြီးများလည်း ပျံသန်း ရောက်ရှိလာကြ၏။ ဤ ကြောက်မက်ဖွယ် မြင်ကွင်းကြီးကို မြင်လိုက်ရသည့် အခါတွင်မူ... ရွှေအမြုတေအဆင့် ဆရာကြီးများ၏ မျက်နှာများပင် ထိန်းမရအောင် တုန်ယင်သွားကြတော့သည်။
“ဒီ... ဒီလောက်တောင် ကြောက်စရာကောင်းတဲ့ ဖျက်ဆီးနိုင်စွမ်းက...”
ချင်းရွှမ် အရှင် သည် ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး၊ ကျိုးပဲ့နေသော သံဂေါ်ပြား တစ်လက်ကို ကောက်ယူကာ တည်ကြည်လေးနက်စွာ ဆန်းစစ်လိုက်၏။
“ဒီ ဂေါ်ပြားပေါ်မှာ ဘယ်လို ဝိညာဉ်စွမ်းအင် တုန်ခါမှုမှ မရှိဘူး... ရိုင်းစိုင်းတဲ့ ခွန်အားသက်သက်နဲ့ ကျိုးသွားတာပဲ။ ပြီးတော့ ဒီလုပ်ရပ်တွေကို ကြည့်ရတာ... သောက်ရမ်းကို ကြမ်းတမ်းပြီး ဖရိုဖရဲ နိုင်လွန်းတယ်။ အမြစ်လေး တစ်ပင်တောင် မချန်ထားခဲ့ဘူး... ဒါဟာ သေချာပေါက်... ဒုက္ခသည်တွေရဲ့ လက်ချက်ပဲဟေ့”
“မဖြစ်နိုင်တာ...” အခြား အကြီးအကဲ
တစ်ဦးက ဝင်ရောက် ငြင်းဆိုလိုက်သည်။
“လျှို့ဝှက်နယ်မြေက အခုလေးတင်မှ ပွင့်တာလေ... ဘယ်က ဒုက္ခသည်ကများ ငါတို့ထက် ပိုမြန်နေရမှာလဲ”
ထိုစဉ်... အမြင်စူးရှသော တပည့်တစ်ဦးက ကျောက်တုံးကြီး တစ်တုံးပေါ်ရှိ စာကြောင်း တစ်ကြောင်းကို မြင်တွေ့သွား၏။ မီးသွေးခဲဖြင့် ကွေ့ကောက်စွာ ရေးသားထားသော စာသားများမှာ...
(ကွေ့ယွမ်ဂိုဏ်း ဖြိုဖျက်ရေး အဖွဲ့ ဒီနေရာကို ရောက်ဖူးတယ်ဟေ့။)
(ထပ်လောင်း အသိပေးချက် - တစ်ပတ်ရစ် လက်နက် ကိရိယာ အစုံအလင်ကို ဈေးကောင်းပေးပြီး ဝယ်ယူနေပါသည်။ ဆက်သွယ်ရန် - ဝမ်သဲ့ဖာ။)
“ကွေ့ယွမ်ဂိုဏ်း......”
ထို စာလုံးသုံးလုံးကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင်... ချင်းရွှမ် အရှင် မှာ သွေးတစ်ပွက် အန်ချသွားရလေပြီ။ သူ၏ ဝိညာဉ်စွမ်းအင်များ ရူးသွပ်စွာ ပေါက်ကွဲထွက်လာပြီး... ပတ်ဝန်းကျင်ရှိ ကျောက်တုံးများပင် လေထဲသို့ လွင့်စဉ်ကုန်တော့၏။
“ဒီကောင်တွေပဲ... ဒီ မိစ္ဆာလမ်းစဉ်က ခွေးကောင်တွေပဲကွ။ သူတို့ ဘယ်လိုလုပ်ပြီး အထဲ ရောက်နေတာလဲဟ”
“ရိုင်းစိုင်းလွန်းတယ်... တကယ့်ကို ရိုင်းစိုင်းလွန်းတယ်။ ငါတို့ရဲ့ မြေကိုတောင် လုယူရဲတယ်ပေါ့လေ။ သူတို့က ငါတို့ ဖြောင့်မတ်တဲ့ လမ်းစဉ်ရဲ့ အခြေခံ အုတ်မြစ်တွေကိုပါ ဖြတ်တောက်ချင်နေတာပဲကွ”
ဒေါသတကြီး ဟိန်းဟောက်သံကြီးများက ဗလာကျင်းနေသော (ပြောင်သလင်းခါအောင် အရှင်းခံလိုက်ရသော) ဆေးပင် ဥယျာဉ်ကြီး အတွင်းသို့ ပဲ့တင်ထပ်သွားတော့၏။
“လိုက်ကြစမ်း... သူတို့နောက်ကို လိုက်ကြ”
ချင်းရွှမ် အရှင် သည် သူ၏ ဓားပျံကို ဆွဲထုတ်လိုက်ပြီး... အရှေ့ဘက်ရှိ ကစားသမားများ ချန်ရစ်ထားခဲ့သော ဖရိုဖရဲ ခြေရာများဆီသို့ သတ်ဖြတ်လိုစိတ်များ အပြည့်ဖြင့် ညွှန်ပြလိုက်သည်။
“ဒီ ကျိုင်းကောင်တွေကို မျိုးတုံးအောင် မသုတ်သင်နိုင်ရင်... ငါ လူမလုပ်တော့ဘူးကွ”
ယခင်က တစ်ခါမှ မကြုံဖူးသေးသော ‘ဖြောင့်မတ်သော လမ်းစဉ်မှ မိစ္ဆာလမ်းစဉ်ကို လိုက်လံ သတ်ဖြတ်ခြင်း (အမှန်တကယ်တော့ အလုခံရသော ပစ္စည်းများကို လိုက်လံ ပြန်လည် သိမ်းဆည်းခြင်း)’ ဇာတ်လမ်းကြီးမှာ... ချန်ဝူ လျှို့ဝှက်နယ်မြေ အတွင်း၌ တရားဝင် စတင်သွားဝောာ့၏။
အရှေ့ဘက် သိပ်မဝေးလှသော နေရာ၌မူ...
မြေပုံ တစ်ခုလုံး၏ အမုန်းတရားများကို ဆွဲယူထားမိပြီ ဆိုသည်ကို လုံးဝ (လုံးဝ) သတိမထားမိကြသော ကစားသမားများမှာ... မြေအောက် ဝင်္ကပါကြီး တစ်ခု၏ အဝင်ဝတွင် ဆောင့်ကြောင့် ထိုင်ကာ စိတ်လှုပ်ရှားစွာ ဆွေးနွေး တိုင်ပင်နေကြသည်။
“ညီအစ်ကိုတို့ရေ... ဒီ ဝင်္ကပါကြီးက ကြည့်ရတာ သောက်ရမ်း ရှုပ်ထွေးမယ့် ပုံပဲနော်။ ငါတို့ လမ်းရှာပြီး ဝင်ကြမလား... ဒါမှမဟုတ်... နံရံတွေကို ဖြိုချပြီး မျဉ်းဖြောင့်အတိုင်းပဲ တိုးဝင်သွားကြမလားဟေ့…”