~ချန်ဝူ လျှို့ဝှက်နယ်မြေ။ ဗဟို ခန်းမဆောင်ကြီး အတွင်း၌ ဖြစ်သည်။
နောက်ဆုံး ကျန်ရစ်နေခဲ့သော ဖြောင့်မတ်သည့် လမ်းစဉ်မှ ကျင့်ကြံသူပင်လျှင် တံခါးဝမှနေ၍ သနားစရာ ကောင်းလောက်အောင် ထွက်ပြေးသွားတော့မှသာ... ဤ ဖရိုဖရဲ ‘လျှို့ဝှက်နယ်မြေ တိုက်ပွဲ’ ကြီးမှာ အပြီးသတ်သွားဝောာ့၏။
ခန်းမဆောင်ကြီး အတွင်း၌မူ... တစ်ချိန်က ခန့်ညားထည်ဝါလှသော အဆင့် (၃) မိစ္ဆာသားရဲကြီး ..မီးတောက် ခြင်္သေ့ကြီး မှာ ယခုအခါ ကြောင်ကြီး တစ်ကောင်ပမာ မြေပြင်ပေါ်၌ ပက်လက်လန်နေပြီး၊ ပြောင်လင်းနေသော သံအိုးမည်းကြီးကို အရှက်ကင်းမဲ့စွာ လျှာဖြင့် လျက်နေတော့၏။ ၎င်း၏ ဘေးနားတွင်လည်း... အဆင့် (၂) တောဝက်ကြီး ‘ပက်ပါ’ က မာနတခွဲသားဖြင့် ဟူးဟူးဟဲဟဲ အသံများ ပြုလုပ်နေပြီး၊ သူ အသစ် အသိအမှတ်ပြုထားသော အစ်ကိုကြီးနှင့် တိုက်ခိုက်ရေး ဗဟုသုတများ ဖလှယ်နေပုံ ရသည်။
“တော်တော့... တော်လောက်ပြီလေကွာ... လျက်မနေနဲ့တော့။ အိုးအောက်ခြေတောင် ပေါက်ထွက်တော့မယ်ဗျ...”
စားဖိုမှူး ကျောက်ကပ်ကြော် သည် သူ၏ အိုးကြီးကို သတိကြီးစွာဖြင့် ပြန်သိမ်းလိုက်ပြီး ခြင်္သေ့ကြီး၏ ခေါင်းကို ပုတ်ပေးလိုက်သည်။ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း နှောင်းပိုင်းအဆင့်ကို အလွယ်တကူ အနိုင်ယူနိုင်စွမ်းရှိသော ဤ ကြောက်မက်ဖွယ် သားရဲကြီးမှာ... သူ၏ လက်ကိုပင် ညင်သာစွာ ပြန်လည် ပွတ်သီးပွတ်သပ် လုပ်လာသည် မဟုတ်ပါလော။ သေချာပေါက် ‘သားရဲ တစ်ထောင် ထောင်ချောက်... ပြိုင်ဘက်ကင်း ဟင်းလျာကြီး’ ၏ အရသာအောက်တွင် လုံးဝ (လုံးဝ) ဒူးထောက် အရှုံးပေးသွားခဲ့ပြီ ဖြစ်ချေသည်။
“ညီအစ်ကိုတို့ရေ... ကြောင်ကြီးကို ခဏထားလိုက်။ ဒီဘက်က ရတနာသေတ္တာကို လာကြည့်ကြစမ်းပါဦးဗျို့...”
ဝမ်သဲ့ဖာ (ဒီဖရဲသီးမှည့်ပြီလား) သည် ခန်းမ၏ အဆုံးရှိ စင်မြင့်ပေါ်တွင် ရပ်လျက် လက်နှစ်ဖက်ကို ပွတ်သပ်ကာ စိတ်လှုပ်ရှားနေတော့၏။ သူ၏ ရှေ့တည့်တည့် လေထဲတွင်မူ... ရှေးဟောင်း အငွေ့အသက်များ ထွက်ပေါ်နေသည့် ခရမ်းရွှေရောင် ရတနာသေတ္တာ သုံးလုံးက လွင့်မျောနေသည်။ ၎င်းတို့မှာ လျှို့ဝှက်နယ်မြေကို ရှင်းလင်းပြီးနောက် ရရှိမည့် အကြီးမားဆုံးသော ဆုလာဘ်များပင် ဖြစ်သည်။
ထိုအခိုက်... ကစားသမား အယောက် တစ်ရာကျော်မှာလည်း အလုအယက် ဝိုင်းအုံလာကြလေပြီ။ သူတို့ အားလုံးမှာ ဒဏ်ရာဒဏ်ချက်များ ရရှိထားပြီး ဝတ်စုံများ စုတ်ပြတ်သတ်နေသော်ငြား... သူတို့၏ မျက်လုံးများကမူ မီးမောင်းကြီးများထက်ပင် ပိုမို တောက်ပနေကြတော့၏။
“ဘယ်သူ ဖွင့်မလဲဟေ့။ ရှန်နွန် ပဲ ထပ်ဖွင့်မလား...”
အားလုံးက ထောင့်တစ်နေရာရှိ ရှန်နွန်ကို လှမ်းကြည့်လိုက်ကြသည်။
“အာ... မဖွင့်ဘူး... မဖွင့်ဘူး။ ငါ ခုနလေးတင် အလောင်းတွေကို နှိုက်ထားလို့ လက်မှာ သွေးတွေ ပေနေတယ်။ လက်က ဆိုးနေမှာ ကြောက်တယ်...” ရှန်နွန် က လက်ကို အဆက်မပြတ် ရမ်းခါလျက် ငြင်းဆန်လိုက်သည်။
ထိုအခိုက်၊
“ဒါဆိုလည်း ငါပဲ ဖွင့်လိုက်မယ်ကွာ...”
ဝမ်သဲ့ဖာ က သူ၏ စည်ပိုင်းလုံးပမာ ဗိုက်ကြီးကို ကော့ကာ မဆိုင်းမတွပင် ရှေ့သို့ ထွက်လာခဲ့သည်။
“ငါ ဒီနေ့ အထိုးခံရတာ နည်းနည်း များပေမယ့်... ငါ့ရဲ့ ကံကြမ္မာ အမှတ်တွေကတော့ အမြင့်ဆုံးကို ရောက်နေပြီလို့ ငါ့အာရုံက ပြောနေတယ်ဟေ့...”
လူတိုင်း၏ စောင့်ကြည့်နေသော အကြည့်များအောက်တွင်... ဝမ်သဲ့ဖာ သည် လေကို တစ်ချက် အဝရှူလိုက်ပြီး ပထမဆုံး ရတနာသေတ္တာကို ဖြည်းညှင်းစွာ ဖွင့်လှစ်လိုက်၏။
“ကလစ်... ဝှစ်...”
မျက်စိကျိန်းမတတ် တောက်ပလှသော အလင်းတန်းကြီး တစ်ခု ကောင်းကင်သို့ ထိုးတက်သွားရာ... လူတိုင်း၏ မျက်လုံးများပင် ကန်းမလို ဖြစ်သွားရလေ၏။
သေတ္တာထဲတွင်မူ ဖန်သားပမာ ကြည်လင်နေပြီး သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်နေသည့် ကျောက်တုံး တစ်ရာတိတိ ရှိနေသည်။
၎င်းတို့၏ တောက်ပမှုမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများထက် အဆပေါင်း ရာချီ၍ ပိုမို သန့်စင်နေသည် မဟုတ်ပါလော။
(ပစ္စည်း - အဆင့်မြင့် ဝိညာဉ်ကျောက်တုံး x ၁၀၀)
“သောက်ကျိုးနည်း... အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေဟေ့...”
“အဆင့်နိမ့် တစ်သောင်းနဲ့ ညီတဲ့ဟာလေ... အဲ့ဒါဆိုရင် စုစုပေါင်း တစ်သန်းတောင် ရှိတာပေါ့”
ကစားသမားများမှာ လုံးဝ (လုံးဝ) ရူးသွပ်သွားကြလေပြီ။
ဝိညာဉ်ကျောက်တုံး တစ်သန်း တဲ့လား။ အဲ့ဒီပိုက်ဆံနဲ့ဆို လျိုယွင် ဈေးကွက် တစ်ဝက်လောက်ကိုတောင် ဝယ်လို့ရတယ်လေ။
“ငါတို့တော့ ချမ်းသာပြီကွ... တစ်ယောက်ကို ထောင်ချီ ရမှာပဲ။ ငါတော့ အလယ်အလတ်အဆင့် ဓားပျံကို ဝယ်မယ်ဗျို့... နှစ်လက်တောင် ဝယ်ပစ်မယ်။ တစ်လက်ကို စီးဖို့ သုံးပြီး... နောက်တစ်လက်ကိုတော့ ရန်သူဆီ လွှင့်ပစ်ဖို့ သုံးမယ်ဟေ့...”
အောင်ပွဲခံ အော်ဟစ်သံများကြားတွင်... ဝမ်သဲ့ဖာ သည် တုန်ယင်နေသော လက်များဖြင့် ဒုတိယမြောက် ရတနာသေတ္တာကို ဖွင့်လိုက်ပြန်သည်။
ဤတစ်ကြိမ်တွင်မူ တောက်ပသော အလင်းတန်းများ မရှိတော့ဘဲ... ဧရာမ သားရဲကြီး တစ်ကောင်၏ အကြေးခွံဖြင့် ပြုလုပ်ထားပုံရသော ရှေးဟောင်း တံဆိပ်ပြား တစ်ခုသာ ရှိနေသည်။ ထိုတံဆိပ်ပြားပေါ်တွင် လိမ့်တက်နေသော လှိုင်းလုံး ပုံစံများကို ထွင်းထုထားပြီး... လှိုင်းရိုက်ခတ်သံများကိုပင် သဲ့သဲ့မျှ ကြားနေရတော့၏။
(ပစ္စည်း - အရှေ့ပင်လယ် နဂါးနန်းတော် · လမ်းပြ တံဆိပ်ပြား (အထူး ပစ္စည်း))
(ဖော်ပြချက် - ဤတံဆိပ်ပြားကို ပိုင်ဆိုင်သူသည် ‘အရှေ့ပင်လယ် ကျင့်ကြံခြင်း နယ်မြေ’ သို့ သွားရောက်နိုင်မည့် ရှေးဟောင်း တယ်လီပို့ အခင်းအကျင်းကို ဖွင့်လှစ်နိုင်ပြီး... ဒဏ္ဍာရီလာ ‘ပုံဆောင်ခဲ နဂါးနန်းတော်’ အတွင်းသို့ ဝင်ရောက်ခွင့် ရရှိမည် ဖြစ်သည်။)
(စနစ်၏ မှတ်ချက် - မြေပုံအသစ် ဖြစ်သော ‘အရှေ့ပင်လယ် ကျွန်းစုများ’ ကို ဖွင့်လှစ်ရန်အတွက် မရှိမဖြစ် လိုအပ်သော ပစ္စည်း ဖြစ်ပါသည်။)
မြေပုံအသစ် တဲ့လား... ဒါတောင် ရေကြောင်းတိုက်ပွဲ ဗားရှင်းကြီးပေါ့လေ။
ကျွမ်းကျင် ကစားသမား ကောင်းကင်ခွင်း ဓားတစ်လက် ၏ မျက်လုံးများမှာ အရောင်တောက်သွားတော့၏။
“အရှေ့ပင်လယ် နဂါးနန်းတော် ဟုတ်လား... ဒါဆိုရင် နဂါးမလေးတွေ ရှိမယ်ပေါ့။ ပုစွန်စစ်သည်တွေ၊ ဂဏန်းစစ်သူကြီးတွေကော ရှိမလားဟင်။ အဲ့ဒါတွေကို အိမ်မွေး တိရစ္ဆာန် အဖြစ် ဖမ်းလို့ ရမလားဟေ...”
“ပင်လယ်စာ... ငါကတော့ ပင်လယ်စာတွေ ဖမ်းမယ်ဟေ့”
ကျောက်ကပ်ကြော် ကတော့ ပင်လယ်စာ စားသောက်ပွဲကြီး အတွက် ကြိုတင် စီစဉ်နေဝောာ့၏။
ဝိညာဉ်ကျောက်တုံးများကဲ့သို့ တိုက်ရိုက် အကျိုးအမြတ် မပေးစွမ်းနိုင်သော်ငြား... စူးစမ်းရှာဖွေလိုသော ကစားသမားများအတွက်မူ မြေပုံအသစ် ဖွင့်လှစ်ခြင်းဆိုသည်မှာ လုံးဝ (လုံးဝ) ငြင်းဆန်မရနိုင်သော ဆွဲဆောင်မှုကြီး တစ်ခုပင် ဖြစ်ချေသည်။
အားလုံးက ပင်လယ်ပြင်ကြီးထက်တွင် ဓားပျံများစီးကာ ရေလွှာလျှောစီးမည့် မြင်ကွင်းကိုပင် စိတ်ကူးယဉ်နေကြလေပြီ။
“နောက်ဆုံး တစ်ခုပဲ ကျန်တော့တယ်... ဒါကတော့ အပိတ် အစီအစဉ်ကြီးပဲဟေ့...”
ဝမ်သဲ့ဖာ က သူ၏ လက်ဖဝါးမှ ချွေးများကို သုတ်လိုက်ပြီး... တတိယမြောက် ရတနာသေတ္တာကို တည်ကြည်လေးနက်စွာ ဖွင့်လှစ်လိုက်သည်။ လူတိုင်းက အသက်အောင့်ထားကြပြီး... တစ်စုံတစ်ရာသော နတ်ဘုရား လက်နက်ကြီး ထွက်ပေါ်လာမည်ကို စောင့်မျှော်နေကြတော့၏။
သို့သော်ငြား... သေတ္တာ ပွင့်သွားချိန်တွင်မူ အထဲမှ မည်သည့် အလင်းတန်းမျှ ထွက်မလာခဲ့သလို၊ မည်သည့် ဖိအားမှလည်း မရှိခဲ့ပေ။
ထိုအထဲတွင် မီးခိုးရောင် ကျောက်သင်ပုန်း အကျိုးအပဲ့ တစ်ခုသာ ရှိနေသည်။ ထိုကျောက်ပြားပေါ်တွင်... နားလည်ရခက်သော ခြစ်ခြစ်ကုတ်ကုတ် အရာများဖြင့် ဖုံးလွှမ်းနေပြီး၊ အခင်းအကျင်း စာလုံးများနှင့်လည်း မတူ၊ သာမန် စာလုံးများနှင့်လည်း မတူဘဲ... အဓိပ္ပာယ်မဲ့ ရေးခြစ်ထားသော စာသားများနှင့်သာ ပိုတူနေတော့၏။
(ပစ္စည်း - ကောင်းကင်ဘုံ တာအို၏ ဖာထေးစရာ အပိုင်းအစ ဗားရှင်း ၀.၁ (...))
(ဖော်ပြချက် - လောကကြီး၏ အခြေခံ ယုတ္တိဗေဒ သဘောတရားများကို မှတ်တမ်းတင်ထားသော လျှို့ဝှက်ဆန်းကြယ်သည့် ကျောက်စာတိုင် ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ဦးသော ကြီးမြတ်လှသည့် တည်ရှိမှုက လောက၏ စည်းမျဉ်းများကို ပြုပြင်ဖာထေးရာတွင် ကျန်ရစ်ခဲ့သော အပိုင်းအစ တစ်ခု ဖြစ်ပုံရပါသည်...)
(စနစ်၏ မှတ်ချက် - ဤပစ္စည်းကို အသုံးပြု၍ မရပါ၊ တပ်ဆင်၍ မရပါ၊ အရောင်းအဝယ် ပြုလုပ်၍ မရပါ။ ဂိုဏ်းချုပ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ရန် အကြံပြုအပ်ပါသည်။)
“...”
အခန်းတစ်ခုလုံး တိတ်ဆိတ်သွားဝောာ့၏။
“ဒါပဲလားဟေ...”
ဝမ်သဲ့ဖာ သည် ကျောက်ပြားကို ကောက်ကိုင်လိုက်ပြီး ထောင့်ပေါင်းစုံမှ လှည့်ပတ် ကြည့်ရှုလိုက်သည်။
“ဖာထေးစရာ တဲ့လား... အပိုင်းအစ လား။ ဒါက အုတ်ခဲကျိုး တစ်လုံးနဲ့ ဘာကွာလို့လဲကွ”
“လခွမ်း... ရှုံးမဲ မဲနေတာလားဟ။ နောက်ဆုံးပိတ် သေတ္တာကြီးကနေ အမှိုက်စုတ်ကို ပေးရတယ်လို့ကွာ”
“ငွေပြန်အမ်းပေး... ငါတို့ နတ်ဘုရား လက်နက်ကိုပဲ လိုချင်တယ်ဟေ့”
ကစားသမားများမှာ အကြီးအကျယ် စိတ်ပျက်သွားကြပြီး ညည်းတွားကုန်ကြသည်။ သူတို့အမြင်တွင်မူ... ဤအရာသည် ခုနက ရရှိခဲ့သော အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ရာလောက်ပင် တန်ဖိုး မရှိဘူး မဟုတ်ပါလော။
သို့သော်ငြား...
လူအုပ်၏ အနောက်ဘက်မှနေ၍ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သော ကျန်းချန် မှာမူ... ထိုကျောက်ပြားကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် သူ၏ မျက်လုံးများက အလွန်တရာ ကျဉ်းမြောင်းသွားတော့၏။
သူ ခေါ်ယူစရာပင် မလိုဘဲ... သူ၏ ကိုယ်တွင်းရှိ စနစ် မျက်နှာပြင်မှာ အလိုအလျောက် ပွင့်လာခဲ့ပြီး၊ အနီရောင် သတိပေး မီးလုံးများက ရူးသွပ်စွာ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်။
(သတိပေးချက်။ အတိုင်းအတာ မြင့်မားလှသော သတင်းအချက်အလက် သယ်ဆောင်သည့် အရာကို တွေ့ရှိရပါသည်။)
(ခွဲခြမ်းစိတ်ဖြာရန် ကြိုးစားနေပါသည်... ခွဲခြမ်းစိတ်ဖြာမှု ကျရှုံးပါသည်။)
(တူညီသော ဇာစ်မြစ် တုန်ခါမှုများကို တွေ့ရှိရပါသည်။ ဤပစ္စည်းသည် ပိုင်ရှင်၏ ‘အပြင်းထန်ဆုံး ဂိုဏ်းစနစ်’ နှင့် အခြေခံ ယုတ္တိဗေဒပိုင်းဆိုင်ရာ ဆက်စပ်မှုများ ရှိနေပါသည်။)
(အရေးကြီးသော တာဝန် စတင်ပါပြီ - ‘ကောင်းကင်ဘုံ တာအို၏ ဖာထေးစရာများ’ အားလုံးကို စုဆောင်းပြီး... ချန်ဝူ လောက၏ စည်းမျဉ်းများကို အသစ်ပြန်လည် ပုံဖော်ပါ။)
ကျန်းချန် ၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်လာတော့၏။
အခြားသူများက နားမလည်နိုင်သော်ငြား... ကူးပြောင်းလာသူ တစ်ယောက် အနေဖြင့် သူကတော့ ထိုကျောက်ပြားပေါ်ရှိ ‘အဓိပ္ပာယ်မဲ့ စာသား’ ဆိုသည်များကို သဲ့သဲ့မျှ နားလည်နေသည်လေ။ ...
ဒါက သေချာပေါက်... ကွန်ပျူတာ ကုဒ်တွေရဲ့ ကွဲလွဲနေသော ပုံစံတစ်ခုပဲလေ။
(ကောင်းကင်ဘုံ တာအိုကို ဖာထေးခြင်း... လောကရဲ့ စည်းမျဉ်းတွေကို ပြင်ဆင်ခြင်း...)
(ဒီ ကျင့်ကြံခြင်း လောကကြီးက တကယ်ပဲ ချို့ယွင်းချက်တွေ ပြည့်နေတဲ့ ပရိုဂရမ်ကြီး တစ်ခုများလား... ဒါမှမဟုတ် အင်အားစု တစ်ခုခုက အတင်းအဓမ္မ ပြောင်းလဲထားတဲ့ အကျဉ်းထောင်ကြီး တစ်ခုများလား...)
(ပြီးတော့ ငါ့ရဲ့ စနစ်ရယ်၊ ဒီ ကစားသမားတွေရယ်က... ဒီ ချို့ယွင်းချက်တွေကို ပြင်ဆင်ဖို့ သုံးတဲ့... ဗိုင်းရပ်စ် ကာကွယ်ရေး ဆော့ဖ်ဝဲတွေ များလား...)
အလွန်တရာ ရဲတင်းလှပြီး၊ ကျောချမ်းစရာကောင်းလှသော ယူဆချက်ကြီး တစ်ခုက ကျန်းချန် ၏ ဦးနှောက်ထဲတွင် ပေါ်ထွက်လာတော့၏။ ဤအချက်က ကစားသမားတွေ ဘာကြောင့် အကန့်အသတ်မရှိ ပြန်လည် ရှင်သန်နိုင်သလဲ ဆိုတာကို ရှင်းပြနိုင်ရုံသာမကဘဲ... သူတို့တွေက ဒီလောကကြီးရဲ့ စည်းမျဉ်းတွေကို (အဆင့်အတန်း ကန့်သတ်ချက်များ ကဲ့သို့သော အရာများကို) ဘာကြောင့် လုံးဝ ဂရုမစိုက်ကြတာလဲ ဆိုတာကိုပါ ရှင်းပြနိုင်နေသည် မဟုတ်ပါလော။
“ဂိုဏ်းချုပ်ကြီး... ဂိုဏ်းချုပ်ကြီးဗျ...”
ဝမ်သဲ့ဖာ ၏ အသံက ကျန်းချန် ၏ အတွေးများကို ဖြတ်တောက်သွားစေသည်။
ထိုလူဝကြီးက ကျောက်ပြားကို တစ်ချက် လှုပ်ယမ်းလိုက်ရင်း...
“ဒီ အမှိုက်စုတ်ကို ဂိုဏ်းချုပ်ကြီး လိုချင်လို့လားဗျ။ မလိုချင်ရင်တော့... ကျွန်တော် စားပွဲခြေထောက် ခုဖို့ ယူသွားလိုက်တော့မယ်နော်”
“လိုချင်တယ်...”
ကျန်းချန် သည် လေကို တစ်ချက် အဝရှူလိုက်ပြီး... သူ၏ ရင်တွင်းမှ ဆူပွက်နေမှုများကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။ သူသည် ရှေ့သို့ လှမ်းသွားကာ ထိုကျောက်ပြားကို တည်ကြည်လေးနက်စွာဖြင့် လှမ်းယူလိုက်တော့၏။
“ဒီပစ္စည်းက...အရမ်းကို အရေးကြီးတယ်...”
ကျန်းချန်.. ထပ်မံ ရှင်းပြမနေတော့ဘဲ... စနစ် နေရာလွတ်၏ အနက်ရှိုင်းဆုံး အလွှာအတွင်းသို့ တိုက်ရိုက် ထည့်သွင်း ပိတ်လှောင်လိုက်သည်။
“ကောင်းပြီ... ဒီ လျှို့ဝှက်နယ်မြေ ခရီးစဉ်ကတော့ အပြည့်အဝ အောင်မြင်သွားခဲ့ပြီပဲ”
ကျန်းချန် သည် ပါးစပ်မှသာ ညည်းတွားနေကြပြီး တကယ်တမ်းတွင်မူ အကြီးအကျယ် ချမ်းသာသွားကြသော တပည့်များကို ကြည့်ရင်း... ရှုပ်ထွေးလှသည့် အပြုံးတစ်ခု သူ၏ မျက်နှာပေါ်တွင် ပေါ်လာတော့၏။
(ဒီလူတွေ လုံးဝ မသိကြဘူးလေ... လောကကြီးရဲ့ စည်းမျဉ်းတွေကို ပြန်ရေးနိုင်မယ့် သော့ချက်ကြီးက... သူတို့ ရှာတွေ့ခဲ့တဲ့ ‘ပြင်ဆင်ရေး ကိရိယာ’ ထဲမှာ ရှိနေတယ် ဆိုတာကိုပေါ့။)
“ဂိုဏ်းကို ပြန်ကြစို့ဟေ့...”
“ဒီလောက် များပြားတဲ့ အရင်းအမြစ်တွေရယ်... ဒီ တံဆိပ်ပြားလေးရယ် ရှိနေမှတော့...”
ကျန်းချန် ၏ အကြည့်များက အရှေ့ဘက် အရပ်ရှိ အရှေ့ပင်လယ်ပြင်ကြီးဆီသို့ ရောက်ရှိသွားတော့၏။
“ငါတို့ရဲ့ နောက်ထပ် ခရီးစဉ်က... ပင်လယ်ပြင်ကြီး ဆီကို ဖြစ်လိမ့်မယ် ထင်တယ်”
“ဝုန်း...”
ရတနာများကို ယူဆောင်သွားသည်နှင့် တစ်ပြိုင်နက်... ချန်ဝူ လျှို့ဝှက်နယ်မြေ တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါလာပြီး၊ လေဟာနယ် အတွင်း၌ မတည်ငြိမ်သော အက်ကွဲကြောင်းများ ပေါ်ထွက်လာတော့သည်။
“ပြေးကြဟေ့... မြေပုံကြီး ပြိုကျနေပြီဗျို့”
“ပက်ပါ... ပြေးလေကွာ... စားမနေနဲ့တော့”
ဖရိုဖရဲ အခြေအနေကြီး အတွင်း၌... ကွေ့ယွမ်ဂိုဏ်း ဖြိုဖျက်ရေး အဖွဲ့သည် သူတို့၏ တိုက်ပွဲဝင် ရတနာများနှင့်အတူ (အသစ် ရလာသော နောက်လိုက် ခြင်္သေ့ကြီးကိုပါ ခေါ်ဆောင်လျက်) လျှို့ဝှက်နယ်မြေကြီး မပြိုကျမီလေးတွင် တယ်လီပို့ တံခါးပေါက်မှနေ၍ အလုအယက် ပြေးထွက်သွားကြလေတော့သည်။
ဤအချိန်၌... ချန်ဝူ လျှို့ဝှက်နယ်မြေ ဆိုသည့် နေရာလေးမှာ လုံးဝ (လုံးဝ) ရှင်းလင်း (ပြောင်သလင်းခါအောင် လုယက်) ခြင်း ခံလိုက်ရပြီ ဖြစ်ချေသည်။
‘ကောင်းကင်ဘုံ တာအို၏ ဖာထေးစရာ’ နှင့် ပတ်သက်သော လျှို့ဝှက်ချက်ကြီးမှာမူ... မျိုးစေ့လေး တစ်စေ့ပမာ ကျန်းချန် ၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ မြှုပ်နှံထားလိုက်ပြီ ဖြစ်ပြီး... ၎င်း အမြစ်တွယ် ရှင်သန်လာမည့် နေ့ရက်ကိုသာ စောင့်မျှော်နေတော့၏။