~သုံးရက် ကြာပြီးနောက်... ကွေ့ယွမ်ဂိုဏ်း၏ တောင်နောက်ဘက်ရှိ ယာယီ သင်္ဘောကျင်း၌ ဖြစ်သည်။
မူလက ဗလာကျင်းနေသော တောင်ကြားလေးမှာ... ယခုအခါ၌မူ သံထုသံများ၊ ရိုက်နှက်သံများနှင့်အတူ ဂဟေဆော်ရာမှ ထွက်ပေါ်လာသော မီးပွားများဖြင့် ပွက်လောညံနေတော့၏။
ဂိုဏ်းချုပ် ဝတ်ရုံကို ခန့်ညားစွာ ဆင်မြန်းထားသော ကျန်းချန် သည်... နောက်ကနေ စိုးရိမ်တကြီး လိုက်ပါလာသည့် ဆုချင်းကော နှင့်အတူ ကစားသမားများ၏ 'ကြီးကျယ်ခမ်းနားသော ဖန်တီးမှုကြီး' ကို လာရောက် စစ်ဆေးခြင်း ဖြစ်သည်။
"ဂိုဏ်းချုပ်ကြီးရှင်... သူတို့ကို တကယ်ပဲ ပင်လယ်ခရီးစဉ်အတွက် ယုံကြည်စိတ်ချလို့ ရပါ့မလားဟင်..."
ဆုချင်းကော သည် အဝေးရှိ ရွက်ဖျင်တဲကြီးဖြင့် အုပ်ထားသော ဧရာမ အရိပ်မည်းကြီးကို လှမ်းကြည့်ရင်း... သူမ၏ မျက်ခွံများမှာ အဆက်မပြတ် တဆတ်ဆတ် ခုန်နေတော့၏။
"လွန်ခဲ့တဲ့ ရက်ပိုင်းတွေတုန်းကလေ... ဒီနားက ဖြတ်သွားတိုင်း အထဲကနေ ပေါက်ကွဲသံတွေချည်းပဲ ကြားနေရတာ... ပြီးတော့... ဝက်အော်သံတွေလည်း ပါသေးတယ်။ ကျွန်မတော့ သိပ်ပြီး ကြည့်မကောင်းဘူးနော်..."
"စိတ်မပူပါနဲ့..."
ကျန်းချန် က သူကိုယ်တိုင်လည်း သိပ်ပြီး မသေချာလှသော်ငြား... လက်နှစ်ဖက်ကို နောက်ပစ်ကာ အပြင်ပန်းတွင်မူ တည်ငြိမ်နေဟန် ဖမ်းထားလိုက်သည်။
"သူတို့ရဲ့ အလှအပ ခံစားတတ်တဲ့ အနုပညာ အမြင်က နည်းနည်းတော့ ထူးခြားဆန်းပြားနေပေမယ့်... တကယ်တမ်း လက်တွေ့ အသုံးချတဲ့ နေရာမှာတော့... တော်တော်လေးကို အစွမ်းထက်ကြပါတယ်လေ..."
ထိုသို့ စကားပြောနေကြရင်းနှင့်ပင်... သူတို့နှစ်ဦးမှာ သင်္ဘောဆိပ်သို့ ရောက်ရှိသွားကြတော့၏။
ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်း သည် မျက်နှာတစ်ပြင်လုံး ဆီဂျီးများ ပေကျံနေပြီး... လက်ထဲတွင် ရှုပ်ယှက်ခတ်အောင် ဆွဲထားသော ပုံစံကြမ်း စာရွက်ကြီး တစ်ရွက်ကို ကိုင်ဆောင်လျက် စိတ်လှုပ်ရှားစွာ ပြေးလာတော့သည်။
"ဂိုဏ်းချုပ်ကြီးဗျို့... တာဝန် ပြီးမြောက်ပါပြီဟေ့။ ကျွန်တော်တို့ရဲ့ စူပါစစ်သင်္ဘောကြီး... 'ကွေ့ယွမ် နံပါတ်တစ်' (ယာယီနာမည်) ပြီးသွားပါပြီဗျာ"
"အို..."
ကျန်းချန် ၏ မျက်လုံးများ အရောင်တောက်သွားသည်။
"ဖွင့်ပြစမ်းပါဦး...ကျုပ်လည်း တစ်ချက်လောက် ကြည့်ရအောင်"
"ညီအစ်ကိုတို့ရေ... ဖွင့်ချလိုက်ကြစမ်း"
ဦးလေးကျန်း က လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။
"ဝှစ်..."
ဧရာမ ရွက်ဖျင်တဲကြီးကို ဆွဲချွတ်လိုက်သည့် အခိုက်အတန့်မှာပင်... ဂိုဏ်းတစ်ခုလုံး၏ သွေးချွေးများ ရင်းနှီးမြှုပ်နှံထားသော 'စစ်သင်္ဘောကြီး' မှာ နောက်ဆုံး၌ ၎င်း၏ ဇာတိရုပ်အမှန်ကို ထုတ်ဖော်ပြသလိုက်လေပြီ။
ထိုစဉ်... လေထုကြီး တစ်ခုလုံးမှာ တစပြင်ပမာ တိတ်ဆိတ်သွားတော့၏။
ကျန်းချန် ၏ မျက်နှာပေါ်ရှိ အပြုံးများမှာ နေရာ၌ပင် တောင့်ခဲသွားသည်။ ဆုချင်းကော မှာမူ လန့်ဖြတ်ပြီး အနောက်သို့ ခြေတစ်ဝက်ခန့် အလိုအလျောက် ဆုတ်လိုက်မိရှာ၏။
သူတို့ မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသည်မှာ... သူတို့ စိတ်ကူးယဉ်ထားခဲ့သော ခမ်းနားထည်ဝါလှသည့် ဇိမ်ခံလေလှေကြီး သို့မဟုတ် ပျံသန်းရေး သင်္ဘောကြီးများနှင့် လုံးဝ (လုံးဝ) တူညီမနေခဲ့ပေ။
ထိုအစား... အမှိုက်ပုံထဲမှ ပစ္စည်းများဖြင့် ကမန်းကတန်း ပေါင်းစပ် တပ်ဆင်ထားသည့်အလား... ဧရာမ သံမဏိ ဖြူကောင်ကြီး တစ်ကောင်သာ ဖြစ်နေသည် မဟုတ်ပါလော။
သင်္ဘောကြီး တစ်ခုလုံးမှာ အနက်ရောင် အတိဖြစ်နေပြီး (အကြောင်းမူကား အနက်ရောင် သံချေးတုံးများကို အများအပြား အသုံးပြုထားသောကြောင့် ဖြစ်သည်)... ကိုယ်ထည်မှာလည်း ရေစီးကြောင်းနှင့်အညီ ချောမွေ့နေခြင်း မရှိဘဲ၊ ဝင်တိုက်သည့် အရှိန်ကို ပိုမို ပြင်းထန်စေရန်အတွက် စိန်ပွင့်ပုံသဏ္ဍာန် ချွန်ချွန်ကြီး လုပ်ထားသည်။
အဆိုးရွားဆုံး ကိစ္စများကတော့...
သင်္ဘောဦးပိုင်း- ခန့်ညားလှသော နဂါးခေါင်း သို့မဟုတ် ဖီးနစ်ငှက်ခေါင်းများ အစား... အဆင့် (၃) မီးတောက် ခြင်္သေ့ကြီး သွားလဲစဉ်က ကျွတ်ကျလာသည့် ဧရာမ အစွယ်ကြီး တစ်ချောင်းကို အတင်း ထိုးစိုက်ထားသဖြင့်... ကြည့်ရသည်မှာ ချိုတစ်ချောင်းတည်းပါသော မွန်းစတားကြီး တစ်ကောင်နှင့်ပင် တူနေတော့၏။
သင်္ဘောဝမ်းဗိုက်ပိုင်း- နှစ်မီတာခန့် ရှည်လျားသော သံမဏိ ဆူးချွန်ကြီးများက သိပ်သည်းစွာ ဖုံးလွှမ်းနေပြီး... အဝေးမှ ကြည့်လျှင် ဧရာမ ဆူးပါသော တင်းပုတ်ကြီး တစ်ခုနှင့်ပင် တူနေတော့သည်။ လူတစ်ယောက်ယောက်ရဲ့ ခေါင်းပေါ်ကနေများ ဖြတ်ပျံသွားလျှင်... ကြည့်နေရင်းနှင့်တောင် နာချင်စရာ ကောင်းလှသည်။
ကုန်းပတ်- နေရာတိုင်းတွင် ဖာထေးထားသော အရာများက ဗလပွဖြစ်နေ၏။ ဒီနေရာမှာ အနီရောင် သံပြား တစ်ချပ်၊ ဟိုနေရာမှာ အစိမ်းရောင် ကြေးဝါပြား တစ်ချပ်နှင့် အတော်လေး ကြည့်ရဆိုးနေ၏။ အထင်ရှားဆုံး အရာမှာ ရွက်တိုင်၏ ထိပ်ဖျားတွင်... အဝေးကြည့်စင် အစား၊ ဧရာမ သံအိုးမည်းကြီး တစ်လုံးကို တပ်ဆင်ထားပြီး ဒါက ဖြည်းညှင်းစွာ လည်ပတ်နေခြင်းပင် ဖြစ်ချေသည်။
"ဒါ... ဒါက..."
ကျန်းချန် သည် လည်ပတ်နေသော သံအိုးမည်းကြီးကို လက်ညှိုးထိုးပြလိုက်ပြီး... သူ၏ လက်ချောင်းများပင် သဲ့သဲ့မျှ တုန်ယင်နေတော့၏။
"ဦးလေးကျန်း... တစ်ချက်လောက် ရှင်းပြပါဦး။ အဲ့ဒီ အိုးကြီးက ဘာလုပ်ဖို့လဲဗျ။ ကောင်းကင်ဘုံက လာမယ့် အချက်ပြ လှိုင်းတွေကို ဖမ်းဖို့များ တပ်ထားတာလား"
"ဝါး... ဂိုဏ်းချုပ်ကြီးက အမြင် သောက်ရမ်း စူးရှတာပဲဗျာ
ဦးလေးကျန်း က အလွန်တရာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် မိတ်ဆက်ပေးလိုက်သည်။
"အဲ့ဒါက...ကျုပ်တို့ ကိုယ်တိုင် တီထွင်ဖန်တီးထားတဲ့ 'ရေအောက် အသံလှိုင်းဖမ်း စနစ်' ပဲဗျို့။ အသံကုန်ဟစ်နေတဲ့ မိစ္ဆာအရိုး ရဲ့ ပဲ့တင်သံကို အသုံးပြုထားပြီး... ဟို သံအိုးမည်းကြီးရဲ့ အသံစုဆောင်းနိုင်တဲ့ အာနိသင်နဲ့ ပေါင်းစပ်ထားတာလေ။ မိုင်ငါးဆယ် ပတ်လည် အတွင်းမှာရှိတဲ့ ငါးအုပ်တွေကို အတိအကျ ထောက်လှမ်းနိုင်တယ်နော်၊ ပင်လယ်စာ ရှာတဲ့ နေရာမှာတော့ လုံးဝ သေချာပေါက်ပဲ"
"..."
ကျန်းချန် မှာ လုံးဝ (လုံးဝ) စကားပင် မဟနိုင်တော့ချေ။
"ဒါဆို... စွမ်းအင်ကကော ဘယ်ကလာမှာလဲဟင်..."
ဆုချင်းကော က သင်္ဘောဝမ်းဗိုက် အတွင်းမှ ထွက်ပေါ်နေသော ဒုံးဒုံးဒိုင်းဒိုင်း အသံကြီးများကို လက်ညှိုးထိုးပြလိုက်ရှာ၏။
"ကျွန်မ ကြားနေရတာက... ဝက်အော်သံတွေ ဖြစ်နေသလိုပဲနော်"
"ဟီးဟီး... ဒါက ပိုပြီးတောင် ခေတ်မီတဲ့ နည်းပညာ အသစ်စက်စက်ပဲကွယ့်"
ထိုအခိုက်... ဦးလေးကျန်း က သူတို့နှစ်ဦးကို အင်ဂျင်ခန်းဆီသို့ ခေါ်ဆောင်သွားလေသည်။
ဖန်သားဖြင့် ပြုလုပ်ထားသော မှန်ပြတင်းပေါက်မှ တစ်ဆင့် ကြည့်လိုက်သည့်အခါ... သူတို့သည် အသက်ရှူမှားလောက်မည့် မြင်ကွင်းကြီးကို တွေ့လိုက်ကြရတော့၏။
ဧရာမ ကြွက်ဘီးလုံးကြီး တစ်ခု အတွင်း၌... အဆင့် (၂) သံခွံ တောဝက်ကြီး 'ပက်ပါ' မှာ အမောတကောဖြင့် ရူးသွပ်စွာ ပြေးလွှားနေသည် မဟုတ်ပါလော။
၎င်း၏ အရှေ့တည့်တည့်တွင်မူ... ဘယ်တော့မှ လှမ်းမမီနိုင်သော မှော်မုန်လာဥနီ တစ်လုံးကို ချိတ်ဆွဲထားသည်။
"ဒါကတော့ ကျုပ်တို့ရဲ့ 'ဇီဝစွမ်းအင်သုံး အင်ဂျင်' ပဲဗျို့"
ဦးလေးကျန်း က သူ၏ ရင်ဘတ်ကို ပုတ်ကာ ရဲရဲဝင့်ဝင့် အာမခံလိုက်သည်။
"သဘာဝ ပတ်ဝန်းကျင်ကို လုံးဝ မထိခိုက်စေဘူးနော်။ စွမ်းဆောင်ရည်ကလည်း သောက်ရမ်း မြင့်တယ်။ မုန်လာဥနီတွေ အလုံအလောက် ရှိနေသရွေ့... စွမ်းအင်ကတော့ အဆုံးအစမဲ့ပဲဟေ့။ ဒါ့အပြင်... ငါတို့က အလှည့်ကျ စနစ်ကိုပါ ဆွဲထားသေးတယ်။ ဟိုခြင်္သေ့ကြီး တာ့ဟုန် ကိုပါ အဆိုင်းနှစ်ခု ခွဲပြီး ပြေးခိုင်းမှာဆိုတော့... ခရီးစဉ် နှောင့်နှေးမှာကို လုံးဝ (လုံးဝ) ပူစရာ မလိုဘူးဗျာ"
ဘီးလုံးကြီးထဲတွင် မျက်ရည်များ ဝဲလျက် အသည်းအသန် ပြေးနေရရှာသော တောဝက်ကြီးကို ကြည့်ရင်း... ဆုချင်းကော သည် သူမ၏ လောကအမြင်ကြီး တစ်ခုလုံး ပြိုကျသွားပြီဟု ခံစားလိုက်ရတော့၏။
ဒါ တိရစ္ဆာန်တွေကို ညှဉ်းပန်းနှိပ်စက်နေတာလေ။ ဒါကိုများ စူပါစစ်သင်္ဘောကြီး တဲ့လား။ အရှေ့ပင်လယ်ကို သွားဖို့အတွက်... ငါတို့က ဒီလို ယာဉ်မျိုးကို စီးရမှာလားဟယ်။
"ကျွန်မ မစီးဘူးနော်..."
ဆုချင်းကော က လုံးဝကို ဆန့်ကျင်သည့် မျက်နှာထားဖြင့် ခေါင်းကို အဆက်မပြတ် ရမ်းခါလိုက်သည်။
"ဒီသင်္ဘောကြီးကို စီးရမယ့်အစား... သေလိုက်တာကမှ ပိုကောင်းဦးမယ်။ အရုပ်ဆိုးလွန်းတယ်... ပြီးတော့ ကြည့်ရတာ အချိန်မရွေး ပြုတ်ကျသွားတော့မယ့် ပုံကြီးပဲရှင်"
"ညီမလေးကလည်း... မှားပြီလေဗျာ"
ဝမ်သဲ့ဖာ (ဒီဖရဲသီးမှည့်ပြီလား) သည် ပင်လယ်ဓားပြ ဝတ်စုံကို ဆင်မြန်းလျက် (မျက်လုံးတစ်ဖက်ကို ဖုံးထားပြီး၊ လက်တစ်ဖက်တွင်လည်း ချိတ်ကောက်ကြီး တပ်ထားသေးသည်) ကုန်းပတ်ပေါ်မှ ခုန်ဆင်းလာတော့၏။
"နည်းနည်းတော့ အရုပ်ဆိုးပေမယ့် သောက်ရမ်း ခိုင်တယ်နော်။ ကိုယ်ထည်ပေါ်မှာ ‘မာကျောခြင်း အခင်းအကျင်း’ ပေါင်း သုံးထောင်တိတိကို ထွင်းထုထားတာဗျို့။ ရွှေအမြုတေအဆင့် မိစ္ဆာသားရဲကြီး ဝင်တိုက်ရင်တောင်မှ... သူ့အရိုးပဲ ပြန်ကျိုးသွားစေရမယ်"
“ဒါ့အပြင်... ငါတို့က ဂိုဏ်းရဲ့ ရည်မှန်းချက်နဲ့ ကွက်တိကျတဲ့ သောက်ရမ်း မိုက်တဲ့ နာမည်တစ်ခုကိုတောင် ပေးထားသေးတယ်ဟေ့”
ကျန်းချန် သည် သူ၏ နားထင်ကြောများကို ပွတ်သပ်လိုက်ရင်း... မကောင်းဆိုးဝါး ခံစားချက်ကြီး တစ်ခု ဝင်ရောက်လာသည်ကို သိလိုက်ရ၏။
"မင်းတို့က ဘယ်လို နာမည်များ ပေးထားလို့လဲကွ"
ကစားသမား သုံးထောင်ကျော်မှာ နားကွဲမတတ် အသံပြိုင် အော်ဟစ်လိုက်ကြတော့သည်။
"ငါတို့ ပင်လယ်စာ စားချင်တယ် သင်္ဘောကြီး ပါဗျို့..."
ကျန်းချန် - "..."
ဆုချင်းကော - "..."
ကျန်းချန် သည် လေကို တစ်ချက် အဝရှူလိုက်ပြီး... အရုပ်ဆိုး အကျည်းတန်သော်လည်း ‘ငါက သောက်ရမ်း ကြမ်းတယ်နော်... လာမစမ်းနဲ့’ ဆိုသည့် အရှိန်အဝါများ ထွက်ပေါ်နေသော စစ်သင်္ဘောကြီးကို ကြည့်လိုက်သည်။
နောက်ဆုံးတွင်တော့ သူ အရှုံးပေးလိုက်ရတော့၏။ အကြောင်းမူကား... လက်တွေ့ အသုံးတည့်ဖို့က အရေးအကြီးဆုံးပဲ မဟုတ်ပါလော။
"ကောင်းပြီလေ..."
ကျန်းချန် က ဂရုမစိုက်တော့သည့်အလား လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး... ဖြစ်ချင်ရာဖြစ်ဟုသာ ဆုံးဖြတ်လိုက်တော့၏။
"နာမည်က နည်းနည်းတော့ ရိုင်းပေမယ့်... ငါ့ရဲ့ ခံစားချက်တွေကိုတော့ တိုက်ရိုက် ဖော်ပြနေတာပဲ"
"အားလုံးပဲ... သင်္ဘောပေါ် တက်ကြ"
"ခရီးစဉ်ကတော့... အရှေ့ပင်လယ်ပဲ၊ ငါတို့တွေ... ပင်လယ်စာ သွားစားကြမယ်ဟေ့"
"ဝူးဟူး... သွားကြစို့ဗျို့"
ကစားသမားများမှာ အောင်ပွဲခံ အော်ဟစ်လျက် စစ်သင်္ဘောကြီးပေါ်သို့ အလုအယက် တက်ရောက်သွားကြသည်။
“အီ….”
အင်ဂျင်ခန်းထဲမှ တောဝက်ကြီး ပက်ပါ ၏ မျှော်လင့်ချက် ကင်းမဲ့နေသော အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး... ဘီးလုံးကြီးများမှာလည်း ရူးသွပ်စွာ လည်ပတ်လာတော့၏။
"ဂွမ်း... ဒိုင်း..."
ဧရာမ သံမဏိ မွန်းစတားကြီးသည် မည်းမှောင်နေသော မီးခိုးလုံးကြီးများကို မှုတ်ထုတ်လိုက်ပြီး (ချောဆီများ လောင်ကျွမ်းသွားသောကြောင့် ဖြစ်နိုင်သည်)... သွားကျဥ်ချင်စရာ ကောင်းလှသော သံပွတ်တိုက်သံကြီးများနှင့်အတူ ကောင်းကင်ယံသို့ ဖြည်းညှင်းစွာ ပျံတက်သွားကာ... အရှေ့ဘက် မိုးကုတ်စက်ဝိုင်းဆီသို့ တစ်ဟုန်ထိုး ပြေးထွက်သွားလေတော့သည်။
တဖြည်းဖြည်း ဝေးကွာသွားသော 'အမှိုက်သင်္ဘောကြီး' ကို ကြည့်ရင်း... ကုန်းပတ်ပေါ်သို့ ဇွတ်ဆွဲတင်ခံလိုက်ရသော ဆုချင်းကော မှာမူ... လေပြင်းများကို မျက်နှာမူလျက် နောင်တ မျက်ရည်များ ကျဆင်းနေရရှာတော့သည် ။
(ချင်းယန် ဂိုဏ်းချုပ်ကြီးရှင်... ကျွန်မ ချင်းယန်ဂိုဏ်းကို ပြန်လာပြီး အပြစ်ပေးခံပါရစေတော့ရှင်... ဒီနေရာက အရမ်းကို အရှက်ကွဲလွန်းလို့ပါ…)