သီရှီထျန်သည် နောက်ထပ် မည်သည့်စကားမှ မပြောဘဲ အနောက်လှည့်၍ အရိုးဖြူစွန့်ပစ်ကုန်းမြေမှ ထွက်သွားသည်။ မရဏကျီးကန်းဘုရင်သည် သူ၏ ပထမဆုံး ဦးတည်ရာဖြစ်သည်။ သူက တခြားမိစ္ဆာသားရဲများကိုလည်း စည်းရုံးသိမ်းသွင်းချင်သေးသည်။ မရဏကျီးကန်းဘုရင်၏ မျက်လုံးထဲမှ ဖော်ပြမှုအရ နောက်သုံးရက်ကြာပြီးလျှင် သူထွက်ပေါ်လာရန် (၉၀)ရာခိုင်နှုန်း သေချာသလောက် ရှိ၏။
သူက ကျောချမ်းဖွယ်ကောင်းသော အရိုးဖြူစွန့်ပစ်ကုန်းမြေထဲမှ အလွယ်တကူ ထွက်သွားသည်။ သူက လမ်းလျှောက်နေရင်း နောက်ထပ် ဦးတည်ရာကို စဉ်းစားနေသည်။
“ ကျီးကန်းဘုရင်က မြောက်ဘက်အရပ်မှာ နေထိုင်တယ်… ဒါပေမဲ့ အဲ့ဒီတုန်းက ငါက အသံလေးသံကို ကြားခဲ့တယ်… ဆိုလိုတာက ကျီးကန်းဘုရင်အပြင် နောက်ထပ် မိစ္ဆာသားရဲသုံးကောင် ထပ်ရှိသေးတယ်… အရှေ့အရပ်ကနေ ဟိန်းသံကို ငါကြားခဲ့တယ်… အသံအရတော့ အဲ့ဒီကောင်က ခြင်္သေ့မိစ္ဆာသားရဲဖြစ်လောက်မယ်… အနောက်အရပ်က အော်သံက သားရဲအရိုင်းကောင်တစ်ကောင် ဖြစ်မယ်… တောင်ပိုင်းမှာ ငှက်အော်သံကို ငါကြားခဲ့တယ်… အဲ့ဒီနေရာက ငါ့ရဲ့ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းနဲ့ နီးတယ်… ငါ့မှာ အချိန်သုံးရက်ပဲ ရှိတယ်… သူတို့အားလုံးကို စည်းရုံးဖို့ဆိုရင် တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးကို ငါသွားရလိမ့်မယ်… အချိန်က အကန့်အသတ်ရှိတယ်… ငါအရှိန်မြှင့်တင်ရမယ် ”
သီရှီထျန်သည် တွေးတောနေရင်း မြန်ဆန်စွာ အရှိန်မြှင့်တင်လိုက်သည်။ သူက တောင်ပိုင်းမြေရိုင်းဒေသ၏ အနောက်အရပ်သို့ ပြေးသွားလေရာ အနက်ရောင်ကြွင်းကျန်ပုံရိပ်များက တောအုပ်ထဲမှာ ကျန်နေခဲ့သည်။ အနောက်အရပ်မှ မိစ္ဆာသားရဲအကြောင်း အနည်းငယ် သူစိတ်ဝင်စားသည်။ ထိုနေ့က အော်သံအရ ၎င်းက ရက်စက်ကြမ်းကြုတ်သော သားရဲအရိုင်းတစ်ကောင်ဖြစ်ကြောင်း ထင်ရှားပေသည်။ ၎င်း၏ အော်သံထဲမှာ တိုက်ခိုက်ချင်စိတ်ဖြင့် ပြည့်နှက်နေသည်။ မည်သို့သော သားရဲက ထိုသို့အော်သံကို ထုတ်လွှတ်နိုင်ကြောင်း သူသိချင်မိသည်။
ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲတွင်… ။
အမျိုးအစားစုံလင်သော ပန်းပင်များက ပွင့်လန်းနေကြသည်။ မွှေးပျံ့သော ပန်းရနံ့အမျိုးမျိုးက လေထဲမှာ လွင့်မျောနေသည်။ လေညင်းတိုးဝှေ့သွားသည့်အခါတိုင်း ပန်းပွင့်များက ရေလှိုင်းများသဖွယ် နိမ့်ချည်မြင့်ချည် လှုပ်ရှားသွားကြသည်။ ယင်းက အလွန်ဆွဲဆောင်မှုရှိသည်။ ဤနေရာသည် ဒဏ္ဍာရီများထဲမှ နတ်သမီးကုန်းမြေနှင့် ဆင်တူသည်။ လေထဲတွင် အရောင်အသွေးစုံလင်သော ပွင့်ချပ်များက ရွေ့လျားကခုန်နေကြသည်။
ပန်းပွင့်ပင်လယ်ထဲတွင် သဘာဝအတိုင်း တည်ရှိနေသော သစ်သားတဲအိမ်က ကြော့ရှင်းတင့်တယ်သော ဆွဲဆောင်မှုကို ပေးသည်။ သစ်သားတဲအိမ်၏ ပြတင်းပေါက်အရှေ့တွင် မိန်းမပျိုလေးတစ်ယောက်သည် ပန်းပွင့်များကို ကြည့်နေရင်း တစ်စုံတစ်ခုကို နားထောင်နေဟန် ရ၏။ အတွေးနက်သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ အဲ့ဒီကျားနက်က ဒီလောက် ဉာဏ်ကောင်းတယ်လား… သူက တခြားလူတွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲဆိုတာ သိတယ်… သူက ကျင့်ကြံသူတွေကို တိုက်ခိုက်ဖို့ တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာသားရဲတွေကို စည်းရုံးချင်တယ်… ”
မိန်းမပျိုလေး၏ အသံသည် နွေဦးစမ်းရေပမာ နွေးထွေးပြီး သိမ်မွေ့ကြင်နာသည်။ သူက ချိုင့်ဝှမ်းအပြင်သို့ မထွက်သွားသော်လည်း သီရှီထျန်၏ လုပ်ဆောင်မှုအားလုံးကို သိနေသည်။ ထိုသို့နည်းလမ်းက အမှန်တကယ် အံ့ဖွယ်ကောင်းသည်။
အမှန်မှာ ကျင့်ကြံသူအများအပြား တောင်ပိုင်းမြေရိုင်းဒေသထဲသို့ ရုတ်တရက် ဝင်ရောက်လာကတည်းက သူက အခြေအနေကို သတိထားစောင့်ကြည့်နေခဲ့သည်။ သူအသုံးပြုသော နည်းလမ်းက အလွန်ထူးဆန်းသည်။ သူက တောင်တန်းဒေသထဲမှာ ပြန့်ကျဲပေါက်ရောက်နေသော ပန်းပင်အားလုံးကို သူ၏ မျက်လုံးများ၊ နားများသဖွယ် အသုံးပြုနိုင်သည်။ ယင်းက မည်မျှအံ့ဖွယ်ကောင်းသော နည်းလမ်းဖြစ်သနည်း။
ထို့ကြောင့် မိန်းမပျိုလေးသည် သီရှီထျန်က မရဏကျီးကန်းဘုရင်နှင့် မည်သို့ဆွေးနွေးခဲ့ကြောင်း ချက်ချင်း သိရှိသွားခဲ့ခြင်း ဖြစ်သည်။ သူက သီရှီထျန်ကို အနည်းငယ် စိတ်ဝင်စားလာသည်။
တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာသားရဲများသည် အလွန်ဉာဏ်ကောင်းကြသည်။ သူတို့၏ ဉာဏ်ရည်က လူသားများထက် မလျော့ချေ။ သို့သော်လည်း သူတို့က ကိုယ်ပိုင်နယ်နိမိတ်ဖြင့်သာ ကိုယ့်အမျိုးအနွယ်ကို အုပ်ချုပ်ကြသည်။ သူတို့သည် တစ်ခါမှ အချင်းချင်း မပူးပေါင်းခဲ့ကြချေ။ တခြားအကြောင်းအရင်း မရှိပေ။ သူတို့အားလုံးသည် မိစ္ဆာသားရဲများ ဖြစ်ကြသည်။ သူတို့က တခြားမိစ္ဆာသားရဲများထံ အလျော့မပေးချင်ကြပေ။ မည်သို့ဖြစ်ပါစေ သူတို့ဆီမှာ ကိုယ်ပိုင်မာန ရှိကြသည်မဟုတ်ပါလော။ ထို့ကြောင့် သီရှီထျန်၏ တမူထူးခြားသော အကျင့်စရိုက်က ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲမှ မိန်းမပျိုလေး၏ စိတ်ဝင်စားမှုကို ရရှိသွားသည်။
မိန်းမပျိုလေးသည် တစ်ခဏ တွေးတောပြီးနောက် ထိုကိစ္စကို နောက်ထပ် အာရုံမစိုက်တော့ပေ။ တောင်ပိုင်းမြေရိုင်းဒေသထဲမှာ မည်သည့်ကိစ္စဖြစ်လာပါစေ ယင်းက သေခြင်းရှင်းခြင်းကိစ္စမဟုတ်လျှင် သူလှုပ်ရှားလိမ့်မည် မဟုတ်ချေ။ သူက သီရှီထျန်ကို စိတ်ထဲမှာ မှတ်သားလိုက်သည်။
သူက တိတ်တဆိတ် မျက်လုံးမှိတ်လိုက်ပြီး တရားထိုင်လိုက်သည်။ သူတရားထိုင်လိုက်သည့်အခါ ချိုင့်ဝှမ်းထဲမှ ပန်းပင်အားလုံးက အောက်သို့ ငိုက်စိုက်သွားကြသည်။ ဤသည်မှာ ပန်းပင်များက မိန်းမပျိုလေးကို ဦးညွတ်နေကြသည့်အလားပင်။ ချိုင့်ဝှမ်းထဲမှ ပန်းရနံ့အမျိုးမျိုးက လေနှင့်အတူ ပျံ့လွင့်သွားသည်။ ပန်းရနံ့များသည် သစ်သားအိမ်၏ ဘေးပတ်ဝန်းကျင်မှာ ရည်ရွယ်ချက်ရှိစွာ ရစ်ဝဲနေကြသည်။
တောင်ပိုင်းမြေရိုင်းဒေသထဲမှာ မိစ္ဆာသားရဲဘုရင်ငါးကောင် ရှိသည်။ မှန်ပေ၏။ ယင်းက တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးမှာ မိစ္ဆာသားရဲငါးကောင်တည်း ရှိသည်ဟု မဆိုလိုပေ။ သူတို့ထဲ၌ မိစ္ဆာသားရဲငါးကောင်သာလျှင် ကိုယ်ပိုင်နယ်နိမိတ်နှင့် ကိုယ်ပိုင်အမျိုးအနွယ်ကို ဘုရင်တစ်ပါးသဖွယ် အုပ်ချုပ်နိုင်ကြသည်။ ထို့ကြောင့် သူတို့သည် မိစ္ဆာသားရဲဘုရင်ငါးကောင်အဖြစ် သတ်မှတ်ခံကြရသည်။
ဥပမာ မြောက်ပိုင်းတွင် မရဏကျီးကန်းဘုရင် ရှိသည်။ သူက အရိုးဖြူစွန့်ပစ်ကုန်းမြေတစ်ခုလုံးကို အုပ်ချုပ်နေသည်။ သူ၏ တမူထူးခြားသော သေခြင်းအရှိန်အဝါကြောင့် တောင်တန်းဒေသထဲမှ သက်ရှိများသည် သူ့ကို အဝေးမှ ရှောင်ရှားကြသည်။ သူက မိစ္ဆာသားရဲဘုရင်ငါးကောင်ထဲမှာ ကြောက်စရာအကောင်းဆုံး ဖြစ်သည်။
အနောက်အရပ်တွင် အနက်ရောင်မျောက်ဝံဘုရင် ရှိသည်။ သူ့ကို မျောက်ဝံဟု ခေါ်သော်လည်း အမှန်မှာ သူက ကင်းကောင်ဖြစ်သည်။ သူက တိုက်ခိုက်ရန် မွေးဖွားလာသူ ဖြစ်သည်။ သူက အလွန်ရက်စက်ကြမ်းကြုတ်ပြီး သူ၏ တိုက်ခိုက်စွမ်းရည်က မိစ္ဆာသားရဲဘုရင်ငါးကောင်ထဲမှာ အသန်မာဆုံး ဖြစ်သည်။ သူ၏ ခွန်အားက အလွန်သန်မာသည်။ သူက နတ်ဘုရားခွန်အားဖြင့် မွေးဖွားလာသူဖြစ်သည်။ သူ၏ လက်သီးတစ်ချက်က တောင်ကုန်းတစ်ခုကို အပိုင်းပိုင်းအစစ ကွဲထွက်စေနိုင်သည်။
ထိုသို့ခွန်အားကြောင့် မိစ္ဆာသားရဲအနည်းစုသာလျှင် သူ့ကို ထိပ်တိုက် ရင်ဆိုင်ဝံ့ကြသည်။ တောင်ပိုင်းမြေရိုင်းဒေသ၏ အနောက်အရပ်တွင် အနက်ရောင်မျောက်ဝံဘုရင်သည် ပြိုင်ဘက်ကင်းသော တည်ရှိမှုဖြစ်သည်။
တခြားမိစ္ဆာသားရဲဘုရင်သုံးကောင်ဆီမှာလည်း ကိုယ်စီ အားသာချက်များ ရှိကြသည်။
ဤအခိုက်အတန့်မှာ သီရှီထျန်သည် အနက်ရောင်မျောက်ဝံဘုရင်၏ ပိုင်နက်ထဲသို့ ဦးတည်သွားနေသည်။
… … …
“ ဂိုဏ်းတူအကိုကျိုး… အခု တောင်တန်းဒေသထဲက ကျင့်ကြံသူအများစုက မိုးထိတောင်ဆီ ဦးတည်သွားနေကြတယ်… အဲ့ဒီကောလဟာလက အမှန်ဖြစ်နေမလား မသိဘူး ”
ချောမောလှပသော မိန်းကလေးသည် အရှေ့သို့ ဆက်မသွားမီ သူ၏ ခြေထောက်ကို မြှောက်၍ သူ့အရှေ့မှ ကျောက်တုံးငယ်တစ်တုံးကို ကန်ထုတ်လိုက်သည်။ ထိုမိန်းကလေးသည် သီရှီထျန်ကို ဖမ်းဆီးရန် တောင်ပိုင်းမြေရိုင်းဒေသထဲသို့ ဝင်ရောက်လာသော မင်းသမီးချူယွမ်မှလွဲ၍ တခြားလူမဟုတ်ပေ။
သူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ ဉာဏ်နီဉာဏ်နက်များသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ကျိုးယွမ်ဖေးက မထူးမခြားနား ပြုံးလိုက်ပြီး ပြောသည်။
“ အဲ့ဒါက အမှန်ဟုတ်မဟုတ် အကိုတို့ သွားကြည့်လိုက်ရင် သိရမှာပေါ့… ပြီးတော့ တောင်ပိုင်းမြေရိုင်းဒေသက အရမ်းကြီးမားကျယ်ပြောတယ်… ဒီအတိုင်း လိုက်ရှာနေမယ်ဆိုရင် ကျားနက်ကို ရှာတွေဖို့ ခက်ခဲလိမ့်မယ်… အခု တောင်တန်းထဲက ကျင့်ကြံသူအများကြီးက မိုးထိတောင်ဆီ သွားနေကြတယ်… အခုလို ကျင့်ကြံသူတွေအများကြီး စုဝေးနေတာက ရှားပါးတဲ့ ဖြစ်စဉ်တစ်ခုပဲ ”
“ ငါဂရုမစိုက်ဘူး… ဒီတစ်ကြိမ် ကျားနက် ထွက်ပေါ်လာတဲ့အခါ ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ငါဂရုမစိုက်ဘူး… ဘာပဲဖြစ်ဖြစ် အဲ့ဒီကျားနက်ကို မိအောင် ဖမ်းဆီးရမယ်… ဂိုဏ်းတူအကိုကျိုး… အဲ့ဒီကျားနက်ကို ဖမ်းဆီးဖို့ အကို့ရဲ့ နဂါးဖမ်းကြိုးကိုပဲ အားကိုးရလိမ့်မယ် ”
မင်းသမီးချူယွမ်ကဲ့သို့ ပြီးပြည့်စုံသူအတွက် မည်သည့်အရာကို သူမရဖူးဘဲ နေမည်နည်း။ သူလိုချင်သော အရာမှန်သမျှကို လွယ်ကူစွာ ရရှိခဲ့သည်။ သို့သော် လွယ်ကူစွာ ရရှိလာသော ပစ္စည်းများသည် သူ့အတွက် တန်ဖိုးသိပ်မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် ခက်ခက်ခဲခဲ ရရှိလာသော ပစ္စည်းများသည် ပိုပြီးဆွဲဆောင်မှုရှိသည်။ ထို့ကြောင့် မင်းသမီးချူယွမ်သည် အကြိမ်ကြိမ် ကျရှုံးပြီးသည့်နောက် ကျားနက်ကို မရမက ဖမ်းဆီးချင်လာသည်။
မည်သည့်အကြောင်းကြောင့်ဖြစ်စေ ကျိုးယွမ်ဖေးနှင့် မင်းသမီးချူယွမ်သည် လူအုပ်ကြီးနောက်မှ လိုက်၍ မိုးထိတောင်ဆီသို့ ဦးတည်သွားကြသည်။
လီမိသားစု ဖြန့်ခဲ့သော ကောလဟာလက အတော်လေး ထိရောက်မှုရှိသည်ဟု ဆိုရမည်။ ကျင့်ကြံသူအများအပြားသည် စူးစမ်းလိုစိတ်ကြောင့်ဖြစ်စေ သို့မဟုတ် တခြားအကြောင်းအရင်းများကြောင့်ဖြစ်စေ မိုးထိတောင်ဆီသို့ ရောက်ရှိလာကြသည်။
တစ်ရက်နှစ်ရက်အတွင်းမှာ ကျင့်ကြံသူရာပေါင်းများစွာက မိုးထိတောင်ပေါ်မှာ စုဝေးသွားကြသည်။ ထို့ပြင် အချိန်ကြာသွားသည်နှင့်အမျှ ပိုမိုများပြားသော ကျင့်ကြံသူများက မိုးထိတောင်ဆီသို့ အပြေးအလွှား ရောက်လာကြသည်။
သို့ဖြစ်၍ မကြာမီ တောင်ပိုင်းမြေရိုင်းဒေသ၏ မိုးထိတောင်ပေါ်မှာ မုန်တိုင်းတစ်ခု အစပျိုးလာတော့မည်ဖြစ်ကြောင်း သံသယရှိရန် မလိုပေ။
မိုးထိတောင်နားတွင် ကျင့်ကြံသူအများအပြားသည် မြေကြီးပေါ်၌ သားရဲအရေပြားကို ခင်းကျင်း၍ ထိုင်နေကြသည်။ သူတို့က အချင်းချင်း စကားစမြည်ပြောနေကြသည်။ တချို့ကျင့်ကြံသူများသည် မြေကြီးပေါ်တွင် ပစ္စည်းအမျိုးမျိုးခင်းကျင်း၍ ဈေးရောင်းနေကြသည်။ တချို့သည် မျက်စိမှိတ်၍ ကျင့်ကြံနေကြသည်။
ထိုလူများ၏ အနောက်တွင် သစ်ပင်ကြီးတစ်ပင်ရှိသည်။ ထိုသစ်ပင်ကြီး၏ အောက်တွင် ရုပ်ချင်းဆင်သော လူထွားကြီးသုံးယောက်က တခြားလူများ၏ အမြင်ကို ဂရုမစိုက်ဘဲ ထိုင်နေကြသည်။ သူတို့၏ အရှေ့တွင် မီးပုံတစ်ခုရှိသည်။ မီးပုံပေါ်တွင် အဆီတဝင်းဝင်းလက်နေသော ယုန်များကို မီးကင်ထားသည်။ သူတို့က ယုန်သားကင်နေရင်း နှုတ်ခမ်းသပ်နေကြသည်။ မီးတောက်၏ အပူပေးမှုကြောင့် ယုန်သားက ကွဲထွက်သွားပြီး အဝါရောင်အရည်က တတောက်တောက် စီးကျလာနေသည်။ မွှေးပျံ့သော ရနံ့က လေထဲမှာ ပျံ့လွင့်သွားသည်။
လူထွားကြီးသုံးယောက်သည် ယုန်သားကို ကြည့်နေရင်း ပါးစပ်မှ သွားရည်တများများ ကျနေကြသည်။ သူတို့က အဆက်မပြတ် တံတွေးမျိုချနေကြသည်။ ထိုသုံးယောက်သည် ချင်ညီအကိုသုံးယောက်မှလွဲ၍ တခြားမည်သူဖြစ်နိုင်မည်နည်း။
စကားပြောလိုက်သူသည် အငယ်ဆုံးညီ ချင်ရှင်း ဖြစ်သည်။ ယခု သူ၏ အရှေ့သွားနှစ်ချောင်းက ပျောက်ဆုံးနေသည်။ ထို့ကြောင့် သူစကားပြောလိုက်သည့်အခါ လေကို မထိန်းသိမ်းနိုင်ပေ။ သူ့ပါးစပ်မှ ထွက်ကျလာသော စကားလုံးများက ပီသမှုမရှိလေရာ ယင်းက ဘေးပတ်ဝန်းကျင်မှ တခြားကျင့်ကြံသူများကို ဝေါခနဲ ရယ်မောသွားစေသည်။
“ တတိယညီလေး… အဲ့ဒီဝက်ဝံနက်နဲ့ ငါတို့တွေ့ဆုံတုန်းက အတူတူသွားကြမယ်လို့ မင်းကို ငါမပြောခဲ့ဘူးလား… ဒါပေမဲ့ မင်းက အရမ်းခေါင်းမာပြီး တစ်ယောက်တည်း သွားခဲ့တယ်… အခု ကြည့်စမ်း… မင်းရဲ့ အရှေ့သွားနှစ်ချောင်းက ကျိုးသွားပြီ… မင်းက ငါတို့အတွက် အရှက်ရစရာဖြစ်လာပြီ… ”
ချင်ရှင်း၏ မပီမသသော စကားများကို ကြားသောအခါ ချင်ချီက ဒေါသထွက်သွားပြီး ထခုန်လိုက်သည်။ သူက စိတ်ဆိုးစွာ ပြောသည်။
“ အကိုကြီး… စိတ်မဆိုးပါနဲ့… အရင်တစ်ခေါက်က အဲ့ဒီဝက်ဝံနက်က အရမ်းသန်မာတယ်လို့ တခြားလူတွေ ပြောတာကို ငါကြားခဲ့တယ်… ငါက အကိုကြီးရဲ့ စကားကို ဂရုမစိုက်တာမဟုတ်ပါဘူး… အဲ့ဒီဝက်ဝံနက်နဲ့ ယှဉ်ပြိုင်ဖို့ အရမ်းစိတ်အားထက်သန်နေလို့ပါ… ပြီးတော့ ဘာကိစ္စကြီးမှ မဖြစ်ခဲ့ဘူးလေ ”
ဒုတိယညီချင်ရှန်းက တံတွေးမျိုချလိုက်ပြီး ပြောသည်။
“ ဒါနဲ့ လူတွေအများကြီးက မိစ္ဆာကျားတစ်ကောင်ကို ရင်ဆိုင်ဖို့ စုဝေးနေကြတယ်… ငါတို့က ဘယ်ဘက်ကနေ ဝင်ကူညီပေးမှာလဲ… ကျားအသားက အရသာရှိတယ်လို့ ငါကြားဖူးတယ် ”
သူစကားပြောလိုက်သည့်အခါ လောဘအရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူ၏ ပါးစပ်ထောင့်မှ သွားရည်သည်ပင် မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။
ယင်းကို ချင်ချီကြားသောအခါ သူက စိတ်ဆိုးစွာ ပြောသည်။
“ ပြောနေစရာ လိုသေးလို့လား… လူအများနဲ့ အနိုင်မကျင့်ရဘူးလို့ အမေ ငါတို့ကို မသင်ပေးထားဘူးလား… သန်မာတဲ့လူတွေကို ဖယ်ရှားပြီး အားနည်းတဲ့လူကို ငါတို့ကူညီပေးရမယ် ”
သူတို့ညီအကိုသုံးယောက်၏ ခံယူချက်က အတော်လေး စိတ်ဝင်စားဖွယ်ကောင်းသည်။ ဤတစ်ကြိမ်တွင် သူတို့သည် ကျင့်ကြံသူအများအပြား၏ အနောက်မှလိုက်၍ ဤနေရာသို့ ရောက်လာခဲ့ကြသည်။ တောင်တန်းဒေသထဲမှ ကျင့်ကြံသူအားလုံးနီးပါးက မိုးထိတောင်နားမှာ စုဝေးနေကြလေရာ ဤနေရာ၌ ကျင့်ကြံသူအရေအတွက် မည်မျှများပြားစွာရှိနေကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
***