လူအမျိုးမျိုးက ဤနေရာမှာ စုဝေးနေကြပြီး အချင်းချင်း စကားဖောင်ဖွဲ့နေကြသည်။ များသောအားဖြင့် သူတို့ပြောသော အကြောင်းအရာများက ဝိညာဉ်သံလိုက်အိမ်မြှောင်နှင့် မိစ္ဆာကျားအကြောင်း ဖြစ်ကြသည်။
သူတို့တစ်ယောက်စီသည် မိစ္ဆာကျားကို မည်သို့ သွေးဆောင်ဖြားယောင်းသင့်ကြောင်း စဉ်းစားနေကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာ တတိယမြောက်နေ့သို့ ရောက်ရှိလာသည်။
“ ဝေါင်း ”
ကျင့်ကြံသူများက မိုးထိတောင်ပေါ်မှာ စုဝေးနေကြစဉ် တောင်ပိုင်းမြေရိုင်းဒေသထဲမှ သတ်ဖြတ်မှုများက သိသိသာသာ လျော့နည်းသွားသည်။ ထို့ကြောင့် တောင်တန်းဒေသသည် အတိတ်တုန်းကကဲ့သို့ အေးချမ်းမှုကို ပြန်လည်ရရှိသွား၏။
တောင်တန်းဒေသက အေးချမ်းတိတ်ဆိတ်နေစဉ် အလွန်ကျယ်လောင်သော ကျားဟိန်းသံက သတ္ထုအလင်းတန်းသဖွယ် ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ ကျားဟိန်းသံသည် တောင်တန်းဒေသ၏ အနက်ပိုင်းထဲမှ ပဲ့တင်ထပ်လာခြင်း ဖြစ်သည်။ ကျားဟိန်းသံ ထွက်ပေါ်လာသည့်အခါ ကုန်းမြေက တုန်ခါသွားပြီး တိမ်တိုက်များက လွင့်ပြယ်သွားသည်။
တိတ်ဆိတ်ငြိမ်းချမ်းနေသော တောင်ပိုင်းမြေရိုင်းဒေသထဲ၌ ထိုကျားဟိန်းသံက ရုတ်တရက် ထွက်ပေါ်လာသော မိုးခြိမ်းသံနှင့် ဆင်တူသည်။ ကျားဟိန်းသံသည် အလွန်ကျယ်လောင်ပြီး ကြာရှည်သည်။ ယင်းက လောကတစ်ခုလုံးကို ဝါးမျိုပစ်ချင်သော အရှိန်အဟုန်ဖြင့် အရပ်မျက်နှာအသီးသီးဆီသို့ ပဲ့တင်ထပ်သွားသည်။
ကျားဟိန်းသံသည် တောင်တန်းဒေသတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ကျားဟိန်းသံထဲတွင် သားရဲဘုရင်အရှိန်အဝါက ထင်ရှားစွာ ပေါ်လွင်နေသည်။
“ နားထောင်ကြစမ်း… အဲ့ဒါ ကျားဟိန်းသံပဲ… အဲ့ဒါ မိစ္ဆာကျားရဲ့ ဟိန်းသံဖြစ်မယ်… ဘယ်လောက် ကြောက်စရာကောင်းလိုက်လဲ ”
မိုးထိတောင်ပေါ်မှာ စုဝေးနေကြသော ကျင့်ကြံသူများသည်လည်း ကျားဟိန်းသံကို ကြားသွားကြသည်။ ကျားဟိန်းသံထံမှ ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါကို အာရုံခံမိသောအခါ သူတို့၏ အမူအရာက ပြောင်းလဲသွားသည်။
“ မိစ္ဆာကျားက မိုးထိတောင်ဆီ တကယ်ပဲ မျှားခေါ်ခံရတော့မှာလား ”
“ အသံရဲ့ အရှိန်အဟုန်ကို အာရုံခံကြည့်ရတာတော့ သူက မိစ္ဆာသားရဲဆိုတာ သေချာတယ်… မိစ္ဆာသားရဲတွေက ရင်ဆိုင်ဖို့ မလွယ်ကူဘူး ”
ဤအခိုက်အတန့်မှာ ကျင့်ကြံသူများသည် မတူညီသော အတွေးအမျိုးမျိုးကို စဉ်းစားမိသွားကြသည်။
လောလောဆယ်တွင် ထိုကျင့်ကြံသူများအကြောင်း ခဏလျစ်လျူရှုထားမည်။
မိစ္ဆာအသင်္ချေချိုင့်ဝှမ်းနှင့် မနီးမဝေးတွင် တောင်တစ်လုံး ရှိသည်။ အမှန်မှာ ယင်းကို တောင်ဟု မဆိုနိုင်ပေ။ ယင်းက အလွန်မြင့်မားသော တောင်ကုန်းတစ်ခုသာ ဖြစ်သည်။ တောင်ကုန်းပေါ်တွင် အစိမ်းရောင်မြူခိုးက နေရာတိုင်းမှာ ပျံ့လွင့်နေသည်။ အစိမ်းရောင်မြူခိုးကြားထဲတွင် ကျားနက်တစ်ကောင် ရှိသည်။ ပေငါးဆယ်အထိ မြင့်မားသော ကျားနက်က ထိုနေရာမှာ မောက်မာထောင်လွှားစွာ ရပ်နေသည်။ သူက လည်ပင်းကို ဆန့်၍ ကျယ်လောင်စွာ ဟိန်းဟောက်နေသည်။ ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် သူ၏ ဟိန်းသံက တိုးညင်းပြီး ပျောက်ကွယ်သွားသည်။
“ အကိုသီ… ဒီတစ်ကြိမ် အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်… တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာသားရဲအားလုံးက စည်းလုံးညီညွတ်သွားကြပြီ… ဒါက အရမ်းအံ့ဩစရာပဲ… ဒီတစ်ကြိမ်တော့ ဆိုးသွမ်းတဲ့ အဲ့ဒီကျင့်ကြံသူတွေကို ငါတို့မောင်းထုတ်နိုင်ပြီ ”
စက်ကရာက ကျားဟိန်းသံကို ထုတ်လွှတ်လိုက်စဉ် နီညိုရောင်ငှက်တစ်ကောင်က သူ၏ ဘေးမှာ အတောင်ပံတဖျပ်ဖျပ်ခတ်၍ ပျံဝဲနေသည်။ သူက အလွန်စိတ်လှုပ်ရှားနေသည့်အလား တတွတ်တွတ် စကားပြောနေသည်။ သူ၏ အသံက ကြည်လင်ပြီး သာယာနာပျော်ဖွယ်ကောင်းသည်။
“ ကျူးအာ… ကျင့်ကြံသူတွေကို လျော့မတွက်နဲ့… ကျင့်ကြံသူတစ်ထောင်လောက်က မိုးထိတောင်ပေါ်မှာ စုဝေးနေကြတယ်… ကျင့်ကြံသူတစ်ထောင်က ကြီးမားတဲ့ အင်အားစုပဲ… သူတို့ကို ငါတို့လျှော့တွက်လို့ မဖြစ်ဘူး… ဒီတစ်ကြိမ် ငါတို့တွေ သူတို့ကို တောင်တန်းထဲမှာ ထိန်းသိမ်းထားပြီး သင်ခန်းစာတစ်ခု ပေးပစ်ရမယ် ”
သီရှီထျန်သည် သူ၏ အရှေ့မှာ ပျံဝဲနေသော ဇာမဏီငှက်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
လွန်ခဲ့သော သုံးရက်အကြောင်း ပြန်ပြောရလျှင် သူက တစ်ခဏလေးပင် အနားမယူခဲ့ပေ။ သူက တောင်တန်းဒေသ၏ အရှေ့၊ အနောက်နှင့် တောင်နှင့် မြောက်ကို မရပ်မနား သွားခဲ့သည်။ တောင်တန်းဒေသထဲမှ မိစ္ဆာသားရဲများကို စည်းရုံးသိမ်းသွင်းရန် သူက နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့သည်။ အနောက်အရပ်ဆီသို့ သူသွားသည့်အခါ မည်သည့်စကားမှ သူမပြောနိုင်မီ တိုက်ခိုက်ချင်စိတ်ပြင်းပြနေသော အနက်ရောင်မျောက်ဝံဘုရင်က သူ့ကို ရက်စက်ကြမ်းတမ်းစွာ စတိုက်ခိုက်လာသည်။ အရှေ့အရပ်တွင် ရွှေခြင်္သေဘုရင်သည် အလွန်မောက်မာထောင်လွှားသည်။
သို့သော်လည်း သူက တောင်တန်းဒေသထဲမှ လက်ရှိအခြေအနေကို ပြောပြခဲ့သည်။ မရဏကျီးကန်းဘုရင်ကို သူပြောခဲ့သည့်အတိုင်း သူတို့ကို ပြောပြလိုက်သည်။ သူက မိုးထိတောင်ပေါ်မှာ စုဝေးနေကြသော မသေမျိုးကျင့်ကြံသူများထံမှ ဖိအားကို အကြောင်းပြချက်အဖြစ် အသုံးပြုကာ မိစ္ဆာသားရဲများကို အချင်းချင်း မဟာမိတ်ဖွဲ့ရန် ပြောခဲ့သည်။
ထို့နောက် သူက တောင်ပိုင်းအရပ်ဆီသို့ ဦးတည်သွားခဲ့သည်။ တောင်ပိုင်းအရပ်တွင် နှင်းကဲ့သို့ ဖြူဖွေးဆွတ်သော ဧရာမကြိုးကြာတစ်ကောင်နှင့် သူတွေ့ဆုံသွားသည်။ ထူးခြားချက်အနေဖြင့် ထိုကြိုးကြာ၏ ဦးခေါင်းပေါ်မှာ အနီရောင်သရဖူရှိသည်။ တစ်ချိန်တည်းမှာ သူက သရဖူနီကြိုးကြာ၏ ဘေးတွင် စကားတတွတ်တွတ် ပြော၍ သွေးဆောင်နေသော ဇာမဏီငှက်ကို မြင်သွားသည်။
နှစ်ခါစဉ်းစားရန် မလိုပေ။ ဇာမဏီငှက်က တောင်တန်းဒေသထဲမှ ထိုမသေမျိုးကျင့်ကြံသူများကို ဖြေရှင်းရန် သရဖူနီကြိုးကြာကို သွေးဆောင်နေကြောင်း ထင်ရှားသည်။
စက်ကရာသည် သရဖူနီကြိုးကြာနှင့် တွေ့ဆုံပြီးနောက် သူ၏ ခွန်အားကို ဖော်ပြ၍ သူ၏ လာရင်းရည်ရွယ်ချက်ကို ဖော်ပြသည်။ ထိုအဖြစ်အပျက်သည် ကျားနက်အပေါ် ဇာမဏီငှက်၏ အမြင်ကို လုံးဝ ပြောင်းလဲသွားစေသည်။
သူက စက်ကရာကို ချီးကျူးလေးစားသည်။ ထို့ကြောင့် ဇာမဏီငှက်သည် သီရှီထျန်၏ အနောက်သို့ တစ်ချိန်လုံး လိုက်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် သူက သီရှီထျန်ကို “ အကိုသီ ”ဟု ခေါ်ခဲ့သည်။
“ ဟွန့်… ဘာကြောက်စရာရှိလို့လဲ… ဒီတစ်ကြိမ် အကိုသီက တောင်တန်းဒေသထဲက မိစ္ဆာသားရဲအားလုံးကို ဖိတ်ခေါ်ခဲ့တယ်… အနံ့ဆိုးကျီးကန်းက အသက်ကြီးနေပြီး အေးစက်စက်ပုံစံရှိတယ်ဆိုပေမဲ့ တကယ်တော့ သူက အရမ်းသန်မာတယ်… သူ့ရဲ့ လက်အောက်မှာ ကျီးကန်းထောင်သောင်းချီ ရှိတယ်… ပြီးတော့ ခွန်အားကြီးမားတဲ့ ကင်းကောင်လည်း ရှိသေးတယ် ”
“ ဒါ့အပြင် ရွှေခြင်္သေ့နဲ့ အမမဒူဆာလည်း ရှိသေးတယ်… သူတို့တွေအားလုံး စုပေါင်းလိုက်တဲ့အခါ မုန်းစရာကောင်းတဲ့ အဲ့ဒီကျင့်ကြံသူတွေကို အလွယ်လေး ငါတို့တိုက်ခိုက်နိုင်လိမ့်မယ် ”
ဇာမဏီငှက်က ကျောက်တုံးကြီးတစ်ခုပေါ်မှာ ဆင်းသက်လိုက်သည်။ သူက အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်ပြီး ကျယ်လောင်စွာ ပြောသည်။ သူက မသေမျိုးကျင့်ကြံသူအုပ်စု၏ ရှုံးနိမ့်ပုံကို ကြိုမြင်ယောင်နေသည့်အလား သူ၏ မျက်လုံးက ဝင်းလက်တောက်ပနေသည်။
သူ၏ စကားအရ အနိုင်ရလဒ်က သေချာနေဟန် ရ၏။
“ ဘယ်သူ့ကိုမှ လျှော့မတွက်ရဘူး ”
စက်ကရာက လေးနက်စွာ ပြောပြီး တောင်ကုန်းပေါ်မှာ ရပ်လိုက်သည်။ သူက အနောက်လှည့်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူက မျက်လုံးဝင်းလက်သွားသည်။
“ သူတို့ရောက်လာကြပြီ ”
“ အူး ”
သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း စူးရှကျယ်လောင်သော အသံက မြောက်ဘက်အရပ်မှ ပျံ့လွင့်လာသည်။ ထို့ပြင် အသံပိုင်ရှင်က တောင်ကုန်းအနားသို့ မြန်ဆန်စွာ ချဉ်းကပ်လာနေသည်။ မကြာမီ အေးစက်ပြီး နက်မှောင်သော အရှိန်အဝါက တောင်ကုန်း၏ ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။
အရွယ်အစားကြီးမားသော မရဏကျီးကန်းသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။ သေခြင်းအရှိန်အဝါက သူ၏ ခန္ဓာကိုယ်ပေါ်မှာ သိပ်သည်းနေစဉ် သူ၏ မျက်လုံးထဲမှာ မထူးမခြားနားမှုက ထွက်ပေါ်နေသည်။ သူ၏ အနောက်တွင် အရေအတွက်ထောင်သောင်းချီသော ကျီးကန်းနက်အုပ်စုက လိုက်ပါလာသည်။
သူတို့တစ်ကောင်စီက မရဏကျီးကန်းဘုရင်ကဲ့သို့ သေခြင်းအရှိန်အဝါကို ထုတ်လွှတ်နေကြသည်။ သူတို့အားလုံးသည် စိတ်ခံစားချက်ကင်းမဲ့သည့်အလား မထူးမခြားနား အမူအရာဖြင့် ရှိနေကြသည်။
မရဏကျီးကန်းဘုရင်၏ ဦးဆောင်မှုအောက်မှာ သူတို့က တောင်ကုန်းပေါ်မှ ဧရာမကျောက်ဆောင်တစ်ခုပေါ်သို့ တိုက်ရိုက် ဆင်းသက်လိုက်ကြသည်။ သူတို့က မည်သည့်စကားမှ မပြောဘဲ သီရှီထျန်ကို တိုက်ရိုက် ကြည့်လိုက်ကြသည်။
“ အနံ့ဆိုးကျီးကန်း… နင်က စိတ်ခံစားချက်မရှိတဲ့ ကျောက်တုံးမဟုတ်ဘူးဆိုတာ ငါသိတယ်… အရင်တစ်ခေါက်က ဖြစ်ခဲ့တဲ့ ကိစ္စကို ငါခွင့်လွှတ်ပေးမယ် ”
မရဏကျီးကန်းဘုရင်၏ ရောက်လာမှုကို မြင်သောအခါ ဇာမဏီငှက်က အလွန်စိတ်လှုပ်ရှားသွားသည်။ သူက ကျီးကန်းဘုရင်၏ အရှေ့သို့ ပျံသန်းသွားပြီး တတွတ်တွတ် ပြောသည်။
သီရှီထျန်သည် မရဏကျီးကန်းဘုရင်ကို သုံးရက်ကြာပြီးနောက် တွေ့ဆုံမည်ဟု ပြောခဲ့သည်။ အစောနက သူ၏ ကျားဟိန်းသံသည် အချက်ပေးမှု ဖြစ်သည်။ အကယ်၍ သူက ဤအစီအစဉ်မှာ ပါဝင်ရန် ဆန္ဒရှိလျှင် သူ့ဆီသို့ ရောက်လာလိမ့်မည်။ ယခု သူက ရောက်လာလေရာ သူ၏ သဘောထားကို မေးမြန်းနေစရာ မလိုတော့ပေ။
“ ကျီး ”
သူ၏ ဦးခေါင်းထက်တွင် နောက်ထပ် ငှက်အော်သံ ထွက်ပေါ်လာသည်။ ထိုငှက်အော်သံသည် မရဏကျီးကန်းဘုရင်နှင့် ကွဲပြားခြားနားသည်။ မရဏကျီးကန်းဘုရင်၏ အော်သံထဲမှာ အေးစက်မှုနှင့် သေခြင်းအရှိန်အဝါက ကိန်းအောင်းနေသည်။ သို့သော် ဤငှက်အော်သံထဲတွင် မွန်မြတ်ထည်ဝါမှုက ကိန်းအောင်းနေသည်။ မကြာမီ အဖြူရောင်ကြိုးကြာတစ်ကောင်က ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။
“ အမပင်းလည်း ရောက်လာပြီ ”
ဇာမဏီငှက်က အော်ပြောလိုက်သည်။
ယခု ရောက်ရှိလာသူသည် တောင်ပိုင်းမြေရိုင်းဒေသ၏ မိစ္ဆာသားရဲဘုရင်ငါးကောင်ထဲမှ တစ်ကောင်ဖြစ်သော သရဖူနီကြိုးကြာ ဖြစ်သည်။ သူက ကြော့ရှင်းတင့်တယ်ပြီး လှပသော ကြိုးကြာဖြူ ဖြစ်သည်။ သူ၏ ဦးခေါင်းပေါ်မှာ အနီရောင်သရဖူ ရှိသည်။ သူက ကျောက်တုံးကြီးတစ်တုံးပေါ်မှာ ကြော့ရှင်းတင့်တယ်စွာ ဆင်းသက်လိုက်ပြီး သူ၏ ဧရာမအတောင်ပံများကို ပြန်ရုပ်သိမ်းလိုက်သည်။
ယင်းကို သီရှီထျန်မြင်သောအခါ သူက နှလုံးတုန်သွားသည်။ ယခင်ဘဝတွင် သူသည် ဒဏ္ဍာရီပုံပြင်တချို့ကို ဖတ်ဖူးသည်။ ဒဏ္ဍာရီများထဲမှာ သရဖူနီကြိုးကြာများအကြောင်း မကြာခဏ ဖော်ပြထားလေ့ ရှိသည်။ ယေဘုယျအားဖြင့်ဆိုရသော် သရဖူနီကြိုးကြာများသည် ကြယ်ဝချမ်းသာခြင်း၊ ကောင်းချီးမင်္ဂလာရှိခြင်း၊ မွန်မြတ်ခြင်း၊ အသက်ရှည်ခြင်းနှင့် သစ္စာရှိခြင်း၏ ပြယုဂ်ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဘုံပေါ်မှ တန်ခိုးရှင်များသည် သရဖူနီကြိုးကြာများကို သူတို့၏ စီးတော်သားရဲအဖြစ် အသုံးပြုကြသည်။
ထို့ကြောင့် သရဖူနီကြိုးကြာများသည် တခြားကြိုးကြာများနှင့် ကွဲပြားခြားနားသည်။
“ ကြိုးကြာဘုရင် ရောက်လာပြီပဲ… ကျေးဇူးပြုပြီး ခဏအနားယူပါ… တခြားမိစ္ဆာသားရဲဘုရင်တွေ ရောက်မလာသေးဘူး ”
သီရှီထျန်က သရဖူနီကြိုးကြာကို ခေါင်းညိတ်ပြလိုက်ပြီး ပြောသည်။ သူ၏ လေသံက မတင်းလွန်း မပျော့လွန်းပေ။ သူက ပုံမှန်အတိုင်းသာ ပြောသည်။ ရှင်းလင်းစွာပင် သူက သရဖူနီကြိုးကြာကို သူနှင့် အဆင့်တူညီသည်ဟု သတ်မှတ်ထားသည်။
သူက မောက်မာထောင်လွှားခြင်း မဟုတ်ပေ။ သူ့မှာ ထိုသို့လုပ်ဆောင်နိုင်သော အရည်အချင်းရှိသည်။ သူက ကောင်းကင်ဘုံအဆင့် မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ထားသူ ဖြစ်သည်။ မိစ္ဆာကျင့်ကြံခြင်းတွင် သူ၏ အခြေခံအုတ်မြစ်က အလွန်ခိုင်မာသည်။ တိုက်ခိုက်ရေးပညာရပ်များအနေဖြင့် သူ့မှာ မိစ္ဆာမြူနှင်းဓားသွားနှင့် ကျားဟိန်းသံအတတ် ရှိသည်။ ထို့ကြောင့် သူ၏ တိုက်ပွဲစွမ်းအားသည် မည်သည့်မိစ္ဆာသားရဲထက်မှ မနိမ့်ကျပေ။
ဤသို့ တွေးနိုင်၏။ အကယ်၍ သူသာ အလုံအလောက် မသန်မာလျှင် မရဏကျီးကန်းဘုရင်က သူ၏ ပြောစကားကို နားထောင်လိမ့်မည် မဟုတ်ချေ။
မည်သို့နေရာတွင်ဖြစ်စေ မပြောင်းလဲသွားသည့် တစ်ခုတည်းသောအရာက ခွန်အားဖြင့် အရာရာကို ဆုံးဖြတ်ခြင်း ဖြစ်သည်။ ခွန်အားသည် အရာအားလုံး၏ အခြေခံအုတ်မြစ် ဖြစ်သည်။
“ ဂရား ”
ထိုအခိုက်အတန့်မှာ မြေကြီးက ပြင်းထန်စွာ တုန်ယင်သွားသည်။ တောင်တန်းထဲတွင် အလွန်ကျယ်လောင်သော ခြေလှမ်းသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ခြေလှမ်းသံ ထွက်ပေါ်လာတိုင်း မြေကြီးက ပြင်းထန်စွာ တုန်ယင်သွားသည်။ မီတာနှစ်ဆယ်နီးပါး ရှည်လျားသော ကင်းကောင်သည် ခြေလှမ်းကျဲကြီးများဖြင့် အရှေ့သို့ ပြေးလာသည်။
သူက သစ်ပင်ကြီးများကို တိမ်းရှောင်ရန် ဆန္ဒမရှိပေ။ သူက အရှေ့သို့ တိုက်ရိုက် ပြေးသွားသည်။ သူ၏ ဧရာမခန္ဓာကိုယ်က သစ်ပင်ကြီးများကို ဝင်ဆောင့်သွားပြီး တိုက်ရိုက် ချိုးဖြတ်လိုက်သည်။ သစ်ပင်ကြီးများသည် ကြီးမားသော အင်အား၏ သက်ရောက်မှုကြောင့် အပိုင်းပိုင်း ကျိုးကြေသွားကြသည်။
ကင်းကောင်သည် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါဖြင့် တောင်ကုန်းဆီသို့ ပြေးလာသည်။ သူ၏ အရှိန်အဝါက အလွန်ကြမ်းတမ်းလေရာ အခြေတည်နယ်ပယ်အောက်မှ ကျင့်ကြံသူများက ယင်းကို ခုခံတွန်းလှန်နိုင်ကြမည် မဟုတ်ချေ။ သူက ဧရာမမိစ္ဆာသားရဲနှင့် ဆင်တူသည်။
***