ကင်းကောင်၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးအမျှင်များသည် လူသားတစ်ယောက်၏ ဆံပင်ထက်ပင် ပိုပြီးရှည်လျားသည်။ သူက ဧရာမဘီလူးတစ်ကောင်နှင့် ဆင်တူသည်။ သူပြေးသွားနေစဉ် မိစ္ဆာမီးလျှံများက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်။ သူဖြတ်သန်းသွားသည့်နေရာတိုင်း ကျယ်ပြောသော လမ်းကြောင်းတစ်ခု ဖွင့်လှစ်သွားသည်။ ကင်းကောင်၏ အနောက်တွင် သူ့ထက် အရွယ်အစားပိုသေးသော ကင်းကောင်အငယ်လေးကောင်က လိုက်ပါလာကြသည်။
သူတို့အားလုံးသည် သီရှီထျန်နှင့် တခြားမိစ္ဆာသားရဲများ စုဝေးနေသော တောင်ကုန်းဆီသို့ စိတ်ဓာတ်တတ်ကြွစွာ အမြန်ရောက်လာကြသည်။
ကင်းကောင်မရောက်လာမီ တောင်ကုန်းပေါ်မှ သက်ရှိအားလုံးက သူ့ကို အဝေးမှ လှမ်းမြင်သွားကြသည်။
ထို့နည်းတူပင် ကင်းကောင်သည် တောင်ကုန်းပေါ်မှ မိစ္ဆာသားရဲများကို မြင်တွေ့သွားသည်။ အထူးသဖြင့် သီရှီထျန် ဖြစ်သည်။ သီရှီထျန်၏ ကျားခန္ဓာကိုယ်သည် ပေငါးဆယ်အထိ မြင့်မားသည်။ သူက ကင်းကောင်ကို မနှိုင်းယှဉ်နိုင်သော်လည်း သူတို့ကြားမှ ကွာခြားမှုက သိပ်မကြီးမားပေ။ ထို့ကြောင့် သူက သီရှီထျန်ကို အကြည့်တစ်ချက်ဖြင့် မြင်တွေ့သွားသည်။ သူက အဝေးမှ လှမ်းအော်လိုက်သည်။
“ အကိုသီ… မင်းကို ကူညီဖို့ ငါကင်းကောင် ရောက်လာပြီ… တိုက်ခိုက်ဖို့ဆိုရင် ငါကင်းကောင်က ဘယ်တော့မှ ဘေးထွက်နေမှာမဟုတ်ဘူး ”
သူ၏ ခန္ဓာကိုယ်က အလွန်ကြီးမားသကဲ့သို့ သူ၏ အော်သံသည်လည်း မိုးခြိမ်းသံပမာ အလွန်ကျယ်လောင်သည်။ သူ၏ အော်သံက မိုးခြိမ်းသံပမာ ပဲ့တင်ထပ်သွားစဉ် အလွန်အားကောင်းသော မိစ္ဆာအရှိန်အဝါက ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ ထို့ကြောင့် သူ၏ ဦးခေါင်းပေါ်မှာ အနက်ရောင်တိမ်တိုက်တစ်ခု ထွက်ပေါ်လာသည်။
“ ဘန်း ဘန်း ဘန်း ”
သူ၏ ခြေလှမ်းများက အလွန်မြန်ဆန်သည်။ သူ၏ သန်စွမ်းကြံ့ခိုင်သော ခန္ဓာကိုယ်က သူ့အရှေ့မှ အတားအဆီးအားလုံးကို တိုက်ရိုက် ချိုးဖြတ်သွားသည်။ မကြာမီ သူက တောင်ကုန်းအရှေ့သို့ ရောက်ရှိလာသည်။ သူက ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး ပြောသည်။
“ ကျီးကန်းအိုကြီး… အမကြိုးကြာ… မင်းတို့က ငါ့ထက်အရင် ကြိုရောက်နေကြပါလား… ကောင်းတယ်… ဒီလိုကိစ္စကြီးကို မင်းတို့တွေ ဘေးထွက်ရပ်ကြည့်မနေဘူးဆိုတာ ငါကင်းကောင် သိတယ် ”
အနက်ရောင်မျောက်ဝံဘုရင်သည် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါဖြင့် ပြည့်နှက်နေသည်။ မရဏကျီးကန်းဘုရင်နှင့် သရဖူနီကြိုးကြာဘုရင်က သူ့ထက် အရင်ကြိုရောက်နေကြောင်း မြင်သောအခါ ကင်းကောင်က ဝမ်းသာပျော်ရွှင်စွာ ပြောသည်။
“ အဲ့ဒီမသေမျိုးကျင့်ကြံသူတွေက ဒီတစ်ကြိမ် အရမ်းလွန်သွားပြီ… ဒါကြောင့် ငါထွက်လာရမယ် ”
သရဖူနီကြိုးကြာဘုရင်က သာယာနာပျော်ဖွယ်ကောင်းသော အသံဖြင့် ပြောသည်။ သို့တိုင် သူ၏ လေသံထဲမှာ အေးစက်မှုတစ်စွန်းတစ်စ ရှိသည်။ သားရဲဘုရင်အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ သဘာဝအလျောက် ထွက်ပေါ်နေသည်။
“ ကင်းကောင်… နင်လည်း ရောက်လာတယ်လား… နင်က တိုက်ခိုက်ရတာကို အရမ်းကြိုက်တယ်မလား… ဒီတစ်ကြိမ် အဲ့ဒီမသေမျိုးကျင့်ကြံသူတွေကို နင့်စိတ်ကြိုက် တိုက်ခိုက်ပါ… ဘာမှမထိန်ချန်နေနဲ့… ငါတို့ သူတို့ကို သင်ခန်းစာပေးရမယ်… တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာသားရဲတွေက အချဉ်မဟုတ်ဘူးဆိုတာ သူတို့တွေကို အသိပေးရမယ် ”
ဇာမဏီငှက်သည် အတောင်ပံတဖျပ်ဖျပ်ခတ်၍ မောက်မာထောင်လွှားစွာ ပြောသည်။ သူက အရှေ့သို့ ပျံသန်းသွားပြီး အနက်ရောင်မျောက်ဝံဘုရင်၏ ပခုံးပေါ်သို့ တိုက်ရိုက် ဆင်းသက်လိုက်သည်။ သူက တတွတ်တွတ် စကားပြောနေရင်း သူ၏ အတောင်ပံနှစ်ဖက်ကို လက်များသဖွယ် အသုံးပြု၍ ဒေါသတကြီး ဝှေ့ယမ်းလိုက်လေသည်။
“ ဒုန်း… ဒုန်း… ဒုန်း… ”
အနက်ရောင်မျောက်ဝံဘုရင်သည် လက်သီးဆုပ်လိုက်ပြီး သူ၏ ရင်ဘက်ကို အကြိမ်ရေအနည်းငယ် တဒုန်းဒုန်း ထုရိုက်လိုက်သည်။ ကျယ်လောင်သော မြည်သံက စစ်ပွဲဗုံသံပမာ ထွက်ပေါ်လာသည်။
“ သခင်မကျူး… စိတ်ချပါ… အရင်တုန်းကဆို ကျင့်ကြံသူတွေက ဆေးမြစ်တူးဖော်ဖို့အတွက်ပဲ တောင်တန်းထဲ ဝင်ရောက်လာကြတယ်… ဒါပေမဲ့ ဒီတစ်ကြိမ် သူတို့က တောင်တန်းထဲက မိစ္ဆာသားရဲအားလုံးကို အမြစ်ဖြတ်သုတ်သင်ဖို့ ပစ်မှတ်ထားရဲကြတယ်… ငါကင်းကောင် သူတို့တွေကို မသတ်ပစ်ရင် ဒီတောင်တန်းထဲမှာ ဘယ်မျက်နှာနဲ့ ဆက်ပြီး နေရမှာလဲ ”
သူက ရင်ဘက်ကို ကျယ်လောင်စွာ ထုရိုက်လိုက်ပြီး တည်ကြည်လေးနက်စွာ ပြောသည်။ သို့သော်လည်း ဇာမဏီငှက်ကို ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးထဲ၌ ရိုသေလေးစားသော အကြည့် ထွက်ပေါ်လာသည်။
“ ညီမလေးကျူးအာ… ဒီနေ့ ငါတို့အားလုံး ဒီနေရာမှာ ရှိနေမှတော့ အဲ့ဒီမသေမျိုးကျင့်ကြံသူတွေ ငါတို့တစ်ယောက်ချင်းစီကို လိုက်လံနှိမ်နင်းမှာကို စောင့်နေစရာမလိုတော့ဘူး… ဘာမှစိတ်မပူပါနဲ့… အဲ့ဒီကျင့်ကြံသူတွေအားလုံး တောင်တန်းဒေသထဲကနေ မောင်းထုတ်ခံရလိမ့်မယ်… ဒီကိစ္စတွေ ပြီးသွားတဲ့အခါ မင်းရဲ့ အမဆီ ငါအလည်လာခဲ့မယ်… အဲ့ဒီအခါကျရင် ငါ့အတွက် စကားကောင်း ကူပြောပေးမယ်လို့ ငါမျှော်လင့်တယ် ”
သရဖူနီကြိုးကြာဘုရင်က ညင်သာစွာ ပြောသည်။ သူ၏ လေသံမှတဆင့် သူက ဇာမဏီငှက်ကို သူ၏ ညီမလေးတစ်ယောက်သဖွယ် အမှန်တကယ် သဘောထားကြောင်း မည်သူမဆို ပြောနိုင်ပေသည်။
ယင်းကို ဇာမဏီငှက်ကြားသောအခါ သူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ သူက ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ ဘာမှစိတ်မပူပါနဲ့… အချိန်ကျလာတဲ့အခါ အားလုံးကို ငါ့အမနဲ့ ပေးတွေ့မယ် ”
ယင်းကို ကြားသောအခါ မရဏကျီးကန်းဘုရင်ဖြစ်စေ သို့မဟုတ် အနက်ရောင်မျောက်ဝံဘုရင်ဖြစ်စေ သူတို့က မျှော်လင့်တောင့်တသော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။ ထို့ပြင် စိတ်သက်သာရာရမှုက သူတို့၏ နှလုံးသားထဲမှ ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ သူတို့၏ အမူအကျင့်က လုံးဝ ပြောင်းလဲသွားဟန် ရ၏။
ထိုမြင်ကွင်းကို သီရှီထျန်မြင်သောအခါ အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက စိတ်ထဲမှာ တိတ်တဆိတ် တွေးတောလိုက်သည်။ သူ့အရှေ့မှ မြင်ကွင်းကို ကြည့်ခြင်းအားဖြင့် ဇာမဏီငှက်မှာ အမရှိကြောင်း ထင်ရှား၏။ ထို့ပြင် သူ့အမက သာမန်ပုဂ္ဂိုလ်မဖြစ်နိုင်ပေ။ သို့မဟုတ်လျှင် မရဏကျီးကန်းဘုရင်၊ သရဖူနီကြိုးကြာဘုရင်နှင့် အနက်ရောင်မျောက်ဝံဘုရင်က ထိုသို့အမူအရာကို ပြုမူကြမည် မဟုတ်ချေ။
သူတို့၏ အမူအရာကို ကြည့်ခြင်းအားဖြင့် သူတို့က ဇာမဏီငှက်၏ အမကို လွန်စွာ ရိုသေလေးစားကြကြောင်း သူပြောနိုင်သည်။ မဟုတ်မှ…
ထိုစဉ် အတွေးတစ်ခုက သူ၏ ခေါင်းထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာသားရဲဘုရင်များ၏ ရိုသေလေးစားခြင်းခံရသော ပုဂ္ဂိုလ်သည် မည်သို့ သာမန်ဖြစ်နိုင်မည်နည်း။ ဖြစ်နိုင်သည်မှာ ဇာမဏီငှက်၏ အမသည် မိစ္ဆာသားရဲထက် ပိုပြီးအစွမ်းထက်သော စစ်မှန်သော မိစ္ဆာတစ်ကောင် ဖြစ်ရမည်။ မိစ္ဆာသားရဲများသည် စစ်မှန်သော မိစ္ဆာများနှင့် ကွဲပြားခြားနားကြသည်။
စစ်မှန်သော မိစ္ဆာများသာလျှင် မိစ္ဆာသားရဲများ၏ ရိုသေလေးစားခြင်းခံရရန် အရည်အချင်းပြည့်မီကြသည်။ မိစ္ဆာသားရဲတစ်ကောင်သည် မိစ္ဆာအဖြစ် ဆင့်ကဲပြောင်းလဲချင်လျှင် သူ၏ ခန္ဓာကိုယ်ထဲမှာ အမြူတေဓာတ်လုံးကို ဖွဲ့စည်းရလိမ့်မည်။
အမြူတေဓာတ်လုံးဖြင့်ဆိုလျှင် သူ၏ ခွန်အားက ကြီးကြီးမားမား တိုးမြှင့်သွားလိမ့်မည်။ အရင်ဆုံး သူက မိုးကြိုးကပ်ဘေးဒုက္ခကို ကျော်လွှားနိုင်သွားလျှင် လူသားအသွင်သို့ ပြောင်းလဲနိုင်သွားလိမ့်မည်။ စစ်မှန်သော မိစ္ဆာများသည် ရုပ်ခန္ဓာကိုယ်ဖြင့် မိုးပျံမြေလျှိုးနိုင်ကြသည်။ ထို့ပြင် သူတို့က တခြားသော အံ့ဖွယ်စွမ်းရည်များကိုလည်း ပိုင်ဆိုင်ထားကြသည်။
ထို့ကြောင့် စစ်မှန်သော မိစ္ဆာတစ်ကောင်သည် အလွန်သန်မာသည်။
“ ဝေါင်း ”
တောင်ကုန်းပေါ်၌ မိစ္ဆာသားရဲများက အချင်းချင်း စကားပြောနေကြစဉ် ရွှေရောင်အလင်းက တောင်အောက်မှာ ထွက်ပေါ်လာသည်။ ထိုရွှေရောင်အလင်းထဲတွင် ကျယ်လောင်သော ဟိန်းသံက ပဲ့တင်ထပ်သွားသည်။ ယင်းက ခြင်္သေ့ဟိန်းသံ ဖြစ်သည်။ ခြင်္သေ့ဟိန်းသံ ထွက်ပေါ်နေစဉ် ရွှေရောင်အလင်းက အလွန်ကျယ်ပြောသော ဧရိယာကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်သွားကာ တောင်ကုန်းပေါ်တွင် ထွက်ပေါ်လာသည်။
“ ကင်းကောင်… မင်းလည်း ရောက်လာတယ်လား ”
“ ရွှေခြင်္သေ့… မင်းကို ”
အနက်ရောင်မျောက်ဝံဘုရင်က အသစ်ရောက်လာသူကို စူးစိုက်ကြည့်လိုက်လေရာ တိုက်ပွဲစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အသစ်ရောက်လာသော ရွှေခြင်္သေ့သည် နောက်မတွန့်ဘဲ အနက်ရောင်မျောက်ဝံဘုရင်ကို ပြန်စိုက်ကြည့်လိုက်သည်။ သူ၏ အရှိန်အဝါသည် အနက်ရောင်မျောက်ဝံဘုရင်နှင့် တခြားမိစ္ဆာသားရဲဘုရင်များထက် နည်းနည်းမှ မလျော့ပေ။
သူ၏ ခန္ဓာကိုယ်သည် ထွားကြိုင်းသန်မာပြီး အလွန်ရှည်လျားသည်။ သူ၏ အရွယ်အစားက သီရှီထျန်နှင့် သိပ်မကွာခြားပေ။ သူက ခြင်္သေ့တစ်ကောင်ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးအမျှင်အားလုံးက ရွှေရောင်ဖြစ်သည်။ အဝေးမှ လှမ်းကြည့်လျှင် သူက ရွှေခြင်္သေ့ရုပ်တုနှင့် ဆင်တူပေသည်။ သို့သော် ဤခြင်္သေ့သည် သာမန်မဟုတ်ပေ။ သူ့မှာ ဦးခေါင်းသုံးလုံး ရှိသည်။
မှန်ပေသည်။ သူက ခေါင်းသုံးလုံးရွှေခြင်္သေ့ ဖြစ်သည်။
အကြည့်တစ်ချက်ဖြင့်ပင် သူက မည်မျှကြောက်စရာကောင်းကြောင်း မြင်နိုင်ပေသည်။
ထို့ပြင် သူ၏ ဦးခေါင်းသုံးလုံးက အနည်းငယ် ထူးခြားသည်။ အလယ်မှ ဦးခေါင်းသည် သာမန်ဖြစ်သည်။ မည်သည့်ထူးခြားချက်မှ မရှိပေ။ သို့သော် ဘယ်ဘက်ဦးခေါင်းနှင့် ညာဘက်ဦးခေါင်းက မျက်လုံးမှိတ်ထားကြပြီး ပါးစပ်ပိတ်ထားကြသည်။ သူတို့က လုံးဝ တိတ်ဆိတ်နေကြသည်။ ယင်းက အလွန်ထူးဆန်းသည်။
ယခု ရောက်ရှိလာသော ရွှေခြင်္သေ့သည် တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာသားရဲဘုရင်ငါးကောင်ထဲမှ တစ်ကောင်ဖြစ်သည်။ ထို့ပြင် သူနှင့် အနက်ရောင်မျောက်ဝံဘုရင်ကြားမှာ ရန်စတချို့ ရှိဟန် ရသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံသွားသည်နှင့်ချက်ချင်း အပြန်အလှန် စူးစိုက်ကြည့်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါက မြန်ဆန်စွာ သိပ်သည်းသွားလေရာ သူတို့က ဤနေရာမှာတင် တိုက်ခိုက်ကြတော့မည်ဟန် ရ၏။
“ ခစ် ခစ်… ”
တောင်ကုန်းပေါ်မှ လေထုက ပေါက်ကွဲတော့မည့်အချိန် အထင်သေးရှုံ့ချသော ရယ်သံက တောင်ကုန်း၏ ဘေးပတ်ဝန်းကျင်၌ ရုတ်တရက် ပျံ့လွင့်သွားသည်။ ရယ်သံ၏ အနောက်တွင် စကားသံက ထွက်ပေါ်လာသည်။
“ ကင်းကောင်… ရွှေခြင်္သေ့… နင်တို့နှစ်ယောက် အရမ်းတိုက်ခိုက်ချင်ရင် အရင်ဆုံး အချိန်ကောင်းကို စောင့်သင့်တယ်… နင်တို့အရမ်းသန်မာတယ်ဆိုရင် ဘာလို့ အဲ့ဒီကျင့်ကြံသူတွေကို သွားမတိုက်ခိုက်တာလဲ… ဘာလို့ ဒီနေရာမှာ အင်အားလာပြနေတာလဲ ”
“ အဲ့ဒါ ဘယ်သူလဲ ”
ထိုစကားသံကို သီရှီထျန်ကြားသောအခါ သူက အံ့ဩသွားသည်။ သူက အသံလာရာ ဦးတည်ရာဆီသို့ အမြန်လှည့်ကြည့်လိုက်သည်။ ထိုအသံပိုင်ရှင်သည် အနက်ရောင်မျောက်ဝံဘုရင်နှင့် ရွှေခြင်္သေဘုရင်ကို ကြောက်ရွံ့ပုံမပေါ်ချေ။ ထို့ပြင် သူ၏ စကားသံထဲမှာ သတိပေးသော အရိပ်အမြွက်ပါရှိသည်။ ပိုပြီးအံ့ဖွယ်ကောင်းသည့်အချက်မှာ အနက်ရောင်မျောက်ဝံဘုရင်နှင့် ရွှေခြင်္သေ့ဘုရင်သည် ထိုစကားကြောင့် ဒေါသမထွက်သွားကြချေ။ ယင်းအစား သူတို့က အရှိန်အဝါကို ကိုယ်စီ ပြန်ရုပ်သိမ်းလိုက်ကြသည်။ ယင်းက အမှန်တကယ် အံ့ဖွယ်ကောင်းသည်။
သူလှည့်ကြည့်လိုက်သည့်အခါ နှလုံးခုန်မြန်သွားသည်။ သူက အံ့ဩစွာ ပြောသည်။
“ အဲ့ဒါ… ဒဏ္ဍာရီလာ ဘုရင်မမဒူဆာမဟုတ်ဘူးလား ”
တောင်ကုန်း၏ အလယ်တွင် အမျိုးသမီးတစ်ယောက်က အေးစက်စက် အမူအရာဖြင့် မတ်တတ်ရပ်နေသည်။ သူ၏ ခန္ဓာကိုယ်က ကြော့ရှင်းတင့်တယ်ပြီး အရှိုက်အဝန်းများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ အစီအစဉ်တကျရှိနေသည်။ သူက ပါးလွှာသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း မတူညီသော ရောင်စုံအလင်းများက သူ၏ ဝတ်စုံပေါ်မှာ မထင်မရှား ထွက်ပေါ်နေသည်။
ရှင်းလင်းစွာပင် သူ၏ ဝတ်စုံက သာမန်မဟုတ်ပေ။ အမှန်မှာ ယင်းက မြွေအကြေးခွံများဖြင့် ဖန်တီးထားသော အံ့ဖွယ်ဝတ်စုံ ဖြစ်သည်။ ဝတ်စုံသည် သိမ်မွေ့နူးညံ့ပုံပေါ်သော်လည်း အမှန်မှာ ယင်းက အလွန်မာကျောသည်။
မြွေအကြေးခွံဝတ်စုံကို ဝတ်ဆင်ထားစဉ် အမျိုးသမီး၏ ခန္ဓာကိုယ်အလှက ပိုပြီးထင်ပေါ်နေသည်။ သူ့မှာ ဖွင့်ထွားသော ရင်ဘက်နှင့် သေးသွယ်သော ခါးရှိသည်။ အထူးသဖြင့် သူ၏ ခါးက မြွေတစ်ကောင်သဖွယ် သေးသွယ်ကျစ်လစ်သည်။ ယင်းက အလွန်ဆွဲဆောင်မှုရှိသည်။ ဆန့်ကျင်ဘက်လိင်များသည် သူ့ကို မြင်လိုက်သည်နှင့် သူ၏ ခါးကို ဆွဲဖက်ချင်စိတ် ဖြစ်လာလိမ့်မည်။
သို့သော်လည်း ထိုသို့ဆောင်ဆွဲမှုက သူ၏ ခန္ဓာကိုယ်ပေါ်မှာသာ ဖြစ်၏။ အကယ်၍ တစ်စုံတစ်ယောက်က သူ၏ ဆံပင်ကို ကြည့်လိုက်မည်ဆိုလျှင် ဦးရေပြားစပ်ဖျဉ်းဖျဉ်း ခံစားသွားရလိမ့်မည်။ အစောနက သူခံစားခဲ့ရသော ပူလောင်မှုသည် ရေခဲရေဖြင့် လောင်းချခံလိုက်ရသကဲ့သို့ ငြိမ်းသတ်သွားလိမ့်မည်။ သူတို့က အစွန်းရောက်အေးစက်မှုကို ချက်ချင်း ခံစားမိသွားကြလိမ့်မည်။
သူ၏ ဦးခေါင်းပေါ်မှာ မည်သည့်ဆံပင်မှ မရှိပေ။ ယင်းအစား အရွယ်အစားသေးငယ်သော မြွေအများအပြားသာ ရှိ၏။ မြွေများသည် အဆိပ်ပြင်းပြီး အရောင်အသွေးစုံလင်ကြသည်။ သူတို့က လျှာတစ်လစ်ထုတ်၍ ဂနာမငြိမ် ရွေ့လျားနေကြသည်။ ထိုမြင်ကွင်းက အမျိုးသမီးအပေါ် မရိုးသားစိတ်ရှိသူများကို ချက်ချင်း အဝေးထွက်ပြေးစေလိမ့်မည်။
***