မဒူဆာ…
ထိုအမျိုးသမီးသည် သေချာပေါက် မဒူဆာ ဖြစ်သည်။
သီရှီထျန်သည် မဒူဆာကို မြင်သွားသောအခါ နှလုံးတုန်ယင်သွားပြီး အံ့ဩသွားသည်။ သူ၏ စိတ်ထဲတွင် ယခင်ဘဝ၌ သူကြားခဲ့ဖူးသော ဒဏ္ဍာရီများအကြောင်း တွေးတောလိုက်သည်။
မဒူဆာသည် ဂရိပုံပြင်များထဲမှာ မကြာခဏ ထည့်သွင်းဖော်ပြခံရသော မိစ္ဆာမတစ်ကောင် ဖြစ်သည်။ ထူးခြားချက်မှာ သူ၏ ဆံပင်များက မြွေများ ဖြစ်သည်။ ဂရိပုံပြင်များအရ သူက အလွန်ချောမောလှပသော အမျိုးသမီး ဖြစ်သည်။ သို့သော်လည်း သူက အလွန်မောက်မာထောင်လွှားပြီး အတ္တကြီးသည်။ သူက နတ်ဘုရားမအသီနာ၏ အရှေ့မှာ မတ်တတ်ရပ်၍ သူက နတ်ဘုရားမထက် ပိုပြီးလှပသည်ဟု ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ထို့ကြောင့် သူက မြွေဆံပင်ရှိသော မိစ္ဆာမတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ သူ၏ ဦးခေါင်းတစ်ခုလုံးက မြွေများဖြင့် ပြည့်နှက်နေပြီး သူ၏ ပါးစပ်ထဲမှာ မြွေအစွယ်နှစ်ချောင်းရှိသည်။ သူ၏ လည်ပင်းပေါ်မှာပင် မြွေအကြေးခွံများရှိသည်။ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းသည်လည်း မြွေခန္ဓာကိုယ် ဖြစ်သည်။
ထို့ကြောင့် နတ်ဘုရားမအသီနာက မဒူဆာအား သူကြည့်လိုက်သော လူတိုင်းကို ကျောက်ရုပ်ဖြစ်စေနိုင်သည့် မျက်လုံးတစ်စုံအား ချီးမြှောက်လိုက်သည်။
ဒဏ္ဍာရီအရ မဒူဆာဆီမှာ အံ့ဖွယ်ကောင်းသော မှော်စွမ်းရည် ရှိသည်။ သူ၏ မျက်စိဖြင့် အကြည့်ခံလိုက်ရသော လူများသည် အသက်မဲ့သော ကျောက်ရုပ်တုအဖြစ် ချက်ချင်း ပြောင်းလဲသွားလိမ့်မည်။
မှန်ပေသည်။ ယင်းက အတိတ်ဘဝတွင် သီရှီထျန်ဖတ်ခဲ့ဖူးသော ဂရိဒဏ္ဍာရီ ဖြစ်သည်။ ဤနေရာသည် ခရမ်းရွှေကုန်းမြေ ဖြစ်သည်။ ခရမ်းရွှေကုန်းမြေတွင် မဒူဆာသည် မြွေဘုရင်ဖြစ်ပြီး မိစ္ဆာမျိုးနွယ်စုထဲမှ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။
သူက လူဦးခေါင်း၊ မြွေခန္ဓာကိုယ်ဖြင့် မွေးဖွားလာခဲ့ပြီး သူ၏ ဦးခေါင်းပေါ်မှာ အဆိပ်ရှိမြွေအမျိုးမျိုးဖြင့် ပြည့်နှက်နေသည်။ ထို့ပြင် သူ့မှာ သက်ရှိများကို ကျောက်ရုပ်ဖြစ်စေနိုင်သော မွေးရာပါသဘာဝစွမ်းရည်ရှိသည်။
မိစ္ဆာသားရဲအဖြစ် ဆင့်ကဲပြောင်းလဲသွားသည့်အခါ သူ၏ မြွေခန္ဓာကိုယ်က လူသားခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားသည်။ သို့သော် သူ၏ မြွေဆံပင်များက မပြောင်းလဲဘဲ ဆက်လက် ရှိနေဆဲပင်။ ထို့ပြင် သူ၏ ကျောက်ဖြစ်မှော်စွမ်းရည်က ပိုပြီးအားကောင်းလာသည်။
ကြောက်စရာအကောင်းဆုံးမှာ သူ၏ မွေးရာပါသဘာဝစွမ်းရည် ဖြစ်သည်။ မိစ္ဆာသားရဲဖြစ်လာပြီးနောက် သူ၏ မွေးရာပါသဘာဝစွမ်းရည်က သူ့ထက် အဆင့်ပိုမြင့်သော ရန်သူများကိုပင် ထိခိုက်စေနိုင်လာသည်။
တစ်နည်းဆိုရသော် မဒူဆာသည် မိစ္ဆာသားရဲတစ်ကောင်မျှသာ ဖြစ်သော်လည်း အမြူတေဖွဲ့စည်းခြင်းနယ်ပယ်မှ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိသည်။ ထို့ကြောင့် နယ်ပယ်တူတွင် မဒူဆာက ပြိုင်ဘက်ကင်းသော တည်ရှိမှု ဖြစ်သည်။ သို့ဖြစ်၍ လူအများအပြားသည် မဒူဆာကို အဝေးမှ ရှောင်ကြဉ်ကြသည်။
“ အရင်တစ်ခေါက်က ကျူးအာ သူအကူအညီသွားခေါ်မယ်လို့ ပြောတဲ့လူက မဒူဆာလား ”
သီရှီထျန်က စိတ်ထဲမှာ တွေးတောလိုက်သည်။ မကြာသေးခင်က ဇာမဏီငှက်သည် သူခဏအပြင်သွားမည်ဟု ပြောသည်။ သူက မထွက်သွားခင် အလွန်သန်မာသော အကူအညီကို ခေါ်လာခဲ့မည်ဟု ပြောသည်။ ထိုအချိန်တုန်းက သူသည် ဇာမဏီငှက်၏ စကားကို သိပ်အလေးမထားခဲ့ပေ။ ယခုအခြေအနေအရ ဇာမဏီငှက် သွားခေါ်လာခဲ့သော အကူအညီက မဒူဆာဖြစ်နေသည်။
မဒူဆာကို ကြည့်နေရင်း သီရှီထျန်က စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ပုန်းနေသော နဂါးများနှင့် ဝပ်နေသော ကျားများ အမှန်တကယ် ရှိသည်။
ယခု တောင်ကုန်းပေါ်တွင် မရဏကျီးကန်းဘုရင်၊ သရဖူနီကြိုးကြာဘုရင်၊ အနက်ရောင်မျောက်ဝံဘုရင်၊ ရွှေခြင်္သေ့ဘုရင်၊ ဘုရင်မမဒူဆာနှင့် သီရှီထျန်တို့ စုဝေးရှိနေကြသည်။
ယင်းက တောင်ပိုင်းမြေရိုင်းဒေသ၏ လက်ရှိ အထွတ်အထိပ်အင်အား ဖြစ်သည်။
“ အမမဒူဆာ… နင်လည်း ရောက်လာတယ်လား ”
ဘုရင်မမဒူဆာရောက်လာသည်ကို မြင်သောအခါ သရဖူနီကြိုးကြာက မျက်လုံးဝင်းလက်သွားသည်။ သူက အလွန်ဝမ်းသာစွာ ပြောသည်။
“ နင်ရောက်လာပြီဆိုတော့ ဒီတိုက်ပွဲမှာ ငါတို့ရဲ့ စုပေါင်းအင်အားက ကြီးကြီးမားမား တိုးမြှင့်သွားပြီ… အဲ့ဒီကျင့်ကြံသူတွေကို မောင်းထုတ်နိုင်ဖို့ ငါတို့ဘက်မှာ အခွင့်အရေးပိုများသွားပြီ… ဒါပေမဲ့ အရင်တစ်ခေါက်တုန်းက အမြူတေဓာတ်လုံး ဖွဲ့စည်းဖို့ နင်တံခါးပိတ်ကျင့်ကြံခြင်းဝင်တော့မယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား… အခု ဘာလို့ထွက်လာတာလဲ ”
မဒူဆာသည် အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲတစ်ကောင် ဖြစ်သည်။
သီရှီထျန်သည် နောက်တစ်ကြိမ် အံ့ဩသွားရပြန်သည်။ သူ၏ နားလည်ထားမှုအရ မိစ္ဆာသားရဲများကို အဆင့်နိမ့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်နှင့် အထွတ်အထိပ်အဆင့်ဟူ၍ ခွဲခြားထားသည်။ အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲများသည် အမြူတေဓာတ်လုံး ဖွဲ့စည်းနိုင်ရန် စတင်ပြင်ဆင်နိုင်ကြပြီ ဖြစ်သည်။ အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲများဆီမှာ သာလွန်ထူးခြားသော စွမ်းအားများရှိကြသည်။
သူတို့သည် မိစ္ဆာချီကို အထွတ်အထိပ် အခြေအနေအထိ စုဆောင်းထားနိုင်သော ပညာရှင်များ ဖြစ်ကြသည်။ သူတို့၏ မိစ္ဆာချီသည် နောက်တစ်ဆင့်သို့ ချိုးဖြတ်ရန် ပြည့်လျှံနေပြီ ဖြစ်သည်။
ထိုအချိန်မှာ သူတို့က မိစ္ဆာချီကို ဆက်လက် သိပ်သည်းမည်ဆိုလျှင် အရည်အခြေအနေဖြင့်ရှိနေသော မိစ္ဆာချီက နောက်တစ်ကြိမ် အရည်အသွေးဆင့်ကဲပြောင်းလဲသွားလိမ့်မည်။ မိစ္ဆာချီသည် သူတို့၏ အသက်ဓာတ်နှင့် ချိတ်ဆက်နေသော အမြူတေဓာတ်လုံးအဖြစ် တိုက်ရိုက် ဖွဲ့စည်းသွားလိမ့်မည်။
အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲနယ်ပယ်သည် စစ်မှန်သော မိစ္ဆာတစ်ကောင်ဖြစ်လာရန် ခြေလှမ်းဝက်မျှသာ ဝေးကွာတော့၏။
သရဖူနီကြိုးကြာဘုရင်၏ စကားအရ မဒူဆာသည် ထိုအဆင့်မှာ ဖြစ်သည်။ သူက မိစ္ဆာချီကို အမြူတေဓာတ်လုံးအဖြစ် ဖွဲ့စည်းရန် ခြေလှမ်းဝက်မျှသာ လိုအပ်တော့သည်။ ယင်းကို ကြည့်ခြင်းအားဖြင့် မဒူဆာက မည်မျှသန်မာကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
“ အင်း… ညီမကြိုးကြာ… နင်လည်း မကြာခင် အဆင့်မြင့် မိစ္ဆာသားရဲတစ်ကောင်ဖြစ်လာတော့မှာပါ ”
မဒူဆာက သရဖူနီကြိုးကြာကို ကြည့်လိုက်ပြီး ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ အကယ်၍ သူ၏ ခေါင်းပေါ်မှ ရောင်စုံမြွေများကို ဖယ်ရှားလိုက်မည်ဆိုလျှင် သူက ပြိုင်စံရှား ချောမောလှပသော မိန်းမလှတစ်ဦး ဖြစ်လာလိမ့်မည်။ သူ၏ အသံသည် အေးစက်ပြီး ရှင်းလင်းသည်။
ရှင်းလင်းစွာပင် မဒူဆာသည် အလွယ်တကူ ချဉ်းကပ်နိုင်သူ မဟုတ်ပေ။ ယင်းက သူ၏ မျိုးနွယ်နှင့် သက်ဆိုင်နေပုံပေါ်သည်။ သူ၏ ဦးခေါင်းပေါ်မှာ ရောင်စုံအဆိပ်မြွေများရှိနေလေရာ မည်သူက သူ့အနားသို့ ချဉ်းကပ်ဝံ့မည်နည်း။ မြွေသည် ယင်ဒြပ်စင်သားရဲ ဖြစ်သည်။ ထို့ကြောင့် မြွေများ၏ မွေးရာပါဗီဇသည် အေးတိအေးစက်ပုံစံ ရှိသည်။ ယင်းကို နားလည်ပေးနိုင်၏။
“ အမမဒူဆာ ရောက်လာမယ်ဆိုတာ ကျူးအာ သေချာသိတယ် ”
မဒူဆာကို ဇာမဏီငှက်မြင်သွားသောအခါ သူက ပျော်ရွှင်စွာ အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်ပြီး မဒူဆာ၏ အရှေ့မှာ လှည့်ပတ်ပျံသန်းလိုက်သည်။ သူက စိတ်လှုပ်ရှားစွာ တတွတ်တွတ် ပြောသည်။ မဒူဆာ၏ ရောက်လာမှုက သူနှင့် သက်ဆိုင်နေသည်။
မည်သို့ဖြစ်ပါစေ သူက မဒူဆာကို သွားရောက်ဖိတ်ခေါ်ခဲ့သူ မဟုတ်ပါလော။ မဟုတ်လျှင် မဒူဆာက တံခါးကျင့်ကြံခြင်းသို့ ဝင်ရောက်သွားလိမ့်မည်။ ထိုအခါ တောင်ပိုင်းမြေရိုင်းဒေသထဲမှ မည်သူမှ သူ့ကို ဖိတ်ခေါ်နိုင်တော့မည် မဟုတ်ချေ။
ဇာမဏီငှက်ကို ကြည့်လိုက်သည့်အခါ မဒူဆာ၏ အေးတိအေးစက် အမူအရာက ပျော့ပျောင်းသွားသည်။ သူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ ဒီကိစ္စက တောင်ပိုင်းမြေရိုင်းဒေသရဲ့ မိစ္ဆာမျိုးနွယ်စုရဲ့ သေရေးရှင်ရေးနဲ့ သက်ဆိုင်နေတယ်… ငါဘယ်လိုလုပ် မလာရမှာလဲ… ငါတို့မိစ္ဆာမျိုးနွယ်စုက နိမ့်ကျသွားပြီဆိုပေမဲ့ အဆင့်နိမ့်ကျင့်ကြံသူတွေရဲ့ အနိုင်ကျင့်တာကို ငါတို့ငြိမ်ခံနေလို့ ဘယ်ဖြစ်မလဲ ”
သူ၏ အကြည့်က တဖြည်းဖြည်း အေးစက်သွားသည်။ သူက အထင်သေးစွာ နှာခေါင်းရှုံ့လိုက်ပြီး ပြောသည်။
“ ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူအုပ်စုတစ်စုကများ ငါတို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသကို မျက်စိကျရဲတယ်လား… ငါတို့မိစ္ဆာတွေက မွေးဖွားလာကတည်းက ကောင်းကင်ဘုံရဲ့ ပျိုးထောင်ပေးခြင်းခံရတယ်… ဘယ်သူက ဒီလောကထဲက မိစ္ဆာတွေအားလုံးကို အမြစ်ဖြတ်သုတ်သင်ပစ်နိုင်မှာလဲ ”
သူ၏ လေသံထဲမှာ အထင်သေးရှုံ့ချမှု ပါဝင်နေသည်။
“ ပြောတာ ကောင်းတယ်… ဒီဘုရင်သီရှီထျန်က ဘုရင်မမဒူဆာကို နှုတ်ဆက်ပါတယ် ”
သီရှီထျန်သည် မတင်းလွန်း မပျော့လွန်းသော လေသံဖြင့် တည်ငြိမ်စွာ ပြောသည်။
“ ဒီတစ်ကြိမ် ခင်ဗျားတို့အားလုံးကို ကျုပ် ခေါ်ယူစုဝေးလိုက်တာက အကြောင်းအရင်းတချို့ကို ရှာတွေ့ထားလို့ပဲ… လတ်တလောမှာ ကျင့်ကြံသူအများအပြားက ကျုပ်တို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသထဲ ရုတ်တရက် ဝင်ရောက်လာကြတယ်… ဒါ့အပြင် အဲ့ဒီကျင့်ကြံသူတွေက အတူတူ စုဝေးနေကြတယ်… ကျုပ်အမြင်မှာ သူတို့ရဲ့ ပစ်မှတ်က တောင်ပိုင်းမြေရိုင်းဒေသထဲက ကျုပ်တို့ရဲ့ မိစ္ဆာမျိုးနွယ်စု ဖြစ်နိုင်တယ် ”
သီရှီထျန်၏ ပထမစကားက တောင်ကုန်းပေါ်မှာ စုဝေးနေကြသော မိစ္ဆာသားရဲဘုရင်အားလုံး၏ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားသည်။
သူက တည်ကြည်လေးနက်သော လေသံဖြင့် ချက်ချင်း ပြောသည်။
“ ကျုပ်တို့ရဲ့ မိစ္ဆာမျိုးနွယ်စုက အတိတ်တုန်းကလို ကြီးကျယ်မခမ်းနားတော့ဘူးဆိုပေမဲ့ တောင်ပိုင်းမြေရိုင်းဒေသက ကျုပ်တို့ရဲ့ မွေးရပ်ဇာတိမြေဖြစ်တယ်… ဒီနေရာက မိစ္ဆာမျိုးနွယ်စု အေးအေးချမ်းချမ်း ရှင်သန်နိုင်တဲ့ နေရာဖြစ်တယ်… ဒီနေရာက ကျုပ်တို့ကို လုံခြုံမှုပေးနိုင်တဲ့ နေရာဖြစ်တယ်… ဒါ့အပြင် ဒီနေရာက ခင်ဗျားတို့ရဲ့ နောင်မျိုးဆက်တွေ ရှင်သန်ကြီးထွားနိုင်တဲ့ နေရာဖြစ်တယ် ”
“ ဒါပေမဲ့ အခု… ဒီလောကရဲ့ အကန့်အသတ်မဲ့ ဧရိယာကို သိမ်းပိုက်ထားပြီးကြတဲ့ မသေမျိုးကျင့်ကြံသူတွေက ကျုပ်တို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသကို နောက်ထပ် မျက်စိကျလာကြပြီ ”
သီရှီထျန်က ဤအဖြစ်အပျက်၏ အစပျိုးသူဖြစ်ကြောင်း ထင်ရှား၏။ သို့သော်လည်း သူစကားပြောသည့်အခါ ဤကိစ္စက သူတစ်ယောက်တည်းနှင့် မသက်ဆိုင်တော့ဘဲ တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာသားရဲအားလုံးနှင့် သက်ဆိုင်သွားသည်။
သူစကားဆက်ပြောသည့်အခါ သူ၏ ကျားမျက်လုံးထဲမှ အလင်းက ပိုပြီးတောက်ပလာသည်။
“ ဒါကြောင့် ကျုပ်တို့အတွက်ပဲဖြစ်ဖြစ် တောင်ပိုင်းမြေရိုင်းဒေသထဲက ကျုပ်တို့ရဲ့ နောင်မျိုးဆက်အတွက်ပဲဖြစ်ဖြစ် အဲ့ဒီကျင့်ကြံသူတွေကို သင်ခန်းစာပေးရမယ်လို့ ကျုပ်ထင်တယ်… တောင်ပိုင်းမြေရိုင်းဒေသက အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့နေရာ မဟုတ်ဘူးဆိုတာ အဲ့ဒီကျင့်ကြံသူတွေကို ကောင်းကောင်း သိစေမယ် ”
သူ၏ စကားများထဲမှာ တရားမျှတမှုနှင့် တည်ကြည်ဖြောင့်မတ်မှု ရှိသည်။ သူပြောခဲ့သော စကားအားလုံးသည် တောင်ပိုင်းမြေရိုင်းဒေသနှင့် မိစ္ဆာမျိုးနွယ်စု၏ အကျိုးအတွက်သာ ဖြစ်သည်။ ယင်းထဲမှာ အလွန်ပြင်းထန်သော စိတ်ခံစားချက် ပါဝင်နေသည်။
ယင်းကို အနက်ရောင်မျောက်ဝံဘုရင်နှင့် တခြားမိစ္ဆာသားရဲဘုရင်များ ကြားသွားသောအခါ သူတို့၏ မျက်လုံးထဲမှာ ဒေါသမီးတောက် လောင်မြိုက်လာသည်။
“ ဘန်း ”
အနက်ရောင်မျောက်ဝံဘုရင်သည် သူ့ဘေးမှ ဧရာမကျောက်တုံးကို လက်သီးဖြင့် ထိုးချလိုက်သည်။ မီတာအနည်းငယ် မြင့်မားသော ဧရာမကျောက်တုံးသည် ကြီးမားသော အင်အားဖြင့် သက်ရောက်ခံလိုက်ရသောအခါ အပိုင်းပိုင်းအစစ ကွဲထွက်သွားသည်။ ကျောက်တုံးအပိုင်းအစများက မြေကြီးပေါ်မှာ ပြန့်ကျဲသွားကြသည်။
သူ၏ မျက်လုံးထဲမှာ ဒေါသဖြင့် ပြည့်နှက်နေသည်။
“ အကိုသီပြောတာ မှန်တယ်… ငါကင်းကောင် ငါ့ရဲ့ လက်အောက်ငယ်သားတွေကို စေလွှတ်ပြီး စုံစမ်းကြည့်ခဲ့တယ်… ကျင့်ကြံသူတွေအများကြီး မိုးထိတောင်ပေါ်မှာ တကယ်ပဲ စုဝေးနေကြတယ်… အဲ့ဒါ မမှားနိုင်ဘူး… သူတို့က တောင်ပိုင်းမြေရိုင်းဒေသထဲက ငါတို့ရဲ့ မိစ္ဆာမျိုးနွယ်စုကို တိုက်ခိုက်ချင်နေတာ ရှင်းလင်းတယ်… ငါကင်းကောင်က တိုက်ခိုက်တာလွဲလို့ ဘာမှမသိဘူး… သွေးမြစ်ချောင်းစီးတဲ့အထိ သူတို့တွေကို ငါမသတ်ရင် ငါကင်းကောင် တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ဆက်မနေတော့ဘူး ”
“ အားလုံးကို သတ်ပစ်မယ် ”
မရဏကျီးကန်းဘုရင်က တိုတောင်းစွာ ပြောသည်။ ယင်းက စာကြောင်းတစ်ကြောင်းမျှသာ ဖြစ်သော်လည်း သူ၏ သဘောထားက ပေါ်လွင်ထင်ရှားပေသည်။
“ ငါသဘောတူတယ်… သူတို့တွေကို သင်ခန်းစာတစ်ခု ပေးရမယ် ”
သရဖူနီကြိုးကြာက ခေါင်းညိတ်လိုက်သည်။
“ ဟွန့်… အဲ့ဒီကျင့်ကြံသူအုပ်စုက ဘာအားကိုးအားထားရှိလို့ ငါတို့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသကို မျက်စိကျရဲတာလဲ ဒီဘုရင်မ ကြည့်ဦးမယ်… ငါ့ရဲ့ ကလေးတွေအားလုံးက ဗိုက်ဆာနေကြပြီ ”
ဘုရင်မမဒူဆာက မောက်မာထောင်လွှားစွာ ပြောသည်။ သူစကားပြောလိုက်သည့်အခါ သူ၏ ဦးခေါင်းပေါ်မှ မြွေများက လျှာတစ်လစ်ထုတ်လိုက်ကြပြီး ဂနာမငြိမ် လှုပ်ရှားလိုက်ကြသည်။
အဆိပ်မြွေများဖြင့် ပြည့်နှက်နေသော ဦးခေါင်းကို ကြည့်လိုက်သည့်အခါ တောင်ကုန်းပေါ်မှ မိစ္ဆာသားရဲဘုရင်အားလုံးက တစ်ချိန်တည်းမှာ ကျောရိုးချမ်းစိမ့်မှုကို ခံစားမိသွားကြသည်။ ယင်းက အလွန်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းဖြစ်သည်။
“ ကောင်းပြီ… ဒီတစ်ကြိမ် ကျုပ်တို့အားလုံး အတူတကွ စုပေါင်းပြီး အဲ့ဒီကျင့်ကြံသူတွေကို သင်ခန်းစာပေးရအောင်… မိစ္ဆာသားရဲတွေ ဘယ်လောက်သန်မာလဲ သူတို့တွေ သိစေရမယ် ”
မိစ္ဆာသားရဲဘုရင်အားလုံးက မသေမျိုးကျင့်ကြံသူများအပေါ် ရွံရှာမုန်းတီးကြောင်း သီရှီထျန်မြင်သောအခါ သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ အဲ့ဒီကျင့်ကြံသူတွေက အခု မိုးထိတောင်ပေါ်မှာ စုဝေးနေကြတယ်… သူတို့ကို တိုက်ခိုက်ဖို့ ကျုပ်တို့တွေ အကြောင်းပြချက်ရှာနေစရာ မလိုဘူး… မိုးထိတောင်ဆီ တိုက်ရိုက် သွားပြီး သူတို့ကို သတ်ပစ်ကြမယ်… ကျုပ်တို့ရဲ့ စုပေါင်းအင်အားအရ အဲ့ဒီကျင့်ကြံသူတွေကို သင်ခန်းစာပေးနိုင်မယ်လို့ ကျုပ်ယုံကြည်တယ် ”
သူက စကားပြောနေရင်း မိုးထိတောင်ဆီသို့ လှမ်းကြည့်လိုက်လေရာ သူ၏ မျက်လုံးထဲမှာ ထွန်းလင်းတောက်ပသောအလင်း ထွက်ပေါ်လာသည်။
***