စက်ကရာက ဤတစ်ကြိမ် လုပ်ဆောင်မှုကို စတင်ခဲ့သော်လည်း အားလုံး၏ ရည်ရွယ်ချက်က အတူတူဖြစ်သည်။ ဤအုပ်စုတွင် မည်သူက ခေါင်းဆောင်ဖြစ်သည်က အရေးမကြီးပေ။ သူတို့၏ ရည်ရွယ်ချက်ကို အတည်ပြုပြီးနောက် မိစ္ဆာသားရဲဘုရင်အားလုံးသည် တုံ့ဆိုင်းမနေဘဲ တောင်ကုန်းပေါ်မှ အတူတကွ ထွက်သွားကြသည်။
တောအုပ်ထဲမှာ သူတို့ဖြတ်သန်းသွားသည့်အခါ အလွန်သိပ်သည်းသော မိစ္ဆာအရှိန်အဝါက သူတို့၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ သူတို့၏ ဦးခေါင်းပေါ်မှ ကောင်းကင်ယံတွင် အရွယ်အစားအလွန်ကြီးမားသော တိမ်မည်းတိမ်စိုင်ခဲတစ်ခု ဖွဲ့စည်းသွားသည်။
တိမ်မည်းသည် အလွန်နက်မှောင်ပြီး ပရမ်းပတာ လှုပ်ခတ်နေသည်။ တိမ်မည်းအောက်မှ သက်ရှိများသည် လွှမ်းမိုးဖိနှိပ်ခြင်းကို အလိုအလျောက် ခံစားသွားကြရသည်။
တိမ်မည်းသည် မိုးထိတောင်ဆီသို့ တလိပ်လိပ် ရွေ့လျားသွားနေသည်။
… … …
“ စတုတ္ထအကြီးအကဲ စောစောက ဟိန်းသံက မိစ္ဆာကျားရဲ့ ဟိန်းသံပဲ… ကြည့်ရတာ ကျင့်ကြံသူတွေအားလုံး မိုးထိတောင်ဆီ ပြောင်းရွှေ့လာတာက မိစ္ဆာကျားရဲ့ အာရုံကို ဒီနေရာဆီ ဆွဲဆောင်သွားတဲ့ပုံပဲ ”
မိုးထိတောင်၏ ချိုင့်ဝှမ်းထဲတွင် လီဝမ်သည် သီရှီထျန် ထုတ်လွှတ်ခဲ့သော ထိတ်လန့်ဖွယ်ကျားဟိန်းသံကို ကြားသွားသည်။ ထိုကျားဟိန်းသံက သူတို့ရှာဖွေနေသော မိစ္ဆာကျား၏ ဟိန်းသံဖြစ်ကြောင်း ချက်ချင်း သူသိလိုက်သည်။ သူတို့၏ အစီအစဉ်က အလုပ်ဖြစ်သည်ဟု သူတွေးလိုက်သည်။ အဖြစ်မှန်က သူတို့မျှော်လင့်ထားသည်နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်ကြောင်း မည်သူသိမည်နည်း။
စတုတ္ထအကြီးအကဲသည် တည်ငြိမ်စွာ ဆက်ရှိနေပြီး ယုံကြည်ချက်ရှိစွာ ပြောသည်။
“ အကြီးအကဲဝမ်… ဘာမှမစိုးရိမ်ပါနဲ့… မိုးထိတောင်ပေါ်မှာ ကျုပ်တို့တွေ သတ်ကွင်းထောင်ချောက် ဆင်ပြီးပြီ… ပြီးတော့ ဒီနေရာမှာ လေလွင့်ကျင့်ကြံသူတစ်ထောင်ကျော် ရှိနေကြတယ်… သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က မမြင့်မားပေမဲ့ အင်အားပူးပေါင်းလိုက်တဲ့အခါ သူတို့က အရမ်းသန်မာကြတယ် ”
“ သူတို့နဲ့တင် မိစ္ဆာကျားကို သတ်ပစ်နိုင်တယ်… သူက မိစ္ဆာသားရဲတစ်ကောင်ဖြစ်နေရင်တောင် မိုးထိတောင်ပေါ် သူရောက်လာတဲ့အခါ အသက်ရှင်ရက် ပြန်မထွက်နိုင်စေရဘူး ”
စတုတ္ထအကြီးအကဲ၏ မျက်နှာပေါ်မှာ ရက်စက်ကြမ်းကြုတ်သော အမူအရာ ထွက်ပေါ်လာသည်။
လီဝမ်က ခေါင်းခါလိုက်ပြီး ပြောသည်။
“ မိစ္ဆာကျားကို ကျုပ်မကြောက်ဘူး… သူက ဘယ်လောက်ပဲ သန်မာပါစေ သေခြင်းကံကြမ္မာကိုတော့ မရှောင်လွှဲနိုင်ဘူး… ကျုပ်စိုးရိမ်တာက မိစ္ဆာကျားသေပြီးနောက်ပိုင်း ဖြစ်လာမယ့်အရာပဲ… မိစ္ဆာကျားသေသွားတဲ့အခါ ဝိညာဉ်သံလိုက်အိမ်မြှောင်က မိုးထိတောင်ပေါ်က ကျင့်ကြံသူတွေကို ဖရိုဖရဲ ဖြစ်စေလိမ့်မယ်… ဒီလိုဖြစ်လာလိမ့်မယ်လို့ ကျုပ်တို့ ကြိုသိထားရင်တောင် ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ပြန်ရယူဖို့က လွယ်ကူမှာမဟုတ်ဘူး… ဒါ့အပြင် မိုးထိတောင်ပေါ်မှာ ကျင့်ကြံသူတွေအများကြီး သေဆုံးသွားတာက ကျုပ်တို့ရဲ့ လီမိသားစုလက်ချက်ကြောင့်လို့ သတင်းပေါက်ကြားသွားမယ်ဆိုရင် လီမိသားစုက အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်… အဆိုးဆုံးအခြေအနေက လီမိသားစုကို ဒီလောကကနေ ထာဝရ ပျောက်ကွယ်သွားစေလိမ့်မယ် ”
လီဝမ်၏ မျက်နှာပေါ်မှာ စိုးရိမ်ကြောင့်ကြသော အမူအရာ ထွက်ပေါ်နေသည်။ သူ၏ မျက်လုံးထဲမှာ တုံ့ဆိုင်းမှု၊ စိတ်မသက်မသာဖြစ်မှု ရှိသည်။
“ ခင်ဗျားက ဘာကို ကြောက်နေတာလဲ… ဒီရက်တွေမှာ ကျုပ်တို့ရဲ့ လူတွေကို သတ်မှတ်ထားတဲ့ တည်နေရာတွေဆီမှာ နေရာယူခိုင်းထားတယ်… မိစ္ဆာကျားတိုက်ခိုက်တဲ့အခါ တကယ်လို့ တစ်ယောက်ယောက်က သံသယဝင်မယ်ဆိုရင်တောင် သူတို့က မိစ္ဆာကျားအပေါ်ပဲ အပြစ်ပုံချနိုင်လိမ့်မယ်… ပြီးတော့ ဘယ်လိုစတေးမှုမျိုး ပြုလုပ်ရပါစေ ကိစ္စမရှိဘူး… ဝိညာဉ်သံလိုက်အိမ်မြှောင် ကျုပ်တို့လက်ထဲ ပြန်ရောက်လာဖို့က အရေးကြီးဆုံးပဲ… ဝိညာဉ်သံလိုက်အိမ်မြှောင်ရှိမှ ကျုပ်တို့ရဲ့ ဘိုးဘေးက နောက်ထပ်နယ်ပယ်ကို အဆင့်ချိုးဖြတ်နိုင်မှာ ”
စတုတ္ထအကြီးအကဲက စကားပြောလိုက်သည့်အခါ သူ၏ အရှိန်အဝါက ပိုပြီးအေးစက်လာသည်။
“ ဘိုးဘေးအဆင့်တတ်နိုင်ဖို့အတွက် လီမိသားစုတစ်ခုလုံးကို စတေးသင့်ရင် စတေးရမှာပဲ… လီမိသားစု ဖျက်ဆီးခံရမယ်ဆိုရင်တောင် ဘိုးဘေးအသက်ရှင်နေသေးသရွေ့ ကျုပ်တို့ဘဝ အဆင်ပြေနေဦးမှာပါ ”
လီမိသားစုဝင်များသည် သူတို့မိသားစု၏ အကျိုးအမြတ်ကို နံပါတ်တစ်အဖြစ် သတ်မှတ်ထားကြသည်။
“ မိစ္ဆာကျားရောက်လာပြီ ”
ချိုင့်ဝှမ်းထဲမှ ကျင့်ကြံသူအများအပြားထဲတွင် ကျိုးယွမ်ဖေးသည် ကျားဟိန်းသံ ထွက်ပေါ်လာသော ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောသည်။ အဘယ့်ကြောင့်ဆိုသော် ထိုဦးတည်ရာတွင် အစွမ်းထက်သော မိစ္ဆာအရှိန်အဝါက ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုး မြှောက်တတ်သွားနေကြောင်း သူအာရုံခံမိသောကြောင့်ပင်။ ထို့ပြင် ထိုမိစ္ဆာအရှိန်အဝါက မိုးထိတောင်ဆီသို့ တိုက်ရိုက် ဦးတည်လာနေသည်။
“ အဲ့ဒါ မဖြစ်နိုင်လောက်ဘူး ”
မင်းသမီးချူယွမ်က ယင်းကို မယုံကြည်ပေ။ သူက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
“ ကျားရဲတောင်တန်းဒေသထဲမှာ အဲ့ဒီမိစ္ဆာကျားနက်နဲ့ ခဏခဏ ငါတွေ့ဆုံခဲ့တယ်… သူက အရမ်းဉာဏ်ကောင်းတယ်… သာမန်ဝိညာဉ်သားရဲတွေက သူ့ကို မယှဉ်နိုင်ဘူး… သူ့ရဲ့ ဉာဏ်ရည်အရ တစ်စုံတစ်ခု မူမမှန်ဘူးဆိုတာ သိရင် ဒီထောင်ချောက်ထဲ သူတိုးဝင်လာမှာမဟုတ်ဘူး ”
“ ဟား ဟား… အဲ့ဒီကျားနက် ဘာပဲ တွေးနေပါစေ အရေးမကြီးပါဘူး… တကယ်လို့ သူရောက်မလာဘူးဆိုရင် ကိစ္စမရှိဘူး… အဲ့လိုမဟုတ်ဘဲ သူရောက်လာရင်တော့ ငါ့ရဲ့ နဂါးဖမ်းကြိုးကနေ သူလွတ်မြောက်နိုင်မှာ မဟုတ်ဘူး… အချိန်ကျလာတဲ့အခါ ကျားနက်ကို ဖမ်းဆီးပြီး ညီမလေးယွမ်ကို လက်ဆောင်ပေးမယ် ”
ကျိုးယွမ်ဖေးက ယုံကြည်မှုရှိစွာ ပြောသည်။ ယခင်တစ်ခေါက် သူရှုံးနိမ့်သွားခြင်းသည် ကျားနက်ကို အထင်သေးစွာ လျော့တွက်ခဲ့ခြင်းကြောင့် ဖြစ်၏။ ဤတစ်ကြိမ်တွင် သူက နဂါးဖမ်းကြိုးကို အသုံးပြုမည်ဖြစ်လေရာ ထိုကျားနက်က မိစ္ဆာတစ်ကောင်ဖြစ်လျှင်ပင် သူ၏ လက်ထဲမှ မည်သို့မှ မလွတ်မြောက်နိုင်ပေ။
မိုးထိတောင်ပေါ်၌ စုဝေးနေကြသော တခြားကျင့်ကြံသူများသည်လည်း ကျားဟိန်းသံကို ကြားပြီးနောက် စိတ်ဓာတ်တတ်ကြွသွားကြသည်။ ယင်းက မိစ္ဆာကျားတစ်ကောင်၏ ဟိန်းသံဖြစ်ကြောင်း သူတို့သိသော်လည်း မည်သူမှ မကြောက်ကြချေ။ မည်သို့ဖြစ်ပါစေ ဤနေရာမှာ ကျင့်ကြံသူတစ်ထောင်ကျော်က စုဝေးနေကြသည် မဟုတ်ပါလော။
သာမန်မိစ္ဆာကျားတစ်ကောင်ကို မဆိုထားနှင့် အမြူတေဓာတ်လုံး ဖွဲ့စည်းပြီးသော မိစ္ဆာကျားဖြစ်နေလျှင်ပင် သူတို့က ၎င်းကို ထိပ်တိုက်ရင်ဆိုင်ဝံ့ကြသည်။
“ ဘန်း ဘန်း ဘန်း ”
သို့သော်လည်း လူတိုင်းက ယုံကြည်ချက်ပြည့်ဝနေကြစဉ် သူတို့၏ ခြေဖဝါးအောက်မှ မြေကြီးက ပြင်းထန်စွာ သိမ့်သိမ့်တုန်သွားသည်။ ဤသည်မှာ မြေအောက်ထဲမှ မြေနဂါးတစ်ကောင်က ဂနာမငြိမ် လှုပ်ယမ်းနေသည့်အလားပင်။ သစ်ပင်ကြီးများက ဘယ်ညာလှုပ်ယမ်းသွားကြပြီး မြေကြီးပေါ်မှ ကျောက်တုံးအပိုင်းအစများက ခုန်ပေါက်သွားကြသည်။ မရေမတွက်နိုင်သော သစ်ရွက်များက အပင်ပေါ်မှ ပြုတ်ကျလာကြသည်။ တစ်ချိန်တည်းမှာ အရွယ်အစားအလွန်ကြီးမားသော တိမ်မည်းအစိုင်အခဲတစ်ခုက မိုးထိတောင်၏ ကောင်းကင်ကို အပြည့်ဖုံးအုပ်သွားသည်။
တောင်ကြားထဲမှ စမ်းချောင်းပေါ်တွင် လှိုင်းဂယက်များ ထွက်ပေါ်လာသည်။ မြေကြီးတုန်ယင်မှုကြောင့် အရာဝတ္ထုအားလုံးက အဆက်မပြတ် လှုပ်ခါသွားကြသည်။ မတည်ငြိမ်သော အရာအားလုံးက ဘယ်ညာလှုပ်ခါသွားကြသည်။ သေးငယ်သော ကျောက်တုံးအပိုင်းအစများက အဆက်မပြတ် စတင်ခုန်ပေါက်နေကြသည်။
“ ယီး… ဘာဖြစ်နေတာလဲ… ဘာလို့ မြေကြီးက တုန်ခါနေတာလဲ… ဒီနေရာမှာ ငလျင်မရှိသင့်ဘူးမလား ”
“ အို ဘုရားရေ… ကောင်းကင်ကို မြန်မြန် ကြည့်ကြစမ်း… ဘယ်လောက်ကြီးလိုက်တဲ့ အနက်ရောင်တိမ်တိုက်လဲ ”
“ မဟုတ်ဘူး… အဲ့ဒါက ဘယ်လိုလုပ် အနက်ရောင်တိမ်တိုက်ဖြစ်မှာလဲ… အဲ့ဒါက မိစ္ဆာတိမ်တိုက်… အဲ့ဒါက အရမ်းအားကောင်းတဲ့ မိစ္ဆာအရှိန်အဝါကနေ ဖွဲ့စည်းသွားတာ… ရန်သူက မိစ္ဆာကျားတစ်ကောင်တည်း မဟုတ်ဘူးလား… ဘာလို့ မိစ္ဆာအရှိန်အဝါက အဲ့လောက်ကြီးမားနေတာလဲ ”
“ မြန်မြန် ကြည့်ကြစမ်း… အဲ့ဒါ မိစ္ဆာကျားမဟုတ်ဘူး… ယီး အဲ့ဒါ ကင်းကောင်ဟ… ဘယ်ခွေးကောင်က တောင်ပိုင်းမြေရိုင်းဒေသထဲက အနက်ရောင်မျောက်ဝံဘုရင်ကို ရန်သွားစလိုက်တာလဲ… အဲ့ဒီကောင်က မိစ္ဆာသားရဲဘုရင်တွေထဲမှာ စစ်နတ်ဘုရားပဲ… သူ့ရဲ့ တိုက်ခိုက်စွမ်းရည်နဲ့ ခုခံကာကွယ်မှုက အရမ်းအားကောင်းတယ်… အို ဘုရားရေ… သူက ငါတို့ဆီ တန်းတန်းမတ်မတ် ပြေးလာနေတာပဲ ”
မိုးထိတောင်၏ အလွန်ကျယ်ပြောသော မြေကွက်လပ်ထဲတွင် တောင်ကုန်းငယ်များနှင့် ကျောက်ဆောင်ကြီးများက ပြင်းထန်စွာ တုန်ခါသွားကြသည်။ တဒုန်းဒုန်းမြည်သံက အဆက်မပြတ် ထွက်ပေါ်နေသည်။ မိစ္ဆာတိမ်တိုက်က မိုးထိတောင်၏ ကောင်းကင်ယံကို အပြည့်ဖုံးလွှမ်းသွားစဉ် မိစ္ဆာအငွေ့အသက် ကိန်းအောင်းနေသော လေကြမ်းများက တောင်ကြားထဲမှာ စတင်တိုက်ခတ်လာသည်။ အရိုးခိုက်ခိုက်တုန်စေမည့် အအေးဓာတ်က မိုးထိတောင်ကို ဖုံးလွှမ်းသွားသည်။
မီတာနှစ်ဆယ်နီးပါး မြင့်မားသော ကင်းကောင်သည် မြေကြီးကို ပြင်းထန်စွာ ခြေဆောင့်လိုက်သည်။ သူ၏ ဧရာမခန္ဓာကိုယ်ကြောင့် ခြေတစ်လှမ်း သူလှမ်းလိုက်တိုင်း မြေကြီးက ပြင်းထန်စွာ တုန်ယင်သွားသည်။ သူက ကြီးမားတုတ်ခိုင်သော လက်မောင်းများကို လှုပ်ရှားလိုက်ပြီး သူ၏ ရင်ဘက်ကို စစ်ပွဲဗုံပမာ ထုရိုက်လိုက်သည်။ အလွန်ကျယ်လောင်သော စစ်ပွဲဗုံသံက မိုးထိတောင်၏ မိုးမြေတစ်လျှောက် ပဲ့တင်ထပ်သွားသည်။
ယင်းကို မြင်သောအခါ မိုးထိတောင်ပေါ်မှ ကျင့်ကြံသူများက အမူအရာပြောင်းလဲသွားကြပြီး ချက်ချင်း မျက်နှာဖြူဖျော့သွားကြသည်။ အစက ယုံကြည်မှုပြည့်ဝနေသော သူတို့၏ မျက်နှာပေါ်မှာ ထိတ်လန့်ချောက်ချားမှု ထွက်ပေါ်လာသည်။
ကင်းကောင်၏ သရုပ်ကို သိထားကြသူများက အလန့်တကြား အော်ဟစ်လိုက်ကြသည်။ ယင်းက ကျင့်ကြံသူအများအပြားကို ကြောက်ဒူးတုန်သွားစေသည်။ တောင်ပိုင်းမြေရိုင်းဒေသထဲတွင် တစ်စုံတစ်ယောက်သည် မည်သည့်အရာကိုမဆို ရန်ပြုနိုင်သည်။ သို့သော် သူတို့သည် တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာသားရဲဘုရင်များကို လုံးဝ သွားမထိသင့်ပေ။
အဘယ့်ကြောင့်ဆိုသော် ထိုမိစ္ဆာသားရဲဘုရင်များသည် အလွန်အမင်း သန်မာကြသည်။ သူတို့ထဲမှ တချို့က ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်လေ့ရှိကြပြီး တချို့က ကြောက်မက်ဖွယ်ကောင်းသော မွေးရာပါသဘာဝစွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။ တချို့က အုပ်စုဖွဲ၍ တိုက်ခိုက်လေ့ရှိကြသည်။
ထို့ကြောင့် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများသည်ပင် မလိုအပ်လျှင် ထိုမိစ္ဆာသားရဲဘုရင်များကို ရန်မပြုဝံ့ကြချေ။ အစတွင် သူတို့က မိစ္ဆာကျားကို ထောင်ချောက်ဆင်သတ်ဖြတ်ရန် ဤနေရာမှာ စုဝေးနေကြသည်။ သို့သော် မိစ္ဆာကျားရောက်မလာမီ ကြောက်စရာကောင်းသော အနက်ရောင်မျောက်ဝံဘုရင်က ရောက်လာမည်ဟု မည်သူတွေးထားမည်နည်း။
“ စတုတ္ထအကြီးအကဲ… အခု ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ… ဘယ်ကောင်က အနက်ရောင်မျောက်ဝံဘုရင်ကို ရန်သွားစလိုက်တာလဲ… ကျုပ်တို့ရဲ့ ဘိုးဘေးတောင် အဲ့ဒီကောင်ကို ထိပ်တိုက် မရင်ဆိုင်ရဲဘူး ”
လီဝမ်က အံ့ဩထိတ်လန့်သွားသည်။ သူမမျှော်လင့်ထားသော တစ်စုံတစ်ခုဖြစ်လာလိမ့်မည်ဟု လုံးဝ မတွေးထားပေ။
“ မင်း စိတ်ငြိမ်ငြိမ်ထားစမ်းပါ… အနက်ရောင်မျောက်ဝံဘုရင် ရောက်လာတော့ရော ဘာကြောက်စရာလိုလို့လဲ… ငါတို့ဘက်မှာ ကျင့်ကြံသူတစ်ထောင်ကျော်တောင် ရှိတယ်… သူတို့ထဲက အများစုက ချီသန့်စင်ခြင်းနယ်ပယ်မှာဆိုပေမဲ့ သူတို့အားလုံး အင်အားစုပေါင်းလိုက်မယ်ဆိုရင် အနက်ရောင်မျောက်ဝံဘုရင်ကို ရင်ဆိုင်ဖို့က ငါတို့အတွက် မခက်ခဲလောက်ပါဘူး ”
စတုတ္ထအကြီးအကဲက အေးစက်စက်အကြည့်ဖြင့် ပြောသည်။
“ မဟုတ်ဘူး အကြီးအကဲ… အနက်ရောင်မျောက်ဝံဘုရင်တစ်ကောင်တည်း မဟုတ်ဘူး… မိစ္ဆာသားရဲတွေ အများကြီးပဲ… မြန်မြန် ကြည့်… ”
ထိုအခိုက်အတန့်မှာ လီမိသားစုဝင်တစ်ယောက်က အလန့်တကြား အော်ပြောလိုက်သည်။ အဝေးသို့ သူလှမ်းကြည့်လိုက်စဉ် သူ၏ မျက်လုံးထဲမှာ ဖော်မပြနိုင်သော ထိတ်လန့်ချောက်ချားမှုဖြင့် ပြည့်နှက်သွားသည်။ သူက မျက်နှာဖြူဖျော့နေပြီး အဝေးမှ ဦးတည်ရာတစ်ခုဆီသို့ လက်ညှိုးညွှန်ပြလိုက်သည်။
“ ဘာပြောတယ် ”
လူတိုင်းက အပြင်ဘက်သို့ အမြန်လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွားသည်။
“ ဘာဖြစ်ကုန်တာလဲ… တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာသားရဲတွေအားလုံး ရူးသွားကြပြီလား… ဘာလို့ သူတို့က အခုချိန်မှာ ထွက်ပေါ်လာကြတာလဲ ”
“ အို ဘုရားရေ… မရဏကျီးကန်းတစ်သောင်းတောင်မှ… ပြီးတော့ မရဏကျီးကန်းဘုရင်လည်း ရှိသေးတယ်… ခေါင်းသုံးလုံးရွှေခြင်္သေ့၊ သရဖူနီကြိုးကြာနဲ့ ဘုရင်မမဒူဆာလည်း ထွက်လာကြတယ်… သွားပြီ… ဒီတစ်ခေါက်တော့ ငါတို့တွေ ဒုက္ခအကြီးကြီးရောက်ပြီ ”
ဤတစ်ကြိမ်တွင် အမြဲတမ်း အေးဆေးတည်ငြိမ်ခဲ့သော စတုတ္ထအကြီးအကဲက မျက်နှာပျက်ယွင်းသွားပြီး ကြောက်လန့်စွာ အော်ဟစ်လိုက်သည်။ သူ့အရှေ့မှ မြင်ကွင်းက အလွန်ကြောက်စရာကောင်းလေရာ သူ၏ တည်ငြိမ်မှုပင် ပျောက်ဆုံးသွားသည်။
ကောင်းကင်သည် လုံးဝ မည်းမှောင်သွားသည်။ မရဏကျီးကန်းဘုရင်၏ ဦးဆောင်မှုအောက်မှာ အရေအတွက်ထောင်သောင်းချီသော မရဏကျီးကန်းများက တိမ်မည်းများသဖွယ် အရှေ့သို့ ပျံသန်းလာကြသည်။ အမင်္ဂလာနိမိတ်ပါဝင်နေသော စူးရှရှ အော်မြည်သံက သူတို့၏ ဝိသေသလက္ခဏာ ဖြစ်သည်။
သရဖူနီကြိုးကြာဘုရင်သည် နှစ်မီတာခွဲခန့် ရှည်လျားသော သူ၏ အတောင်ပံများကို ဖြန့်ထုတ်လိုက်သည်။ သူက မွန်မြတ်ထည်ဝါသော ကောင်းချီးမင်္ဂလာတိမ်တိုက်တစ်ခုသဖွယ် ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ဖိအားသည် တခြားမည်သည့်မိစ္ဆာသားရဲဘုရင်ထက်မှ မလျော့ချေ။
***