မိစ္ဆာချီ၏ အားဖြည့်ပေးမှုအောက်မှာ မျောက်ဝံလက်သည်းက ကြောက်မက်ဖွယ်ကောင်းစွာ အသွင်ပြောင်းလဲသွားသည်။ မူလကတည်းက အရွယ်အစားကြီးမားသော မျောက်ဝံလက်သည်းက ရုတ်တရက် အဆပေါင်းများစွာ ပိုပြီးကြီးမားသွားသည်။ ယင်းက အနည်ဆုံး ဆယ်မီတာခန့် ကြီးမားသွားပြီး လက်သည်းတစ်ချောင်းစီက ချွန်ထက်သော အနက်ရောင်သတ္ထုအလင်းကို ထုတ်လွှတ်နေသည်။ လက်သည်းပေါ်တွင် အမွှေးအမျှင်များက အပ်များသဖွယ် ထောင်မတ်သွားကြသည်။ လက်သည်းက အရွယ်အစားကြီးမားသွားနေစဉ် ပေါက်ကွဲသံများက လေထဲမှာ တရစပ် ထွက်ပေါ်လာသည်။ မိုးမြေကြားမှ ဝိညာဉ်စွမ်းအားက အနက်ရောင်မျောက်ဝံဘုရင်၏ ခန္ဓာကိုယ်ထဲသို့ အဆုံးမဲ့စွာ စီးဝင်သွားသည်။
“ မင်းတို့ကောင်တွေက ငါ့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသကို ဖျက်ဆီးချင်တယ်လား… သေလိုက်ကြစမ်း ”
အနက်ရောင်မျောက်ဝံဘုရင်၏ မျက်နှာက ရက်စက်ခက်ထန်သွားသည်။ သွေးဆာသော အလင်းက သူ၏ မျက်လုံးထဲမှ ထွက်ပေါ်လာသည်။ မဟူရာမိစ္ဆာချီက သူ၏ ခန္ဓာကိုယ်ထဲမှ အဆက်မပြတ် ပေါ်လျှိုးလာသည်။ နောက်အခိုက်အတန့်မှာ ဧရာမမျောက်ဝံလက်သည်းက သူ့အရှေ့မှ ကျင့်ကြံသူများပေါ်သို့ တိုက်ရိုက် ဖိကျသွားသည်။ မျောက်ဝံလက်သည်းသည် အရေအတွက်တစ်ရာခန့်ရှိသော ကျင့်ကြံသူများကို ဖုံးအုပ်သွားသည်။
“ ဘန်း ဘန်း ဘန်း ”
ကျင့်ကြံသူများ၏ တိုက်ခိုက်မှုများနှင့် မန္တန်အမျိုးမျိုးသည် မီးရှူးမီးပန်းများနှင့် ဆင်တူသည်။ ယင်းတို့က လှပပြီး အားကောင်းသည်။ မန္တန်အမျိုးမျိုးကြောင့် ဘေးပတ်ဝန်းကျင်မှ အရှိန်အဝါက ထူးဆန်းစွာ ပြောင်းလဲသွားသည်။ မီးတောက်ဘောလုံးများ ထွက်ပေါ်လာသည့်အခါ ဘေးပတ်ဝန်းကျင်မှ အပူချိန်က ရုတ်တရက် မြင့်တတ်သွားသည်။ တဖန် ရေခဲဓားသွားများ ဖွဲ့စည်းသွားသည့်အခါ အပူချိန်က ပြန်နိမ့်ကျသွားသည်။ ထို့ကြောင့် ဤဧရိယာက ဖရိုဖရဲဖြစ်နေသည်။ တစ်ခါတစ်ရံ ပူပြင်းလာပြီး တစ်ခါတစ်ရံ ချမ်းအေးသွားသည်။
အနက်ရောင်မျောက်ဝံဘုရင်က သူ၏ လက်သည်းကို အောက်သို့ ရိုက်ချလိုက်သည်နှင့် ထိုတိုက်ခိုက်မှုအမျိုးမျိုးက သူ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်လာကြသည်။
သို့သော်လည်း သာမန်သတ္တဝါများကို ပြာဖြစ်စေနိုင်သော မီးတောက်ဘောလုံးများ၊ အစွန်းရောက်အအေးဓာတ်ကို သယ်ဆောင်ထားသော ရေခဲဓားသွားများ၊ အရာအားလုံးကို ပိုင်းဖြတ်နိုင်သော လေဓားသွားများက အနက်ရောင်မျောက်ဝံဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည့်အခါ ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
အနက်ရောင်မျောက်ဝံဘုရင်၏ အနက်ရောင်အမွှေးအမျှင်များက အနက်ရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးက အနက်ရောင် ထွန်းလင်းသွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ကြွက်သားများသည် မြွေများသဖွယ် လူးလွန့်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက အနက်ရောင်ဗာဂျရာအဖြစ် ပြောင်းလဲသွားသည်။
သူက တိုက်ခိုက်မှုအားလုံးကို သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်စေရန် ခွင့်ပြုပေးသည်။ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသော်လည်း သူက အနောက်သို့ ခြေတစ်လှမ်းပင် မဆုတ်သွားပေ။ ဆန့်ကျင်ဘက်အနေနှင့် အနက်ရောင်မျောက်ဝံဘုရင်၏ လက်သည်းက တောင်ကြီးတစ်တောင်နှယ် ကျဆင်းလာသည်။
“ အို ဘုရားသခင်… ငါ့ကို ကယ်ပါ ”
“ ယီးပဲ… ဘာလို့ ငါ့ခန္ဓာကိုယ်က လှုပ်ရှားလို့ မရတော့တာလဲ ”
မျောက်ဝံလက်သည်းဖြင့် ဖုံးအုပ်ခံလိုက်ရသော ကျင့်ကြံသူများသည် အမြင်အာရုံမည်းမှောင်သွားကြသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက သူတို့၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာစဉ် သူတို့၏ ခန္ဓာကိုယ်က ကျောက်ရုပ်ပမာ ရပ်တန့်သွားသည်။ ဧရာမလက်သည်းက သူတို့အပေါ် ကျဆင်းလာနေသည်ကို အကူအညီမဲ့စွာ ကြည့်နေကြရသည်။ သူတို့က ရှောင်တိမ်းချင်သော်လည်း သူတို့၏ ခန္ဓာကိုယ်က နေရာမှ မရွေ့လျားနိုင်ပေ။
မျောက်ဝံလက်သည်းက ထိုကျင့်ကြံသူများပေါ်သို့ ကြမ်းတမ်းစွာ ကျဆင်းသွားသည်။ ထိုကျင့်ကြံသူများသည် ချီသန့်စင်ခြင်းနယ်ပယ်မှ အဆင့်နိမ့်ကျင့်ကြံသူများသာ ဖြစ်ကြသည်။ သူတို့၏ ရုပ်ခန္ဓာကိုယ်သည် သာမန်လူသားများထက် အနည်းငယ်သာ ပိုပြီးသန်မာ၏။ ဆယ်မီတာခန့်ကြီးမားသော ဧရာမလက်သည်း၏ ရိုက်ချက်အောက်မှာ သူတို့၏ ခန္ဓာကိုယ်က မည်သို့ကြောင့် အကောင်းတိုင်း ဆက်ရှိနေမည်နည်း။ သွေးက မြေကြီးပေါ်မှာ အိုင်ထွန်းသွားစဉ် ထိုကျင့်ကြံသူများက အသားပြား ဖြစ်သွားကြသည်။
ထိုမျှသာ မဟုတ်ပေ။ ကြောက်မက်ဖွယ်ကောင်းသော အင်အားက မြေကြီးပေါ်သို့ ဆင်းသက်သွားသည်။ အက်ကွဲကြောင်းများသည် မျောက်ဝံလက်သည်းမှ အစပြု၍ အရပ်မျက်နှာအသီးသီးဆီသို့ ပင့်ကူအိမ်သဖွယ် ပျံ့နှံ့သွားသည်။ မျောက်ဝံလက်သည်းသည် မြေကြီးအောက်သို့ အနက်ပေတစ်ရာခန့် နစ်ဝင်သွားသည်။
အနက်ရောင်မျောက်ဝံဘုရင်က လက်သည်းကို ပြန်မြှောက်လိုက်လေရာ ဧရာမတွင်းပေါက်တစ်ခုက မြေကြီးပေါ်မှာ ထွက်ပေါ်လာသည်။
“ ဟွန့်… မင်းတို့အဆင့်နဲ့များ ငါကင်းကောင်ကို တိုက်ခိုက်ချင်တယ်လား… ဒီလောက်လေးက အယားတောင်မပြေဘူး… အားနည်းလိုက်တာ… ဒီလောက်ခွန်အားလေးနဲ့ တောင်ပိုင်းမြေရိုင်းဒေသက မိစ္ဆာမျိုးနွယ်စုကို လာရန်ပြုရဲတယ်လား… မင်းတို့က သေချင်နေတာပဲ ”
အနက်ရောင်မျောက်ဝံဘုရင်သည် သူ၏ ရင်ဘက်ကို တဒုန်းဒုန်း ထုရိုက်လိုက်ပြီး အထင်သေးစွာ ပြောသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးတချို့က မီးလောင်ကျွမ်းသွားသော်လည်း သူက ကြီးကြီးမားမား ဒဏ်ရာမရသွားပေ။ သူ၏ ခုခံကာကွယ်မှုက အလွန်သန်မာသည်။ သူက လျှာထုတ်လိုက်ပြီး နှုတ်ခမ်းသပ်လိုက်သည်။ သွေးဆာလောင်မှုက သူ၏ မျက်လုံးထဲမှာ ထပ်မံ ထွက်ပေါ်လာသည်။
“ အို ဘုရားရေ… ကြောက်စရာကောင်းလိုက်တာ… မန္တန်တွေက အဲ့ဒီကောင်ကြီးကို ဘာမှမလုပ်နိုင်ဘူး… ငါတို့ ဘယ်လိုတိုက်ကြမလဲ ”
“ အနက်ရောင်မျောက်ဝံဘုရင်ရဲ့ ခန္ဓာကိုယ်က အရမ်းသန်မာတယ်… သူ့ရဲ့ ခုခံကာကွယ်မှုကလည်း အံ့ဖွယ်ကောင်းတယ်… ငါတို့လို ချီသန့်စင်ခြင်းနယ်ပယ်က ကျင့်ကြံသူတွေက သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ဘူး ”
မသေမျိုးကျင့်ကြံသူအများအပြားက ချောက်ချားစွာ အော်ဟစ်လိုက်ကြသည်။ သူတို့သည် ကံမကောင်းသည့်အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုက်ကြသည်။ အနက်ရောင်မျောက်ဝံဘုရင်၏ မွေးရာပါသဘာဝစွမ်းရည်သည် သန်စွမ်းကြံ့ခိုင်သော သူ၏ ရုပ်ခန္ဓာကိုယ် ဖြစ်သည်။ မိစ္ဆာသားရဲများထဲတွင် သူ၏ ခုခံကာကွယ်မှုက အလွန်သန်မာသည်။ အကယ်၍ သူ့နေရာမှာ တခြားမိစ္ဆာသားရဲတစ်ကောင်ဆိုလျှင် ထိုမျှများပြားသော တိုက်ခိုက်မှုများဖြင့် ရင်ဆိုင်ရသည့်အခါ သူက အသက်မသေလျှင်ပင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားလိမ့်မည်။
ကံမကောင်းစွာပင် သူတို့၏ ပစ်မှတ်ရွေးချယ်မှုက မှားယွင်းသွားခဲ့သည်။
“ ဘာမှမကြောက်ကြနဲ့… အားလုံးပဲ… ငါတို့အတူတူ ပူးပေါင်းမယ်ဆိုရင် အဲ့ဒီမိစ္ဆာမျောက်ဝံကို သေချာပေါက် သတ်ပစ်နိုင်လိမ့်မယ် ”
အနက်ရောင်မျောက်ဝံဘုရင်၏ တိုက်ခိုက်မှုအောက်မှာ ကျင့်ကြံသူများက စိတ်ဓာတ်ပြိုလဲသွားကြောင်း ကျိုးယွမ်ဖေး မြင်သောအခါ သူက ကျယ်လောင်စွာ အော်လိုက်သည်။ သူက ရုတ်တရက် လက်မြှောက်လိုက်ပြီး သူ့အနောက်သို့ ညွှန်လိုက်သည်။
“ ရွှီး ”
စူးရှသော မြည်သံနှင့်အတူ မိစ္ဆာသုတ်သင်ဓားက ကျိုးယွမ်ဖေး၏ ကျောနောက်မှ ပျံသန်းထွက်လာသည်။ ထွန်းလင်းတောက်ပသော ဓားအလင်းက ကောင်းကင်ပေါ်သို့ ပျံတတ်သွားစဉ် နှင်းကဲ့သို့ ဖြူဖွေးသော ဓားချီက အရပ်ရှစ်မျက်နှာဆီသို့ ပျံ့လွင့်သွားသည်။ ဓားချီသည် အလွန်ထက်ရှပြီး ကျင့်ကြံသူများကို အနောက်သို့ လွင့်စင်သွားစေသည်။ ဘေးပတ်ဝန်းကျင်မှ သစ်ပင်များနှင့် ကျောက်တုံးများက ဓားချီကြောင့် အပိုင်းပိုင်း ဖြတ်တောက်ခံလိုက်ကြရသည်။
ကျိုးယွမ်ဖေးသည် ရပ်တန့်မနေပေ။ သူက လက်နှစ်ဖက်ကို အမြန်လှုပ်ရှားလိုက်ပြီး ချိပ်တံဆိပ်သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်သည်။ သူက အနက်ရောင်မျောက်ဝံဘုရင်ကို စူးစိုက်ကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။
“ မိစ္ဆာသုတ်သင်ဓားသိုင်း… ကျောက်စိမ်းကြာပန်း ကမ္ဘာမြေပေါ် ဆင်းသက်ခြင်း… မိစ္ဆာတွေအကုန် နှိမ်နင်းပစ် ”
ဓားချိပ်တံဆိပ်က မိစ္ဆာသုတ်သင်ဓားပေါ်သို့ ကျဆင်းသွားသည့်အခါ ရှေးဟောင်းဓားက ချက်ချင်း ပြင်းထန်စွာ တုန်ယင်သွားသည်။ မရေမတွက်နိုင်သော ဓားရောင်စဉ်တန်းများက ဓားထံမှ ပေါ်လျှိုးထွက်လာကြသည်။ ဓားသည် နေလုံးအသေးစားပမာ ထွန်းလင်းတောက်ပလာသည်။ စူးရှသော ထိုအလင်းရောင်အောက်တွင် ရှေးဟောင်းဓားက ရုတ်တရက် ပျောက်ကွယ်သွားသည်။
နောက်အခိုက်အတန့်မှာ အဖြူရောင်ကြာပန်းများက ဓားအလင်းရောင်အောက်မှာ တစ်ပွင့်ပြီးတစ်ပွင့် ဖွဲ့စည်းသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ကျောက်စိမ်းကြာပန်းအရေအတွက်က အံ့ဖွယ်ကောင်းစွာ ဆယ်ပွင့်ကျော်သွားသည်။ ဓားအလင်းရောင်ပျောက်ကွယ်သွားသည်နှင့်ချက်ချင်း နှင်းကဲ့သို့ ဖြူဖွေးသော ပွင့်ချပ်များက ကျောက်စိမ်းကြာပန်းများထံမှ ကျဆင်းလာကြသည်။ အဖြူရောင်ပွင့်ချပ်များသည် ထူးဆန်းသော အရှိန်အဝါနှင့်အတူ မြေကြီးပေါ်သို့ ဆင်းသက်လာကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာ လေထဲ၌ အဖြူရောင်ပွင့်ချပ်များဖြင့် ပြည့်နှက်သွားသည်။ ယင်းတို့သည် ကောင်းကင်ပေါ်မှ ကျဆင်းလာသည်နှင့် အနက်ရောင်မျောက်ဝံဘုရင်ထံသို့ မိုးရေစက်များသဖွယ် ဦးတည်သွားကြသည်။
“ အနက်ရောင်မျောက်ဝံဘုရင် သတိထားပါ… အဲ့ဒီပွင့်ချပ်တွေကို ဓားချီကနေ ဖွဲ့စည်းထားတာ… အဲ့ဒါတွေရဲ့ တိုက်ခိုက်စွမ်းအားက အရမ်းသန်မာတယ်… မင်းသတိမပေါ့ဆနဲ့ ”
အဖြူရောင်ပွင့်ချပ်များက ကောင်းကင်တစ်ခွင် ပြည့်နှက်သွားကြောင်း သီရှီထျန်မြင်သောအခါ အမည်မသိချိုင့်ဝှမ်းထဲမှာ သူတိုက်ခိုက်ခဲ့သော မသေမျိုးကျင့်ကြံသူကို ချက်ချင်း ပြန်အမှတ်ရသွားသည်။ ထိုကျောက်စိမ်းပွင့်ချပ်များက လှပသော်လည်း မည်မျှကြောက်စရာကောင်းကြောင်း သူကိုယ်တွေ့ ကြုံခဲ့ဖူးသည်။ သူ၏ မိစ္ဆာသားရဲခန္ဓာကိုယ်သည်ပင် ယင်းတို့ကို မခုခံနိုင်ဘဲ အလွယ်တကူ လှီးဖြတ်ခံခဲ့ရသည်။ ယင်းတို့၏ တိုက်ခိုက်စွမ်းရည်က အလွန်သန်မာသည်။ ထို့ကြောင့် သူက အနက်ရောင်မျောက်ဝံဘုရင်ကို လှမ်းအော်၍ သတိပေးလိုက်သည်။
ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာဟန် ထင်ရ၏။ သို့သော်လည်း အမှန်မှာ ယင်းက မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ သီရှီထျန်နှင့် မဒူဆာသည်လည်း တစ်ချိန်တည်း ရောက်ရှိလာကြသည်။
“ သေစမ်း ”
မဒူဆာ၏ အေးစက်စက် အကြည့်က သူ့အရှေ့၌ စုဝေးနေကြသော ကျင့်ကြံသူများအပေါ်သို့ ဝေ့ဝိုက်ဖြတ်သန်းသွားသည်။ သူ၏ မျက်လုံးထဲမှာ မည်သည့်စိတ်ခံစားချက်မှ မရှိပေ။ သူ၏ အနီရောင်နှုတ်ခမ်းက ခပ်ရေးရေး ဖွင့်ဟသွားသည်။ အေးတိအေးစက် စကားလုံးက သူ၏ ပါးစပ်ထဲမှ ထွက်လာသည်။
ထိုစကားလုံး ထွက်လာသည့်အခိုက် ဘေးပတ်ဝန်းကျင်မှ လေက ရုတ်တရက် အေးစိမ့်သွားသည်။ ထိုစကားကို ကြားလိုက်ကြသော ကျင့်ကြံသူအားလုံးသည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားကြသည်။
မဒူဆာသည် ကိုယ်တိုင်မတိုက်ခိုက်ပေ။ သူက စကားပြောပြီးသည်နှင့် သူ၏ ဦးခေါင်းကို ညင်သာစွာ လှုပ်ခါလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ ဦးခေါင်းပေါ်မှ ရောင်စုံမြွေများက အပြင်းအထန် စတင်လှုပ်ရှားသွားကြသည်။ အဆိပ်ပြင်းသော ရောင်စုံမြွေများသည် ကျိုင်းကောင်အုပ်စုသဖွယ် အရှေ့သို့ အဆက်မပြတ် ခုန်ထွက်သွားကြသည်။
အဆိပ်မြွေများ မြေကြီးပေါ် ပြုတ်ကျသွားသည်နှင့် ၎င်းတို့က အကြိမ်ရေအနည်းငယ် လူးလွန့်လိုက်ကြသည်။ ထို့နောက် ထူးဆန်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းတို့က ထူးဆန်းသော စွမ်းအားတစ်မျိုးကို ရရှိသွားကြဟန် ရ၏။ မူလက အလွန်သေးငယ်သော ၎င်းတို့၏ ခန္ဓာကိုယ်က ရုတ်တရက် အရွယ်အစားကြီးမားသွားသည်။ ဤသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်ကို လေထိုးလိုက်သည့်အလားပင်။
“ ရှဲ… ရှဲ ”
အသက်ရှူချိန်အနည်းငယ်အတွင်းမှာ အဆိပ်မြွေများသည် လူရွယ်တစ်ယောက်၏ ခါးကဲ့သို့ တုတ်ခိုင်သော ဧရာမမြွေများအဖြစ် ပြောင်းလဲသွားကြသည်။ ဧရာမမြွေတစ်ကောင်စီသည် အလွန်အားကောင်းသော အသက်ဓာတ်ကို ပိုင်ဆိုင်ထားကြသည်။ သူတို့က ပုံရိပ်ယောင်မဟုတ်ကြပေ။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ အကြေးခွံများကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။ နောက်အခိုက်အတန့်မှာ ဧရာမမြွေများသည် ကျင့်ကြံသူများကြားထဲသို့ ပြေးဝင်သွားကြပြီး အကြမ်းပတမ်း တိုက်ခိုက်လိုက်ကြသည်။
“ ငါထင်ထားသလိုပဲ… မိစ္ဆာသားရဲအားလုံးဆီမှာ အစွမ်းထက်တဲ့ တိုက်ခိုက်ရေးနည်းလမ်းတွေ ရှိတယ်… အနက်ရောင်မျောက်ဝံဘုရင်က သန်စွမ်းကြံ့ခိုင်တဲ့ ရုပ်ခန္ဓာကိုယ်နဲ့ အံ့ဖွယ်ခုခံနိုင်စွမ်းကို ပိုင်ဆိုင်ထားတယ်… မဒူဆာရဲ့ ခေါင်းပေါ်က မြွေတွေက ဧရာမမြွေတွေအဖြစ် ပြောင်းလဲသွားမယ်လို့ ငါမမျှော်လင့်ထားဘူး… ဘယ်လောက် အံ့ဩစရာကောင်းလိုက်လဲ ”
မိစ္ဆာသားရဲဘုရင်များ၏ တိုက်ခိုက်ပုံများကို မြင်သွားသောအခါ သီရှီထျန်က နှလုံးတုန်သွားသည်။ ဘုရင်အဆင့်အတန်းကို ပိုင်ဆိုင်ထားသော မိစ္ဆာသားရဲများက သာမန်မဟုတ်နိုင်ကြောင်း အစကတည်းက သူမျှော်လင့်ထားခဲ့သည်။ သူတို့က တခြားမိစ္ဆာသားရဲများထက် ပိုပြီးသန်မာကြသည်။
“ ဟွန့်… အဲ့ဒီကျင့်ကြံသူတွေကများ ငါ့ကို သတ်ပြီး ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ပြန်ယူချင်တယ်လား… ဒီတစ်ကြိမ် မဒူဆာနဲ့ တခြားမိစ္ဆာသားရဲဘုရင်တွေရဲ့ အင်အားပေါင်းစည်းမှုကြောင့် ငါစိတ်လွတ်ကိုယ်လွတ် တိုက်ခိုက်နိုင်ပြီ ”
သီရှီထျန်၏ မျက်လုံးထဲမှာ အေးစက်မှု ထွက်ပေါ်လာသည်။ သတ်ဖြတ်ခြင်းသည် သူ့အတွက် အလွန်အကျိုးရှိသည်။ လူသေကောင်များ၏ ဝိညာဉ်များက သူ၏ ခရမ်းရောင်ဘုရင်စာလုံးကို အစွမ်းတိုးမြှင့်ပေးနိုင်သည်။ ထို့ပြင် သူတို့၏ ရုပ်အလောင်းများကို သူ့ကိုယ်ပိုင် ကျင့်ကြံခြင်းအတွက် အသုံးပြုနိုင်ပေသည်။
“ စကြာဝဠာဟာ စစ်တုရင်ခုံရဲ့ လောကပဲ… မြစ်တွေ… ပင်လယ်တွေ… အရာအားလုံး စုပ်ယူခံရမယ် ”
သီရှီထျန် လှုပ်ရှားတော့မည့်အချိန် လေထဲ၌ အော်သံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် သူမြင်လိုက်ရသည်မှာ အဖြူရောင်အလင်းက သူ၏ အရှေ့၌ ဝင်းလက်သွားသည်။ သူ၏ ခန္ဓာကိုယ်ကို လျှို့ဝှက်ဆန်းကြယ်သော အင်အားတစ်ခုက ရစ်ပတ်သွားဟန် ရ၏။ သို့သော်လည်း ယင်းက အလွန်အမင်း မြန်ဆန်သည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ အဖြူရောင်အလင်းက ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာ သူ့အရှေ့မှ မြင်ကွင်းက လုံးဝ ပြောင်းလဲသွားသည်။
“ ဒါ ဘယ်နေရာလဲ ”
သူက အနီးကပ် သေချာကြည့်လိုက်လေရာ အဖြူရောင်ကျောက်စိမ်းမျက်နှာပြင်ပေါ်မှာ သူ၏ ခန္ဓာကိုယ်က ရပ်နေကြောင်း ရှာတွေ့သွားသည်။ ထို့ပြင် ကျောက်စိမ်းမျက်နှာပြင်ပေါ်မှာ ဒေါင်လိုက်မျဉ်းကြောင်းများနှင့် အလျားလိုက်မျဉ်းကြောင်းများ ရှိသည်။ ယင်းတို့က ကျောက်စိမ်းမျက်နှာပြင်ပေါ်မှာ ကန့်လန့်ဖြတ်၍ တည်ရှိနေကြသည်။
***