စက်ကရာ အံ့ဩသွားသည်။ သူ၏ ကြီးမားသော ခန္ဓာကိုယ်က သူ့အရှေ့မှ မြင်ကွင်းကို ချက်ချင်း ဖုံးလွှမ်းသွားသည်။
အလျားလိုက်မျဉ်းကြောင်းများနှင့် ဒေါင်လိုက်မျဉ်းကြောင်းများ ကန့်လန့်ဖြတ်သွားသည့်အခါ ကြက်ခြေခတ်များ ဖွဲ့စည်းသွားကြသည်။ သူက နန်းတော်ကိုးခု၏ အလယ်မှာ ရှိနေကြောင်း မြင်တွေ့သွားသည်။
သူ၏ အရှေ့တွင် မျက်စိတစ်ဆုံးမြင်နိုင်သော တိုက်ပွဲမြေပြင် ရှိသည်။ အခြားတစ်ဖက်မှ တိုက်ပွဲမြေပြင်သည်လည်း သူ့ဘက်မှ တိုက်ပွဲမြေပြင်နည်းတူ အလွန်ကျယ်ပြောသည်။ ထို့ပြင် ဆန့်ကျင်ဘက် တိုက်ပွဲမြေပြင်ထဲမှာ သူ့ကဲ့သို့ ပုံရိပ်တစ်ခုတည်း ရှိနေခြင်းမဟုတ်ပေ။
အနီရောင်စစ်ချပ်ဝတ် ဝတ်ဆင်ထားသော စစ်သူကြီးတစ်ယောက်က ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှင့်အတူ ပလ္လင်ပေါ်မှာ ထိုင်နေသည်။ သူ၏ အရှေ့တွင် သူနှင့် အရွယ်အစားသိပ်မကွာသော ဆင်ဖြူတော်တစ်ကောင် ရှိသည်။ သူ၏ ဘေးတွင် အေးတိအေးစက် အမူအရာဖြင့် ရပ်နေသော လေးသည်တော်တစ်ဦး ရှိသည်။ ကောင်းကင်ယံတွင်မူ အဝါရောင်ဝတ်စုံ ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ယောက်က မတ်တတ်ရပ်နေသည်။ သူ့ခန္ဓာကိုယ်သည် တည်ငြိမ်မှုနှင့် ယုံကြည်မှုကို အားကောင်းစွာ ထုတ်လွှတ်နေသည်။
“ အဲ့ဒါက… ”
သီရှီထျန်၏ အကြည့်ထဲမှာ သံသယအရိပ်အယောင် ထွက်ပေါ်လာသည်။ အကြောင်းအရင်းကို သူမသိသော်လည်း သူ့အရှေ့မှ တိုက်ပွဲမြေပြင်ကို သူမြင်သွားသည့်အခါ ရင်းနှီးကျွမ်းမှုကို ခံစားမိသွားသည်။ ဤသည်မှာ ယင်းကို ယခင်က သူမြင်ဖူးသည့်အလားပင်။
တိုက်ပွဲမြေပြင်ကို အချိန်ကြာကြာ သူကြည့်လေ သူ့နှလုံးသားထဲမှ ရင်းနှီးကျွမ်းဝင်သော ခံစားမှုက ပိုပြီးအားကောင်းလေ ဖြစ်သည်။
နန်းတော်ကိုးခုကို အလျားလိုက်မျဉ်းကြောင်းများနှင့် ဒေါင်လိုက်မျဉ်းကြောင်းများက ပိုင်းဖြတ်ထားကြသည်။ အလယ်တွင် မြစ်နယ်နိမိတ်တစ်ခု ရှိသည်။ မြစ်နယ်နိမိတ်၏ အကျယ်အဝန်းသည် တိုက်ပွဲမြေပြင်ကဲ့သို့ပင် နှစ်ဖက်စလုံးမှာ အတူတူ ဖြစ်သည်။
သီရှီထျန်၏ စိတ်ထဲမှာ အတွေးတစ်ခု ထွက်ပေါ်လာသည်။ ထိုအချက်အလက်အားလုံးကို ပေါင်းစပ်လိုက်သည့်အခါ သူ၏ မျက်လုံးထဲမှာ အံ့ဩသောအကြည့် ရုတ်တရက် ထွက်ပေါ်လာသည်။ သူက အလန့်တကြား ပြောသည်။
“ ဒီဟာက စစ်တုရင်လား ”
ယင်းကို ရင်းနှီးကျွမ်းဝင်သည်ဟု သူခံစားမိနေခြင်းက မထူးဆန်းတော့ပေ။ ဤနေရာသည် ယခင်ဘဝမှာ သူမြင်ခဲ့ဖူးသော စစ်တုရင်ခုံနှင့် တစ်ထပ်တည်းနီးပါး တူညီသည်။ သူက နန်းတော်ကိုးခု၏ တည်နေရာမှာ ရပ်နေသည်။ ယင်းက စစ်သူကြီး၏ တည်နေရာဖြစ်ကြောင်း ထင်ရှားသည်။ အလယ်တွင် ချူဟန်မြစ်နယ်နိမိတ် ရှိသည်။
သူက စစ်တုရင်ခုံပေါ်မှာ အမှန်တကယ် ရပ်နေသည်လော။ ကြည့်ရသည်မှာ ယင်းက ဓမ္မလက်နက်တစ်ခု ဖြစ်ရမည်။ ထိုဓမ္မလက်နက်က အစောနက သူ့ကို ဤစစ်တုရင်ခုံပေါ်သို့ အတင်းအဓမ္မ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ရမည်။
သို့သော်လည်း ဤစစ်တုရင်ဓမ္မလက်နက်ဆီမှာ မည်သို့သော တိုက်ခိုက်စွမ်းရည်ရှိသနည်း။
“ မိစ္ဆာကျား… တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာသားရဲတွေက အဆင့်နိမ့်ကျင့်ကြံသူတွေရဲ့ လေ့ကျင့်ရေးကို ဘယ်တုန်းကမှ ဝင်မနှောင့်ယှက်ခဲ့ဘူး… ဒီနေ့ မင်းက မိစ္ဆာသားရဲအများကြီးကို စုဝေးပြီး ငါတို့ကို တိုက်ခိုက်ခဲ့တယ်… မင်းက မသေမျိုးကျင့်ကြံသူတွေကို စိန်ခေါ်နေတာလား…တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံး ဖျက်ဆီးခံရမှာ မင်းမစိုးရိမ်ဘူးလား ”
လေထဲမှာ ရပ်နေသူသည် စစ်တုရင်ရူးသွပ်သူ ချီဝူကျူး ဖြစ်သည်။ သူက သီရှီထျန်ကို စစ်တုရင်ခုံပေါ်သို့ ဆွဲခေါ်လာသူလည်း ဖြစ်သည်။ ချီဝူကျူးသည် စစ်တုရင်ခုံပေါ်မှ သီရှီထျန်ကို ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။
မိစ္ဆာသားရဲများက လူသားဘာသာစကားကို ပြောနိုင်ပြီး လူသားဘာသာစကားကို နားလည်နိုင်ကြောင်း သူသိသည်။ ထို့ပြင် သူတို့၏ အသိဉာဏ်က လူသားတစ်ယောက်ထက် လုံးဝ မနိမ့်ကျပေ။ ထို့ကြောင့် သူတို့ကို အသိဉာဏ်မရှိသော သားရဲတိရိစ္ဆာန်များအဖြစ် သဘောမထားနိုင်ပေ။
ဤတစ်ကြိမ်တွင် တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာသားရဲအားလုံးက ပူးပေါင်းသွားကြပြီး သူတို့ကို စတင်တိုက်ခိုက်လာကြသည်။ ယင်းက မူမမှန်ပေ။ ထိုကိစ္စနှင့်ပတ်သက်၍ သူဇဝေဇဝါဖြစ်မိသည်။
ထို့ကြောင့် သူက သီရှီထျန်ကို သူ့ကိုယ်ပိုင် သက်စောင့်ဓမ္မလက်နက် စစ်တုရင်လောကထဲသို့ ခေါ်ဆောင်လာသော်လည်း ချက်ချင်း တိုက်ခိုက်ရန် ဆန္ဒမရှိပေ။
“ ဟွန့် ”
မှန်ပေသည်။ သီရှီထျန်က အကြောင်းအရင်းကို သိထားသည်။ ထိုအရာအားလုံးကို သူကိုယ်တိုင် အစီအစဉ်ဆွဲခဲ့ခြင်း မဟုတ်ပါလော။ သူက စိတ်ထဲမှာ တွေးတောလိုက်သည်။
‘ မင်းကို မသတ်ဘဲ လွှတ်ပေးလိုက်ရင် တကယ်ဒုက္ခရောက်မယ့်လူက ငါဖြစ်သွားမှာပေါ့… အရင်တိုက်ခိုက်တဲ့လူက အားသာချက်ရှိတယ်… နောက်မှ တိုက်ခိုက်တဲ့လူက ထိခိုက်ဆုံးရှုံးရလိမ့်မယ်… ဒီဟာကို အရင်ဘဝကတည်းက ငါနားလည်သဘောပေါက်ခဲ့တယ် ’
မှန်ပေသည်။ သူက စိတ်ထဲမှာသာ ထိုစကားကို ပြောနေခြင်း ဖြစ်သည်။ အပြင်မှာ ထုတ်မပြောခဲ့ပေ။ သူက ချီဝူကျူးကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး မထူးမခြားနား ပြောသည်။
“ တောင်ပိုင်းမြေရိုင်းဒေသဟာ မိစ္ဆာမျိုးနွယ်စုအပိုင် နယ်မြေပဲ… မင်းတို့ ကျင့်ကြံသူတွေက တောင်တန်းထဲ ဝင်လာကြပြီး ဝိညာဉ်သားရဲတွေနဲ့ မိစ္ဆာသားရဲတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြတယ်… မင်းတို့က ငါ့အမျိုးအနွယ်ကို အရင်သတ်ခဲ့ကြတယ်… ဒီနေ့ ငါတို့က မင်းတို့ကျင့်ကြံသူတွေကို သတ်ပစ်မယ်… ဟွန့်… မင်းတို့ကျတော့ ငါတို့မိစ္ဆာမျိုးနွယ်စုကို သတ်နိုင်တယ်လား… အဲ့ဒါကို ငါတို့က ဘာမှမမြင်သလို ရပ်ကြည့်နေရမှာလား… တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာသားရဲတွေက အလွယ်တကူ ငြိမ်ခံနေမယ်လို့ မင်းတို့ထင်နေလား ”
သီရှီထျန်၏ အေးတိအေးစက် စကားက ချီဝူကျူး၏ အမူအရာကို သိသာစွာ ပြောင်းလဲသွားစေသည်။ သို့သော်လည်း သူက ငြင်းဆန်သော မည်သည့်စကားကိုမှ မဆိုနိုင်ပေ။
မင်းတို့က ဝိညာဉ်သားရဲတွေနဲ့ မိစ္ဆာသားရဲတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြတယ်… ဒါပေမဲ့ မိစ္ဆာသားရဲတွေက မသေမျိုးကျင့်ကြံသူတွေကို ပြန်သတ်မှာကိုတော့ ခွင့်မပြုဘူးတဲ့လား…
ဘယ်လောက်တရားကျလိုက်လဲ…
“ တကယ်လို့ ဒီနေ့ ကျင့်ကြံသူတစ်ထောင်ကျော် ဒီနေရာမှာ သေဆုံးသွားမယ်ဆိုရင် အဲ့ဒါက မသေမျိုးကျင့်ကြံခြင်းလောကရဲ့ တန်ခိုးရှင်တွေကို ဆွဲဆောင်သွားမှာ မင်းမကြောက်ဘူးလား ”
ချီဝူကျူးက သီရှီထျန်ကို ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။
“ မင်းမသိလောက်သေးဘူးဆိုပေမဲ့ တောင်ပိုင်းမြေရိုင်းဒေသ ဒီနေ့အချိန်ထိ ဆက်ပြီး တည်ရှိနိုင်နေတာ အဆင့်နိမ့်ကျင့်ကြံသူတွေကို အတွေ့အကြုံရအောင် ကိုယ့်ဘာသာလေ့ကျင့်နိုင်အောင် ခွင့်ပြုပေးထားလို့ပဲ… မင်းတို့မှာ မသေမျိုးကျင့်ကြံသူတွေကို ခြိမ်းခြောက်နိုင်တဲ့ အင်အားရှိတယ်ဆိုတာ သူတို့သိသွားရင် တောင်ပိုင်းမြေရိုင်းဒေသထဲက ဘယ်သက်ရှိသတ္တဝါမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး… မင်းတို့အားလုံး အသတ်ခံကြရလိမ့်မယ် ”
သီရှီထျန်သည် ချီဝူကျူး၏ စကားကြောင့် ထိတ်လန့်သွားသည်။ သို့သော်လည်း သူက စိတ်ဓာတ်ခိုင်မာသူဖြစ်လေရာ မကြာမီ ပြန်တည်ငြိမ်သွားသည်။ သူက အေးစက်စက် ပြောသည်။
“ ငါတို့မသေခင် မင်းကို အရင်သတ်ပစ်မယ် ”
“ ဝေါင်း ”
ထိုသို့ပြောပြီးနောက် ကျားဟိန်းသံက သူ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။ သူ၏ ဧရာမခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်အားလုံးက တစ်ချိန်တည်းမှာ ပွင့်သွားကြသည်။ မဟူရာမိစ္ဆာချီသည် မွေးညင်းပေါက်များထဲမှ အဆက်မပြတ် စိမ့်ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အလွန်ထူထဲသော မိစ္ဆာမြူခိုးက သူ၏ ဘေးပတ်ဝန်းကျင်မှာ ဖွဲ့စည်းသွားသည်။ အတွေးတစ်ချက်ဖြင့်ပင် သူ၏ ခန္ဓာကိုယ်အပြင်ဘက်မှ မိစ္ဆာမြူခိုးက ပွက်ပွက်ဆူနေသော ရေနွေးပမာ ပြင်းထန်စွာ လှုပ်ခတ်လာသည်။
“ ဘန်း ဘန်း ဘန်း ”
မိစ္ဆာမြူခိုးက အပြင်ဘက်သို့ မြန်ဆန်စွာ ပျံ့ပွားသွားသည်။ လျှပ်တစ်ပြက်အတွင်းမှာ မိစ္ဆာမြူခိုးက အနောက်သို့ ပြန်ဆုတ်လာပြီး ကျုံ့သွားသည်။ ထိုသို့အနောက်ဆုတ်သွားနေစဉ် မိစ္ဆာမြူခိုးထဲမှာ သတ္ထုမြည်သံများ တရစပ် ထွက်ပေါ်လာသည်။
“ ချလွင်… ချလွင်… ချလွင်… ”
ချီဝူကျူး၏ မျက်လုံးထဲမှာ အံ့ဩမှု ထွက်ပေါ်လာသည်။
စက်ကရာ၏ ခန္ဓာကိုယ်အပြင်ဘက်တွင် မူလက စုဝေးနေသော မိစ္ဆာမြူခိုးက လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားသည်။ မိစ္ဆာမြူခိုးအစား ထိုနေရာမှာ လခြမ်းကွေးသဏ္ဍာန် အနက်ရောင်ဓားများ ထွက်ပေါ်လာကြသည်။ မဟူရာလခြမ်းကွေးဓားများသည် စက်ကရာ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ နိမ့်ချည်မြင့်ချည် ရွေ့လျားနေကြသည်။ လခြမ်းကွေးဓားတစ်လက်စီသည် အေးစက်စက်အရှိန်အဝါနှင့် ထက်ရှသော ဓားအလင်းကို ထုတ်လွှတ်နေကြသည်။ ယင်းက အလွန်အံ့ဖွယ်ကောင်းသော မြင်ကွင်းဖြစ်သည်။
“ ဒီလောကမှာ သန်မာတဲ့သူက ရိုသေလေးစားခံရတယ်… မိစ္ဆာမျိုးနွယ်စုက နိမ့်ကျသွားပြီဆိုပေမဲ့ တောင်ပိုင်းမြေရိုင်းဒေသက ငါတို့ရဲ့ ပိုင်နက် ဖြစ်နေတုန်းပဲ… မင်းတို့ လုပ်ချင်တာ လုပ်လို့မရဘူး… မိစ္ဆာမြူနှင်းဓားသွား… ပိုင်းဖြတ်လိုက်စမ်း ”
သီရှီထျန်၏ ဘေးပတ်ပတ်လည်တွင် မိစ္ဆာမြူနှင်းဓားသွား(၁၅)ခုက လှည့်ပတ်နေကြသည်။ ယင်းတို့ကို အာရုံခံမိသောအခါ သူ၏ တိုက်ပွဲစိတ်ဆန္ဒက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ အနာဂတ်မှာ ပိုပြီးအစွမ်းထက်သော မသေမျိုးကျင့်ကြံသူများ ရောက်လာမည်လော သူသေချာမသိပေ။ သို့သော် တစ်စုံတစ်ခုကို သူသေချာသိသည်။ ယနေ့ ထိုကျင့်ကြံသူများကို သူလွှတ်ပေးမည်ဆိုလျှင် သေချာပေါက် သူအန္တရာယ်ကြုံရလိမ့်မည်။ ယခုအချိန်မှာ အရေးကြီးဆုံးက သူ့အရှေ့မှ ကိစ္စကို အရင်ဖြေရှင်းရန် ဖြစ်သည်။ အနာဂတ်ကို နောက်မှ သူစဉ်းစားမည်။
“ ချလွင် ”
ကြွပ်ဆပ်သော မြည်သံနှင့်အတူ မိစ္ဆာမြူနှင်းဓားသွားတစ်ခုက ဝေဝါးသော အနက်ရောင်မြူခိုးအလွှာတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ဓားသွားက ပြင်းထန်စွာ တုန်ယင်သွားစဉ် သူ၏ ဘေးပတ်ပတ်လည်မှ လေသည်လည်း ပြင်းထန်စွာ တုန်ခါသွားသည်။
သီရှီထျန်၏ ထိန်းချုပ်မှုအောက်မှာ မိစ္ဆာမြူနှင်းဓားသွားက လေထဲသို့ ပျံသန်းသွားသည်။ ဓားသွားသည် စစ်တုရင်ခုံပေါ်မှာ မတ်တတ်ရပ်နေသော ချီဝူကျူးထံသို့ လျှပ်စီးတန်းပမာ ဦးတည်သွားသည်။
သူရှိနေသော ဤနေရာက အလွန်ထူးဆန်းသည်။ ထိုသို့ထူးဆန်းသောအရာကို စက်ကရာ ပထမဆုံးအကြိမ် တွေ့ကြုံဖူးခြင်း ဖြစ်သည်။ စစ်တုရင်ခုံပေါ်မှာ သူရပ်နေစဉ် သူက တစ်ဖက်လူ၏ စစ်တုရင်အရုပ်တစ်ရုပ်ဖြစ်သည်ဟု အလိုအလျောက် ခံစားမိနေသည်။ ယင်းက သူ့ကို စိတ်မသက်မသာ ခံစားရစေသည်။ ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ စတင်တိုက်ခိုက်လိုက်သည်။ ထို့ပြင် သူ၏ ပစ်မှတ်သည် ရန်သူ့စစ်မြေပြင်ပေါ်မှ ပုံရိပ်သုံးခု မဟုတ်ပေ။ ယင်းအစား လေထဲမှ ချီဝူကျူးဖြစ်သည်။
ဓမ္မလက်နက်က မည်မျှအစွမ်းထက်ပါစေ ယင်းက လူတစ်ယောက်၏ ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲဖြစ်သည်။ ဓမ္မလက်နက်၏ ပိုင်ရှင် အသတ်ခံရလျှင် ဓမ္မလက်နက်သည် ယင်း၏ စွမ်းအားအပြည့်အဝကို ထုတ်လွှတ်နိုင်တော့မည် မဟုတ်ချေ။ ထိုအခါ သူက တစ်ချက်တည်းဖြင့် ထူးဆန်းသော ဤစစ်တုရင်ခုံပေါ်မှ ဖောက်ထွက်နိုင်လိမ့်မည်။
မိစ္ဆာမြူနှင်းဓားသွားသည် မြေကြီးမှ ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်။ ဤသည်မှာ ဟုန်ယိက နေကို လေးဖြင့် ပစ်ခွင်းလိုက်သည့်အလားပင်။ မိစ္ဆာချီမှ သိပ်သည်းသွားသော လခြမ်းကွေးဓားက ချီဝူကျူးထံသို့ ပျံသန်းသွားသည်။
လခြမ်းကွေးဓားထံမှ ထုတ်လွှတ်နေသော သတ်ဖြတ်ခြင်းအရှိန်အဝါက ချီဝူကျူး၏ အမွှေးအမျှင်များကို ထောင်မတ်သွားစေသည်။ သို့သော်လည်း သူက မကြောက်ပေ။ သူက တည်ငြိမ်စွာ အော်လိုက်သည်။
“ စစ်တုရင်လောကရဲ့ စစ်ဝိညာဉ်… လေးနတ်ဘုရားရဲ့ အမိန့်တော်… အံ့ဖွယ်ရေခဲမြား ”
ထူးဆန်းသော စကားများကို သူအော်ပြောလိုက်သည်နှင့်ချက်ချင်း မြေကြီးပေါ်မှ စစ်တုရင်ခုံပေါ်မှာ ထူးဆန်းသော အပြောင်းအလဲတစ်ခု ထွက်ပေါ်လာသည်။ စစ်တုရင်ခုံပေါ်မှာ ရပ်နေသော လေးသည်တော်ရုပ်တုက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ စူးရှသော အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက နောက်ကျောထံမှ ဝါးကျည်တောက်ထဲမှ မြားတစ်ချောင်းကို ဆွဲထုတ်၍ လေးပေါ်မှာ တင်လိုက်ပြီး လေးကြိုးကို ဆွဲလိုက်သည်။ လေးကြိုးကို ဆွဲလိုက်သည်နှင့် သူ၏ လက်မောင်းများထဲမှ ကြွက်သားများက မြွေများသဖွယ် လူးလွန့်သွားကြသည်။ သူ့လက်ထဲတွင် လေးက လပြည့်ဝန်းသဖွယ် ပြောင်းလဲသွားသည်။
ဘေးပတ်ဝန်းကျင်မှ စွမ်းအင်အမျှင်တန်းများက နှင်းကဲ့သို့ ဖြူဖွေးသော မြားထဲသို့ စီးဆင်းသွားကြသည်။ ရလဒ်အနေဖြင့် မြားတံပေါ်တွင် အဖြူရောင်အခိုးအငွေ့များ စုဝေးသွားသည်။ အဖြူရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည့်အခိုက် စစ်တုရင်လောက၏ အပူချိန်က ရုတ်တရက် နိမ့်ကျသွားသည်။
စစ်တုရင်လောကထဲမှ စွမ်းအင်အမျှင်တန်းများက မြားတံထဲသို့ ဒလဟော စီးဆင်းသွားသည့်အခါ မြားတံ၏ အရွယ်အစားက မူလထက် နှစ်ဆပိုကြီးမားသွားသည်။
“ ဝှစ် ”
လေးကြိုးကို လွှတ်လိုက်သည်နှင့် မြားက လနောက်လိုက်သော ဥက္ကာခဲပမာ ပျံသန်းထွက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မြားက အလွန်ကျယ်ပြောသော အကွာအဝေးကို ဖြတ်သန်းသွားသည်။ မြား၏ ပစ်မှတ်သည် ကောင်းကင်ပေါ်သို့ ပျံသန်းသွားနေသော မိစ္ဆာမြူနှင်းဓားသွားမှလွဲ၍ တခြားမဟုတ်ပေ။
နတ်ဘုရားမြား ဖြတ်သန်းသွားသည့်နေရာတိုင်း အအေးဓာတ်ချီက စစ်တုရင်ခုံပေါ်မှာ ပျံ့နှံ့သွားသည်။
“ ဘန်း ”
နတ်ဘုရားမြားသည် မိစ္ဆာမြူနှင်းဓားသွားနှင့် ထိမှန်သွားသည်။ မိစ္ဆာမြူနှင်းဓားသွားက ပြင်းထန်စွာ တုန်ယင်သွားပြီး ထက်ရှသော ဓားအလင်းနှင့် အလွန်သိပ်သည်းသော မိစ္ဆာချီကို ထုတ်လွှတ်လိုက်သည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ မိစ္ဆာမြူနှင်းဓားသွားက ပိုပြီးအားကောင်းသွားသည်။ နတ်ဘုရားမြားခေါင်းက မိစ္ဆာမြူနှင်းဓားသွားနှင့် ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ အဖြူရောင်အခိုးအငွေ့က မြားထံမှ ထွက်ပေါ်လာသည်။ အခိုးအငွေ့သည် လေထဲမှာ မြန်ဆန်စွာ ပျံ့နှံ့သွားပြီး ဘေးပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားသည်။ ရေခဲအလွှာချပ်သည်ပင် လေထဲမှာ ထွက်ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာ မိစ္ဆာမြူနှင်းဓားသွားက ရေခဲရုပ်တုအဖြစ် ချိပ်ပိတ်ခံလိုက်ရသည်။
အအေးဓာတ်ချီက အလွန်အားကောင်းလေရာ မိစ္ဆာချီသည်ပင် အေးခဲသွားသည်။
***