စက်ကရာသည် နောက်ထပ် စဉ်းစားမနေဘဲ သူ၏ အနောက်ခြေထောက်နှစ်ချောင်းဖြင့် မြေကြီးကို ကန်ဆောင့်လိုက်သည်။ သူက ဘေးတစ်ဖက်ဆီသို့ မြန်ဆန်စွာ ခုန်ရှောင်လိုက်သည်။ ထိုခုန်လွှားမှုက အလွန်အားပါသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက မီတာတစ်ရာအကွာအဝေးသို့ ရောက်ရှိသွားသည်။
သို့သော်လည်း သူမျှော်လင့်မထားသော မတော်တဆမှုတစ်ခု ဖြစ်ပေါ်လာသည်။ သူခုန်လိုက်သည့်အခိုက် လှောင်ချိုင့်တစ်ခုက သူ၏ ဘေးပတ်ဝန်းကျင်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။ လှောင်ချိုင့်သည် ကိုးစတုရန်းမီတာခန့် ကျယ်ဝန်းသည်။ သူ၏ ခန္ဓာကိုယ်က လှောင်ချိုင့်ထဲမှာ ပိတ်မိသွားသည်။
သီရှီထျန်သည် သူ၏ ကျားလက်သည်းဖြင့် လှောင်ချိုင့်ကို ရိုက်ချလိုက်သည်။ လှောင်ချိုင့်က ပြင်းထန်စွာ တုန်ယင်သွားသော်လည်း မပြိုကွဲသွားပေ။ ယင်းက သူ့ကို ဆက်ပြီး ချုပ်နှောင်ထားသည်။
“ ငါက နန်းတော်ကိုးခုရဲ့ အလယ်မှာ ရှိနေတယ်… ဟိုဘက်ခြမ်းက စစ်သူကြီးကလည်း နန်းတော်ကိုးခုရဲ့ အလယ်မှာ ရှိနေတယ်… ဒီတော့ ငါက ဒီဘက်က စစ်သူကြီးလား… စစ်သူကြီးက နန်းတော်ကိုးခုကနေ မထွက်သွားနိုင်ဘူး ”
သီရှီထျန်၏ စိတ်ဝိညာဉ်က ပြင်းထန်စွာ တုန်ယင်သွားသည်။ ထိုသို့ကိစ္စ ဖြစ်လာလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ သူ့အရှေ့မှ စစ်တုရင်ခုံသည် တရုတ်လူမျိုး၏ စစ်တုရင်ခုံနှင့် အတော်လေး ဆင်တူသည်။ စစ်တုရင်ကစားနည်း၏ စည်းမျဉ်းများအရ စစ်သူကြီးသည် ကိုးစတုရန်းမီတာထဲမှ မထွက်သွားနိုင်ပေ။
ထိုရှာတွေ့မှုက သူ့ကို နှလုံးခုန်မြန်သွားစေသည်။ အကယ်၍ သူ့မှာ အချိန်အလုံအလောက်ရှိမည်ဆိုလျှင် လှောင်ချိုင့်ကို ဖျက်ဆီးရန် သူ့အတွက် မခက်ခဲပေ။ သို့သော်လည်း ယခု ဆင်ဖြူတော်၏ ဧရာမခြေထောက်လေးချောင်းက သူ့အပေါ်သို့ ကျဆင်းလာနေသည်။ သူ့မှာ ရှောင်တိမ်းရန် အချိန်မရှိတော့သကဲ့သို့ လှောင်ချိုင့်ကို ချိုးဖြတ်ရန်လည်း အချိန်မရှိတော့ပေ။
ထိုသို့ဘေးကျပ်နံကျပ် အခြေအနေမှာ သီရှီထျန်၏ စိတ်ဓာတ်ပြတ်သားမှုက အပြည့်အဝ ထွက်ပေါ်လာသည်။ သူ၏ ကျားမျက်လုံးထဲမှာ ထိတ်လန့်ချောက်ချားမှု မရှိပေ။ ယင်းအစား သူ၏ အကြည့်က ပိုပြီးအေးစက်လာသည်။ သူက ကောင်းကင်ပေါ်သို့ ခေါင်းမော့လိုက်သည်။
“ ငါမရှောင်တိမ်းနိုင်မှတော့ ဒီနေ့ ငါမင်းနဲ့ သေတဲ့အထိ တိုက်ခိုက်မယ် ”
ကျားဟိန်းသံက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားစဉ် သီရှီထျန်က ကျားလက်သည်းကို မြှောက်လိုက်သည်။ သူ၏ မိစ္ဆာစံအိမ်ထဲတွင် မိစ္ဆာသန့်စင်ခြင်းမီးဖိုက အန္တရာယ်ကို အာရုံခံမိသွားဟန် ရ၏။ ယင်း၏ လှည့်ပတ်မှုက အဆပေါင်းများစွာ ပိုမြန်ဆန်သွားသည်။
သန့်စင်သော မိစ္ဆာချီအမျှင်တန်းများက ကျောက်စိမ်းဆေးမီးဖိုထဲမှ မြန်ဆန်စွာ ထွက်လာပြီး သူ၏ မရီဒျန်များထဲမှာ ဖြတ်သန်းစီးဆင်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မိစ္ဆာချီက သူ၏ ကျားလက်သည်းထဲသို့ ဒလဟော စီးဝင်သွားသည်။
“ သေစမ်း ”
မိစ္ဆာချီ၏ အဆက်မပြတ် စီးဝင်မှုအောက်မှာ သူ၏ ကျားလက်သည်းက မူလထက် အဆပေါင်းများစွာ အရွယ်အစားကြီးမားသွားသည်။ ကျားလက်သည်း၏ အရွယ်အစားသည် ဆင်ခြေထောက်နှင့် မကွာခြားတော့ပေ။ မိစ္ဆာချီသည် သူ၏ မွေးညင်းပေါက်အားလုံးထံမှ အဆက်မပြတ် စိမ့်ထွက်လာသည်။ လျှပ်တစ်ပြက်အတွင်းမှာ မိစ္ဆာချီက ကျားလက်သည်းတစ်ခုလုံးကို အပြည့်ဖုံးအုပ်သွားသည်။ အေးစက်စက် အရှိန်အဝါနှင့် ထက်ရှသော အနက်ရောင်သတ္ထုအလင်းကြောင့် ကျားလက်သည်းက ပိုပြီးကြောက်မက်ဖွယ်ကောင်းလာသည်။
သီရှီထျန်သည် တုံ့ဆိုင်းမနေဘဲ သူ၏ ကျားလက်သည်းကို သူ့ဦးခေါင်းပေါ်မှာ တိုက်ရိုက် ကုတ်ဆွဲလိုက်သည်။
စစ်တုရင်လောကထဲတွင် သီရှီထျန်နှင့် ချီဝူကျူး၏ တိုက်ပွဲက အလွန်ပြင်းထန်နေသည်။ ထို့နည်းတူပင် စစ်တုရင်လောက၏ အပြင်ဘက်မှ တိုက်ပွဲသည်လည်း အလွန်ပြင်းထန်နေသည်။ မဒူဆာသည် တိုက်ပွဲမှာ ကိုယ်တိုင်မတိုက်ခိုက်ပေ။ သူ၏ ဦးခေါင်းပေါ်မှ ရောင်စုံမြွေများက ဧရာမမြွေများအဖြစ် ပြောင်းလဲသွားကြပြီး သူ့ကိုယ်စား တိုက်ခိုက်ပေးနေကြသည်။
ကျင့်ကြံသူအများအပြားသည် ဧရာမမြွေများ၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုအောက်မှာ ကြောက်လန့်သွားကြပြီး ဖရိုဖရဲ ထွက်ပြေးသွားကြသည်။ မှန်ပေသည်။ သတ္တိရှိသော ကျင့်ကြံသူများက အုပ်စုဖွဲ့လိုက်ကြပြီး မြွေများကို ထိပ်တိုက် ရင်ဆိုင်ကြသည်။
ဧရာမမြွေတစ်ကောင်စီသည် ချီသန့်စင်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်မှာ ရှိကြသည်။ သူတို့၏ ခွန်အားသည် အခြေတည်နယ်ပယ်နှင့် အလွန်နီးကပ်နေသည်။ ထို့ပြင် သူတို့က မည်သည့်အရာကိုမှ ကြောက်မနေဘဲ ရူးသွပ်စွာ တိုက်ခိုက်ကြသည်။ ကျင့်ကြံသူအများအပြားက သူတို့၏ ဝမ်းဗိုက်ထဲသို့ ဝါးမျိုခံလိုက်ကြရသည်။
“ အမမဒူဆာ… အကိုသီက ဟိုဓမ္မလက်နက်ရဲ့ စုပ်ယူခံလိုက်ရတယ်… သူက အခုထိ အပြင်ပြန်မထွက်လာသေးဘူး… သူအန္တရာယ်ရှိနေတာလား… ဘာလို့ ငါတို့တွေ အဲ့ဒီအစုတ်ပလုတ်ဓမ္မလက်နက်ကို ဝိုင်းမဖျက်ဆီးကြတာလဲ ”
သီရှီထျန်က စစ်တုရင်လောက၏ စုပ်ယူခံလိုက်ရကြောင်း ဇာမဏီငှက် မြင်ခဲ့သည်။ သီရှီထျန်က ချီဝူကျူးနှင့်အတူ ပျောက်သွားခဲ့သည်။ ယခု လေထဲမှာ အဖြူရောင်ကျောက်စိမ်းစစ်တုရင်ခုံသာ လွင့်မျောနေသည်။ စစ်တုရင်ခုံက လေထဲမှာ တိတ်တဆိတ် လွင့်မျောနေပြီး ထူးဆန်းသော အဖြူရောင်အလင်းကို ထုတ်လွှတ်နေသည်။
မဒူဆာက အဖြူရောင်ကျောက်စိမ်းစစ်တုရင်ခုံကို မော့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ညီမလေးကျူးအာ… နင့်ရဲ့ အကိုသီဆီမှာ အဲ့ဒီဓမ္မလက်နက်ကို ချိုးဖြတ်နိုင်တဲ့ စွမ်းအားမရှိတာ မဟုတ်ဘူး… သူအဆင်ပြေပါတယ်… ဘာမှစိုးရိမ်စရာမလိုပါဘူး ”
မဒူဆာ၏ စကားအရ သူ့မှာ သီရှီထျန်ကို ကူညီပေးရန် ဆန္ဒမရှိပေ။
ဇာမဏီငှက်က တစ်စုံတစ်ခုပြောရန် ပြင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ သူက စူးရှသော အော်သံကို ကြားလိုက်ရသည်။
“ ကျီး ”
မရဏကျီးကန်းဘုရင်၏ ဦးဆောင်မှုအောက်မှာ ထောင်သောင်းချီသော မရဏကျီးကန်းများက တိုက်ပွဲမြေပြင်၏ ကောင်းကင်ယံမှာ အစုလိုက်အပြုံလိုက် ထွက်ပေါ်လာကြသည်။ ထောင်သောင်းချီသော မရဏကျီးကန်းများက တစ်ပြိုင်နက် အော်မြည်လိုက်ကြသည်။ ကျီးကန်းအော်သံက ကျင့်ကြံသူများ၏ နားထဲသို့ ဝင်ရောက်သွားသည့်အခါ သူတို့က ပြင်းထန်စွာ နှလုံးတုန်ယင်သွားကြသည်။ အကြောင်းအရင်းတချို့ကြောင့် သေခြင်းစိတ်ခံစားမှုက သူတို့၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။
“ အနံ့ဆိုးကျီးကန်းက သူ့ရဲ့ သေမင်းနတ်ဘုရားအကြည့်ကို အသုံးပြုတော့မယ် ”
ဇာမဏီငှက်က စိတ်လှုပ်ရှားစွာ ပြောသည်။
ဇာမဏီငှက်သည် သူ့အရှေ့မှ တိုက်ပွဲမြေပြင်ကို စိတ်ဓာတ်တတ်ကြွစွာ ကြည့်လိုက်သည်။ မရဏကျီးကန်းမျိုးနွယ်၏ ကြောက်မက်ဖွယ်အကောင်းဆုံး စွမ်းရည်က “ သေမင်းနတ်ဘုရားရဲ့ အကြည့် ”ဖြစ်ကြောင်း သူသိသည်။
မည်သို့ကြောင့် ယင်းကို သေမင်းနတ်ဘုရား၏ အကြည့်ဟု ခေါ်ဆိုသနည်း။ လေးလေးနက်နက် စဉ်းစားနေရန် မလိုပေ။ သူ့နာမည်အတိုင်းပင် ယင်းက သေမင်းနတ်ဘုရား၏ အကြည့် ဖြစ်သည်။ သေမင်းနတ်ဘုရားသည် သေခြင်းတရားကို ကိုယ်စားပြုသည်။ မကြာခဏဆိုသလို လူများသည် သေမင်းနတ်ဘုရားအကြောင်း ပြောကြလေ့ ရှိသည်။ သေမင်းနတ်ဘုရားသည် သက်ရှိတစ်ယောက် အသက်ဆုံးရှုံးခါနီးတွင် ရောက်လာလေ့ရှိသော တည်ရှိမှုဖြစ်သည်။ ရှင်းလင်းစွာပင် ထိုသို့သေမင်းနတ်ဘုရား၏ စိုက်ကြည့်ခံလိုက်ရသော လူများက အဆုံးသတ်မကောင်းမွန်နိုင်ပေ။
ဆိုးရိုးစကားတစ်ခု ရှိသည်။
အကယ်၍ ငရဲမင်းက တစ်စုံတစ်ယောက်၏ အသက်ကို ယနေ့ နုတ်ယူရန် စိတ်ဆုံးဖြတ်ထားလျှင် ထိုလူသည် နောက်တစ်နေ့ နေထွက်သည်အထိ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။
သေမင်းနတ်ဘုရား၏ အကြည့်က ထိုအတိုင်းပင်။ တစ်စုံတစ်ယောက်က သေမင်းနတ်ဘုရား၏ အကြည့်ဖြင့် အကြည့်ခံရလျှင် သူက သေမိန့်ချခံလိုက်ရသော လူတစ်ယောက်နှယ် အဆုံးသတ်သွားလိမ့်မည်။ သူတို့၏ စိတ်ဝိညာဉ်က နေရာမှာတင် ဖျက်ဆီးခံရလိမ့်မည်။
ထုံးစံအားဖြင့် စိတ်ဝိညာဉ် ဖျက်ဆီးခံရသည့်အခါ ရုပ်ခန္ဓာကိုယ်က အသက်ရှူရပ်သွားပြီး နေရာမှာတင် လဲကျသေဆုံးသွားလိမ့်မည်။ ယင်းက တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်နိုင်သော အထွတ်အမြတ် မွေးရာပါသဘာဝစွမ်းရည် ဖြစ်သည်။ မှန်ပေသည်။ ယင်းက မရဏကျီးကန်းမျိုးနွယ်၏ မွေးရာပါသဘာဝစွမ်းရည် ဖြစ်သည်။
မရဏကျီးကန်းမျိုးနွယ်ကို ကြောက်စရာကောင်းသော မိစ္ဆာမျိုးနွယ်စုတစ်ခုအဖြစ် သတ်မှတ်ထားခြင်းသည် သူတို့၏ မွေးရာပါသဘာဝစွမ်းရည်ကြောင့် ဖြစ်သည်။
“ အင်း… မရဏကျီးကန်းမျိုးနွယ်ရဲ့ သေမင်းနတ်ဘုရားအကြည့်က မိစ္ဆာသားရဲတွေထဲမှာ အရမ်းအစွမ်းထက်တဲ့ မွေးရာပါသဘာဝစွမ်းရည်တစ်ခုပဲ… တစ်စုံတစ်ယောက်ဆီမှာ အားကောင်းတဲ့ စိတ်ဝိညာဉ်မရှိရင် ဒါမှမဟုတ် စိတ်ဝိညာဉ်ကို ကာကွယ်ပေးမယ့် ရတနာတစ်ခုမရှိရင် လူအနည်းစုကပဲ မရဏကျီးကန်းမျိုးနွယ်ရဲ့ သေမင်းနတ်ဘုရားအကြည့်အောက်ကနေ အသက်ရှင်ရက် လွတ်မြောက်နိုင်လိမ့်မယ် ”
မဒူဆာသည် မရဏကျီးကန်းဘုရင်၏ ‘ သေမင်းနတ်ဘုရားအကြည့် ’ကို ချီးမွမ်းရန် မတုံ့ဆိုင်းနေပေ။
“ ဟီး ဟီး… အနံ့ဆိုးကျီးကန်းရဲ့ သေမင်းနတ်ဘုရားအကြည့်က တကယ်ပဲ အရမ်းအစွမ်းထက်တယ်… ဒါပေမဲ့ အဲ့ဒါက အမမဒူဆာရဲ့ အကြည့်လောက် အစွမ်းမထက်ပါဘူး… သူ့ရဲ့ သေမင်းနတ်ဘုရားအကြည့်က တစ်ကြိမ်မှာ လူတစ်ယောက်ပဲ သတ်နိုင်တယ်… အမမဒူဆာရဲ့ အကြည့်က တစ်ကြိမ်တည်းနဲ့ သက်ရှိအားလုံးကို ကျောက်ရုပ်ဖြစ်စေလိမ့်မယ်… ဒါကြောင့် အမမဒူဆာက မိစ္ဆာသားရဲဘုရင်တွေထဲမှာ အစွမ်းထက်ဆုံးပဲ ”
ဇာမဏီငှက်သည် ရယ်ရယ်မောမော ပြောနေရင်း သူ၏ ဦးခေါင်းဖြင့် မဒူဆာ၏ လည်ပင်းကို ချစ်ခင်ကြင်နာစွာ ပွတ်သပ်လိုက်သည်။
သူတို့စကားပြောနေကြစဉ် မရဏကျီးကန်းဘုရင်က စလှုပ်ရှားလိုက်သည်။ သူ၏ ပစ်မှတ်သည် လေထဲမှာ ရပ်နေသော အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ ထိုကျင့်ကြံသူသည် ရွှေရောင်တလက်လက် တောက်ပသော ဓားပျံကို မြန်ဆန်စွာ စီးနင်း၍ အနက်ရောင်မျောက်ဝံဘုရင်၏ အစောင့်အရှောက်သားရဲလေးကောင်ကို အဆက်မပြတ် တိုက်ခိုက်နေသည်။
သူ၏ ဓားပျံက အလွန်ထက်ရှသည်။ မျောက်ဝံလေးကောင်သည် အနက်ရောင်မျောက်ဝံဘုရင်ကဲ့သို့ အံ့ဖွယ်ကောင်းသော ခုခံကာကွယ်နိုင်စွမ်းကို မပိုင်ဆိုင်ထားကြချေ။
ထို့ပြင် ဓားပျံက ရွှေရောင်တလက်လက် တောက်ပနေသည်။ ရှင်းလင်းစွာပင် ယင်းက သတ္ထုဒြပ်စင်အထူးပြု ဓားပျံဖြစ်သည်။ အခြေခံဒြပ်စင်ငါးမျိုးထဲတွင် သတ္ထုဒြပ်စင်က ထက်ရှမှုနှင့် သတ်ဖြတ်ခြင်းကို အထူးပြုသည်။ ယင်း၏ တိုက်ခိုက်မှုက အခြေခံဒြပ်စင်ငါးမျိုးထဲမှာ အထက်ရှဆုံးနှင့် အားအကောင်းဆုံး ဖြစ်သည်။
ရွှေရောင်ဓားအလင်းတန်းများက မိုးရေစက်များသဖွယ် မြေပြင်ပေါ်သို့ ကျဆင်းသွားကြပြီး မျောက်ဝံလေးကောင်ကို အဆက်မပြတ် တိုက်ခိုက်နေသည်။ ဓားအလင်းတစ်ခုစီက သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ နက်ရှိုင်းသော ဓားဒဏ်ရာကို ကျန်ရစ်စေသည်။ သွေးသည် ဒဏ်ရာများထဲမှ စီးကျလာသည်။
မရဏကျီးကန်းဘုရင်က လေထဲမှာ အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်သည်။ ထူထဲသော မီးခိုးရောင်အလင်းက သူ၏ အေးတိအေးစက် မျက်လုံးထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုမီးခိုးရောင်အလင်းသည် ပမာဏများပြားသော သေခြင်းစွမ်းအားမှ ဖွဲ့စည်းသွားခြင်း ဖြစ်သည်။ မီးခိုးရောင်အလင်းသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း အထွတ်အထိပ်အခြေအနေသို့ တိုက်ရိုက် ရောက်ရှိသွားသည်။ တစ်ချိန်တည်းမှာ အလွန်သိပ်သည်းသော သေခြင်းအရှိန်အဝါက အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။
မြေကြီးပေါ်တွင် ပန်းပင်များနှင့် သစ်ပင်များသည် အစက အသက်ဓာတ်ဖြင့် ပြည့်နှက်နေရာမှ ရုတ်တရက် မြန်ဆန်စွာ ခြောက်သွေ့သွားကြပြီး ညှိုးနွမ်းသွားကြသည်။ သစ်ပင်ကြီးများပေါ်မှ သစ်ရွက်များသည် အဝါရောင်သို့ မြန်ဆန်စွာ ပြောင်းလဲသွားပြီး မြေကြီးပေါ်သို့ ကြွေကျသွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာ သစ်ပင်များက အဝါရောင်သို့ ပြောင်းလဲသွားကြပြီး လုံးဝ ညှိုးခြောက်သွားကြသည်။ သူတို့ဆီမှာ အသက်ဓာတ်တစ်စက်မှ မကျန်ရှိတော့ပေ။
သေခြင်းစွမ်းအား… ။
ယင်းက သေခြင်းစွမ်းအား ဖြစ်သည်။
“ မရဏကျီးကန်းဘုရင်… မကောင်းတော့ဘူး ”
ရွှေရောင်ဓားပျံစီးနင်းထားသော အခြေတည်နယ်ပယ် ကျင့်ကြံသူသည် အမင်္ဂလာနိမိတ်ပါဝင်သည့် စူးရှရှအော်သံကို ကြားသွားသောအခါ နှလုံးတုန်ယင်သွားသည်။ အပေါ်သို့ သူမော့ကြည့်လိုက်သည့်အခါ မရဏကျီးကန်းဘုရင်၏ ခန္ဓာကိုယ်ကို သေခြင်းစွမ်းအားက အပြည့်အဝ ဖုံးလွှမ်းထားကြောင်း မြင်သွားသည်။ သူ၏ မျက်နှာပေါ်မှာ ထိတ်လန့်ချောက်ချားမှု ထွက်ပေါ်လာသည်။ မရဏကျီးကန်းဘုရင်က မည်မျှကြောက်စရာကောင်းကြောင်း သူကြားဖူးသည်။ အထူးသဖြင့် သူ၏ မွေးရာပါသဘာဝစွမ်းရည်ဖြစ်သော သေမင်းနတ်ဘုရားအကြည့်ပင်။ တစ်စုံတစ်ယောက်သည် သေမင်းနတ်ဘုရားအကြည့်ဖြင့် အကြည့်ခံရလျှင် အဆုံးသတ်ကောင်းလိမ့်မည် မဟုတ်ချေ။
ယခု မရဏကျီးကန်းဘုရင်ကို သူမော့ကြည့်လိုက်သည့်အခါ တုန်လှုပ်ချောက်ချားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက အမြန်လက်မြှောက်လိုက်ပြီး ဓားလက်ချောင်းကို မရဏကျီးကန်းဘုရင်ထံသို့ ညွှန်လိုက်သည်။ လျှပ်တစ်ပြက်အတွင်းမှာ ဓားပျံက ရွှေရောင်ထွန်းလင်းသွားပြီး ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ မရဏကျီးကန်းဘုရင်ထံသို့ လျှပ်စီးပမာအလျင်ဖြင့် ပျံသန်းသွားသည်။
သူ၏ ညွှန်ကြားမှုအောက်မှာ ဓားပျံ၏ အလျင်က ယခင်ထက် နှစ်ဆပိုမြန်သွားသည်။ စူးရှသော လေခွင်းသံက ပဲ့တင်ထပ်သွားသည်။ လေခွင်းသံ ပဲ့တင်ထပ်သွားသည်နှင့်ချက်ချင်း ဓားပျံက မရဏကျီးကန်းဘုရင်၏ လည်ပင်းအရှေ့မှာ ထွက်ပေါ်လာသည်။ ဓားပျံထံမှ ထုတ်လွှတ်နေသော ထက်ရှမှုက သူ့လည်ပင်းကို ထိလုနီးပါးပင်။
သို့သော်လည်း မရဏကျီးကန်းဘုရင်၏ မျက်လုံးထဲမှ အေးတိအေးစက် အကြည့်က နည်းနည်းမှ မပြောင်းလဲသွားပေ။ ရှည်လျားသော အတောင်ပံနှစ်ခုက သူ့အရှေ့မှာ ပူးကပ်သွားကြသည်။ ယင်းတို့က လူသားလက်များသဖွယ် တစ်စုံတစ်ခုကို ပွေ့ဖက်လိုက်ဟန် ရ၏။ အတောင်ပံများက သူ၏ ခန္ဓာကိုယ်ကို အပြည့်အဝ ကာကွယ်ပေးလိုက်သည်။
***