~ကြယ်တာရာ သဲမှုန် ကျွန်း။ လွတ်လပ်သော ဆိပ်ကမ်း။ ညဈေးတန်း။
တစ်ချိန်က စည်ကားသိုက်မြိုက်ပြီး ပျော်ရွှင်ဖွယ်ကောင်းသော ညဈေးတန်းကြီးသည် ရုတ်တရက် အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားတော့၏။
“ခွပ်...”
ကျယ်လောင်သော ရိုက်ခွဲသံကြီး တစ်ခု။ လူတွေ ပုစွန်ထိုင်စားနေသည့် စားပွဲတစ်လုံး မှောက်ခုံ ဖြစ်သွားပြီး ပုစွန်ခွံများနှင့် မာလာဟင်းရည် ပူပူများ ကြမ်းပြင်အနှံ့ ပက်ဖြန်းသွားသည်။
“မစားကြနဲ့တော့... အကုန် ရပ်စမ်း...”
ရွှေအမြုတေ အစောပိုင်းအဆင့်ရှိသော ပင်လယ်သဲ ဂိုဏ်း၏ ခေါင်းဆောင် မိုးကြိုးကျား သည် လူအုပ်အလယ်တွင် ရပ်နေ၏။ ပြောင်လက်နေသော ခေါင်းတုံးနှင့် ကြမ်းကြုတ်သော မျက်နှာထားရှိသည့် သူသည် ကွင်းကိုးကွင်းတပ် ဓားမကြီးတစ်လက်ကို ကိုင်ဆောင်ထားပြီး၊ သူ၏ နောက်တွင်လည်း အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်ရှိ လူမိုက် ငါးဆယ်ကျော်ခန့်က ကြောက်မက်ဖွယ် မျက်နှာထားများဖြင့် ကွေ့ယွမ်ဂိုဏ်း၏ ဆိုင်ကို ဝိုင်းရံထားကြပေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဘေးနားရှိ စားသုံးသူများမှာ ကြောက်လန့်တကြား ပုစွန်များကို ချကာ အဝေးသို့ ဆုတ်ခွာသွားကြပြီး အကဲခတ်နေကြတော့၏။
“ပင်လယ်သဲ ဂိုဏ်းပဲဟေ့... မိုးကြိုးကျား ကြီးကွ...”
“သေပါပြီ... ဒီနယ်ဝေးကလူတွေ စည်းမျဉ်းကို နားမလည်ကြဘူး... သူတို့ဆိုင်က အရမ်း ရောင်းကောင်းနေတော့ မိုးကြိုးကျား ရဲ့ မျက်စိကျတာကို ခံရပြီပေါ့ကွာ...”
“နှမြောစရာ ကောင်းလိုက်တာဗျာ... ဒီလောက် စားကောင်းတဲ့ မိစ္ဆာပိုးကောင်လေးတွေကို နောက်ဆို စားရပါတော့မလား မသိဘူး...”
ကွင်းလုံးကျွတ် တိတ်ဆိတ်သွားသော အခြေအနေကို မိုးကြိုးကျား က အလွန် ကျေနပ်နေပုံရ၏။ သူက ဓားမကြီးကို ထမ်းလျက် ဟင်းချက်နေသော ကျောက်ကပ်ကြော် ထံသို့ အထာကျကျ လျှောက်သွားလိုက်ပြီး ဓားမကြီး၏ ကျောဘက်ဖြင့် ဒယ်အိုးမည်းကြီးကို ခေါက်လိုက်ရာ “ချွင်” ခနဲ အသံထွက်လာတော့သည်။
“ဟေ့ကောင်... ဟင်းချက်တဲ့ကောင်...”
“မင်းတို့ကို ဒီမှာ ဆိုင်ဖွင့်ဖို့ ဘယ်သူက ခွင့်ပြုထားလို့လဲ... ကြယ်တာရာ သဲမှုန် ကျွန်းရဲ့ စည်းကမ်းတွေကို နားမလည်ဘူးလား...”
ကျောက်ကပ်ကြော် သည် လက်ထဲမှ ဟင်းမွှေဇွန်းကို လှည့်ကစားရင်း ရုတ်တရက် ပေါ်လာသော ခေါင်းတုံးကြီးကို ကြောင်တောင်တောင် ကြည့်လိုက်၏။
“စည်းကမ်း... ဒါ လွတ်လပ်တဲ့ ဆိပ်ကမ်း မဟုတ်ဘူးလား... ကျွန်းသခင်က ဘယ်နေရာမှာမဆို ပစ္စည်းချရောင်းလို့ ရတယ်လို့ ပြောထားတာပဲ...”
“လွတ်လပ်တဲ့ ဆိပ်ကမ်း ဟုတ်လား...”
မိုးကြိုးကျား က လှောင်ပြုံးပြုံးလိုက်ပြီး မြေကြီးပေါ်သို့ တံတွေး တစ်ချက် ထွေးချလိုက်သည်။
“အဲဒါက တခြားလူတွေကို ပြောတဲ့ စကားကွ... ဒီလမ်းပေါ်မှာတော့ ငါ့စကားကသာ ဥပဒေပဲ...”
သူက တုတ်တုတ်ခိုင်ခိုင် လက်ချောင်း သုံးချောင်းကို ထောင်ပြကာ လေထဲတွင် ဝှေ့ယမ်းရင်း အလွန် မာနထောင်လွှားသော လေသံဖြင့် ဆိုလိုက်၏။
“ပထမအချက်... မင်းတို့ ဆိုင်ခွန် မပေးရသေးဘူး... ဒီရက်ပိုင်း ရောင်းရငွေရဲ့ (၇၀) ရာခိုင်နှုန်းကို ငါ ယူမယ်...”
“ဒုတိယအချက်... မင်းတို့ရဲ့ 'မိစ္ဆာပိုးကောင်' ကြော်က မဆိုးဘူး... ဒါပေမဲ့ ဟင်းချက်နည်းကတော့ ငါတို့ မသိသေးဘူး... အဲဒီ ဟင်းချက်နည်းကို ပေး... ဒီနေ့ကစပြီး ဒီစီးပွားရေးကို ငါ့ရဲ့ ပင်လယ်သဲ ဂိုဏ်းက သိမ်းလိုက်ပြီ... မင်းတို့က ငါ့ရဲ့ အလုပ်သမားတွေပဲ လုပ်ရမယ်...”
“တတိယအချက်ကတော့...”
မိုးကြိုးကျား ၏ အကြည့်က မလှမ်းမကမ်းတွင် ပုစွန်ခွံနွှာနေသော ဆုချင်းကော ထံသို့ ရောက်သွားပြီး သူ၏ မျက်လုံးထဲတွင် တဏှာ အရိပ်အယောင်များ လျှပ်ပြေးသွားတော့၏။
“ဟို မိန်းမချောလေးက တော်တော် လှတာပဲ... ငါ့ကို စော်ကားမိတဲ့ အပြစ်အတွက် သူ့ကို ငါ့မယားအဖြစ် ခေါ်သွားမယ်ကွ...”
သူ စကားပြောပြီးသည်နှင့် သူနှင့် သူ၏ တပည့်များက အားရပါးရ ဟားတိုက် ရယ်လိုက်ကြတော့သည်။
“ကြားတယ်မလား... ဂိုဏ်းချုပ်ကြီးကို မြန်မြန် ကျေးဇူးတင်လိုက်စမ်း...”
“အသက်ရှင်ချင်သေးရင် ဒူးထောက်ပြီး ရှိခိုးလိုက်...”
တစ်ကွင်းလုံး သုသာန်တစပြင်လို တိတ်ဆိတ်သွားတော့၏။
ကွေ့ယွမ်ဂိုဏ်း ကစားသမားများ အားလုံး သူတို့ လုပ်လက်စ အလုပ်များကို ရပ်လိုက်ကြသည်။
ဒီဖရဲသီးမှည့်ပြီလား ဟု အမည်ရသည့် ဝမ်သဲ့ဖာ သည် လက်ထဲမှ သံတူရွင်းကို ဖြည်းညှင်းစွာ ချလိုက်သည်။ ကောင်းကင်ခွင်း ဓားတစ်လက် က ကျောဘက်မှ ဓားပျံကို အသံတိတ် ဆွဲထုတ်လိုက်သည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဦးလေးကျန်း ကမူ သူ၏ ခွကြားထဲမှ အုတ်ခဲကျိုး တစ်လုံးကို ဆွဲထုတ်လိုက်၏။
သူတို့ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး တစ်ယောက်၏ မျက်လုံးထဲတွင် အခြားတစ်ယောက်က... အရူးတစ်ယောက်ကို ကြည့်သည့် အကြည့်မျိုးကို မြင်တွေ့လိုက်ရပေသည်။
“ညီအစ်ကိုတို့... ငါ ကြားလိုက်တာ မမှားဘူးမလား...”
ဝမ်သဲ့ဖာ က နားကို ကလော်ရင်း ဘေးနားရှိ လူကို မယုံနိုင်စွာ မေးလိုက်၏။
“ခုနက အဲဒီ အန်ပီစီ က ဘာပြောလိုက်တာလဲ... ၇၀ ရာခိုင်နှုန်း ခွဲပေးရမယ်... လျှို့ဝှက်ချက်ကို ပေးရမယ်... ပြီးတော့ ငါတို့ရဲ့ မက်စကော့လေးကိုပါ လုချင်တယ် ဟုတ်လား...”
“ဟုတ်တယ်... မင်း ကြားတာ မမှားဘူး...”
ကောင်းကင်ခွင်း ဓားတစ်လက် က တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာလိုက်သည်။
“ပုံမှန် အွန်လိုင်းဂိမ်းတွေရဲ့ သဘောသဘာဝအရ... ဒီလို စကားမျိုးက အဆင့်နိမ့် လူကြမ်းတွေက 'တစ်မိသားစုလုံး သတ်ပစ်ခံရမယ့်' ဇာတ်ကွက်ကို ဆွဲဖွင့်ဖို့ ပြောလေ့ရှိတဲ့ စကားမျိုးပဲ...”
“ဟား... ဟား... ဟား...”
ဝမ်သဲ့ဖာ မှာ ရုတ်တရက် အူတက်မတတ် ရယ်လိုက်ပြီး မျက်ရည်များပင် ထွက်လာတော့၏။ သူက မိုးကြိုးကျား ကို လူပြက်တစ်ယောက်ကို ကြည့်သကဲ့သို့ လက်ညိုးထိုးကာ ဆိုလိုက်သည်။
“အမြဲတမ်း ငါတို့ စတုတ္ထကပ်ဘေး တွေကပဲ သူများဆီက လုနေကြတာ... ဘယ်တုန်းကများ ဒီလို အဆင့်နိမ့် အန်ပီစီ တွေက ငါတို့ဆီက ပြန်လုမယ့် အလှည့်ကို ရောက်သွားတာလဲကွ...”
“ဆက်ကြေး ကောက်ချင်တယ် ဟုတ်လား... ဒီက ဖက်တီးကြီးက တစ်သက်လုံး ဆက်ကြေး မပေးဖူးဘူးကွ... လမ်းကြေးပဲ ကောက်ဖူးတာ...”
မိုးကြိုးကျား မှာ ရုတ်တရက် ထွက်ပေါ်လာသော ရယ်သံကြီးကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားတော့၏။
ပုံမှန်ဆိုလျှင် ဤနယ်ဝေးမှ တသီးပုဂ္ဂလ ကျင့်ကြံသူများသည် ကြောက်လန့်တကြား ဒူးထောက် တောင်းပန်ရမည် မဟုတ်ပါလား။ ယခုမူ သူတို့က ကြောက်ရွံ့ခြင်း အလျဉ်းမရှိသည့်အပြင်... စိတ်လှုပ်ရှားနေကြသေးသည်တဲ့လား။
“သေချင်နေတာပဲ...”
ဒေါသထွက်သွားသော မိုးကြိုးကျား သည် သူ၏ ဓားမကြီးကို ဝှေ့ယမ်းကာ ဝိညာဉ်စွမ်းအင်များကို ပေါက်ကွဲထုတ်လိုက်တော့သည်။
“ကောင်းကောင်းပြောလို့ နားမထောင်ရင် အကြမ်းဖက်ရတာပေါ့... ဟေ့ကောင်တွေ... ချိုးပစ်စမ်း... ယောကျ်ားတွေရဲ့ ခြေထောက်တွေကို ရိုက်ချိုးပြီး မိန်းမတွေကို ဖမ်းခဲ့...”
“ချဟေ့...”
ပင်လယ်သဲ ဂိုဏ်းမှ လူမိုက် ငါးဆယ်ခန့်သည် ဟိန်းဟောက်ကာ ရှေ့သို့ ပြေးဝင်လာကြ၏။
သို့သော်ငြား သူတို့ ဆိုင်နားသို့ပင် မရောက်ခင်မှာ အလွန်တရာ ခိုင်မာလှသော နံရံကြီးတစ်ခုနှင့် ဝင်တိုက်မိသွားကြတော့၏။
“စီးနင်းမှု စပြီဟေ့..စီးနင်းမှု စပြီ...”
“ဘော့စ်က ဟို ခေါင်းတုံးပြောင်ကြီးကွ... အီလိုက်တ် မွန်းစတားတွေက ဓားကိုင်ထားတဲ့ ကောင်တွေ...”
“ဟိုကောင်... မလုနဲ့... အနီရောင်ဝတ်ထားတဲ့ကောင် ငါ့ဟာ... သူ့ဖိနပ်ကို ငါ မျက်စိကျထားတာ...”
ကွေ့ယွမ်ဂိုဏ်း ကစားသမား တစ်ရာကျော်သည် ထိုအချိန်တွင် ရေဓားပြများထက် ဆယ်ဆမျှ ပိုမို ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များကို ထုတ်ဖော်ပြသလိုက်ကြတော့ပေသည်။
(မြင်ကွင်း - ၁။ ဒါကရော လက်နက်ပဲလား)
ပင်လယ်သဲ ဂိုဏ်း၏ တပည့် တစ်ယောက်သည် ဓားကို မြှောက်ကာ ကျောက်ကပ်ကြော် ထံသို့ ခုတ်ချလိုက်၏။
ထိုအခိုက်အတန့်၌၊ ကျောက်ကပ်ကြော် သည် တည်ငြိမ်စွာပင် ညာဘက်လက်ကို ရုတ်တရက် မြှောက်လိုက်၏။
“ရွှမ်း...”
အခုလေးတင် ကျက်ကာစ၊ အငွေ့တထောင်းထောင်း ထနေသော ငရုတ်ဆီ ဟင်းရည် ပူပူ တစ်ဇွန်း အပြည့်သည် ထိုသူ၏ ခေါင်းပေါ်သို့ လောင်းချခံလိုက်ရတော့သည်။
“အား... ငါ့မျက်လုံးတွေ... စပ်လိုက်တာ... ပူတယ်ကွ...”
ထိုတပည့်မှာ မျက်နှာကို အုပ်ကာ နာကျင်စွာ အော်ဟစ်နေ၏။ သူ သတိမဝင်လာခင်မှာပင် လေးလံသော ဒယ်အိုးမည်းကြီး တစ်လုံးက လေခွင်းသံနှင့်အတူ သူ၏ မျက်နှာတည့်တည့်သို့ မိတ်ဆက်တော့သည်။
“ဒေါင်...”
“မင်းကများ ငါ ဟင်းချက်နေတာကို လာနှောင့်ယှက်ရဲတယ်ပေါ့လေ... အခုက နေ့လယ်စာ စားချိန်ဆိုတာ မသိဘူးလားကွ...”
ကျောက်ကပ်ကြော် က ဟိန်းဟောက်လိုက်၏။
(မြင်ကွင်း - ၂။ ဒါကရော တိုက်ပွဲလား)
ဝမ်သဲ့ဖာ သည် ရှေ့ဆုံးတွင် ရှိနေသော်ငြား လက်နက်ကို အသုံးမပြုချေ။
သူက မချက်ရသေးသော၊ ဇလုံအရွယ်အစားခန့်ရှိသည့် အသက်ရှင်လျက် အခွံနီ ပုစွန်ထုပ်ကြီး တစ်ကောင်ကို ကောက်ကိုင်လိုက်ပြီး ရန်သူတစ်ယောက်၏ ခွကြားထဲသို့ ပစ်ပေါက်လိုက်၏။
“သွားစမ်း..ပုစွန်ထုပ်လေး... ဂီလိုတင်း ကတ်ကြေးသိုင်းကို သုံးလိုက်စမ်း...”
“တောက်...”
ဒေါသထွက်သွားသော မိစ္ဆာပိုးကောင် သည် အလိုအလျောက်ပင် သူ၏ လက်မကြီးများကို ဝှေ့ယမ်းလိုက်ရာ ကံဆိုးသူ၏ ပေါင်ခြံကြားသို့ အတိအကျ ညှပ်မိသွားတော့၏။
“အဝူး...”
ဝက်ကို အရှင်လတ်လတ် သတ်နေသကဲ့သို့ သွေးပျက်ဖွယ် အော်ဟစ်သံကြီး ညလေထုထဲတွင် ပဲ့တင်ထပ်သွား၏။ ထို ပင်လယ်သဲ ဂိုဏ်း၏ တပည့်မှာ လက်နက်ကို ပစ်ချကာ ခွကြားကို အုပ်ပြီး မြေကြီးပေါ်တွင် လူးလှိမ့်နေတော့ပေသည်။
“ဟီးဟီး... ဒါကို ဇီဝလက်နက် လို့ ခေါ်တယ်ကွ...”
ဝမ်သဲ့ဖာ က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်ပြီး နောက်သို့လှည့်ကာ ပုစွန်ထုပ် နှစ်ကောင်ကို ထပ်ကောက်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ကိုင်မြှောက်လိုက်၏။
“လက်နှစ်ဖက်ကိုင် ပုစွန်စစ်သည်တော်ကြီး လာပြီ... ဘယ်ကောင် လာချင်သေးလဲ...”
(မြင်ကွင်း - ၃။ ပရို ကစားသမားများ၏ အပြတ်အသတ် အနိုင်ယူမှု)
ဤလူမိုက်များနှင့် ယှဉ်လျှင် ကောင်းကင်ခွင်း ဓားတစ်လက် ကဲ့သို့သော အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် ပရို ကစားသမားများမှာ များစွာ ပို၍ "ယဉ်ကျေး" ကြပေသည်။
သူတို့က လူသုံးယောက်ပါ ဓားအခင်းအကျင်းငယ် တစ်ခုကို ဖွဲ့စည်းလိုက်ကြ၏။
“ဘယ်ဘက်ကနေ ညှပ်... ညာဘက်ကနေ ဖြတ်... အတူတူ ဝင်တိုက်...”
ဓားအလင်းတန်း အချို့သည် တို့ဟူးကို လှီးဖြတ်သကဲ့သို့ ပင်လယ်သဲ ဂိုဏ်း၏ ကာကွယ်ရေး အစီအစဉ်ကို ချက်ချင်းပင် ထိုးဖောက် ဖျက်ဆီးပစ်လိုက်တော့၏။ တသီးပုဂ္ဂလ ကျင့်ကြံသူများကိုသာ အနိုင်ကျင့်လေ့ရှိသော ထိုလူမိုက်များသည် ဤကဲ့သို့ စစ်တပ်ကဲ့သို့ စည်းကမ်းရှိပြီး နည်းဗျူဟာကျကျ ပူးပေါင်းတိုက်ခိုက်မှုမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ကြချေ။
သုံးမိနစ်ပင် မပြည့်လိုက်ပေ။
ပင်လယ်သဲ ဂိုဏ်းမှ အယောက် ငါးဆယ်လုံး မြေပြင်ပေါ်တွင် မှောက်လျက်သား ဖြစ်နေကြလေပြီ။ အချို့က ဒယ်အိုးဖြင့် အရိုက်ခံရ၍ သတိလစ်နေပြီး၊ အချို့က ပုစွန်ညှပ်ခံထားရကာ၊ အချို့မှာမူ ချပ်ဝတ်များ အချွတ်ခံလိုက်ရသဖြင့် အတွင်းခံ ဘောင်းဘီလေးများဖြင့်သာ ကျန်ရစ်တော့ပေသည်။
တိုက်ပွဲကွင်းပြင်၏ ဗဟိုတွင် ခေါင်းဆောင်ကြီး မိုးကြိုးကျား တစ်ယောက်တည်းသာ ကျန်ရစ်တော့၏။
ဓားမကြီးကို ကိုင်ထားသော သူ၏ လက်များမှာ ဆိုးရွားစွာ တုန်ယင်နေပြီး ပြောင်လက်နေသော ခေါင်းတုံးပေါ်တွင်လည်း ချွေးစေးများ ပျံနေ၏။
“ဒါ... ဒါ တသီးပုဂ္ဂလ ကျင့်ကြံသူတွေလား...”
“ဒါက လမ်းပေါ်က တိုက်ပွဲတွေအတွက် အထူးလေ့ကျင့်ထားတဲ့ စစ်တပ်ကြီးများလား...”
သူ စဉ်းစား၍ပင် မရသေးခင်မှာ အရိပ်မည်းကြီး တစ်ခုက သူ့အပေါ်သို့ ကျရောက်လာတော့သည်။
ကျန်းချန် သည် ဆိုင်နောက်ဘက်မှ ဖြည်းညှင်းစွာ ထွက်လာပြီး လက်ထဲတွင် အခုလေးတင် အခွံနွှာထားသော ပုစွန်အမြီးလေး တစ်ခုကို ကိုင်ထား၏။ သူက ပုစွန်သားကို ပါးစပ်ထဲသို့ သပ်ရပ်စွာ ထည့်လိုက်ပြီး ဝါးလိုက်ကာ မိုးကြိုးကျား ကို ကြည့်၍ ခပ်ဟဟ ပြုံးလိုက်သည်။
“ဂိုဏ်းချုပ် လေး... ခုနက မင်း ဘာပြောလိုက်တာလဲ... ဒီလမ်းကို ဘယ်သူ အုပ်ချုပ်တာလဲ ဆိုပါလား...”
မိုးကြိုးကျား မှာ သူ့ကို အရှင်လတ်လတ် ဝါးစားတော့မည့်အလား ဝိုင်းကြည့်နေကြသည့် စိမ်းလဲ့လဲ့ မျက်လုံးတစ်ရာကျော်ကို ကြည့်ရင်း တံတွေးကို ဂလုခနဲ မျိုချလိုက်၏။
သူ၏ စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှုများ အားလုံး လုံးဝ ပြိုကျသွားတော့သည်။
“အထင်လွဲတာပါ... အကုန်လုံးက အထင်လွဲတာပါဗျာ...”
“ဒီလမ်းက... သခင်ကြီးတို့ရဲ့ ပိုင်နက်ပါဗျာ...”
“နောက်ကျသွားပြီကွ...”
ကျန်းချန် က ခေါင်းခါလိုက်ပြီး သူ၏ လက်မှ ဆီများကို ခါချလိုက်၏။
“ငါက မူလက အေးအေးချမ်းချမ်း အစားအသောက်လေး စားနေချင်တာပါ... ဒါပေမဲ့ မင်းက ငါ့တံခါးဝကို အတင်း လာခေါက်တော့လည်း...”
“တပည့်တို့... ဒီကောင်ကိုပါ ကြိုးတုပ်လိုက်စမ်း...”
“ပင်လယ်သဲ ဂိုဏ်းမှာ ပင်လယ်အောက် ရတနာသိုက် ရှိတယ်လို့ ငါ ကြားထားတယ်... အတော်ပဲ... ငါတို့ရဲ့ စစ်သင်္ဘောကြီးအတွက် 'မ,တည်ရင်းနှီးငွေ' နည်းနည်း လိုနေတာနဲ့ အံကိုက်ပဲကွ...”
“ဟို မျက်လုံးတစ်ဖက် ဘယ်ရောက်သွားလဲ... လာ လမ်းပြ... ငါတို့ သွားပြီး... သူ့အိမ်ကို ဝင်မွှေမယ်ဟေ့...”
“ကောင်းတယ်... အိမ်ဖောက်ထွင်းတဲ့ နေရာမှာ ကျွန်တော်က ဆရာတစ်ဆူပဲဗျ...”
ကစားသမားများ၏ အော်ဟစ်သြဘာပေးသံကြီးသည် မိုးခြိမ်းသံပမာ ထွက်ပေါ်လာတော့သည်။
ထိုညက ကြယ်တာရာ သဲမှုန် ကျွန်းတွင် အိပ်မပျော်နိုင်သော ညတစ်ည ဖြစ်လာရန် ကံဖန်လာခဲ့၏။
တစ်ချိန်က ပြိုင်ဘက်ကင်းခဲ့သော ပင်လယ်သဲ ဂိုဏ်းသည် ရေချိုပုစွန်ထုပ်လေးများ ရောင်းနေသော "အရူးတစ်သိုက်" ကို သွားရောက် ပြဿနာရှာမိသောကြောင့် ခေါင်းဆောင်ဖြစ်သူ အဖမ်းခံရရုံသာမက ဂိုဏ်း၏ ဌာနချုပ်ပါ ပြိုကျပျက်စီးတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်ပေတော့၏။