~ညဥ့်နက်ယံအချိန်။ ကြယ်တာရာ သဲမှုန် ကျွန်းစု။ ကျောက်ဆောင်မည်း ဧရိယာ။
ပင်လယ်ရေပြင်ထက်၌ မှောင်မည်းနေသော ကျောက်ဆောင်အနည်းငယ်သာ ရှိသော်ငြား၊ တကယ့်လက်တွေ့တွင်မူ ဤနေရာသည် ရေအောက် မီတာရာချီ အနက်တွင် ပုန်းကွယ်နေသော ပင်လယ်သဲဂိုဏ်း၏ ဧရာမ ဌာနချုပ် ဥမင်လှိုဏ်ဂူကြီး ဖြစ်ပေသည်။
ထိုအခိုက်... အလွန်တရာ ထူးဆန်းသော ပုံစံရှိသည့် စစ်သင်္ဘောကြီး နှစ်စင်းဖြစ်သော (ငါတို့ ပင်လယ်စာ စားချင်တယ်) နှင့် (ပင်လယ်စာ အမှတ် ၂) တို့သည် ဤနေရာသို့ အသံတိတ် ချဉ်းကပ်လာကာ ဝိုင်းရံလိုက်ကြလေပြီ။
“ရောက်ပါပြီဗျာ... ဒီအောက်တည့်တည့်မှာပါ...”
ခြေလက်များ တုပ်နှောင်ခံထားရပြီး တစ်ကိုယ်လုံး စုတ်ပြတ်သတ်နေအောင် အရိုက်ခံထားရရှာသော မိုးကြိုးကျား သည် အောက်ဘက် ပင်လယ်ရေပြင်သို့ မေးငေါ့ပြကာ အသံတုန်တုန်ဖြင့် ပြောရှာ၏။
“သခင်ကြီးတို့... အောက်မှာ (ရေခွဲ မဟာအခင်းအကျင်း) ကြီး ရှိတယ်ဗျ... ရေကူးကျွမ်းကျင်တဲ့ ဂိုဏ်းသား သုံးရာလောက်ကလည်း ကင်းစောင့်နေတာ... ရေရှောင် မှော်လက်နက်တွေ မပါရင် ဝင်ဖို့ အရမ်း ခက်လိမ့်မယ်နော်...”
သူ စကားပင် ဆုံးအောင် မပြောရသေးချေ။
“ညီအစ်ကိုတို့... လက်နက်ကိရိယာတွေ ဝေမယ်ဟေ့...”
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဦးလေးကျန်း သည် သင်္ဘောဦးပိုင်းတွင် ရပ်လိုက်၏။ သူ၏ ဘေးတွင် သေတ္တာကြီး အနည်းငယ်ကို ချထားပြီး၊ ထူးဆန်းသော ဂါထာမန္တန်များ ရေးဆွဲထားသည့် အဝါရောင် စက္ကူထုပ်ကြီး တစ်ထုပ်ကို ကိုင်ကာ အသံကုန် အော်ဟစ်လိုက်တော့၏။
“ကွေ့ယွမ်ဂိုဏ်း အင်ဂျင်နီယာဌာနရဲ့ နောက်ဆုံးပေါ် တီထွင်မှု... (ရေရှောင် အင်းလက်ဖွဲ့ ဗားရှင်း ၂ ဒသမ ၀) လာပြီကွ...”
“နာရီဝက်ပဲ ခံပြီး မွန်းကျပ်ကျပ် ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုး နည်းနည်း ရှိပေမဲ့... ဈေးပေါတယ်ကွ... တစ်ယောက် တစ်ရွက်ယူပြီး နဖူးမှာ ကပ်ကြစမ်း...”
ကစားသမားများမှာ အလုအယက် တန်းစီကာ အင်းလက်ဖွဲ့များကို ယူကြသည်။
ဒီဖရဲသီးမှည့်ပြီလား ဟု အမည်ရသည့် ဝမ်သဲ့ဖာ သည် စက္ကူတစ်ရွက်ကို ယူကာ သူ၏ နဖူးပေါ်သို့ ဖြန်းခနဲ ရိုက်ကပ်လိုက်၏။
“ဝီ...”
မှေးမှိန်သော အပြာရောင် အလင်းလွှာတစ်ခု ချက်ချင်း ပေါ်လာပြီး သူ၏... ခေါင်း တစ်ခုလုံးကို ဖုံးအုပ်သွားတော့သည်။
ဟုတ်ပေသည်။ ခေါင်း တစ်ခုတည်းကိုသာ ဖုံးအုပ်သွားခြင်း ဖြစ်လေ၏။ လည်ပင်းအောက်ပိုင်း တစ်ကိုယ်လုံးမှာမူ ရေများနှင့် တိုက်ရိုက် ထိတွေ့နေဆဲပင်။
“ဟာ... ဦးလေးကျန်း... ဘာလို့ ခေါင်းစွပ်လေးပဲ ပါတာလဲဗျ... ကျွန်တော့် ဘောင်းဘီတွေ စိုကုန်ရင် ဘယ်လိုလုပ်မလဲ...”
ဝမ်သဲ့ဖာ က ငါးကန်အဝိုင်းလေးနှင့် တူနေသော အလင်းတန်းလေးကို စမ်းသပ်ကြည့်ရင်း အော်မေးလိုက်၏။
“အသုံးဝင်နေတာပဲ ကျေးဇူးတင်စမ်းပါကွာ... မင်းက ဘာတွေ များများစားစား လိုချင်နေသေးတာလဲ...”
ဦးလေးကျန်း က မျက်စောင်းထိုးကာ ပြန်ဟောက်လိုက်၏။
“ဒါက မင်းတို့ ရေအောက်မှာ လှုပ်ရှားရ လွယ်အောင်နဲ့ ရေရဲ့ ပွတ်တိုက်အား လျော့သွားအောင် တမင် လုပ်ပေးထားတာကွ...”
“တော်ပြီ... စကားများမနေကြနဲ့တော့...”
ကောင်းကင်ခွင်း ဓားတစ်လက် သည် ရေစိုခံ ဓားပျံကို ကျောတွင်လွယ်ကာ အလွန် အထာကျကျ လက်ဟန်ပြလိုက်၏။
“ပစ်မှတ်က ရေအောက် ဥမင်ဂူ... နည်းဗျူဟာက အကုန် ဖောက်ခွဲပစ်ဖို့ပဲ... ဆင်းကြဟေ့...”
“ဒိုင်း... ဗွမ်း...”
ခေါင်းပေါ်တွင် (အပြာရောင် ငါးကန်လေးများ) အသီးသီး စွပ်ထားကြသော ကစားသမား တစ်ထောင်ကျော်သည် ရေနွေးအိုးထဲသို့ ဖက်ထုပ်များ ပစ်ချလိုက်သကဲ့သို့ ပင်လယ်ထဲသို့ တရုန်းရုန်း ခုန်ဆင်းသွားကြတော့ပေသည်။
...
ရေအောက် မီတာ (၁၀၀) အနက်။ ပင်လယ်သဲဂိုဏ်း ဌာနချုပ်။
ဌာနချုပ်ကို စောင့်ကြပ်ရသော ဒုတိယ ခေါင်းဆောင်၊ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်ရှိ ရှာထုံထျန်း သည် သူ၏ တပည့်တစ်သိုက်နှင့်အတူ ကင်းလှည့်နေ၏။
'ထူးဆန်းတယ်... ဂိုဏ်းချုပ်ကြီး ဆက်ကြေးသွားကောက်တာ ဘာလို့ ဒီလောက် ကြာနေရတာလဲ...'
ရှာထုံထျန်း သည် မျက်မှောင်ကြုတ်လျက် အထက်ဘက်ရှိ မှောင်မည်းနေသော ပင်လယ်ရေပြင်ကို မော့ကြည့်ကာ စိုးရိမ်စိတ်များ ဝင်လာတော့၏။
ရုတ်တရက်... အပေါ်ဘက်မှ အပြာရောင် အလင်းစက်လေးများ အလျင်အမြန် ကျဆင်းလာသည်ကို တွေ့လိုက်ရပေသည်။
“ဟင်... အဲဒါ... ရေခူအုပ်ကြီးလား...”
ရှာထုံထျန်း သေချာ စိုက်ကြည့်လိုက်သောအခါ သူ၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
ဒါ ရေခူတွေ မဟုတ်ဘူး။ ခေါင်းပေါ်မှာ ငါးကန်တွေ စွပ်ထားတဲ့... လူအုပ်ကြီးကွ။
ထိုလူအုပ်ကြီး၏ ရေအောက် လှုပ်ရှားမှုများမှာ အလွန်တရာ ရယ်စရာ ကောင်းလှပေသည်။ အချို့က ခွေးကူး ကူးနေကြပြီး၊ အချို့က ခြေထောက်များကို ကန်ကျောက်နေကြကာ၊ အချို့မှာမူ ရေနစ်နေသူများပမာ လက်ပစ်ကူးနေကြ၏။ သို့သော်ငြား သူတို့၏ ခါးတွင် ကျောက်တုံးကြီးများ အသီးသီး ဆွဲချည်ထားသောကြောင့် (အလေးချိန် စီးစေရန် ဖြစ်ပေသည်) အောက်ဘက်သို့ အလွန် လျင်မြန်စွာ ကျဆင်းလာနေကြတော့၏။
“ရန်သူတွေ လာပြီဟေ့...”
ထိုအရာက မည်သည့် သိုင်းပညာမျိုးမှန်း ရှာထုံထျန်း နားမလည်သော်ငြားလည်း သူ၏ ပင်ကိုယ်အာရုံက အန္တရာယ်ကို အလိုအလျောက် ခံစားမိသွားသဖြင့် အသံကုန် ဟိန်းဟောက်လိုက်၏။
“ကာကွယ်ရေး အခင်းအကျင်း ဖွင့်စမ်း... မြားတွေနဲ့ ပစ်... အကုန် သတ်ပစ်ကြဟေ့...”
“ရွှီး... ရွှီး... ရွှီး...”
လှိုဏ်ဂူပေါက်ဝမှနေ၍ အပြာရောင် အလင်းတန်းများ ပါဝင်သော ရေခွဲမြားတံ မြောက်မြားစွာသည် ရေပြင်ကို ခွဲခြမ်းကာ သေမင်းတမန် လမ်းကြောင်းများအဖြစ် ပစ်လွှတ်လိုက်ကြတော့သည်။
သို့သော်ငြား ကစားသမားများသည် ထိုမြားမိုးကို မရှောင်ကြချေ။ (အမှန်တော့ ရှောင်၍လည်း မရကြပါပေ။)
“ဒိုင်းကာတွေ ကာထားဟေ့...”
အရှေ့ဆုံးမှ ဆင်းလာသော ဝမ်သဲ့ဖာ သည် သူ ယခုလေးတင် လုယူထားသော ရွှေသွားကို ပါးစပ်ထဲ ထည့်ကိုက်လိုက်ပြီး ဧရာမ သံမဏိ ဒိုင်းကာကြီးကို ခေါင်းပေါ် မြှောက်လျက်၊ ခံဆောင်လိုက်၏။
“ဂျွမ်း... ဒေါင်...”
မြားများသည် ဒိုင်းကာကို ထိမှန်ပြီး လွင့်စင်သွားကြသည်။ မြားအနည်းငယ်က ကစားသမားများ၏ ပေါင်များနှင့် တင်ပါးများကို ထိမှန်သွားသော်ငြားလည်း ရေ၏ ခုခံအားကြောင့် ဒဏ်ရာ သိပ်မပြင်းထန်လှချေ။
“မင်းတို့ကများ ဖက်တီးကြီးရဲ့ တင်ပါးကို မြားနဲ့ ပစ်ရဲတယ်ပေါ့လေ... ညီအစ်ကိုတို့... ငါတို့ရဲ့ အစွမ်းကို ပြလိုက်ကြစမ်း...”
ဝမ်သဲ့ဖာ သည် သူ၏ အိတ်ကပ်ထဲမှ ရှည်လျားတုတ်ခိုင်သော ဝါးကျည်တောက်ကြီး တစ်ခုကို ဆွဲထုတ်လိုက်ပြီး စနက်တံကို မီးညှိလိုက်၏။ (ရေအောက်တွင် အသုံးပြုနိုင်ရန် အထူး စီမံထားသော စနက်တံ ဖြစ်ပေသည်။)
“ရော့... ဒါလေး စားကြည့်စမ်း... (ရေအောက် ဗုံးသီး)...”
“သွားစမ်း...”
သူက အားကုန် လွှဲပစ်လိုက်ရာ ဝါးကျည်တောက်ကြီးသည် ရေငုပ်သင်္ဘော ဖျက်ဗုံး တစ်လုံးပမာ ဂူပေါက်ဝရှိ ကာကွယ်ရေး အလင်းတန်းဆီသို့ ပြေးဝင်သွားတော့သည်။
ထိုနောက် ချက်ချင်းဆိုသလိုပင် ကစားသမား တစ်ထောင်ခန့်သည်လည်း ထိုကဲ့သို့သော ဝါးကျည်တောက်များကို ပြိုင်တူ ဆွဲထုတ်လိုက်ကြ၏။
“အနုပညာဆိုတာ ပေါက်ကွဲမှုပဲကွ... ချဟေ့...”
“ငါးကြော်ပြီဟေ့...”
ကစားသမားများ၏ နွေးထွေးသော နှုတ်ခွန်းဆက်စကားများနှင့်အတူ (ရေအောက် ဗုံးသီး) တစ်ထောင်ခန့်သည် ပင်လယ်သဲဂိုဏ်း၏ ဂူပေါက်ဝသို့ မိုးသီးများပမာ ကျဆင်းသွားတော့သည်။
ရှာထုံထျန်း သည် သူ့ဆီသို့ ပြေးဝင်လာသော ဝါးကျည်တောက်များကို ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်နေရှာလေ၏။
'ဒါက ဘာ လျှို့ဝှက်လက်နက်တွေလဲ... ဝိညာဉ်စွမ်းအင် အငွေ့အသက်လည်း တစ်စက်မှ မရှိပါလား...'
စက္ကန့်ပိုင်း အကြာ...။
“ဝုန်း... ဝုန်း...”
ရေအောက်တွင် ဧရာမ မီးတောက်ကြီးများ ပွင့်ထွက်သွားတော့သည်။
ရေအောက် ဖြစ်နေလင့်ကစား ဦးလေးကျန်း အထူး ဖော်စပ်ထားသော ယမ်းမည်းများနှင့် ဝိညာဉ်ကျောက်တုံး အမှုန့်များ ပေါင်းစပ်ထားမှုကြောင့် ထွက်ပေါ်လာသော စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ဧရာမ ပေါက်ကွဲမှု လှိုင်းလုံးကြီးသည် ရေပြင်ကို ချက်ချင်း ဆွဲဖြဲလိုက်ပြီး ကြောက်မက်ဖွယ် လေဟာနယ် ပူဖောင်းကြီး တစ်ခုကို ဖန်တီးလိုက်၏။
ရွှေအမြုတေအဆင့်၏ တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိသည် ဆိုသော (ရေခွဲ မဟာအခင်းအကျင်း) ကြီးမှာ တစ်စက္ကန့်မျှပင် မခံလိုက်ရဘဲ စက္ကူစုတ်ပမာ ဆုတ်ဖြဲခံလိုက်ရတော့သည်။
ဂူပေါက်ဝ၊ အပေါက်ဝမှ ကင်းစောင့်များ နှင့် တောင်ကုန်း တစ်ဝက်ခန့်မှာ ထိုနားကွဲမတတ် ပေါက်ကွဲသံကြီးနှင့်အတူ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားတော့ပေသည်။
“ဖူး...”
ရှာထုံထျန်း မှာ ပေါက်ကွဲမှု လှိုင်းဒဏ်ကြောင့် မျက်စိ၊ နား၊ နှာခေါင်းစသည့် အပေါက်များမှ သွေးများ ပန်းထွက်လာပြီး ရေထဲတွင် အရုပ်ပျက်ပမာ လွင့်စင်သွားတော့သည်။
'အရူးတွေ... ဒီကောင်တွေ လုံးဝ အရူးတွေပဲ...'
သူ့ခေါင်းထဲတွင် ထိုအတွေးတစ်ခုသာ ရှိတော့၏။
ကျင့်ကြံသူ အချင်းချင်း တိုက်ခိုက်ရာတွင် ဘယ်သူကများ ဒီလို ပစ္စည်းမျိုးကို သုံးလို့လဲ။ ဒါက သိုင်းလောကရဲ့ သိက္ခာကို စော်ကားတာပဲ။
“ချဟေ့... တံခါး ပွင့်သွားပြီ...”
ကစားသမားများသည် သူတို့ခါးမှ ကျောက်တုံးများကို ဖြုတ်ချလိုက်ကြပြီး ပေါက်ကွဲမှု၏ တွန်းကန်အားကို အသုံးပြုကာ (သို့မဟုတ် ရိုးရိုး ကူးခတ်ကာ) သွေးဆာနေသော ပီရန်ဟာ ငါးအုပ်ကြီးပမာ အူသံများ ပေးလျက် ပျက်စီးသွားသော လှိုဏ်ဂူထဲသို့ တစ်ဟုန်ထိုး ဝင်ရောက်သွားကြတော့သည်။
ထိုနောက် ဖြစ်ပေါ်လာသော တိုက်ပွဲမှာ တဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီး တစ်ခုသာ ဖြစ်ပေတော့သည်။
ပင်လယ်သဲဂိုဏ်း၏ တပည့်များသည် ရေကူး အလွန် ကျွမ်းကျင်ပြီး လျင်မြန်ကြသော်ငြားလည်း...
ကစားသမားများ၏ ဗျူဟာများက အလွန်တရာ အရှက်မရှိလွန်းလှပေ။
(နည်းဗျူဟာ ၁... ပိုက်ကွန်ဖြင့် ငါးဖမ်းခြင်း)
ကစားသမားများသည် ရေချိုပုစွန်ထုပ် ဖမ်းရာတွင် သုံးသော ပိုက်ကွန်များကို ဆွဲထုတ်လာကြပြီး မြင်မြင်သမျှ လူတိုင်းကို ဘာမှ စဉ်းစားမနေဘဲ ပိုက်ကွန်ဖြင့် လိုက်အုပ်ကြတော့၏။
“မိပြီဟေ့... ဒီမှာ အဆင့်မြင့် သားကောင် တစ်ကောင်ကွ...”
“မလှုပ်နဲ့နော်... သူ့တင်ပါးကို မှိန်းနဲ့ ထိုးလိုက်စမ်း...”
ပိုက်ကွန်ထဲ မိသွားသော ပင်လယ်သဲဂိုဏ်း၏ တပည့်များမှာ ပိုက်ထဲရောက်နေသော ငါးများပမာ ဘာမှ ပြန်မလုပ်နိုင်တော့ဘဲ ရက်ရက်စက်စက် အသတ်ခံကြရရှာတော့သည်။
(နည်းဗျူဟာ ၂... ဇီဝလက်နက် တိုက်ခိုက်မှု)
ကစားသမား အချို့က ရေထဲတွင် (မိစ္ဆာ အကျိအချွဲ) များကို ညှစ်ခြေပစ်လိုက်ကြ၏။
အစိမ်းရောင် အဆိပ်ရည်များသည် ရေထဲတွင် အလျင်အမြန် ပျံ့သွားတော့၏။
“ဂလု... ဂလု...”
ပင်လယ်သဲဂိုဏ်း၏ တပည့်များသည် ထိုအဆိပ်ရည်များကို ရှူရှိုက်မိသွားကြပြီး မျက်လုံးများ ပြူးထွက်ကာ ပါးစပ်မှ အမြှုပ်များ ထွက်လျက် ရေပေါ်သို့ ပေါလောပေါ်လာကြတော့သည်။
(နည်းဗျူဟာ ၃... ရေအောက် အုပ်စုဖွဲ့ ရိုက်နှက်ခြင်း)
ဒုတိယ ခေါင်းဆောင် ရှာထုံထျန်း သည် အရှုံးမပေးလိုသေးသဖြင့် သူ၏ အစွမ်းထက်လှသော (လှိုင်းလုံးကြမ်း လက်ဝါးသိုင်း) ကို ထုတ်သုံးရန် ပြင်လိုက်၏။
သို့သော်ငြား သူ စတင် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်ကျင့်ကြံသူ ကစားသမား ရှစ်ယောက်ခန့်က သူ၏ ခြေလက်များကို အတင်း ဝင်ရောက် ဖမ်းဆုပ်လိုက်ကြတော့၏။
“ချုပ်ထား... ချုပ်ထား... လုံးဝ ပေးမလှုပ်နဲ့...”
“သူ့ပစ္စည်းတွေ အကုန်ချွတ်စမ်း... သူ့ရဲ့ ရေရှောင်ပုတီးကို ငါ မျက်စိကျနေတာကွ...”
“သူ့အဝတ်အစားကလည်း ရတနာ မှော်လက်နက်ပဲ... ချွတ်ဟေ့...”
ရေအောက်ကြီးထဲတွင် တောင့်တောင့်တင်းတင်း ယောကျ်ားကြီး ရှစ်ယောက်၏ ဝိုင်းဝန်း ချုပ်နှောင်ခြင်းကို ခံရသည့် အရသာက ဘယ်လိုနေမည်နည်း။
ရှာထုံထျန်း တစ်ယောက် သေသေချာချာ သဘောပေါက်သွားရှာလေပြီ။
သူ အသည်းအသန် ရုန်းကန်သော်ငြားလည်း သူ၏ အဝတ်အစားများမှာ တဖြည်းဖြည်း ပါးလျသွားကာ နောက်ဆုံးတွင် အတွင်းခံ ဘောင်းဘီလေး တစ်ထည်သာ အဖတ်တင်ပြီး ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားခံရကာ ရက်ရက်စက်စက် ဝိုင်းရိုက်ခံရရှာတော့၏။
နာရီဝက် အကြာ...။
တိုက်ပွဲ ပြီးဆုံးသွားလေပြီ။
တစ်ချိန်က ဘယ်သူမှ မဖောက်ထွင်းနိုင်ပါဘူးဟု ကြွေးကြော်ခဲ့သော ပင်လယ်သဲဂိုဏ်း၏ ဌာနချုပ်ကြီးမှာ ယခုအခါ ပြာပုံ အတိ ဖြစ်သွားတော့သည်။
လှိုဏ်ဂူ အနက်ပိုင်းရှိ ရတနာသိုက်ကြီးမှာလည်း အကြမ်းဖက် ဖောက်ခွဲခံလိုက်ရ၏။
ရေရှောင် မန္တန်ကို အသုံးပြုကာ ကျန်းချန် သည် ထိုရတနာသိုက်ထဲသို့ အလွန် ကျက်သရေရှိစွာ လျှောက်လှမ်း ဝင်ရောက်လာခဲ့ပေသည်။ တောင်လို ပုံနေသော ဝိညာဉ်ကျောက်တုံးများ၊ ရေနက်ပိုင်း သတ္တုရိုင်းများ၊ ရှားပါး ပုလဲများနှင့် သန္တာကျောက်တန်းများကို ကြည့်ကာ သူက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
“ညစာ မစားတဲ့ မြင်း ဘယ်တော့မှ မဆူဖြိုးဘူး ဆိုတာ ဒါမျိုးပေါ့...”
“ပင်လယ်သဲဂိုဏ်းက တကယ် သဘောကောင်းတာပဲ... ဆယ်စုနှစ်ချီပြီး စုဆောင်းလာခဲ့သမျှ ဓနဥစ္စာတွေ အကုန်လုံး ငါတို့ကို လက်ဆောင်ပေးလိုက်တာပဲကွာ...”
ရတနာသေတ္တာများကို သယ်ဆောင်ရန် ညွှန်ကြားနေသော ဝမ်သဲ့ဖာ သည် စိတ်လှုပ်ရှားစွာဖြင့် ပြေးလာသည်။
“ဂိုဏ်းချုပ်ကြီး... ကျွန်တော်တို့ အထဲကနေ ရေကြောင်းပြ မြေပုံတစ်ခု တွေ့တယ်ဗျ... အဲဒီမှာ (နဂါးနန်းတော်) ဆိုတဲ့ နေရာတစ်ခုကို မှတ်သားထားတယ်...”
“နဂါးနန်းတော် ဟုတ်လား...”
ကျန်းချန် ၏ မျက်လုံးများ အရောင်လက်သွားပြီး လျှို့ဝှက်နယ်မြေ မှ သူရရှိခဲ့သော (လမ်းပြ တံဆိပ်ပြား) ကို ထုတ်ယူလိုက်၏။
ထိုအခိုက်... တံဆိပ်ပြားသည် တစ်ခုခုကို အာရုံခံမိသွားသကဲ့သို့ အနည်းငယ် ပူနွေးလာပြီး ရေကြောင်းပြ မြေပုံပေါ်ရှိ ထိုနေရာသို့ ဦးတည် ပြသနေတော့သည်။
“ငါတို့ရဲ့ နောက်တစ်ထောက် နားရမယ့် နေရာကို တွေ့သွားပြီ ထင်တယ်...”
ကျန်းချန် သည် ရေကြောင်းပြ မြေပုံကို သိမ်းဆည်းလိုက်ပြီး၊ ရတနာသိုက်ထဲရှိ ကြမ်းပြင် ကြွေပြားများကိုပင် မချန် အကုန် ခွာယူနေကြသော သူ၏ အရူးတပည့်များကို ကြည့်ကာ လက်ဝှေ့ယမ်းလိုက်၏။
“တပည့်တွေ... မြန်မြန် သယ်ကြ...”
“ဒီနေရာကို အကုန် ပြောင်သလင်းခါအောင် သယ်ပြီးရင်... (နဂါးနန်းတော်) ဆီ သွားလည်ကြတာပေါ့ကွာ...”
[t.n : "အနုပညာဆိုတာ ပေါက်ကွဲမှုပဲ" ဟူသည်မှာ နာမည်ကြီး အန်နီမေးရှင်း ဇာတ်လမ်းဖြစ်သော နာရူတို ထဲမှ ဇာတ်ကောင် ဒေဒါရာ ၏ နာမည်ကြီး စကားစုကို ကစားသမားများက ဟာသအနေဖြင့် ယူသုံးထားခြင်းပါ။ "ညစာမစားတဲ့ မြင်း ဘယ်တော့မှ မဆူဖြိုးဘူး" ဟူသည်မှာ တရုတ်စကားပုံဖြစ်ပြီး လူတစ်ယောက်သည် ပုံမှန် ဝင်ငွေဖြင့် မချမ်းသာနိုင်ဘဲ ဘေးပေါက်မှ ရသော ငွေ (သို့မဟုတ် လုယက်ခြင်း) ဖြင့်သာ ကြီးပွားနိုင်ကြောင်းကို တင်စားထားခြင်း ဖြစ်ပါသည်။]